အခန်း ၁၂၇
သောကြာနေ့တွင်သင်္ဂြိုဟ်ခံရ၊ တနင်္ဂနွေနေ့တွင် ဟင်းလင်းဖြစ်သော သင်္ချိုင်းဂူ
ယခု၊ သောကြာနေ့မွန်းလွဲကျော်ပြီဖြစ်၍ နိသန်လ ၁၅ ရက်ဥပုသ်နေ့သည် နေဝင်ချိန်တွင်စတင်တော့မည်။ ယေရှု၏အလောင်းတော်သည် သစ်တိုင်ပေါ်ခွေလျနေပြီး ဘေးတစ်ဖက်တစ်ချက်ရှိ လူဆိုးနှစ်ဦးမှာမူ အသက်ရှင်ဆဲဖြစ်သည်။ သောကြာနေ့မွန်းလွဲပိုင်းတွင် ဥပုသ်နေ့ကုန်သည်အထိဆိုင်းငံ့၍မရသော အစားအစာပြင်ဆင်ခြင်းနှင့် အရေးကြီးကိစ္စများကိုပြီးပြတ်အောင်လုပ်ဆောင်ကြသဖြင့် ထိုအချိန်ကို ပြင်ဆင်ရာအချိန်ဟုခေါ်သည်။
မကြာမီစတင်မည့်ဥပုသ်သည် သာမန်ဥပုသ် (သီတင်းတစ်ပတ်၏သတ္တမနေ့ရက်) မဟုတ်ဘဲ ဥပုသ်ထပ် သို့မဟုတ် “ကြီးမြတ်” သောဥပုသ်နေ့ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် နိသန် ၁၅ ရက်နေ့သည် ၇ ရက်တိုင်တိုင်ကျင်းပသော တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့ (ရက်သတ္တပတ်၏မည်သည့်နေ့တွင်ကျပါစေ အစဉ်ဥပုသ်နေ့ဖြစ်သည်) ဖြစ်ပြီး ပုံမှန်ဥပုသ်နေ့နှင့်တစ်ရက်တည်းကျသည်။
ဘုရားသခင်၏ပညတ်အရ အလောင်းများကိုတစ်ညလုံးသစ်တိုင်ပေါ်ဆွဲမထားရ။ ထိုကြောင့် အဆုံးစီရင်ခံရသူတို့၏ခြေကိုချိုးခြင်းဖြင့် မြန်မြန်သေစေရန် ပိလတ်ကိုဂျူးတို့တောင်းဆိုကြ၏။ ထို့ကြောင့်စစ်သားများသည် လူဆိုးနှစ်ဦး၏ခြေကိုချိုးကြ၏။ သို့သော်ယေရှုမူ အသက်မရှိတော့၍ ခြေချိုးမခံရပေ။ ဤဖြစ်ရပ်က “သူ၏အရိုး . . . တစ်ချောင်းမျှမကျိုးမပဲ့ရ” ဟူသောကျမ်းစကားကိုပြည့်စုံစေသည်။
ယေရှုသေဆုံးကြောင်းသေချာရန် စစ်သားတစ်ဦးသည် ကိုယ်တော်၏နံဘေးကိုလှံနှင့်ထိုးသည်။ နှလုံးရှိရာနေရာကိုထိုးမိသဖြင့် သွေးနှင့်ရေချက်ချင်းထွက်လာသည်။ ဤဖြစ်ရပ်က “ထိုးဖောက်ခဲ့သောသူကိုရှုမြော်ကြလိမ့်မည်” ဟူသောကျမ်းစကားပြည့်စုံစေကြောင်း မျက်မြင်သက်သေယောဟန်ဆို၏။
ကွပ်မျက်ရာနေရာတွင် လွှတ်ရုံး၏ဂုဏ်အသရေရှိအဖွဲ့ဝင်၊ အရိမသဲမြို့သားယောသပ်ရှိနေသည်။ ယေရှုအပေါ်ဗဟိုတရားရုံး၏မတရားစီရင်ချက်ကိုထောက်ခံရန် သူငြင်းဆိုခဲ့သည်။ မိမိမည်သူဖြစ်ကြောင်းမဖော်ပြဝံ့သော်လည်း ယောသပ်သည် တပည့်တစ်ဦးဖြစ်သည်။ မည်သို့ဆိုစေ၊ ယခု၊ ယေရှု၏အလောင်းတော်ကိုတောင်းရန် သတ္တိမွေး၍ပိလတ်ထံသွားသည်။ ပိလတ်က တပ်မှူးကိုဆင့်ခေါ်လိုက်သည်။ တပ်မှူးကယေရှုသေဆုံးပြီဟုပြောသောအခါ အလောင်းတော်ကို ယောသပ်အားအပ်လိုက်သည်။
ယောသပ်သည် အလောင်းတော်ကိုယူပြီး စင်ကြယ်သောအဝတ်နှင့်ပတ်စည်း၍ သင်္ဂြိုဟ်ရန်ပြင်ဆင်သည်။ သူ့အားလွှတ်ရုံး၏အခြားအဖွဲ့ဝင်၊ နိကောဒင်ကူညီပေးသည်။ နိကောဒင်သည်လည်း ရာထူးဆုံးရှုံးမည်စိုး၍ယေရှုကိုယုံကြည်ကြောင်း မဝန်ခံခဲ့ပါ။ ယခုမူ သူသည် ရောမအလေးချိန်ပေါင် ၁၀၀ ရှိမုရန်နှင့်ဈေးကြီးသောနံ့သာတို့ပါဝင်သည့်အလိပ်တစ်လိပ်ကိုယူဆောင်လာသည်။ ဂျူးတို့၏အလောင်းသင်္ဂြိုဟ်သည့်ထုံးစံအတိုင်း အဆိုပါအမွှေးနံ့သာများထည့်ပြီး ယေရှု၏အလောင်းတော်ကိုပတ်စည်းကြသည်။
အနီးရှိဥယျာဉ်အတွင်း ယောသပ်၏ကျောက်ထွင်းဂူအသစ်တွင် အလောင်းတော်ကိုချထားကြသည်။ နောက်ဆုံး၌ ကျောက်တုံးကြီးတစ်တုံးကို တွင်းဝ၌လှိမ့်ထားလိုက်သည်။ ဥပုသ်နေ့မတိုင်မီအပြီးသင်္ဂြိုဟ်ရန် အလောင်းတော်ကိုအမြန်ပြင်ဆင်ပြီး ထိုတွင်ပါဝင်ကူညီကြသောမာဂဒလမာရိနှင့် ယာကုပ်ငယ်၏မိခင်မာရိတို့သည် အမွှေးနံ့သာနှင့်ဆီမွှေးများထပ်၍ပြုလုပ်ရန် အိမ်သို့အမြန်ပြန်ကြသည်။ ဥပုသ်နေ့ကုန်သည်နှင့် ယေရှု၏အလောင်းတာရှည်ခံဖို့အတွက် ဆက်လိမ်းကျံမည်ဟုကြံစည်ကြ၏။
နောက်တစ်နေ့ စနေနေ့ (ဥပုသ်နေ့) တွင် ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့သည် ပိလတ်ထံသွား၍ “ထိုလှည့်ဖြားသူက ‘ငါသည် သုံးရက်မြောက်နေ့၌ထမြောက်မည်’ ဟုမသေမီပြောသည်ကိုကျွန်ုပ်တို့မှတ်မိပါပြီ။ ထိုကြောင့်သူ၏တပည့်တော်တို့သည် ညအခါလာ၍အလောင်းကိုခိုးယူပြီးလျှင် ‘သူသည်သေခြင်းမှထမြောက်တော်မူပြီ’ ဟုလူအပေါင်းတို့အားပြောဆိုကြသော် ရှေ့အမှားထက် နောက်အမှားသာ၍ကြီးမည်ဟုစိုးရိမ်စရာအကြောင်းရှိသည်ဖြစ်၍ သင်္ချိုင်းတွင်းကို သုံးရက်မြောက်အောင်လုံခြုံစွာစောင့်စိမ့်သောငှာ အမိန့်တော်ရှိပါဟုလျှောက်ထားကြ၏။”
ပိလတ်က “သင်တို့၌လူစောင့်တစ်တပ်ရှိ၏။ သွားကြ။ တတ်နိုင်သမျှအတိုင်းလုံခြုံစွာစောင့်စေ” ဟုဆို၏။ သူတို့သွား၍ ကျောက်ကိုတံဆိပ်ခတ်ပြီးရောမစစ်သားတို့ကိုအစောင့်ထား၍ ဂူကိုလုံခြုံစေ၏။
တနင်္ဂနွေနေ့နံနက်စောစောတွင် အလောင်းတော်ကိုလိမ်းကျံရန် သင်္ချိုင်းဂူသို့မာဂဒလမာရိ၊ ယာကုပ်ငယ်၏မိခင်မာရိ၊ ရှာလုံ၊ ယောဟန္နနှင့်အတူ အခြားမိန်းမအများတို့သည် အမွှေးနံ့သာများကိုယူလာကြ၍ လမ်း၌တစ်ဦးကိုတစ်ဦး “တွင်းဝ၌ပိတ်ထားသောကျောက်ကို အဘယ်သူလှိမ့်ပေးမည်နည်း” ဟုပြောဆိုကြသည်။ သို့သော်မြေငလျင်လှုပ်ပြီး ယေဟောဝါ၏ကောင်းကင်တမန်က ကျောက်တုံးကိုလှိမ့်ထားသည်ကို ရောက်သောအခါတွေ့မြင်ကြရသည်။ အစောင့်များလည်းမရှိ၊ သင်္ချိုင်းတွင်း၌လည်း အဘယ်အရာမျှမရှိချေ။ မဿဲ ၂၇:၅၇-၂၈:၂။ မာကု ၁၅:၄၂-၁၆:၄။ လုကာ ၂၃:၅၀-၂၄:၃၊ ၁၀။ ယောဟန် ၁၉:၁၄၊ ယောဟန် ၁၉:၃၁-၂၀:၁၊ ယောဟန် ၁၂:၄၂။ ဝတ်ပြုရာ ၂၃:၅-၇။ တရားဟောရာ ၂၁:၂၂၊၂၃။ ဆာလံ ၃၄:၂၀။ ဇာခရိ ၁၂:၁၀။
▪ သောကြာနေ့ကိုပြင်ဆင်ရာအချိန်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ‘ကြီးမြတ်’ သောဥပုသ်ကားအဘယ်နည်း။
▪ ယေရှု၏ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး အဘယ်ကျမ်းစကားများပြည့်စုံသနည်း။
▪ ယေရှုအားသင်္ဂြိုဟ်ခြင်းတွင် ယောသပ်နှင့်နိကောဒင်တို့ အဘယ်သို့ပါဝင်ကြပြီး သူတို့သည် ယေရှုနှင့် မည်သို့သက်ဆိုင်ကြသနည်း။
▪ ယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ်အားအဘယ်အရာတောင်းဆို၍ သူမည်သို့တုံ့ပြန်သနည်း။
▪ တနင်္ဂနွေနံနက်စောစောပိုင်းတွင် ဘာဖြစ်ပျက်သနည်း။