ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၁၀၀
  • မိုင်နာ ပုံဥပမာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိုင်နာ ပုံဥပမာ
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိုင်နာ ပုံဥပမာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆယ်မိုင်နာပုံဥပမာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆယ်မိုင်နာ ပုံဥပမာကနေ သင်ယူပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • ကြိုးစားအားထုတ်ဖို့သင်ပေးတဲ့ တဲလင့်ပုံဥပမာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၁၀၀

အခန်း ၁၀၀

မိုင်နာ ပုံဥပမာ

ယေရှုသည် ယေရုရှလင်မြို့ခရီးစဉ်တွင် တစ်ထောက်နားခဲ့သည့်ဇက္ခဲ၏အိမ်၌ရှိနေဆဲဖြစ်မည်။ တပည့်တို့က ကိုယ်တော်သည်ယေရုရှလင်မြို့သို့ရောက်လျှင် မေရှိယဖြစ်ကြောင်းကြေညာ၍ နိုင်ငံတော်တည်ထောင်မည်ဟုယုံကြည်ကြသည်။ ဤယူဆချက်ကိုပြုပြင်ရန်နှင့် နိုင်ငံတော်တည်ရန်ဝေးသေးကြောင်းသိစေရန် ပုံဥပမာတစ်ခုကိုယေရှုပေး၏။

“အမတ်တစ်ယောက်သည် မင်းကြီးအရာကိုခံလို၍ မိမိပြည်သို့ပြန်လာမည်ဟုအကြံရှိလျက် ဝေးသောပြည်သို့သွား၏” ဟုဟောသည်။ ထို “အမတ်” သည်ယေရှုဖြစ်ပြီး ကောင်းကင်ဘုံသည် “ဝေးလံသောပြည်” ဖြစ်သည်။ ထိုအရပ်သို့ရောက်သောအခါ ခမည်းတော်သည် ကိုယ်တော်အား မင်းကြီးအာဏာအပ်နှင်းတော်မူမည်။

သို့ရာတွင် မသွားမီကျွန်ဆယ်ဦးကိုခေါ်ကာ ငွေမိုင်နာတစ်ခုစီပေး၍ “ငါပြန်လာသည်အထိ ကုန်သွယ်လျက်နေကြလော့” ဟုမှာလေ၏။ ပဏာမပြည့်စုံချက်တွင် ကျွန်ဆယ်ဦးသည် ယေရှု၏ကနဦးတပည့်များကိုပုံဆောင်သည်။ သာ၍ကြီးသောပြည့်စုံချက်တွင် သူတို့သည် ကောင်းကင်နိုင်ငံတော်၌ ကိုယ်တော်နှင့်အတူအမွေဆက်ခံမည့်သူအားလုံးကိုပုံဆောင်သည်။

ငွေမိုင်နာများသည် အဖိုးတန်ငွေစများဖြစ်ပြီး လယ်လုပ်သူ၏သုံးလလုပ်ခနှင့်ညီမျှသည်။ သို့သော် ထိုမိုင်နာများဘာကိုပုံဆောင်သနည်း။ ကျွန်များသည် ထိုငွေနှင့်အဘယ်သို့ကုန်သွယ်ရကြမည်နည်း။

ကတိထားရာနိုင်ငံတော်၏ဘုရင်အဖြစ်ယေရှုကြွလာချိန်အထိ ကောင်းကင်အမွေခံများထပ်မံပေါ်ထွက်လာစေရန် ဝိညာဉ်တော်ဖွားတပည့်များအသုံးပြုနိုင်သောပိုင်ဆိုင်ရာတို့ကို မိုင်နာများကပုံဆောင်သည်။ ယေရှုသည်ရှင်ပြန်ထမြောက်၍ ကိုယ်ထင်ရှားပြတော်မူပြီးနောက် ကောင်းကင်နိုင်ငံတော်အတန်းအစားကိုဖြည့်စွက်မည့် တပည့်များစွာဖြစ်လာစေရန် အထိမ်းအမှတ်မိုင်နာများကိုပေးတော်မူသည်။

“သို့ရာတွင် သူ၏ပြည်သူပြည်သားတို့သည် သူ့ [အမတ်] ကိုမုန်းကြသဖြင့် ‘ထိုသူ၏အအုပ်အချုပ်ကို ငါတို့မခံလို’ ဟုစေတမန်များကို သူ့နောက်သို့လွှတ်၍လျှောက်ထားစေ၏” ဟုယေရှုဆက်ပြော၏။ ပြည်သူပြည်သားများမှာ တပည့်တော်များမပါဝင်သည့် ဣသရေလအမျိုးသားများဖြစ်သည်။ ကောင်းကင်ဘုံသို့ယေရှုကြွတော်မူပြီးနောက် အဆိုပါယုဒအမျိုးသားတို့သည် တပည့်များကိုညှဉ်းဆဲခြင်းအားဖြင့် ကိုယ်တော်၏အုပ်ချုပ်မှုကိုမခံလိုကြောင်းတင်ပြကြသည်။ ဤနည်းဖြင့် တမန်များကိုစေလွှတ်ခဲ့သောပြည်သူပြည်သားများနည်းတူ သူတို့ပြုမူကြ၏။

မိုင်နာတို့ကိုကျွန်ဆယ်ဦးမည်သို့အသုံးပြုသနည်း။ ယေရှုရှင်းပြ၏။ “ထိုအမတ်သည် မင်းကြီးအရာကိုခံယူ၍ပြန်လာတော်မူသောအခါ၊ ငွေခံသောငယ်သားတို့သည် အသီးအသီးအဘယ်မျှလောက်အမြတ်ရသည်ကိုသိခြင်းငှာ ‘သူတို့ကိုခေါ်ချေ’ ဟုအမိန့်တော်ရှိ၏။ ပထမလူသည်လာ၍ ‘သခင်၊ ကိုယ်တော်ပေးသောငွေတစ်ပိဿာအားဖြင့် အခွက်တစ်ဆယ်အမြတ်ရပါပြီ’ ဟုလျှောက်လျှင် သခင်က ‘ကောင်းလေစွ၊ ငယ်သားကောင်း။ သင်သည်အမှုငယ်၌သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကိုအုပ်စိုးလော့’ ဟုမိန့်တော်မူ၏။ ဒုတိယသူသည်လာ၍ ‘သခင်၊ ကိုယ်တော်ပေးသောငွေတစ်ပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီ’ ဟုလျှောက်လျှင် သခင်က ‘သင်သည် မြို့ငါးမြို့ကိုအုပ်စိုးလော့’ ဟုမိန့်တော်မူ၏။”

မိုင်နာတစ်ဆယ်ရရှိသောကျွန်သည် စီအီး ၃၃ ခုနှစ်မှစ၍ယခုအချိန်အထိ တမန်တော်များပါဝင်သောတပည့်များအတန်းအစားတစ်စုကိုပုံဆောင်သည်။ ငါးမိုင်နာရရှိသောကျွန်သည်လည်း ထိုကာလအတောအတွင်း အခွင့်အရေးနှင့်အစွမ်းသတ္တိရှိသည်အတိုင်း မင်းကြီး၏မြေကြီးပေါ်အကျိုးစီးပွားကိုတိုးပွားစေသည့်လူစုကိုပုံဆောင်သည်။ နှစ်အုပ်စုစလုံးသည် သတင်းကောင်းကိုအားတက်သရောဟောပြောကြသဖြင့် စိတ်ထားမှန်သူများစွာသည် ခရစ်ယာန်များဖြစ်လာကြသည်။ ကျွန်ကိုးဦးသည် အောင်မြင်စွာကုန်သွယ်၍ သူတို့၏လက်ဝယ်ဥစ္စာကိုတိုးပွားစေကြသည်။

ယေရှုဤသို့ဆက်ပြော၏။ “အခြားသောသူသည်လာ၍ ‘သခင်၊ အကျွန်ုပ်သည် ပဝါ၌ထုပ်ထားသော ကိုယ်တော်၏ငွေတစ်မိုင်နာရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်၊ ကိုယ်မသိုမထားသောဥစ္စာကိုသိမ်းယူ၍ ကိုယ်မစိုက်မပျိုးသောလယ်၌ရိတ်တတ်သည်ကိုအကျွန်ုပ်ထောက်၍ ကိုယ်တော်ကိုကြောက်ပါသည်’ ဟုလျှောက်လျှင် သခင်က ‘ဆိုးညစ်သောငယ်သား၊ သင်၏စကားကိုသာလိုက်၍ သင်၏အမှုကိုငါစီရင်မည်။ ငါသည် ခဲယဉ်းသောသူဖြစ်လျက် ကိုယ်မသိုမထားသောဥစ္စာကို သိမ်းယူ၍ ကိုယ်မစိုက်မပျိုးသောလယ်၌ရိတ်သည်ကို သင်သိသည်မှန်လျှင် ငါ့ငွေကိုဘဏ်၌အဘယ်ကြောင့်မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါငွေရင်းနှင့်အတိုးကိုရနိုင်သည်’ ဟုမိန့်တော်မူပြီးသော် အခြံအရံတို့အား ‘ငွေတစ်မိုင်နာကို သူ့လက်မှနှုတ်ကြ၊ တစ်ဆယ်မိုင်နာရှိသောသူအားပေးကြ’ ဟုမိန့်တော်မူ၏။”

ထိုကျွန်ဆိုးအဖို့ အထိမ်းအမှတ်မိုင်နာဆုံးရှုံးခြင်းသည် ကောင်းကင်နိုင်ငံတော်တွင် နေရာတစ်နေရာဆုံးရှုံးခြင်းမည်၏။ မှန်ပါသည်။ မြို့ဆယ်မြို့ သို့မဟုတ် ငါးမြို့ကိုအုပ်စိုးရသကဲ့သို့သောအခွင့်အရေးကိုဆုံးရှုံးပါသည်။ သူသည် မကောင်းမှုပြု၍ဆိုးယုတ်သည်ဟုစီရင်ခံရခြင်းမဟုတ်ဘဲ သခင်၏နိုင်ငံတော်အကျိုးစီးပွားတိုးအောင်လုပ်ဆောင်ရန်ပျက်ကွက်ခြင်းကြောင့်သာ ထိုသို့စီရင်ခံရသည်ကိုလည်းသတိပြုပါ။

ကျွန်ဆိုး၏မိုင်နာကိုပထမကျွန်အားပေးသောအခါ “သခင်၊ ထိုသူ၌မိုင်နာတစ်ဆယ်ရှိပါ၏” ဟုကန့်ကွက်သံထွက်ပေါ်လာသည်။ သို့သော်ယေရှုဤသို့ဖြေဆို၏။ “‘အကြင်သူသည်ရတတ်၏။ ထိုသူအားပေးဦးမည်။ အကြင်သူသည်ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင်နှုတ်လိမ့်မည်။ ထိုမှတစ်ပါး ငါ၏အအုပ်အချုပ်ကိုမခံလိုသော ငါ့ရန်သူတို့ကိုခေါ်ခဲ့ကြ။ ငါ့ရှေ့မှာသတ်ကြ’ ဟုမိန့်တော်မူ၏။” လုကာ ၁၉:၁၁-၂၇။ မဿဲ ၂၈:၁၉၊ ၂၀။

▪ အဘယ်အကြောင်းကြောင့် မိုင်နာပုံဥပမာကိုယေရှုမိန့်တော်မူရခြင်းဖြစ်သနည်း။

▪ အမတ်ကားမည်သူနည်း။ သူသွားသည့် ပြည်ကားအဘယ်နည်း။

▪ ကျေးကျွန်များကား မည်သူတို့နည်း။ မိုင်နာများအဘယ်အရာကိုပုံဆောင်သနည်း။

▪ ပြည်သူပြည်သားတို့ကား မည်သူတို့နည်း။ သူတို့၏မုန်းတီးမှုကို အဘယ်သို့ပြကြသနည်း။

▪ ကျွန်တစ်ဦးကို ကျွန်ဆိုးဟုအဘယ်ကြောင့်ခေါ်သနည်း။ သူ၏မိုင်နာဆုံးရှုံးခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ