အခန်း ၅
ယေရှုမွေးဖွားခံရခြင်း—အဘယ်နေရာနှင့်
အဘယ်အချိန်၌နည်း
လူတိုင်းမိမိမွေးရာမြို့သို့ပြန်ပြီး မှတ်ပုံတင်ရမည်ဟူ၍ ရောမဘုရင်ကဲသာသြဂုတ္တုက အမိန့်ထုတ်သည်။ ထိုကြောင့်ယောသပ်သည် သူမွေးဖွားရာဗက်လင်မြို့သို့ သွားသည်။
ဗက်လင်မြို့၌မှတ်ပုံတင်ရန် လူများစွာရောက်ရှိနေကြသည်။ ယောသပ်နှင့်မာရိတို့တည်းရန် တင်းကုတ်သာရှိတော့သည်။ မြည်းနှင့်အခြားတိရစ္ဆာန်များထားရာ ဤနေရာတွင် ယေရှုမွေးဖွားလာသည်။ ထိုအခါမာရိသည် သားငယ်ကို အဝတ်စများနှင့်ပတ်ရစ်ကာ တိရစ္ဆာန်အစာကျွေးသည့် နွားစားခွက်ထဲသိပ်ထားလေသည်။
မှတ်ပုံတင်ရန် ကဲသာဘုရင်သြဂုတ္တုအမိန့်ထုတ်ခြင်းမှာ ဘုရားသခင်လမ်းညွှန်ချက်ဖြစ်မည်အမှန်။ ယင်းကြောင့်လည်း ကတိထားရာအစိုးရမင်း၏မွေးဖွားရာအဖြစ် ကျမ်းစာ၌ရှေးကတည်းကကြိုဟောထားသည့် ဗက်လင်မြို့၌ ယေရှုမွေးဖွားခံရရာ အကြောင်းပေါ်စေသည်။
ထိုညသည်အလွန်အရေးကြီးသော ညပင်ဖြစ်သည်။ ကွင်းပြင်ရှိ သိုးထိန်းတစ်စုပတ်ဝန်းကျင်၌ အလင်းထွန်းတောက်လာသည်။ ယေဟောဝါ၏ဘုန်းတော် ထွန်းတောက်ခြင်းပါတကား။ ထိုနောက်ယေဟောဝါ၏ကောင်းကင်တမန်က ဤသို့ဆိုသည်။ “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည်သင်တို့အားကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကိုခံတော်မူပြီ။ သင်တို့သည် အဘယ်နိမိတ်ဖြင့်သိရမည်နည်းဟူမူကား သူငယ်သည်အဝတ်နှင့်ပတ်ရစ်၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကိုတွေ့ကြလိမ့်မည်။” ၄င်းနောက်ချက်ချင်းကောင်းကင်ဗိုလ်ခြေများပေါ်လာ၍ ဤသို့ဆိုကြသည်။ “ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ ကမ္ဘာပေါ်တွင် ကိုယ်တော်နှစ်သက်တော်မူသောလူအပေါင်းတို့၌ ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း။”—သတင်းကောင်း။
ကောင်းကင်တမန်များပြန်သွားပြီးနောက် သိုးထိန်းများသည် အချင်းချင်းဤသို့ဆိုကြသည်။ “ငါတို့သည် ဗက်လင်မြို့သို့သွားကြကုန်အံ့။ [ယေဟောဝါ] ဖေါ်ပြတော်မူသောဤအမှုကို ကြည့်ကြကုန်အံ့။” လျင်မြန်စွာထသွားကြပြီး ကောင်းကင်တမန်ပြောသည်အတိုင်း ယေရှုကိုတွေ့မြင်သည်။ ကောင်းကင်တမန်ပြောသည့်စကားကို သိုးထိန်းများကပြန်ပြောကြသောအခါ ကြားနာသူဟူသ၍ အံ့အားသင့်ကြသည်။ မာရိသည် ဤစကားအားလုံးကိုမှတ်ကျုံး၍ နှလုံးထဲသိမ်းဆည်းထားသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ယေရှုမွေးဖွားသည်ဟူ၍ ယနေ့လူအများယုံကြည်ကြ၏။ သို့သော်ဒီဇင်ဘာလသည် ဗက်လင်အရပ်၌ အလွန်အေးစိမ့်သောမိုးရာသီချိန်ဖြစ်သည်။ ထိုအချိန်အခါတွင် သိုးထိန်းများသည် ညဘက်သိုးကျောင်းလိမ့်မည်မဟုတ်။ ၄င်းပြင် မိမိကိုပုန်ကန်လိုသူများအား ဆောင်းရာသီအလယ်တွင်မှတ်ပုံတင်ရန် ရောမဘုရင်ကဲသာက ခရီးထွက်ဖို့အမိန့်ထုတ်လိမ့်မည်မဟုတ်။ ထင်ရှားနေသည်ကား ယေရှုသည်ဆောင်းဦးစပိုင်း၌ မွေးဖွားခဲ့သည်။ လုကာ ၂:၁-၂၀။ မိက္ခာ ၅:၂။
▪ ဗက်လင်မြို့သို့ယောသပ်နှင့်မာရိ အဘယ်ကြောင့်ခရီးထွက်ရသနည်း။
▪ ယေရှုမွေးဖွားသည့်ညတွင် အဘယ်အံ့သြဖွယ်ရာ ဖြစ်သနည်း။
▪ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ယေရှုမွေးဖွားခဲ့ခြင်းမဟုတ်ကြောင်း မည်သို့သိနိုင်သနည်း။