အပိုင်း ၅
လွတ်လပ်စွာလုပ်ပိုင်ခွင့်တည်းဟူသော ထူးမြတ်လှသည့်ဆုလာဘ်
၁၊ ၂။ ကျွန်ုပ်တို့ကိုပြုလုပ်ရာတွင် မည်သည့်ထူးမြတ်လှသော ဆုလာဘ်ပါဝင်သနည်း။
ဒုက္ခဆင်းရဲကို ဘုရားသခင်အဘယ်ကြောင့် ခွင့်ပြုကြောင်းနှင့် ယင်းကိုကိုယ်တော်ဘာပြုလုပ်မည်ကို နားလည်နိုင်ရန် ကိုယ်တော်ကျွန်ုပ်တို့အား မည်သို့ပြုလုပ်ထားသည်ကို လေးမြတ်ရန်လိုသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုယ်ခန္ဓာနှင့်ဦးနှောက်ဖန်ဆင်းရုံထက်မက ပိုမိုပြုလုပ်ထားသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အထူးစိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုအရည်အချင်းများဖြင့်လည်း ဖန်ဆင်းထားသည်။
၂ ကျွန်ုပ်တို့၏စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုဖွဲ့စည်းပုံ၏ အဓိကကဏ္ဍမှာ လွတ်လပ်စွာလုပ်ပိုင်ခွင့် ဖြစ်သည်။ မှန်သည်၊ ဘုရားရှင်သည် ကျွန်ုပ်တို့အထဲ၌ လွတ်လပ်စွာရွေးချယ်ခွင့် ထည့်ပေးထားသည်။ ၎င်းသည်အထံတော်မှ အမှန်ပင်ထူးမြတ်လှသော ဆုလာဘ်ဖြစ်သည်။
ကျွန်ုပ်တို့အားပြုလုပ်ထားပုံ
၃-၅။ ကျွန်ုပ်တို့သည် လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို အဘယ်ကြောင့်လေးမြတ်သနည်း။
၃ ဒုက္ခဆင်းရဲကိုဘုရားရှင်ခွင့်ပြုရာတွင် လွတ်လပ်စွာလုပ်ပိုင်ခွင့် မည်သို့ပတ်သက်ပုံကို ကျွန်ုပ်တို့သုံးသပ်ကြည့်စို့။ ဦးစွာဤအချက်ကိုစဉ်းစားပါ– သင်ပြုလုပ်၊ ပြောဆိုမည့်အရာ၊ သင်စားသောက်၊ ဝတ်ဆင်မည့်အရာ၊ သင်လုပ်ကိုင်မည့်အလုပ်နှင့် အဘယ်တွင်၊ အဘယ်သို့နေထိုင်မည်ကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရရှိခြင်းအတွက် သင်လေးမြတ်ပါသလော။ သို့မဟုတ် သင့်ဘဝကဏ္ဍတိုင်းတွင် သင့်ပြောဆို၊ လုပ်ကိုင်ပုံတိုင်းကို တစ်စုံတစ်ဦးက အမိန့်ပေးစေလိုသလော။
၄ မည်သည့်သာမန်လူမျှ မိမိ၏ဘဝကို မိမိ၏ချုပ်ကိုင်မှုအောက်မှ လုံးလုံးလျားလျား မယူသွားစေလိုပါ။ အဘယ်ကြောင့်နည်း။ ဘုရားရှင်ကျွန်ုပ်တို့အား ပြုလုပ်ထားပုံကြောင့်ဖြစ်သည်။ သမ္မာကျမ်းစာက ဘုရားရှင်သည်လူကိုမိမိ၏ ‘ပုံသဏ္ဌာန်နှင့်အညီ ’ ဖန်ဆင်းထားသည်ဟုဆိုပြီး၊ ဘုရားရှင်ကိုယ်နှိုက်တွင်ရှိသော အရည်အသွေးတစ်ခုမှာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၆; တရားဟောရာ ၇:၆) လူသားများကိုဖန်ဆင်းသည့်အခါ ထိုနည်းတူထူးမြတ်သောအရည်အသွေးဖြစ်သည့် လွတ်လပ်စွာလုပ်ပိုင်ခွင့်ဆုလာဘ်ကို ပေးခဲ့သည်။ ၎င်းသည်ပင် ဖိနှိပ်သောအုပ်စိုးရှင်များအောက် ကျွန်ုပ်တို့နေရသောအခါ စိတ်ဓာတ်ကျရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။
၅ ထို့ကြောင့် လွတ်လပ်လိုသောဆန္ဒသည် မတော်တဆဖြစ်လာခြင်းမဟုတ်၊ ဘုရားရှင်သည် လွတ်လပ်သောဘုရားဖြစ်ခြင်းကြောင့်တည်း။ ကျမ်းစာက– “အရှင်ဘုရား [“ယေဟောဝါ၊” ကဘ] ၏ဝိညာဉ်တော်ရှိရာ၌ လွှတ်ခြင်းချမ်းသာရှိတတ်၏” ဟုဆိုထားသည်။ (၂ ကောရိန္သု ၃:၁၇၊ သမ္မာ) သို့ ဖြင့်၊ ဘုရားရှင်သည် ကျွန်ုပ်တို့ကိုပြုလုပ်ထားရာတွင် လွတ်လပ်စွာလုပ်ပိုင်ခွင့် ပေးထားသည်။ ကျွန်ုပ်တို့၏စိတ်နှင့် စိတ်လှုပ်ရှားမှုများ လုပ်ဆောင်ပုံကို သိသည့်အလျောက် လွတ်လပ်စွာလုပ်ပိုင်ခွင့်ဖြင့် ကျွန်ုပ်တို့အပျော်ရွှင်ဆုံးဖြစ်မည်ကို ကိုယ်တော်သိတော်မူ၏။
၆။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဦးနှောက်အား လွတ်လပ်စွာလုပ်ပိုင်ခွင့်နှင့်အညီ လုပ်ဆောင်ရန် မည်သို့ဖန်ဆင်းသနည်း။
၆ လွတ်လပ်စွာလုပ်ပိုင်ခွင့်နှင့်အတူ ဘုရားသခင်သည် ကျွန်ုပ်တို့အား စဉ်းစား၊ ချင့်ချိန်၊ ဆုံးဖြတ်၍အမှားအမှန်သိနိုင်သည့် အစွမ်းကိုပေးထားသည်။ (ဟေဗြဲ ၅:၁၄) ထို့ကြောင့်၊ လွတ်လပ်စွာလုပ်ပိုင်ခွင့်သည် အမြော်အမြင်ရှိရှိ ရွေးချယ်ခြင်းအပေါ် အခြေပြုရန်ဖြစ်သည်။ ကျွန်ုပ်တို့အား ကိုယ်ပိုင်လုပ်ပိုင်ခွင့်မရှိသည့် ဦးနှောက်မဲ့စက်ရုပ်များကဲ့သို့ မပြုလုပ်ထားချေ။ ကျွန်ုပ်တို့အား တိရစ္ဆာန်များကဲ့သို့လည်း ပင်ကိုအသိအတိုင်း လုပ်ဆောင်ရန်လည်း မဖန်ဆင်းထားချေ။ သို့အစား ကျွန်ုပ်တို့၏ထူးခြားလှသည့် ဦးနှောက်ကို ကျွန်ုပ်တို့၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်နှင့်အညီ လုပ်ဆောင်ရန် ပုံစံထုတ်လုပ်ထားသည်။
အကောင်းဆုံးအစ
၇၊ ၈။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဦးဆုံးမိဘများအား မည်သည့်ကောင်းသော အစပြုပေးခဲ့သနည်း။
၇ ဘုရားသခင်သည်မည်မျှဂရုစိုက်ကြောင်းပြသရန် လွတ်လပ်စွာလုပ်ပိုင်ခွင့်နှင့်အတူ ကျွန်ုပ်တို့၏ပထမဆုံးမိဘများဖြစ်သည့် အာဒံနှင့်ဧဝကို မည်သူမဆိုသာမန်အားဖြင့်လိုလားသည့် အရာခပ်သိမ်းကိုပေးခဲ့သည်။ သူတို့ကိုကျယ်ဝန်းပြီး ဥယျာဉ်ကဲ့သို့သော ပရဒိသုတွင်ထားခဲ့သည်။ သူတို့သည် ရုပ်ပစ္စည်းတွင်လိုလေသေးမရှိချေ။ သူတို့တွင်စုံလင်သောစိတ်နှင့်ခန္ဓာများရှိကြသည်၊ ထို့ကြောင့်သူတို့သည် အိုမင်း၊ ဖျားနာ၊ သေဆုံးရန်မလိုဘဲ ထာဝစဉ်နေထိုင်နိုင်လေသည်။ သူတို့သည် ပျော်ရွှင်ဖွယ်ထာဝရအနာဂတ်ကိုလည်း ရရှိနိုင်သည့် စုံလင်သောကလေးများကိုရရှိနိုင်သည်။ ထို့ပြင်တိုးများလာသော လူဦးရေသည် မြေကြီးတစ်ပြင်လုံးကို ပရဒိသုသို့ပြောင်းလဲစေလိုက်သည့် ကျေနပ်ဖွယ်လုပ်ငန်းကို ရရှိပေမည်။—ကမ္ဘာဦး ၁:၂၆-၃၀; ၂:၁၅။
၈ ပေးထားသည့်အရာနှင့်စပ်လျဉ်း၍ ကျမ်းစာက– “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကိုမြင်တော်မူ” ၏ဟုဆိုသည်။ (ကမ္ဘာဦး ၁:၃၁) ကျမ်းစာက ဘုရားရှင်ကို “အမှုတော်သည်စုံလင်ပေ၏ ” ဟုလည်းဆိုထားသည်။ (တရားဟောရာ ၃၂:၄) မှန်သည်၊ ဖန်ဆင်းရှင်သည် လူ့မိသားစုကို စုံလင်စွာအစပြုပေးခဲ့သည်။ ပိုကောင်းသည့်အရာရှိတော့မည်မဟုတ်ပါ။ ဘုရားရှင်သည် ဂရုစိုက်ကြောင်း ပြသတော်မူပါသည်တကား။
ကန့်သတ်မှုအတွင်းလွတ်လပ်ခြင်း
၉၊ ၁၀။ လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို အဘယ်ကြောင့် လျောက်ပတ်စွာသုံးစွဲရမည်နည်း။
၉ သို့သော်၊ လွတ်လပ်မှုကို အကန့်အသတ်မဲ့ ဘုရားရှင် ရည်ရွယ်ခဲ့သလော။ လမ်းစည်းကမ်းမရှိ၊ ကြိုက်ရာဘက်သို့ ကြိုက်ရာနှုန်းဖြင့် လူတိုင်းမောင်းနှင်နိုင်သည့် ယာဉ်ရှုပ်သည့်မြို့ကို တွေးကြည့်ပါ။ ထိုအခြေအနေမျိုးတွင် သင်မောင်းလိုမည်လော။ မောင်းလိုမည်မဟုတ်၊ ယင်းသည်သွားလာမှု ဖရိုဖရဲဖြစ်ကာ ယာဉ်တိုက်မှုများစွာဖြစ်စေမည်။
၁၀ ဘုရားသခင်၏ လွတ်လပ်စွာရွေးချယ်ခွင့် ဆုလာဘ်လည်း ထို့အတူဖြစ်သည်။ အကန့်အသတ်မဲ့ လွတ်လပ်မှုသည် လူ့အဖွဲ့အစည်းတွင် မင်းမဲ့စရိုက်ကိုဖြစ်စေသည်။ လူ့ရေးရာများကို လမ်းညွှန်ရန် ဥပဒေများရှိရမည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်က “လူလွတ်ကဲ့သို့ကျင့်လော့၊ သင်၏လွတ်လပ်မှုကို မည်သည့်အခါမှ ဆိုးသွမ်းမှုအတွက် အသုံးမပြုနှင့်” ဟုဆိုသည်။ (၁ ပေတရု ၂:၁၆၊ JB) ဘုရားသခင်သည် လွတ်လပ်မှုကို ကောင်းကျိုးအတွက်အသုံးပြုရန် လိုလားသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် လုံးဝ လွတ်လပ်မှုကိုမဟုတ်ဘဲ ဥပဒေစည်းမျဉ်းကို လက်အောက်ခံသည့် ခြွင်းချက်လွတ်လပ်မှုကို ရည်ရွယ်တော်မူသည်။
မည်သူ့ ဥပဒေနည်း
၁၁။ မည်သူ့ဥပဒေများကို နာခံရန် ကျွန်ုပ်တို့အား ပုံစံဆွဲထားသနည်း။
၁၁ မည်သူ့ဥပဒေများကို နာခံရန်ကျွန်ုပ်တို့အား ပုံစံဆွဲထားသနည်း။ ၁ ပေတရု ၂:၁၆ (JB) တွင်အခြားအပိုင်းက “သင်တို့သည် ဘုရားသခင်မှတစ်ပါး အခြားသူ၏ကျွန်များမဟုတ်” ဟုဆိုသည်။ ယင်းကဖိနှိပ်ချုပ်ချယ်သော ကျွန်ခံခြင်းကိုမဆိုလိုချေ၊ သို့အစား ဘုရားသခင့်ဥပဒေများကိုနာခံသောအခါ အပျော်ရွှင်ဆုံးဖြစ်ရန် ကျွန်ုပ်တို့အား ပုံစံဆွဲထားခြင်းဖြစ်သည်။ (မဿဲ ၂၂:၃၅-၄၀) လူတို့စီမံသော မည်သည့်ဥပဒေထက်မဆို ကိုယ်တော်၏ဥပဒေများသည် အကောင်းဆုံးလမ်းညွှန်ဖြစ်သည်။ “သန့်ရှင်းသောအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင်ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်၏။”—ဟေရှာယ ၄၈:၁၇။
၁၂။ ဘုရားသခင့်ပညတ်ဘောင်အတွင်း မည်သည့်လွတ်လပ်စွာရွေးချယ်ခွင့် ကျွန်ုပ်တို့ရရှိထားသနည်း။
၁၂ တစ်ချိန်တည်းတွင် ဘုရားရှင်၏နှုတ်ကပါဌ်တော်သည် ယင်းတို့၏ဘောင်အတွင်းတွင် အတော်ပင်လွတ်လပ်စွာရွေးချယ်ပြုလုပ်ခွင့်ပြုသည်။ ယင်းက အကျိုးရလဒ်အမျိုးမျိုးကိုဖြစ်စေပြီး လူ့မိသားစုကို စွဲလမ်းဖွယ်ဖြစ်စေသည်။ ကမ္ဘာတစ်ခွင်ရှိ အစားအစာ၊ အဝတ်အထည်၊ တေးဂီတ၊ လက်မှုပညာနှင့် အိမ်များကို စဉ်းစားကြည့်ပါလေ။ ထိုသို့သောကိစ္စများတွင် အခြားသူများ ကျွန်ုပ်တို့အတွက် ဆုံးဖြတ်ပေးသည်ထက် မိမိတို့စိတ်ကြိုက်ရွေးချယ်လိုသည်မှာ အမှန်ပင်ဖြစ်သည်။
၁၃။ ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် မည်သည့်ရူပနိယာမများကို လိုက်နာရမည်နည်း။
၁၃ ထို့ကြောင့် လူ့အကျင့်အကြံအတွက် ဘုရားသခင့်ပညတ်များကို လိုက်လျှောက်သောအခါ အပျော်ရွှင်ဆုံးဖြစ်ရန် ကျွန်ုပ်တို့အားဖန်ဆင်းထားသည်။ ယင်းသည် ဘုရားသခင့်ရူပနိယာမများကို လိုက်နာသောအခါနှင့် အလားတူသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ဆွဲငင်အားနိယာမကို ဥပေက္ခာပြုပြီး မြင့်သောနေရာမှခုန်ချလျှင် ထိခိုက် သို့မဟုတ် သေပေမည်။ ကျွန်ုပ်တို့သည် မိမိတို့၏ခန္ဓာအတွင်းနိယာမများကို လျစ်လျူရှုကာ အစာစားခြင်း၊ ရေသောက်ခြင်း သို့မဟုတ် လေရှူခြင်းကိုရပ်လိုက်လျှင် သေပေမည်။
၁၄။ လူသားများကို ဘုရားသခင်နှင့်ကင်းကွာပြီး မဖန်ဆင်းထားကြောင်း ကျွန်ုပ်တို့မည်သို့သိရှိနိုင်သနည်း။
၁၄ ကျွန်ုပ်တို့အား ဘုရားသခင့်ရူပဥပဒေများကိုနာခံရန် ဖန်ဆင်းထားသည်မှာသေချာသကဲ့သို့ ဘုရားသခင်၏စာရိတ္တနှင့်လူမှုဥပဒေအောက် နာခံရန်လိုအပ်မှုနှင့်လည်း ကျွန်ုပ်တို့အားဖန်ဆင်းထားသည်။ (မဿဲ ၄:၄) လူသားများကို သူတို့၏ဖန်ဆင်းရှင်နှင့်ကင်းကွာပြီး အောင်မြင်ရန် မဖန်ဆင်းထားချေ။ ပရောဖက်ယေရမိက ဤသို့ဆိုသည်– “အိုထာဝရဘုရား [“ယေဟောဝါ၊” ကဘ] လူသည်မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” (ယေရမိ ၁၀:၂၃၊ ၂၄) ထို့ကြောင့် မိမိတို့ကိုယ်ပိုင်မဟုတ်ဘဲ ဘုရားသခင့်အုပ်ချုပ်မှုအောက်နေရန် အဘက်ဘက်တွင် လူသားများကို ဖန်ဆင်းခဲ့သည်။
၁၅။ အာဒံနှင့်ဧဝအတွက် ဘုရားသခင့်ပညတ်သည် ဝန်လေးစရာဖြစ်ခဲ့သလော။
၁၅ ကျွန်ုပ်တို့၏ဦးဆုံးမိဘများအတွက် ဘုရားသခင့်ဥပဒေများကို နာခံခြင်းသည် ဝန်လေးဖွယ်မဟုတ်ချေ။ သို့အစား၊ ယင်းသည်သူတို့နှင့် လူ့မိသားစုတစ်ခုလုံးအတွက် ကောင်းကျိုးကိုဖြစ်စေပေမည်။ ဦးဆုံးမောင်နှံသည် ဘုရားသခင့်ဥပဒေဘောင်အတွင်းနေထိုင်ခဲ့လျှင် အားလုံးကောင်းမွန်လျက်နေပေမည်။ အမှန်မှာ၊ ကျွန်ုပ်တို့သည် ချစ်ခင်၊ စည်းလုံးသောလူသားမိသားစုတစ်ခုအဖြစ် ထူးမြတ်လှသော ပျော်ရွှင်ဖွယ်ပရဒိသုအတွင်း ယခုတွင်နေ,နေရဖို့ဖြစ်သည်။ ဆိုးယုတ်မှု၊ ဆင်းရဲဒုက္ခနှင့် သေခြင်းရှိမည်မဟုတ်ချေ။
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ဖန်ဆင်းရှင်သည် လူသားများကို စုံလင်စွာအစပျိုးပေး ခဲ့သည်
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ယာဉ်အသွားအလာထူထပ်သည့်နေရာ၌ လမ်းစည်းကမ်းမရှိလျှင် သင်မောင်းနှင်လိုမည်လော