ယေရှု၏ ဘဝနှင့် ဓမ္မအမှု
သောကြာနေ့တွင်သင်္ဂြိုဟ်ခံရ၊ တနင်္ဂနွေနေ့တွင် ဟင်းလင်းဖြစ်သော သင်္ချိုင်းဂူ
ဥ ပုသ်နေ့၊ နိသန်လ ၁၅ ရက်နေ့သည် ဤသောကြာနေ့ကုန်လွန်ခါနီးမွန်းလွဲပိုင်း နေဝင်ချိန်တွင် စတင်တော့မည်။ သခင်ယေရှု၏အလောင်းတော်သည် သစ်တိုင်ပေါ်တွင် မလှုပ်မယှက်ခွေလျနေသည်။ ကိုယ်တော်၏ဘေးတစ်ဖက်တစ်ချက်ရှိ လူဆိုးနှစ်ဦးမှာမူ အသက်ရှင်ဆဲဖြစ်သည်။ သောကြာနေ့မွန်းလွဲပိုင်းတွင် ဥပုသ်နေ့အထိဆိုင်းငံ့၍မရနိုင်သော စားဖွယ်ရာများပြင်ဆင်ခြင်းနှင့် အရေးတကြီးလုပ်ဆောင်ရမည့်ကိစ္စများကို လူတို့ပြီးပြတ်အောင်လုပ်ဆောင်ကြသဖြင့် ထိုအချိန်ကို ပြင်ဆင်ရာအချိန်ဟုခေါ်သည်။
မကြာမီစတင်မည့်ဥပုသ်နေ့သည် သာမန်ဥပုသ်နေ့ (သီတင်းတစ်ပတ်၏ သတ္တမနေ့ရက်) တစ်နေ့မဟုတ်ဘဲ ဥပုသ်ထပ် (ဝါ) “ကြီးမြတ်” သောဥပုသ်နေ့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိသန် ၁၅ ရက်နေ့သည် ၇ ရက်တိုင်တိုင်ကျင်းပသော တဆေးမဲ့မုန့်ပွဲတော်၏ ပထမနေ့ (ရက်သတ္တပတ်၏မည်သည့်နေ့တွင် ကျရောက်ပါစေ အစဉ်ဥပုသ်နေ့ဖြစ်သည်) ဖြစ်ပြီး သာမန်ဥပုသ်နေ့နှင့်ထပ်တူကျနေသည်။
ဘုရားသခင်၏ပညတ်အရ လူသေအလောင်းများကို ညဉ့်နက်သည်အထိ သစ်တိုင်ပေါ်ဆွဲမထားရန်ဖြစ်သည်။ ထိုကြောင့် အဆုံးစီရင်ခံရသူများ မြန်မြန်သေစေခြင်းငှာ ခြေများချိုးခွင့်ကို ပိလတ်မင်းထံ၌ ဂျူးတို့သည်တောင်းဆိုကြ၏။ သို့ဖြစ်၍ စစ်သားများသည် လူဆိုးနှစ်ဦး၏ ခြေများကိုချိုးကြ၏။ သို့သော် သခင်ယေရှုမူ အသက်မရှိတော့၍ ခြေချိုးမခံရပေ။ ဤဖြစ်ရပ်က “သူ၏အရိုး . . . တစ်ချောင်းမျှမကျိုးမပဲ့ရ” ဟူသော ကျမ်းစကားကို ပြည့်စုံစေသည်။
သို့သော် ယေရှုအမှန်သေဆုံးကြောင်းသံသယမရှိစေရန် စစ်သားတစ်ဦးသည် ကိုယ်တော်နံဘေးကို လှံနှင့်ထိုးသည်။ နှလုံးရှိရာနေရာကိုထိုးဖောက်သောကြောင့် သွေးနှင့်ရေချက်ချင်းထွက်လာသည်။ ဤဖြစ်ရပ်က “သူတို့သည် မိမိတို့ထိုးဖောက်သော ငါ့ကိုရှုမြင်ရကြလိမ့်မည်” ဟူသောကျမ်းစကားကိုပြည့်စုံစေကြောင်း မျက်မြင်သက်သေဖြစ်သူ တမန်တော်ယောဟန်မှတ်တမ်းတင်ခဲ့သည်။
အဆုံးစီရင်ရာနေရာတွင် ဆဲန်ဟီဒရင်လွှတ်ရုံး၏ ဂုဏ်အသရေရှိအဖွဲ့ဝင်ဖြစ်သူ အရိမဿဲမြို့သား ယောသပ်လည်းရှိနေသည်။ ယေရှုအပေါ်ဗဟိုတရားရုံး၏ မတရားစီရင်ချက်ချခြင်းကိုထောက်ခံရန် သူငြင်းဆိုခဲ့သည်။ တပည့်တော်တစ်ဦးအဝင်ဖြစ်ကြောင်း မိမိကိုယ်ကိုဖေါ်ပြရန် ကြောက်ရွံ့နေခဲ့သော်လည်း ယောသပ်သည် တပည့်တစ်ဦးအဖြစ် သခင်ယေရှု၏အလောင်းတော်ကိုတောင်းရန် သတ္တိမွေး၍ ပိလတ်မင်းထံသွားသည်။ ပိလတ်မင်းက တပ်မှူးကိုဆင့်ခေါ်လိုက်သည်။ တပ်မှူးက ယေရှုသေဆုံးပြီဖြစ်ကြောင်း အတည်ပြုပြောကြားသောအခါ အလောင်းတော်ကို ယောသပ်အားလွှဲအပ်လိုက်သည်။
ယောသပ်သည် အလောင်းတော်ကိုယူဆောင်ပြီး အလောင်းတော်ကို စင်ကြယ်သောအဝတ်နှင့်ပတ်စည်း၍ သင်္ဂြိုဟ်ရန်ပြင်ဆင်သည်။ သူ့အား ဆဲန်ဟီဒရင်လွှတ်ရုံး၏ အခြားအဖွဲ့ဝင်တစ်ဦးဖြစ်သူ နိကောဒင်ကကူညီသည်။ နိကောဒင်သည်လည်း သူ့ရာထူးဆုံးရှုံးမည်စိုး၍ သခင်ယေရှုအားယုံကြည်ကြောင်းဝန်ခံရန်ပျက်ကွက်ခဲ့သူဖြစ်သည်။ ယခုမူ သူသည် အချိန်ပေါင် (ရောမ) ၁၀၀ မျှရှိသော မုရန်နှင့်အလွန်ဈေးကြီးသောနံ့သာတို့ပါဝင်သော အလိပ်တစ်လိပ်ကိုယူဆောင်လာသည်။ အလောင်းများကိုသင်္ဂြိုဟ်ရာတွင် ဂျူးလူမျိုးများလုပ်လေ့ရှိသော ဓလေ့ထုံးစံအတိုင်း ကျပ်စည်းသောအဝတ်တွင် အဆိုပါအမွှေးနံ့သာများထည့်ပြီး သခင်ယေရှု၏အလောင်းတော်ကို ပတ်စည်းခဲ့သည်။
အနီး၌ရှိဥယျာဉ်အတွင်း ယောသပ်၏အောက်မေ့ရာကျောက်တွင်းဂူအသစ်တွင် အလောင်းတော်ကိုချထားသည်။ နောက်ဆုံး၌ ကျောက်တုံးကြီးတစ်လုံးကို တွင်းဝ၌လှိမ့်ထားလိုက်ကြသည်။ ဥပုသ်နေ့မတိုင်မီ သင်္ဂြိုဟ်ခြင်းပြီးပြတ်ရန် အလောင်းတော်ကို ခပ်သုတ်သုတ်ပြင်ဆင်ကြသည်။ ထိုကြောင့် အလောင်းတော်ပြင်ဆင်ခြင်းကိစ္စတွင်ပါဝင်ကူညီကြသော မာဂဒလမာရိနှင့် ယာကုပ်ငယ်၏မိခင်မာရိတို့သည် အမွှေးနံ့သာနှင့်ဆီမွှေးများထပ်၍ပြင်ဆင်နိုင်ရန် အိမ်သို့မြန်မြန်သွားခဲ့ကြသည်။ ဥပုသ်နေ့ပြီးချိန်၌သာ သခင်ယေရှု၏အလောင်းတော်ကို တာရှည်ခံစေရန် ဆက်ပြင်ဆင်မည်ဟု သူတို့ကြံစည်ကြသည်။
နောက်တစ်နေ့ စနေနေ့ (ဥပုသ်နေ့) တွင် ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖါရိရှဲတို့သည် ပိလတ်မင်းထံသွား၍ “ထိုလှည့်ဖြားသူက ‘ငါသည် သုံးရက်မြောက်နေ့၌ ထမြောက်မည်’ ဟုမသေမီပြောသည်ကို ကျွန်ုပ်တို့မှတ်မိပါပြီ။ ထိုကြောင့် သူ၏တပည့်တော်တို့သည် ညအခါလာ၍ အလောင်းကိုခိုးယူပြီးလျှင် ‘သူသည်သေခြင်းမှထမြောက်တော်မူပြီ’ ဟု လူအပေါင်းတို့အားပြောဆိုကြသော် ‘ရှေ့အမှားထက် နောက်အမှားသာ၍ကြီးမည်ဟု စိုးရိမ်စရာအကြောင်းရှိသည်ဖြစ်၍ သင်္ချိုင်းတွင်းကို သုံးရက်မြောက်အောင် လုံခြုံစွာစောင့်စိမ့်သောငှာ အမိန့်တော်ရှိပါ’ ဟုလျှောက်ထားကြ၏။”
ပိလတ်မင်းက “သင်တို့၌လူစောင့်တစ်တပ်ရှိ၏” ဟုဆို၏။ “သွားကြ။ တတ်နိုင်သမျှအတိုင်း လုံခြုံစွာစောင့်စေကြဟုဆိုလေ၏။” ထိုသူတို့သည်သွား၍ ကျောက်ကိုတံဆိပ်ခတ်ပြီးလျှင် ရောမစစ်သားများကို အစောင့်ထားလျက် သင်္ချိုင်းဂူကိုလုံခြုံစေ၏။
တနင်္ဂနွေနေ့ နံနက်စောစောပိုင်းတွင် အလောင်းတော်ကိုလိမ်းကျံရန် သင်္ချိုင်းဂူသို့ မာဂဒလမာရိ၊ ယာကုပ်ငယ်၏မိခင် မာရိ၊ ရှာလုံ၊ သောဟန္နနှင့်အတူ အခြားသောမိန်းမအများတို့သည် အမွှေးနံ့သာများကိုယူဆောင်လာကြ၏။ ထိုသို့လာကြစဉ် လမ်း၌တစ်ဦးကိုတစ်ဦး “တွင်းဝ၌ ပိတ်ထားသောကျောက်ကို အဘယ်သူလှိမ့်ပေးမည်နည်း” ဟုပြောဆိုကြသည်။ သို့သော် မြေငလျင်လှုပ်ပြီး ယေဟောဝါ၏ကောင်းကင်တမန်က ကျောက်တုံးကိုလှိမ့်ထားသည်ကို ရောက်သောအခါ တွေ့မြင်ကြရသည်။ အစောင့်များလည်းမရှိ၊ သင်္ချိုင်းတွင်း၌ကား အဘယ်အရာမျှမရှိချေ။ မဿဲ ၂၇:၅၇–၂၈:၂။ မာကု ၁၅:၄၂–၁၆:၄။ လုကာ ၂၃:၅၀–၂၄:၃၊ ၁၀။ ယောဟန် ၁၉:၃၁–၂၀:၁။ ၁၉:၁၄။ ၁၂:၄၂။ ဝတ်ပြုရာ ၂၃:၅–၇။ တရားဟောရာ ၂၁:၂၂၊ ၂၃။ ဆာလံ ၃၄:၂၀။ ဇာခရိ ၁၂:၁၀။
◆ သောကြာနေ့ကို ပြင်ဆင်ရာအချိန်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ‘ကြီးမြတ်’ သောဥပုသ်ကားအဘယ်နည်း။
◆ ယေရှု၏ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး အဘယ်ကျမ်းစကားများ ပြည့်စုံသနည်း။
◆ ယေရှုအားသင်္ဂြိုဟ်ရန် ယောသပ်နှင့်နိကောဒင်တို့ အဘယ်အရာများ ပြုလုပ်ခဲ့ကြပြီး သူတို့သည် သခင်ယေရှုနှင့် မည်သို့ဆက်နွယ်ကြသနည်း။
◆ ယဇ်ပုရောဟိတ်အကြီးတို့သည် အဘယ်တောင်းဆိုချက်ကို ပိလတ်ထံတင်ပြခဲ့ကြပြီး ပိလတ်မည်သို့တုံ့ပြန်သနည်း။
◆ တနင်္ဂနွေနံနက် စောစောပိုင်းတွင် ဘာဖြစ်ပျက်သနည်း။