အခန်း ၁၀
ယေရုရှလင်မြို့သို့ ခရီးထွက်ခြင်းများ
နွေဦးချိန်တိုင်လေပြီ။ မိတ်ဆွေများနှင့်အတူ ယောသပ်၏အိမ်ထောင်သည် ပသခါပွဲကျင်းပရန် ယေရုရှလင်မြို့သို့ နှစ်စဉ်ခရီးထွက်ချိန်ရောက်ပြီ။ ၆၅ မိုင်ခန့်ရှိခရီးစဉ်ထွက်ခါနီးတွင် ခါတိုင်းကဲ့သို့ပင် တက်ကြွပျော်ပါးနေသည်။ ယခုယေရှု ၁၂ နှစ်အရွယ်ရှိပြီ။ ပွဲတော်ကိုလည်း အထူးစိတ်ဝင်စားစွာဖြင့်မျှော်လင့်နေသည်။
ယေရှုနှင့်သူ၏အိမ်ထောင်စုအတွက် ပသခါပွဲသည် တစ်နေ့တာကိစ္စမဟုတ်ပါ။ ပသခါပွဲခံချိန်အဝင်ဟူ၍ သူတို့ယူဆသည့် ခုနစ်ရက်ကြာတဆေးမဲ့မုန့်ပွဲအတွက်လည်း သူတို့ဆက်နေကြပါသည်။ ထိုကြောင့်ယေရုရှလင်မြို့တွင် တည်းခိုသည့်အချိန်အပါအဝင် နာဇရက်မြို့မှခရီးထွက်ချိန်သည် နှစ်ပတ်ကြာရှည်ပါသည်။ သို့သော်ဤနှစ်တွင် ယေရှုကြောင့်အနည်းငယ်ပို၍ကြာရှည်သွားသည်။
ဤအကြောင်းကို ယေရုရှလင်မြို့မှအပြန်တွင် သိလာကြသည်။ အတူတူခရီးထွက်နေသော မိတ်ဆွေအသိုင်းအဝိုင်းအစုတွင် ယေရှုပါလာသည်ဟူ၍ ယောသပ်နှင့်မာရိယူဆနေကြပါသည်။ သို့သော်ညအိပ်ချိန်ရပ်နားသည့်အခါ ယေရှုမပေါ်လာသဖြင့် ခရီးဖေါ်များစပ်ကြား မိဘနှစ်ပါးသူ့ကိုရှာဖွေသော်လည်း လုံးလုံးမတွေ့ပါ။ ယင်းကြောင့်ယေရုရှလင်မြို့တိုင်အောင် ယောသပ်နှင့်မာရိပြန်ရှာရသည်။
တစ်နေ့လုံးရှာသော်လည်း မတွေ့ချေ။ ဒုတိယနေ့၌လည်းမတွေ့။ နောက်ဆုံးတတိယနေ့တွင် ဗိမာန်တော်သို့သွားရှာသောအခါ ခန်းမတစ်ခုတွင် ဂျူးဆရာကြီးများအလယ်၌ယေရှုထိုင်ပြီး ထိုသူတို့နှင့်ဆွေးနွေးမေးမြန်းနေသည်ကို တွေ့လေ၏။
‘သားအဘယ်ကြောင့်ဤသို့ပြုရသနည်း’ ဟူ၍မာရိမေးသည်။ ‘ကြောင့်ကြသောစိတ်နှင့် မိဘတို့သည်မောင်ကိုရှာကြပြီ။’
မိမိအဘယ်နေရာ၌ရှိမည်ကို သူတို့မသိကြခြင်းအတွက် ယေရှုအံ့အားသင့်သည်။ ‘မိဘတို့သည် အကျွန်ုပ်ကို အဘယ်ကြောင့်ရှာသနည်း။ အကျွန်ုပ်သည်အဘ၏အိမ်၌ ရှိမည်ကိုမသိသလော’ ဟူ၍ယေရှုပြန်မေးပါသည်။
ယင်းကိုသူ့မိဘများမသိကြသဖြင့် ယေရှုနားမလည်နိုင်ပါ။ ၄င်းနောက်မိဘများနှင့်အတူ ယေရှုပြန်လိုက်သွားပြီး သူတို့စကားကိုဆက်နားထောင်နေသည်။ ဉာဏ်ပညာဆက်တိုးပွားနေစဉ် ကိုယ်တော်သည်တဖြည်းဖြည်းကြီးထွားလာပြီး ဘုရားသခင်နှင့်လူသားများရှေ့ မျက်နှာသာတိုး၍ရလေသည်။ မှန်ပါသည်။ ယေရှုသည်ကလေးဘဝမှစ၍ ဝိညာဉ်ရေးရာကိုရှာယူရာ၌သာမက မိဘများကိုရိုသေမှုပြုရာ၌လည်း ပုံသက်သေကောင်းပြခဲ့ပါသည်။ လုကာ ၂:၄၀-၅၂၊ ၂၂:၇။
▪ နွေဦးချိန်အဘယ်ခရီးစဉ်ကို မိသားစုလိုက် ယေရှုမှန်မှန်ထွက်လေ့ရှိသနည်း။ ၄င်းခရီးစဉ်သည် မည်မျှကြာရှည်သနည်း။
▪ ယေရှု ၁၂ နှစ်အရွယ်ရှိသောအခါ ခရီးထွက်ချိန်တွင် ဘာဖြစ်သနည်း။
▪ ယနေ့လူငယ်များအတွက် ယေရှုအဘယ်ပုံသက်သေချမှတ်ပေးသနည်း။