ယေရှု၏ ဘဝနှင့် ဓမ္မအမှု
မိုင်နာ ပုံဥပမာ
ယေရှုသည် ယေရုရှလင်မြို့သို့သွားရာ ခရီးတွင်ခေတ္တရပ်နားခဲ့သည့် ဇက္ခဲ၏အိမ်တွင်ရှိနေကောင်းရှိနေမည်။ တပည့်တော်တို့က ယေရုရှလင်မြို့သို့ရောက်လျှင် ကိုယ်တော်သည်မေရှိယဖြစ်ကြောင်းကြေညာ၍ နိုင်ငံတော်တည်ထောင်မည်ဟုယုံကြည်ကြသည်။ ဤယူဆချက်ကိုပြုပြင်ရန်နှင့် နိုင်ငံတော်တည်ရန်ဝေးသေးကြောင်းပြသရန်အတွက် ယေရှုသည် ပုံဥပမာတစ်ခုပေးတော်မူ၏။
“အမတ်တစ်ယောက်သည် မင်းကြီးအရာကိုခံလို၍ မိမိပြည်သို့ပြန်လာမည်ဟုအကြံရှိလျက် ဝေးသောပြည်သို့သွား၏” ဟုဟောကြားတော်မူ၏။ ယေရှုသည် ထို “အမတ်” ဖြစ်ပြီး ကောင်းကင်ဘုံသည် “ဝေးလံသောပြည်” ဖြစ်သည်။ ထိုအရပ်သို့ရောက်သောအခါ ခမည်းတော်သည် ကိုယ်တော်အား မင်းကြီးအာဏာအပ်နှင်းတော်မူလတံ့။
သို့ရာတွင် မသွားမီကျွန်ဆယ်ယောက်ကိုခေါ်ကာ ငွေမိုင်နာတစ်ခုစီပေး၍ “ငါပြန်လာသည်အထိ ကုန်သွယ်လျက်နေကြလော့” ဟုမှာကြားလေ၏။ ပဏာမပြည့်စုံချက်တွင် ကျွန်ဆယ်ယောက်သည် ယေရှု၏ကနဦးတပည့်တော်များကိုပုံဆောင်သည်။ သာ၍ကြီးသောပြည့်စုံချက်၌ သူတို့သည် ကောင်းကင်နိုင်ငံတော်တွင် ကိုယ်တော်နှင့်အတူ အမွေဆက်ခံမည့်သူအားလုံးကိုပုံဆောင်သည်။
ငွေမိုင်နာများသည် အဖိုးတန်သောငွေစများဖြစ်ပြီး လယ်ယာလုပ်သားတစ်ဦး၏ သုံးလလုပ်ခနှင့်ညီမျှသည်။ သို့သော် ထိုမိုင်နာများဘာကိုပုံဆောင်သနည်း။ ကျွန်များသည် ထိုငွေများနှင့် အဘယ်သို့သောကုန်သွယ်ခြင်းပြုရကြမည်နည်း။
ထိုမိုင်နာများသည် ဝိညာဉ်တော်ဖွား တပည့်တော်များအသုံးပြုနိုင်သော ကိုယ်ပိုင်ဥစ္စာအရပ်ရပ်ကိုပုံဆောင်သည်။ ကတိထားရာနိုင်ငံတော်တွင် မင်းကြီးအနေနှင့် ယေရှုကြွလာသည့်အချိန်အထိ ကောင်းကင်အမွေခံများ ပိုမိုထွက်ပေါ်လာစေရန် ယင်းကိုသူတို့အသုံးပြုနိုင်ကြသည်။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်၍ တပည့်တော်များအားထင်ရှားတော်မူပြီးနောက် တပည့်တော်များများဖြစ်အောင်ပြုလုပ်ရန်အတွက် အထိမ်းအမှတ်မိုင်နာများကိုပေးတော်မူခဲ့သည်။ ဤသို့ဖြင့် ကောင်းကင်နိုင်ငံတော်အတန်းအစားကို တိုးပွားစေကြသည်။
“သို့ရာတွင် သူ၏ပြည်သူပြည်သားတို့သည် သူ့ [အမတ်] ကိုမုန်းကြသဖြင့် ‘ထိုသူ၏အအုပ်အချုပ်ကို ငါတို့မခံလို’ ဟုစေတမန်များကို သူ့နောက်သို့လွှတ်၍လျှောက်ထားစေ၏” ဟုယေရှုဆက်လက်မိန့်တော်မူ၏။ ပြည်သူပြည်သားများမှာ ဣသရေလလူမျိုး သို့မဟုတ် ယုဒအမျိုးသားများဖြစ်သည်။ ထိုသူတို့တွင် တပည့်တော်များမပါဝင်ပေ။ ကောင်းကင်ဘုံသို့ ယေရှုကြွသွားတော်မူသည့်နောက် အဆိုပါယုဒအမျိုးသားတို့သည် တပည့်တော်များကိုညှဉ်းဆဲခြင်းအားဖြင့် ကိုယ်တော်၏အအုပ်အချုပ်ကိုမခံလိုကြောင်း သိသာထင်ရှားစေခဲ့သည်။ ဤနည်းအားဖြင့် စေတမန်များကိုစေလွှတ်လိုက်သော ပြည်သူပြည်သားများနည်းတူပြုမူခဲ့ကြ၏။
မိုင်နာများကို ကျွန်ဆယ်ယောက်မည်သို့အသုံးပြုကြသနည်း။ ယေရှုဤသို့ရှင်းပြ၏။ “ထိုအမတ်သည် မင်းကြီးအရာကိုခံယူ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသောငယ်သားတို့သည် အသီးအသီးအဘယ်မျှလောက်အမြတ်ရသည်ကိုသိခြင်းငှာ ‘သူတို့ကိုခေါ်ချေ’ ဟုအမိန့်တော်ရှိ၏။ ပထမလူသည်လာ၍ ‘သခင်၊ ကိုယ်တော်ပေးသောငွေ တစ်ပိဿာအားဖြင့် အခွက်တစ်ဆယ်အမြတ်ရပါပြီ’ ဟုလျှောက်လျှင် သခင်က ‘ကောင်းလေစွ၊ ငယ်သားကောင်း၊ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကိုအုပ်စိုးလော့’ ဟုမိန့်တော်မူ၏။ ဒုတိယသူသည်လာ၍ ‘သခင်၊ ကိုယ်တော်ပေးသောငွေတစ်ပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီ’ ဟုလျှောက်လျှင် သခင်က ‘သင်သည် မြို့ငါးမြို့ကိုအုပ်စိုးလော့’ ဟုမိန့်တော်မူ၏။”
တစ်ဆယ်မိုင်နာရှိသောကျွန်သည် စီအီး ၃၃ ခုနှစ်မှ ယခုအထိတမန်တော်များပါဝင်သော တပည့်တော်အတန်းအစားတစ်စု သို့မဟုတ် အုပ်စုတစ်စုကိုပုံဆောင်သည်။ ငါးမိုင်နာရရှိသောကျွန်တို့သည်လည်း ထိုကာလအတောအတွင်း အခွင့်အရေးနှင့်အစွမ်းသတ္တိရှိသည်အတိုင်း မင်းကြီး၏မြေကြီးပေါ်ရှိ အကျိုးစီးပွားကိုတိုးပွားအောင်လုပ်ကြသော အုပ်စုတစ်စုကိုပုံဆောင်သည်။ နှစ်အုပ်စုစလုံးသည် သတင်းကောင်းကိုအားတက်သရောဟောပြောကြသဖြင့် စိတ်ထားမှန်ရှိသူများစွာသည် ခရစ်ယာန်များဖြစ်လာကြသည်။ ကျွန်ကိုးယောက်ကအောင်မြင်စွာကုန်သွယ်၍ သူတို့၏ဥစ္စာများကို တိုးပွားစေကြသည်။
ယေရှုဤသို့ဆက်၍မိန့်တော်မူ၏။ “အခြားသောသူသည်လာ၍ ‘သခင်၊ အကျွန်ုပ်သည် ပုဝါ၌ထုပ်ထားသော ကိုယ်တော်၏ငွေတစ်မိုင်နာရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်၊ ကိုယ်မသိုမထားသောဥစ္စာကိုသိမ်းယူ၍ ကိုယ်မစိုက်မပျိုးသောလယ်၌ ရိတ်တတ်သည်ကို အကျွန်ုပ်ထောက်၍ ကိုယ်တော်ကိုကြောက်ပါသည်’ ဟု လျှောက်လျှင် သခင်က ‘ဆိုးညစ်သောငယ်သား၊ သင်၏စကားကိုသာလိုက်၍ သင်၏အမှုကိုငါစီရင်မည်။ ငါသည် ခဲယဉ်းသောသူဖြစ်လျက် ကိုယ်မသိုမထားသောဥစ္စာကို သိမ်းယူ၍ ကိုယ်မစိုက်မပျိုးသောလယ်၌ ရိတ်သည်ကို သင်သိသည်မှန်လျှင် ငါ့ငွေကိုဘဏ်၌အဘယ်ကြောင့်မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုးကိုရနိုင်သည်’ ဟုမိန့်တော်မူပြီးသော် အခြံအရံတို့အား ‘ငွေတစ်မိုင်နာကို သူ့လက်မှနှုတ်ကြ၊ တစ်ဆယ်မိုင်နာရှိသောသူအားပေးကြ’ ဟုမိန့်တော်မူ၏။”
ထိုကျွန်ဆိုးအဖို့ အထိမ်းအမှတ်မိုင်နာဆုံးရှုံးသွားခြင်းသည် ကောင်းကင်နိုင်ငံတော်တွင် နေရာတစ်နေရာဆုံးရှုံးခြင်းမည်၏။ မှန်ပါသည်။ မြို့ဆယ်မြို့ သို့မဟုတ် မြို့ငါးမြို့ကိုအုပ်စိုးရသကဲ့သို့သောအခွင့်အရေးဆုံးရှုံးသွားသည်။ သူပြုသောမကောင်းမှုအတွက် ဆိုးယုတ်သည်ဟုစီရင်ခံရခြင်းမဟုတ်ဘဲ သခင်၏နိုင်ငံတော်အကျိုးစီးပွား တိုးပွားအောင်လုပ်ဆောင်ရန် ပျက်ကွက်ခြင်းကြောင့်သာ ထိုသို့စီရင်ခံရသည်ကိုလည်း သတိပြုပါ။
ကျွန်ဆိုး၏မိုင်နာကို ပထမကျွန်အားပေးသောအခါ “သခင်၊ ထိုသူ၌ မိုင်နာတစ်ဆယ်ရှိပါ၏” ဟုကန့်ကွက်သံထွက်ပေါ်လာသည်။ သို့သော်လည်း ယေရှုဤသို့ဖြေကြားတော်မူ၏။ “‘အကြင်သူသည် ရတတ်၏။ ထိုသူအားပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။ ထိုမှတစ်ပါး ငါ၏အအုပ်အချုပ်ကိုမခံလိုသော ငါ့ရန်သူတို့ကိုခေါ်ခဲ့ကြ။ ငါ့ရှေ့မှာ သတ်ကြ’ ဟုမိန့်တော်မူ၏။” လုကာ ၁၉:၁၁-၂၇။ မဿဲ ၂၈:၁၉၊ ၂၀။
◆ အဘယ်အကြောင်းကြောင့် မိုင်နာပုံဥပမာမိန့်တော်မူရခြင်းဖြစ်သနည်း။
◆ အမတ်ကားမည်သူနည်း။ သူသွားသည့် ပြည်ကားအဘယ်နည်း။
◆ ပြည်သူပြည်သားတို့ကား မည်သူတို့နည်း။ သူတို့၏မုန်းတီးမှုသဘောကို အဘယ်သို့ပြသကြသနည်း။
◆ ကျေးကျွန်များကား မည်သူတို့နည်း။ မိုင်နာများ အဘယ်အရာကိုပုံဆောင်သနည်း။
◆ ကျွန်တစ်ယောက်ကို ကျွန်ဆိုးဟုအဘယ်ကြောင့်ခေါ်သနည်း။ သူ၏မိုင်နာဆုံးရှုံးခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။