အပိုင်း ၈
ဘုရားသခင့် ရည်ရွယ်ချက်သည် ပြည့်စုံရန်အလို့ငှာ ရွေ့လျားနေ
၁၊ ၂။ ဒုက္ခဆင်းရဲကိုဖယ်ရှားရန် ဘုရားရှင်မည်သို့စီမံလျက်ရှိသနည်း။
ပုန်ကန်သော လူတို့နှင့် နတ်ဆိုးတို့၏အုပ်ချုပ်မှုသည် လူ့မိသားစုအား ရာစုပေါင်းများစွာတစ်လျှောက် အောက်သို့ဆွဲချလျက်ရှိသည်။ သို့တိုင်၊ ကျွန်ုပ်တို့၏ဒုက္ခဆင်းရဲကို ဘုရားရှင်ဥပေက္ခာမပြုခဲ့ပါ။ သို့အစား လူများကို ဆိုးယုတ်မှုနှင့်ဆင်းရဲဒုက္ခ၏ ချုပ်ကိုင်ထားမှုမှ လွတ်မြောက်စေရန် ရာစုများတစ်လျှောက် ကိုယ်တော်စီမံလျက်ရှိသည်။
၂ ဧဒင်တွင် ပုန်ကန်စဉ်အချိန်က ဘုရားသခင်သည် ဤမြေကြီးကို လူတို့အတွက် ပရဒိသုနေအိမ်ပြုလုပ်မည့် အစိုးရအဖွဲ့ ဖွဲ့စည်းမည့် ကိုယ်တော်၏ရည်ရွယ်ချက်ကို စ၍ဖော်ပြခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) နောက်ပိုင်းတွင်၊ ဘုရားသခင့် ပြောရေးဆိုခွင့်ရှိသူချုပ်အနေနှင့် ယေရှုသည် ဤလာလတ္တံ့သော ဘုရားသခင့်အစိုးရကို မိမိ၏သွန်သင်ချက်တွင် အဓိကအချက်ဖြစ်စေခဲ့သည်။ ကိုယ်တော်က ယင်းသည်လူသားတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်မည့်အကြောင်း မိန့်ဆိုခဲ့သည်။—ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၉၊ ၁၀; ၁၂:၂၁။
၃။ ယေရှုသည် မြေကြီးအတွက် လာလတ္တံ့သောအုပ်ချုပ်မှုကို မည်သို့ခေါ်သနည်း။ အဘယ်ကြောင့်နည်း။
၃ ယေရှုက ထိုလာလတ္တံ့သော ဘုရားအစိုးရသည် ကောင်းကင်မှအုပ်ချုပ်မည်ဖြစ်သောကြောင့် ယင်းကို “ကောင်းကင်နိုင်ငံတော်” ဟုခေါ်ခဲ့သည်။ (မဿဲ ၄:၁၇) ယင်းကိုဖြစ်ပေါ်စေမည့်သူမှာ၊ ဘုရားရှင်ဖြစ်သောကြောင့် “ဘုရားသခင်၏နိုင်ငံတော်” ဟုလည်းကိုယ်တော်ခေါ်ခဲ့သည်။ (လုကာ ၁၇:၂၀) ရာစုများတစ်လျှောက် ဘုရားရှင်သည် မိမိ၏ကျမ်းရေးသားသူများအား ထိုအစိုးရကို မည်သူများဖြင့်ဖွဲ့စည်းမည်နှင့် ယင်းသည်အဘယ်အရာကိုဖြစ်မြောက်စေမည့်အကြောင်း ပရောဖက်ပြုချက်များ ရေးသားစေခဲ့သည်။
မြေကြီးဘုရင်သစ်
၄၊ ၅။ ယေရှုသည် မိမိနှစ်သက်ရာဘုရင်ဖြစ်ကြောင်း ဘုရားရှင်မည်သို့ ပြသခဲ့သနည်း။
၄ နှစ်ပေါင်းနှစ်ထောင်ခန့်က ဘုရားသခင့်နိုင်ငံတော်ဘုရင်နှင့် စပ်လျဉ်းသည့် များလှစွာသော ပရောဖက်ပြုချက်များကို ပြည့်စုံစေခဲ့သူသည် ယေရှုဖြစ်သည်။ ကိုယ်တော်သည် လူသားများအပေါ် ထိုကောင်းကင်အစိုးရ၏ အုပ်စိုးရှင်အဖြစ် ဘုရားရှင်ရွေးချယ်ထားသူဖြစ်ကြောင်း သက်သေထူခဲ့သည်။ ကိုယ်တော်သေဆုံးပြီးနောက်၊ ဘုရားရှင်သည် ယေရှုအား တန်ခိုးကြီးလှသော၊ မသေနိုင်သောနာမ်ဝိညာဉ်အဖြစ် ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်စေခဲ့သည်။ ကိုယ်တော်ရှင်ပြန်ထမြောက်ကြောင်း သက်သေများစွာရှိလေသည်။—တမန်တော် ၄:၁၀; ၉:၁-၉; ရောမ ၁:၁-၄; ၁ ကောရိန္သု ၁၅:၃-၈။
၅ ထိုစဉ်ကယေရှုသည် “ဘုရားသခင်၏လက်ယာတော်ဘက်၌” ထိုင်တော်မူသည်။ (ဟေဗြဲ ၁၀:၁၂) ထိုတွင်ကိုယ်တော်သည် ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် အရေးယူလုပ်ဆောင်နိုင်မည့် တန်ခိုးအပ်နှင်းချိန်ကို စောင့်ဆိုင်းခဲ့သည်။ ယင်းကဆာလံ ၁၁၀:၁ တွင်ဘုရားသခင်က ကိုယ်တော်အားမိန့်ဆိုထားသည့် “သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့” ဟူသည့် ပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့သည်။
၆။ ဘုရားနိုင်ငံတော် ဘုရင်အရည်အချင်း ပြည့်မီကြောင်း ယေရှုမည်သို့ပြခဲ့သနည်း။
၆ ကမ္ဘာပေါ်ရှိစဉ်၊ ထိုနေရာအတွက် အရည်အချင်းပြည့်မီကြောင်း ယေရှုပြသခဲ့သည်။ နှိပ်စက်ညှဉ်းဆဲမှုခံရလင့်ကစား ဘုရားရှင်အပေါ်သမာဓိစောင့်သိသွားရန် ကိုယ်တော်ရွေးချယ်ခဲ့သည်။ သို့ပြုခြင်းဖြင့်၊ စုံစမ်းမှုအောက်၌ ဘုရားအပေါ် မည်သူမျှသစ္စာမရှိနိုင်ဟု စာတန်ဆိုခဲ့ခြင်းသည် မုသာဖြစ်ကြောင်း ကိုယ်တော်ပြသခဲ့သည်။ ‘ဒုတိယအာဒံ’ ဖြစ်သည့် စုံလင်သောလူသားယေရှုက ဘုရားရှင်သည် စုံလင်သောလူသားများကို ဖန်ဆင်းရာ၌ မမှားခဲ့ကြောင်း ပြသခဲ့သည်။—၁ ကောရိန္သု ၁၅:၂၂၊ ၄၅; မဿဲ ၄:၁-၁၁။
၇၊ ၈။ ယေရှုသည် ကမ္ဘာပေါ်တွင်ရှိစဉ် မည်သည့်ကောင်းမှုများပြုခဲ့သနည်း၊ ကိုယ်တော်သည် မည်သည့်အရာကို ပြသခဲ့သနည်း။
၇ မိမိအမှုဆောင်ရာနှစ်အနည်းငယ်အတွင်း ယေရှုပြုခဲ့သည့်ကောင်းကျိုးများလောက် အဘယ်အုပ်စိုးရှင် ပြုလုပ်ခဲ့သနည်း။ ဘုရားသခင့် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးဖြင့် ယေရှုသည် ဖျားနာသူ၊ မသန်စွမ်းသူ၊ မျက်မမြင်သူ၊ နားပင်းသူ၊ စကားအသူများကို ပျောက်ကင်းစေခဲ့သည်။ ကိုယ်တော်သည် သေသူကိုပင် ထမြောက်စေခဲ့ပါသည်တကား။ ကိုယ်တော်သည် ဘုရားနိုင်ငံတော်ဘုန်းတန်ခိုး ဝင်စားသောအခါ လူသားများအတွက် ကမ္ဘာချီလုပ်ဆောင်ပေးမည့်အရာကို အသေးစား ပြသခဲ့သည်။—မဿဲ ၁၅:၃၀၊ ၃၁; လုကာ ၇:၁၁-၁၆။
၈ ယေရှု ကမ္ဘာပေါ်ရှိစဉ် ကောင်းကျိုးမည်မျှ လုပ်ဆောင်ခဲ့သနည်းဟူမူ ကိုယ်တော်၏ကျွန်ယောဟန်က “ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင် မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏ ” ဟူ၍ဆိုခဲ့သည်။—ယောဟန် ၂၁:၂၅။a
၉။ အဘယ်ကြောင့် နှလုံးရိုးဖြောင့်သူများ ယေရှုထံစုရုံးလာကြသနည်း။
၉ ယေရှုသည် ကြင်နာ၊ သနားတတ်ပြီး လူများအပေါ်ကြီးမားသောမေတ္တာရှိသည်။ ကိုယ်တော်သည် ဆင်းရဲသူနှင့်အနှိမ်ခံရသူများကိုကူညီခဲ့သည်။ သို့သော် ချမ်းသာသူ၊ ရာထူးရာခံရှိသူများကို ကိုယ်တော်မခွဲခြားခဲ့ချေ။ ယေရှုဤသို့မိန့်ဆိုခဲ့သောအခါ၊ ကိုယ်တော်၏ မေတ္တာပါသောဖိတ်ခေါ်ချက်ကို စိတ်ရိုးဖြောင့်သူများ တုံ့ ပြန်ခဲ့ကြသည်။ “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့ နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟုမိန့်တော်မူ၏။ (မဿဲ ၁၁:၂၈-၃၀) ဘုရားသခင်ကိုကြောက်ရွံ့သောသူများသည် ကိုယ်တော်ထံစုရုံးခဲ့ပြီး ကိုယ်တော်၏အုပ်ချုပ်ရေးကို စောင့်မျှော်ခဲ့ကြသည်။—ယောဟန် ၁၂:၁၉။
ပူးတွဲအုပ်စိုးရှင်များ
၁၀၊ ၁၁။ မြေကြီးအပေါ်အုပ်ချုပ်သည့်အခါ ယေရှုနှင့်အတူမည်သူများပါဝင်မည်နည်း။
၁၀ လူ့အုပ်ချုပ်ရေးများတွင် ပူးတွဲအုပ်ချုပ်သူများရှိသကဲ့သို့ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်သည်လည်း အလားတူပင်ဖြစ်သည်။ ယေရှုအပြင်အခြားသူများသည် မြေကြီးကိုအုပ်စိုးရာတွင် ပါဝင်မည်ဖြစ်သည်၊ အကြောင်းမှာ ယေရှုသည် မိမိနှင့်နီးနီးကပ်ကပ်ရှိသူများအား သူတို့သည် လူသားများအပေါ် ဘုရင်များအဖြစ် အုပ်စိုးမည့်အကြောင်း ကတိပြုခဲ့သောကြောင့်ဖြစ်သည်။—ယောဟန် ၁၄:၂၊ ၃; ဗျာဒိတ် ၅:၁၀; ၂၀:၆။
၁၁ ထို့ကြောင့်၊ ယေရှုနှင့်အတူ ကန့်သတ်ထားသော လူသားများသည်လည်း ကောင်းကင်အသက်တာသို့ ထမြောက်ခဲ့သည်။ သူတို့သည် လူသားများအား ထာဝရကောင်းချီးများကို ဖြစ်ပေါ်စေမည့် ဘုရားသခင့်နိုင်ငံတော်ဖြစ်သည်။ (၂ ကောရိန္သု ၄:၁၄; ဗျာဒိတ် ၁၄:၁-၃) ထို့ကြောင့်ခေတ်များတစ်လျှောက်၊ ယေဟောဝါသည် လူ့အမျိုးအနွယ်အတွက် ထာဝရကောင်းချီးများ ဖြစ်ပေါ်စေမည့် အုပ်စိုးမှုတစ်ခုအတွက် အခြေခံကိုချမှတ်ခဲ့သည်။
အထိန်းအကွပ်မဲ့ အုပ်ချုပ်မှု ကုန်ဆုံးရန်
၁၂၊ ၁၃။ ဘုရားသခင့်နိုင်ငံတော်သည် ယခုဘာကိုပြုရန် အသင့်ရှိသနည်း။
၁၂ ဤရာစုတွင် ဘုရားသခင်သည် မြေကြီးရေးရာများတွင် တိုက်ရိုက်ဝင်စွက်သည်။ ဤဘရိုရှာ၏အပိုင်း ၉ တွင်တင်ပြမည်ဖြစ်သည့်အတိုင်း ခရစ်တော်လက်အောက်ရှိ ဘုရားသခင့်နိုင်ငံတော်သည် ၁၉၁၄ တွင်တည်ထောင်ကြောင်းနှင့် ယခု စာတန်၏စနစ်တစ်ခုလုံးကို ဖျက်ဆီးရန် အသင့်ဖြစ်ကြောင်း သမ္မာကျမ်းစာပရောဖက်ပြုချက်က တင်ပြသည်။ ထိုဘုရားနိုင်ငံတော်သည် “[ခရစ်တော်] ရန်သူတို့၏အလယ်၌ အောင်မြင်ရန်” အသင့်ဖြစ်သည်။”—ဆာလံ ၁၁၀:၂၊ ကဘ။
၁၃ ဤကိစ္စနှင့်စပ်လျဉ်း၍ ဒံယေလ ၂:၄၄၊ ၄၅ တွင်ပရောဖက်ပြုချက်က ဤသို့ဆိုသည်– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများ [ယခုတည်ရှိဆဲ] လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် [ကောင်းကင်၌] တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့ မရောက်ရဘဲ [လူ့အုပ်ချုပ်မှုကို ဘယ်တော့မျှ ခွင့်ပြုတော့မည်မဟုတ်] အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”
၁၄။ လူ့အုပ်ချုပ်မှုကုန်ဆုံးခြင်း ရလဒ်အဖြစ် ရရှိလာမည့် ကောင်းကျိုးအချို့ကားအဘယ်နည်း။
၁၄ ဘုရားသခင်နှင့်ကင်းကွာသော အုပ်ချုပ်မှုအားလုံးကို ဖယ်ရှားလိုက်သောအခါ မြေကြီးပေါ်တွင် ဘုရားသခင့်အုပ်ချုပ်မှုသည် ပြည့်စုံသွားမည်။ ဘုရားနိုင်ငံတော်သည် ကောင်းကင်မှ အုပ်ချုပ်သောကြောင့် ယင်းကိုဘယ်တော့မျှ လူသားတို့ယိုယွင်းစေနိုင်မည်မဟုတ်ချေ။ အုပ်ချုပ်မှုအာဏာသည် ကနဦးနေရာဖြစ်သော ကောင်းကင်တွင် ဘုရားသခင်၌ရှိမည်။ ဘုရားသခင့်အုပ်ချုပ်မှုသည် မြေကြီးတစ်ပြင်လုံးကို ကြိုးကိုင်မည်ဖြစ်သောကြောင့် မည်သူမျှဗာဗုလုန်ဘာသာ သို့မဟုတ် ကျေနပ်ဖွယ်မရှိသော လူ့အတွေးအခေါ်များနှင့် နိုင်ငံရေးသီအိုရီများ၏ လှည့်စားမှုများ ခံရတော့မည်မဟုတ်ချေ။ ထိုအရာတစ်ခုမျှ တည်ရှိခွင့်ပြုမည်မဟုတ်ချေ။—မဿဲ ၇:၁၅-၂၃; ဗျာဒိတ် အခန်းကြီး ၁၇ မှ ၁၉ အထိ။
[အောက်ခြေမှတ်ချက်များ]]
a ယေရှုဘဝအပြည့်အစုံကို ကင်းမျှော်စင်အသင်းမှ ၁၉၉၁ တွင်ထုတ်ဝေသော အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်တွင်ကြည့်ပါ။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေရှုသည် ကမ္ဘာသစ်တွင် ဘာပြုလုပ်မည်ကို ပြသရန် ကမ္ဘာပေါ်တွင်ရှိစဉ် ကိုယ်တော်သည် ဖျားနာသူများကို ပျောက်ကင်းစေခဲ့ကာ သေသူများကို ရှင်စေခဲ့သည်
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ဘုရားသခင့်ကောင်းကင်နိုင်ငံတော်သည် ကိုယ်တော်မှကင်းကွာသော အုပ်ချုပ်မှုပုံစံ အားလုံးကို ဖျက်ဆီးပစ်မည်