အပိုင်း ၄
ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိ၏ရည်ရွယ်ချက်များအကြောင်းဖော်ပြ
၁၊ ၂။ ဘုရားသခင်သည် အရိုးခံဖြင့်မေးမြန်းသူများအား ဖြေကြားတော်မူကြောင်း ကျွန်ုပ်တို့မည်သို့သိရှိနိုင်သနည်း။
မေတ္တာရှင် ဘုရားသခင်သည် ကိုယ်တော်အားရှာဖွေသော စိတ်ရိုးဖြောင့်သူများအား မိမိ၏ရည်ရွယ်ချက်များကို အမှန်ပင်ဖွင့်ပြတော်မူသည်။ စူးစမ်းသောသူများအား ကိုယ်တော်သည် အဘယ်ကြောင့်ဆင်းရဲဒုက္ခကို ခွင့်ပြုရသနည်း စသည့်မေးခွန်းများ၏အဖြေများကိုပေးတော်မူသည်။
၂ သမ္မာကျမ်းစာက– “ကိုယ်တော် [ဘုရားသခင်] ကိုရှာလျှင် အတွေ့ခံတော်မူမည်။” “နက်နဲသောအရာတို့ကို . . . ကြားပြောတော်မူသော ဘုရားသခင်တစ်ဆူသည် ကောင်းကင်ဘုံမှာရှိတော်မူ၏။” “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် မိမိကျွန်ပရောဖက်တို့အား မဖော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။”—၁ ရာဇဝင်ချုပ် ၂၈:၉; ဒံယေလ ၂:၂၈; အာမုတ် ၃:၇။
အဖြေများကားအဘယ်မှာနည်း
၃။ ဘုရားသခင်သည် ဆင်းရဲဒုက္ခကိုအဘယ်ကြောင့်ခွင့်ပြုကြောင်း အဘယ်တွင်ရှာဖွေနိုင်သနည်း။
၃ ကိုယ်တော်သည်ဆင်းရဲဒုက္ခကို အဘယ်ကြောင့်ခွင့်ပြုရကြောင်းကဲ့သို့သောမေးခွန်းနှင့် ယင်းတို့ကိုဘာပြုလုပ်မည့်အကြောင်းကို ကျွန်ုပ်တို့အကျိုးအတွက် ကိုယ်တော်၏မှုတ်သွင်းခံ မှတ်တမ်းတွင် မြင်တွေ့ရသည်။ ထိုမှတ်တမ်းကား ကိုယ်တော်၏နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာဖြစ်သည်။ “ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။”—၂ တိမောသေ ၃:၁၆၊ ၁၇။
၄၊ ၅။ သမ္မာကျမ်းစာကို အဘယ်အရာက သူမတူအောင်ထူးခြားစေသနည်း။
၄ သမ္မာကျမ်းစာသည် အမှန်ပင် သူမတူအောင်ထူးခြားသည့်စာအုပ်ဖြစ်သည်။ ယင်းတွင်အတိကျဆုံး လူ့သမိုင်းပါဝင်ပြီး လူ့ဖန်ဆင်းခြင်းမတိုင်မီအထိ ပါဝင်သည်။ ခေတ်နှင့်လည်းအညီဖြစ်သည်၊ အကြောင်းမှာ ယင်း၏ပရောဖက်ပြုချက်များသည် ကျွန်ုပ်တို့ခေတ်ဖြစ်ရပ်များနှင့် မဝေးတော့သောအနာဂတ်နှင့်လည်း ပတ်သက်နေသည်။
၅ မည်သည့်စာအုပ်မျှ ထိုမျှလောက် ယုံနိုင်ဖွယ်သမိုင်းဆိုင်ရာတိကျမှုမရှိချေ။ ဥပမာ၊ ရှေးဟောင်းစံတင်လောက်သည့် စာရေးဆရာများ၏ လက်ရေးစာမူအနည်းငယ်သာရှိသည်။ သို့သော်အပိုင်းအစဖြင့်လည်းကောင်း၊ အပြည့်အစုံဖြင့်လည်းကောင်း သမ္မာကျမ်းစာလက်ရေးစာမူများစွာ ရှိနေသည်။ ဟေဗြဲကျမ်းစောင် (“ဓမ္မဟောင်း” ၃၉ ကျမ်း) ၆,၀၀၀ ခန့်နှင့် ခရစ်ယာန်ဂရိကျမ်းစောင် (“ဓမ္မသစ်“ ၂၇ စောင်) ၁၃,၀၀၀ ခန့်ဖြစ်သည်။
၆။ ယနေ့သမ္မာကျမ်းစာသည် ဘုရားမှုတ်သွင်းခဲ့စဉ်ကကဲ့သို့ အခြေခံအားဖြင့် ထပ်တူဖြစ်ကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့် စိတ်ချနိုင်သနည်း။
၆ သမ္မာကျမ်းကိုမှုတ်သွင်းသည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ထိုလက်ရေးစာမူများ ကျမ်းပိုင်းမှန်ကန်ရေးကို ဂရုစိုက်ခဲ့သည်။ ထို့ကြောင့်ကျွန်ုပ်တို့၏ယနေ့သမ္မာကျမ်းစာသည် မူလမှုတ်သွင်းခံရေးသားချက်များနှင့် ထပ်တူပင်ဖြစ်သည်။ အချို့ခရစ်ယာန်ဂရိကျမ်းစောင်စာမူများသည် မူလရေးသားခဲ့ချိန်မှ နှစ်ပေါင်းတစ်ရာအတွင်းသာကွာခြားသည်။ လောလောဆယ်ရှိနေသော ရှေးလောကစာရေးဆရာများ၏ စာမူအနည်းငယ်သည် မူလစာရေးဆရာများမှ ရာစုနှစ်အတော်အတန် ကွာခြားသည့်စာမူပင်တွေ့ရခဲသည်။
ဘုရားသခင့်ဆုကျေးဇူး
၇။ သမ္မာကျမ်းစာ၏ ထုတ်ဝေမှု မည်မျှတိုင်ကျယ်ပြန့်သနည်း။
၇ သမ္မာကျမ်းစာသည် သမိုင်းတွင်အကျယ်ပြန့်ဆုံး ဖြန့်ဝေရသောစာအုပ်ဖြစ်သည်။ သန်းပေါင်းသုံးထောင်ခန့် ပုံနှိပ်ခဲ့ပြီ။ မည်သည့်စာအုပ်မှ ထိုအရေအတွက်ကိုမမီချေ။ သမ္မာကျမ်းစာ သို့မဟုတ် ယင်း၏အစိတ်အပိုင်းကို ဘာသာပေါင်း ၂,၀၀၀ ခန့်ဖြင့်ဘာသာပြန်ခဲ့ပြီ။ ထို့ကြောင့် ကျွန်ုပ်တို့ကမ္ဘာ၏လူဦးရေ ၉၈ ရာခိုင်နှုန်းသည် သမ္မာကျမ်းစာကို ရရှိနိုင်ကြောင်း ခန့်မှန်းကြသည်။
၈-၁၀။ ကျမ်းစာကို ကျွန်ုပ်တို့ဆန်းစစ်ထိုက်သည့် အကြောင်းအချို့ကားအဘယ်နည်း။
၈ ဘုရားသခင်ထံမှလာသည်ဆိုသော စစ်မှန်မှုနှင့်စပ်လျဉ်း၍ ပြင်ပမှလည်းကောင်း၊ အတွင်းမှလည်းကောင်း အထောက်အထားရှိသည့် စာအုပ်ကို ကျွန်ုပ်တို့အမှန်ပင် ဆန်းစစ်ထိုက်ပေသည်။a ဘဝ၏ရည်ရွယ်ချက်၊ ကမ္ဘာ့အခြေအနေ၏အဓိပ္ပာယ်နှင့် အနာဂတ်ကိုရှင်းပြသည်။ မည်သည့်စာအုပ်မျှ ထိုသို့မပြုလုပ်နိုင်ချေ။
၉ မှန်သည်၊ သမ္မာကျမ်းစာသည် လူ့မိသားစုထံ ဘုရားသခင်၏ဆက်သွယ်မှုဖြစ်သည်။ ကိုယ်တော်သည် မိမိ၏တန်ခိုးစွမ်းအား သို့မဟုတ် ဝိညာဉ်တော်အားဖြင့် ထိုရေးသားချက်ကို ညွှန်ကြားကာ လူပေါင်း ၄၀ ခန့်အားရေးသားစေခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့အားပြောဆိုသည်။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “သင်တို့သည် ဘုရားသခင့်တရားတော်ကို ငါတို့ထံမှကြားနာကြသည့်ကာလ၊ လူ့တရားအဖြစ်မဟုတ်။ ဘုရားသခင့် တရားတော်မှန်သည့်အတိုင်း . . . ခံယူကြ . . . ၏။”—၁ သက်သာလောနိတ် ၂:၁၃၊ သမ။
၁၀ အမေရိကန်၏ ၁၆ ယောက်မြောက်သမ္မတ အာဗြဟံလင်ကွန်းက သမ္မာကျမ်းစာကို “လူသားတို့အားဘုရားပေးခဲ့သမျှတွင် အကောင်းဆုံးဆုလာဘ် . . . သို့မဟုတ်လျှင် အမှားနှင့်အမှန်ကျွန်ုပ်တို့ ခွဲခြားသိနိုင်မည်မဟုတ်ချေ” ဟုဆိုခဲ့သည်။ သို့ဖြစ်လျှင်၊ ဤသာလွန်ထူးခြားသော ဆုလာဘ်သည် ကျွန်ုပ်တို့အား ဆင်းရဲဒုက္ခများမည်သို့အစပြုပုံ၊ အဘယ်ကြောင့်ဘုရားသခင်ခွင့်ပြုရခြင်းနှင့် ယင်းကိုဘုရားရှင်မည်သို့ပြုမူမည်အကြောင်း မည်သို့ဆိုထားသနည်း။
[အောက်ခြေမှတ်ချက်များ]
a သမ္မာကျမ်းစာ၏စစ်မှန်မှုနှင့်စပ်လျဉ်း၍ အသေးစိတ်အကြောင်းအရာကို နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ၁၉၈၉ တွင်ထုတ်ဝေသော သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့ နှုတ်ထွက်လော စာအုပ်ကိုကြည့်ပါ။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဘုရားသခင့်မှုတ်သွင်းခံ သမ္မာကျမ်းစာသည် လူ့မိသားစုထံကိုယ်တော်၏ဆက်သွယ်မှုဖြစ်သည်