အပိုင်း ၁၁
ကမ္ဘာသစ်၏အုတ်မြစ်ကို ယခုဖွဲ့စည်းလျက်ရှိ
၁၊ ၂။ ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံလျက်၊ ကျွန်ုပ်တို့မျက်စိရှေ့တွင် မည်သည်များ ဖြစ်ပျက်နေသနည်း။
စာတန့်လောကသည် ဆုတ်ယုတ်နေစဉ်တွင်ပင် ယခုလောလောဆယ်၌ ဘုရားသခင့်ကမ္ဘာသစ်၏အုတ်မြစ်ကို ဖွဲ့စည်းနေခြင်းသည်လည်း အံ့ချီးဖွယ်ဖြစ်သည်။ ကျွန်ုပ်တို့မျက်စိရှေ့တွင်ပင် ဘုရားသခင်သည် လူမျိုးတကာမှ လူတို့ကိုစုသိမ်းလျက် မကြာမီဤမစည်းလုံးသောကမ္ဘာကို အစားထိုးမည့် မြေကြီးအဖွဲ့အစည်းသစ်၏ အုတ်မြစ်ကို ဖွဲ့စည်းလျက်ရှိသည်။ သမ္မာကျမ်းစာတွင် ၂ ပေတရု ၃:၁၃ ၌ ဤအဖွဲ့အစည်းသစ်ကို “မြေကြီးသစ်” ဟုခေါ်ဆိုထားသည်။
၂ သမ္မာကျမ်းစာပရောဖက်ပြုချက်က ဤသို့ဆိုသေးသည်– “နောက်ဆုံးသောကာလ၌ [ယခု ကျွန်ုပ်တို့အသက်ရှင်သည့်အချိန်] . . . များပြားသောလူတို့ကလည်း ‘လာကြလော့။ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏တောင်တော် [ကိုယ်တော့်စစ်မှန်သောဝတ်ပြုရေး] . . . သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်’ ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။”—ဟေရှာယ ၂:၂-၃။
၃။ (က) မည်သူများကြားတွင် ဟေရှာယရောဖက်ပြုချက် ပြည့်စုံနေသနည်း။ (ခ) သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်က ဤအကြောင်းအပေါ် မည်သို့ဆိုသနည်း။
၃ ထိုပရောဖက်ပြုချက်သည် ‘ဘုရားသခင့်လမ်းခရီးနှင့် ကိုယ်တော့်ခြေရာ’ များအတိုင်းလက်အောက်ခံသူများအတွင်း ယခုပြည့်စုံလျက်ရှိသည်။ ကျမ်းစာ၏ နောက်ဆုံးကျမ်းက ငြိမ်းချမ်းမှုကိုမြတ်နိုးသည့် ဤနိုင်ငံတကာအဖွဲ့ ဖြစ်သောလူများကို “လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ . . . လူများအပေါင်း [“လူအုပ်ကြီး၊” ကဘ]” ဟုဆိုထားကာ စည်းလုံးစွာဖြင့် ဘုရားအမှုတော်ကိုဆောင်လျက်ရှိသည့် စစ်မှန်သော ကမ္ဘာချီညီအစ်ကို အသင်းအပင်းဖြစ်သည်။ ကျမ်းစာက “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခအထဲကထွက်” လာသူများဟုလည်း ဆိုထားသည်။ ယင်းကသူတို့သည် ဤဆိုးသွမ်းသောစနစ်ကို ကပ်ကျော်မည်ကို ဆိုလိုသည်။—ဗျာဒိတ် ၇:၉၊ ၁၄; မဿဲ ၂၄:၃။
စစ်မှန်သော နိုင်ငံတကာညီအစ်ကိုအသင်းအပင်း
၄၊ ၅။ ယေဟောဝါသက်သေတို့သည် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းအဘယ်ကြောင့် ဖြစ်နိုင်သနည်း။
၄ သန်းပေါင်းများစွာသော ယေဟောဝါသက်သေများသည် ဘုရားညွှန်ကြားချက်များ၊ လမ်းစဉ်များနှင့်အညီ နေထိုင်ရန် စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းကြသည်။ သူတို့၏ထာဝရအသက်မျှော်လင့်ချက်သည် ဘုရားသခင့်ကမ္ဘာသစ်တွင် အခြေစိုက်ထားသည်။ သူတို့၏နေ့စဉ်အသက်တာများတွင် ဘုရားပညတ်များကိုနာခံ၍ကျင့်ကြံခြင်းဖြင့် ယခုနှင့်ကမ္ဘာသစ်တွင် ကိုယ်တော့်အုပ်ချုပ်ပုံကိုလက်အောက်ခံရန် သူတို့၏လိုလားမှုကို တင်ပြကြသည်။ နေရာတိုင်းတွင်၊ သူတို့သည် အဘယ်နိုင်ငံသား၊ လူမျိုးဖြစ်ပါစေ ဘုရားနှုတ်ကပါဌ်တော်တွင် ကိုယ်တော်ချမှတ်ထားသော ထပ်တူစံချိန်များကို လိုက်နာကြသည်။ ထို့ကြောင့်ပင်သူတို့သည် စစ်မှန်သော နိုင်ငံတကာညီအစ်ကိုအသင်းအပင်း၊ ဘုရားသခင်စီမံရာ ကမ္ဘာသစ်အဖွဲ့အစည်း ဖြစ်ရခြင်းတည်း။—ဟေရှာယ ၅၄:၁၃; မဿဲ ၂၂:၃၇၊ ၃၈; ယောဟန် ၁၅:၉၊ ၁၄။
၅ ယေဟောဝါသက်သေတို့သည် သူမတူသည့် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဖြစ်ရခြင်းအတွက် ဂုဏ်တင်မခံကြပါ။ ယင်းမှာ ဘုရားပညတ်များကိုလက်အောက်ခံသူများအပေါ်လှုပ်ရှားသည့် ကိုယ်တော့်တန်ခိုးထက်သော ဝိညာဉ်တော်ကြောင့်ဖြစ်သည်ကို သူတို့သိထားကြသည်။ (တမန်တော် ၅:၂၉၊ ၃၂; ဂလာတိ ၅:၂၂၊ ၂၃) ယင်းသည် ဘုရားသခင့်လုပ်ဆောင်မှုဖြစ်သည်။ ယေရှုပြောသကဲ့သို့ပင်။ “လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်တော်မူသည်။” (လုကာ ၁၈:၂၇) တည်မြဲသည့် စကြဝဠာကိုပြုလုပ်သူ ဘုရားသခင်သည် တည်မြဲသည့် ကမ္ဘာသစ်အဖွဲ့အစည်းကိုလည်း ပြုလုပ်တော်မူသည်။
၆။ ယေဟောဝါသက်သေများ၏ ညီအစ်ကိုအသင်းအပင်းသည် အဘယ်ကြောင့် မျက်မှောက်ခေတ် အံ့ဖွယ်ဖြစ်သနည်း။
၆ သို့ဖြင့်၊ ကမ္ဘာသစ်တွင်ယေဟောဝါ၏ အုပ်ချုပ်ပုံနည်းလမ်းကို ယခုပင်ဖွဲ့စည်းလျက်ရှိသော ကမ္ဘာသစ်အတွက် ကိုယ်တော်ပြုစုထားသည့် အုတ်မြစ်တွင် တွေ့နိုင်ပေပြီ။ မိမိသက်သေခံများအပေါ် ကိုယ်တော့်ပြုမူမှုသည် တစ်နည်းအားဖြင့် မျက်မှောက်ခေတ်အံ့ဖွယ်တစ်ပါးပင်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါသက်သေတို့ကို နိုင်ငံကွဲပြားမှု၊ လူမျိုး၊ ဘာသာရေးကြောင့်ဖြစ်စေ ဘယ်တော့မျှ မပြိုကွဲနိုင်သော စစ်မှန်သည့်ကမ္ဘာချီညီအစ်ကိုအသင်းအပင်းအဖြစ် ကိုယ်တော်တည်ဆောက်ခဲ့၍ဖြစ်သည်။ ယေဟောဝါသက်သေ သန်းချီရှိပြီးနိုင်ငံ ၂၀၀ ကျော်တွင်နေကြငြား၊ မပြိုကွဲနိုင်သောနှောင်ကြိုးဖြင့် တစ်ဦးတည်းပမာ အတူတကွစုစည်းလျက်ရှိသည်။ သမိုင်းတစ်လျှောက် မကြုံဖူးသေးသည့် ဤကမ္ဘာချီညီအစ်ကိုအသင်းအပင်းသည် အမှန်ပင်မျက်မှောက်ခေတ်အံ့ဖွယ်—ဘုရားစီမံရာပင်။—ဟေရှာယ ၄၃:၁၀၊ ၁၁၊ ၂၁; တမန်တော် ၁၀:၃၄၊ ၃၅; ဂလာတိ ၃:၂၈။
ဘုရားသခင့် လူမျိုးတော်ကို ခွဲခြားသိမြင်ခြင်း
၇။ ယေရှုကမိမိ၏နောက်လိုက်စစ်များကို မည်သို့ခွဲခြားသိမြင်နိုင်မည်ဟု ဆိုခဲ့သနည်း။
၇ ဘုရားသခင်၏ကမ္ဘာသစ်အုတ်မြစ်များအဖြစ် ကိုယ်တော်အသုံးပြုနေသော လူများသည် မည်သူများဖြစ်ကြောင်း မည်သို့ဆက်လက်ပိုင်းဖြတ်နိုင်မည်နည်း။ ယောဟန် ၁၃:၃၄၊ ၃၅ တွင်ယေရှု၏စကားများကို ပြည့်စုံစေသူများကား မည်သူတို့နည်း။ ကိုယ်တော်က– “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ ယေဟောဝါသက်သေများသည် ယေရှု၏စကားများကို ယုံကြည်ပြီး ယင်းတို့ကိုကျင့်ကြံသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော် ညွှန်ကြားသည့်အတိုင်း သူတို့သည် “အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာရှိကြ” သည်။ (၁ ပေတရု ၄:၈) သူတို့သည် “စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကိုထပ်၍ [မိမိတို့ကိုယ်အား] ယူတင်ဝတ်ဆောင်ကြ” သည်။ (ကောလောသဲ ၃:၁၄) ထို့ကြောင့်ညီအစ်ကိုချင်းမေတ္တာသည် ကမ္ဘာတစ်ဝန်းတွင် သူတို့အားအတူတကွ ပေါင်းစည်းစေသော “ကော်” ဖြစ်သည်။
၈။ ၁ ယောဟန် ၃:၁၀-၁၂ ကဘုရားသခင့်လူမျိုးတော်ကို မည်သို့ဆက်လက် ခွဲခြားသိမြင်စေသနည်း။
၈ ထို့ပြင် ၁ ယောဟန် ၃:၁၀-၁၂ ကဤသို့ဆိုသည်– “ထိုသို့သောလက္ခဏာအားဖြင့် ဘုရားသခင်၏သားတို့နှင့် မာရ်နတ်၏သားတို့သည် ထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊ မိမိညီအစ်ကိုကို မချစ်သောသူမည်သည်ကား ဘုရားသခင်နှင့်မဆိုင်။ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသောတရားစကားဟူမူကား မာရ်နတ်နှင့်ဆိုင်၍ မိမိညီကိုသတ်သော ကာဣနကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်းချစ်ရကြမည်။” ထို့ကြောင့် ဘုရားသခင့်လူမျိုးသည် အကြမ်းမဖက်သော ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဖြစ်သည်။
အခြားခွဲခြားသိမြင်နိုင်သော ကဏ္ဍရပ်
၉၊ ၁၀။ (က) နောက်ဆုံးကာလ၌ ဘုရားကျေးကျွန်များကို အဘယ်လုပ်ငန်းဖြင့်ထင်ရှားစေမည်နည်း။ (ခ) မဿဲ ၂၄:၁၄ ကို ယေဟောဝါသက်သေတို့ မည်သို့ပြည့်စုံစေပြီနည်း။
၉ ဘုရားကျေးကျွန်များကို ထင်ရှားစေသည့် နောက်တစ်နည်းရှိသေးသည်။ လောကဆုံးခန်းအကြောင်း ကိုယ်တော့်ပရောဖက်ပြုချက်၌ ဤအချိန်ပိုင်းကို နောက်ဆုံးကာလအဖြစ်သတ်မှတ်မည့် အကြောင်းများစွာကို ယေရှုမိန့်ကြားခဲ့သည်။ (အပိုင်း ၉ ရှု။) ဤပရောဖက်ပြုချက်၏ အခြေခံအပိုင်းကို မဿဲ ၂၄:၁၄ ပါကိုယ်တော်၏ စကားများ၌ ဖော်ပြထားခဲ့သည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။”
၁၀ ထိုပရောဖက်ပြုချက် ပြည့်စုံနေသည်ကို ကျွန်ုပ်တို့မြင်တွေ့ ခဲ့ရပြီလော။ မြင်တွေ့ရသည်။ ၁၉၁၄ ခုနှစ်တွင်နောက်ဆုံးကာလ အစပြုကတည်းက ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာတစ်ဝန်းတွင် ယေရှုမိန့်တော်မူသည်အတိုင်း လူတို့၏အိမ်များ၌ ဟောပြောလျက်ရှိသည်။ (မဿဲ ၁၀:၇၊ ၁၂; တမန်တော် ၂၀:၂၀) သန်းပေါင်းများစွာသော သက်သေခံများသည် နိုင်ငံတိုင်းတွင် ကမ္ဘာသစ်အကြောင်းပြောပြရန် လူများထံလည်ပတ်ကြသည်။ ယင်းကြောင့်ပင် ဤဘရိုရှာစာစောင်ကို သင်ရရှိခြင်းဖြစ်သည်၊ အကြောင်းမှာ ယေဟောဝါသက်သေများ၏လုပ်ငန်းတွင် ဘုရားသခင့်နိုင်ငံတော်နှင့်စပ်လျဉ်း၍ စာပေသန်းချီ၍ ပုံနှိပ်ထုတ်ဝေခြင်း ပါဝင်သောကြောင့်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို တစ်အိမ်မှတစ်အိမ် ဟောပြောသည့် သူတို့မှအပ အခြားဟောပြောသူတစ်ဦးတစ်ယောက်အား သင်သိပါသလော။ မာကု ၁၃:၁၀ က ဤဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းသည် ဆုံးခန်းမတိုင်မီ “ရှေးဦးစွာ” ပြီးစီးရမည်ကို ပြသသည်။
ဒုတိယ မဟာအရေးကိစ္စကိုအဖြေပေးခြင်း
၁၁။ ယေဟောဝါသက်သေများသည် ဘုရားသခင့်အုပ်ချုပ်ရေး၌ လက်အောက်ခံခြင်းဖြင့် အခြားအဘယ်အရာကို ပြီးမြောက်စေသနည်း။
၁၁ ဘုရားဥပဒေနှင့်မူများကို လက်အောက်ခံခြင်းဖြင့် ယေဟောဝါသက်သေများသည် အခြားအရာတစ်ခုကို ပြီးမြောက်စေသည်။ စာတန်က လူတို့သည် စုံစမ်းမှုအောက်၌ ဘုရားအပေါ်သစ္စာမရှိနိုင်ဟူ၍ဆိုရာတွင် သူသည်မုသာကောင်ဖြစ်ကြောင်း သူတို့ပြသသည်၊ သို့ဖြင့်လူသားတည်ကြည်မှုနှင့် ပတ်သက်နေသည့် ဒုတိယမဟာအရေးကိစ္စကို အဖြေပေးလေသည်။ (ယောဘ ၂:၁-၅) နိုင်ငံအားလုံးမှ သန်းချီလူ့အဖွဲ့အစည်းဖြစ်သောကြောင့် သက်သေခံများသည် ဘုရားအုပ်ချုပ်မှုကို သစ္စာစောင့်သော ခန္ဓာကိုယ်တစ်ခုပမာ တင်ပြကြသည်။ သူတို့သည် မစုံလင်သောသူများ ဖြစ်လင့်ကစား၊ စာတန်၏ဖိနှိပ်မှုများကြားမှ စကြဝဠာပိုင်သအုပ်စိုးရေးကိစ္စတွင် ဘုရားရှင်ဘက်မှရပ်တည်ကြသည်။
၁၂။ သူတို့၏ယုံကြည်ခြင်းအားဖြင့် သက်သေခံများသည် မည်သူများကို တုပသနည်း။
၁၂ ယနေ့၊ ဤသန်းပေါင်းများစွာသော ယေဟောဝါသက်သေတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိကြောင်းပြသခဲ့သည့် ရှေးမှအခြားသက်သေခံတသီတတန်းကြီးနှင့် ထပ်ဆင့်ပူးပေါင်းသက်သေထူကြသည်။ သူတို့မှအနည်းငယ်လောက်ကိုသာ ဖော်ပြရလျှင် အချို့မှာ အာဗေလ၊ နောဧ၊ ယောဘ၊ အာဗြဟံ၊ စာရာ၊ ဣဇာက်၊ ယာကုပ်၊ ဒေဗောရ၊ ရုသ၊ ဒါဝိဒ်နှင့်ဒံယေလဖြစ်သည်။ (ဟေဗြဲ၊ အခန်းကြီး ၁၁) သူတို့သည် သမ္မာကျမ်းစာဖော်ပြသည့်အတိုင်း ‘များစွာသော သစ္စာရှိသက်သေအပေါင်းတို့’ ဖြစ်ကြသည်။ (ဟေဗြဲ ၁၂:၁) သူတို့နှင့်ယေရှု၏တပည့်များအပါအဝင် အခြားသူများသည် ဘုရားရှင်ထံတည်ကြည်ခဲ့ကြသည်။ ယေရှုကိုယ်နှိုက် လုံးလုံးလျားလျားတည်ကြည်မှု ပြခဲ့ခြင်းဖြင့် အကြီးမြတ်ဆုံး ပုံသက်သေတင်ပြခဲ့သည်။
၁၃။ စာတန်နှင့်စပ်လျဉ်းသောယေရှု၏ အဘယ်စကားမှန်ကန်ကြောင်း သက်သေထူသနည်း။
၁၃ စာတန်နှင့်စပ်လျဉ်း၍ ဘာသာရေးခေါင်းဆောင်များကို ယေရှုပြောခဲ့ခြင်းသည် မှန်ကန်ကြောင်း ယင်းကသက်သေထူသည်– “ဘုရားသခင့်အထံတော်၌ကြားရသောသစ္စာတရားကို သင်တို့အားဟောပြောသော သူတည်းဟူသော ငါ့ကိုသတ်အံ့သောငှာ သင်တို့သည်ယခုရှာကြံကြ၏။ . . . သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်းလိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူ့အသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည်မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။”—ယောဟန် ၈:၄၀၊ ၄၄။
သင့်ရွေးချယ်ရာကား အဘယ်နည်း
၁၄။ ကမ္ဘာသစ်၏အုတ်မြစ်သည် ယခုမည်သို့ဖြစ်နေသနည်း။
၁၄ ယေဟောဝါသက်သေများ၏ နိုင်ငံတကာအဖွဲ့အစည်းတွင် ဘုရားသခင် ယခုဖွဲ့စည်းလျက်ရှိသော ကမ္ဘာသစ်၏အုတ်မြစ်သည် ခိုင်မာသည်ထက်ခိုင်မာလျက်ရှိသည်။ နှစ်စဉ်ထောင်ချီသောသူများသည် ဘုရားသခင့်အုပ်ချုပ်ရေးကို လက်ခံရန် တိကျမှန်ကန်သော အသိပညာတွင်အခြေခံလျက် သူတို့၏လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို အသုံးချလျက်ရှိသည်။ သူတို့သည် ကမ္ဘာသစ်အဖွဲ့အစည်းအဝင်ဖြစ်လာကြပြီး၊ စကြဝဠာပိုင်သအုပ်စိုးရေးကိစ္စတွင် ဘုရားသခင်ဘက်ရပ်တည်ကာ စာတန်ကို မုသာကောင်ဖြစ်ကြောင်း သက်သေထူကြသည်။
၁၅။ ကျွန်ုပ်တို့ခေတ်တွင် အဘယ်ခွဲခြားခြင်းလုပ်ငန်းကို ယေရှုလုပ်ဆောင်နေသနည်း။
၁၅ ဘုရားသခင့်အုပ်ချုပ်ရေးကို ရွေးချယ်ခြင်းဖြင့် ခရစ်တော်သည် “သိုး” နှင့် “ဆိတ်တို့ကို” ခွဲခြားစဉ် ကိုယ်တော်၏ “လက်ယာ” ဘက်တွင်ထားရှိရန် သူတို့အရည်အချင်း ပြည့်မီကြသည်။ နောက်ဆုံးကာလအကြောင်း ကိုယ်တော်၏ပရောဖက်ပြုချက်တွင် ယေရှုကဤသို့ ကြိုတင်မိန့်ကြားခဲ့သည်၊ “ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့် သိုးထိန်းသည်သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့ လူအပေါင်းတို့ကို အသီးအခြားခွဲ၍ သိုးတို့ကိုလက်ယာတော်ဘက်၊ ဆိတ်တို့ကို လက်ဝဲတော်ဘက်၌ ထားတော်မူလတ္တံ့။” သိုးများသည် ဘုရားသခင့်အုပ်ချုပ်မှု၌ လက်အောက်ခံလျက်၊ ခရစ်တော်၏ ညီအစ်ကိုများနှင့် ပူးပေါင်း၊ ထောက်မသော နှိမ့်ချသည့်သူများဖြစ်သည်။ ဆိတ်များသည် ခရစ်တော်၏ ညီအစ်ကိုများအား ငြင်းပယ်ကာ ဘုရားသခင့်အုပ်ချုပ်မှုကို ထောက်မရန် ဘာမျှမလုပ်ဆောင်သည့် ခေါင်းမာသည့် လူများဖြစ်သည်။ ရလဒ်ကားအသို့နည်း။ ယေရှုက– “ထိုသူတို့ [ဆိတ်များ] သည်ထာဝရအပြစ်ဒဏ်ခံရာသို့လည်းကောင်း၊ ဖြောင့်မတ်သောသူတို့ [သိုးများ] မူကားထာဝရအသက်ရှင်ရာသို့လည်းကောင်း သွားရကြလတ္တံ့” ဟုမိန့်ဆိုခဲ့သည်။—မဿဲ ၂၅:၃၁-၄၆။
၁၆။ လာလတ္တံ့သောပရဒိသုတွင် သင်နေလိုပါက မည်သို့ ပြုလုပ်ရမည်နည်း။
၁၆ အမှန်ပင်၊ ကျွန်ုပ်တို့အား ဘုရားရှင်ဂရုစိုက်ပါသည်တကား။ မကြာမီ ချမ်းမြေ့ဖွယ်ပရဒိသုကို ကိုယ်တော်စီမံပေးတော်မူမည်။ ထိုပရဒိသုတွင် သင်နေလိုပါသလော။ သို့ဖြစ်လျှင် ကိုယ်တော်အကြောင်းသင်အံ၍ သင်သိရှိခဲ့ရာကို လုပ်ဆောင်ခြင်းဖြင့် ယေဟောဝါပြင်ဆင်ပေးမှုကို လေးမြတ်ကြောင်း ပြသပါ။ “တွေ့နိုင်သောကာလတွင် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုရှာကြလော့။ နီးတော်မူသောကာလတွင် ဆုတောင်းပတ္ထနာပြုကြလော့။ ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ထံတော်သို့ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။”—ဟေရှာယ ၅၅:၆၊ ၇။
၁၇။ မည်သူ့အမှုကိုဆောင်ရမည်ကို ရွေးချယ်ရာတွင် အဘယ်ကြောင့် အချိန်ဖြုန်းရန်မရှိသနည်း။
၁၇ ဖြုန်းတီးရန် အချိန်မရှိတော့။ ဤစနစ်ဟောင်း၏နိဂုံးသည် အလွန်နီးကပ်နေပြီ။ ဘုရားသခင့်နှုတ်ကပါဌ်တော်သြဝါဒမှာ– “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ . . . လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူကား နိစ္စထာဝရတည်၏။”—၁ ယောဟန် ၂:၁၅-၁၇။
၁၈။ ဘုရားသခင့်အံ့ချီးဖွယ် ကမ္ဘာသစ်တွင် နေထိုင်ရန် စိတ်ချလက်ချမျှော်လင့်နိုင်ဖို့ မည်သည့်လုပ်ရပ်က ဖြစ်စေမည်နည်း။
၁၈ ဘုရားသခင့်လူမျိုးတော်ကို ကမ္ဘာသစ်တွင် ထာဝရအသက်အတွက် ယခုလေ့ကျင့်ပေးလျက်ရှိသည်။ သူတို့သည် ပရဒိသုတွင်ဖွံ့ ဖြိုးရန်လိုအပ်သည့် ဝိညာဏနှင့် အခြားကျွမ်းကျင်မှုများကို သင်ယူလျက်ရှိသည်။ ဘုရားရှင်ကို အုပ်စိုးရှင်အဖြစ် ရွေးချယ်လျက်၊ ယနေ့မြေကြီးတစ်ဝန်းတွင် ကိုယ်တော်လုပ်ကိုင်နေစေလိုသော အသက်ကယ်လုပ်ငန်းကို ထောက်မရန် သင့်အားကျွန်ုပ်တို့ တိုက်တွန်းပါ၏။ ယေဟောဝါသက်သေများနှင့် ကျမ်းစာသင်အံလျက်၊ သင့်ကိုအမှန်တကယ်ဂရုစိုက်ပြီး ဒုက္ခဆင်းရဲကိုနိဂုံးချုပ်စေမည့် ဘုရားသခင်ကို သိရှိပါလေ။ ဤသို့ဖြင့် သင်သည်လည်း ကမ္ဘာသစ်၏အုတ်မြစ်အဝင် ဖြစ်လာနိုင်ပေမည်။ သို့ဖြင့် ဘုရားသခင့်မျက်နှာသာရရန်နှင့် ထိုအံ့ချီးဖွယ် ကမ္ဘာသစ်တွင် ထာဝစဉ်နေနိုင်ရန် ယုံကြည်စိတ်ချစွာဖြင့် သင်မျှော်လင့်နိုင်ပေမည်။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများတွင် စစ်မှန်သော နိုင်ငံတကာ ညီအစ်ကိုအသင်းအပင်းရှိသည်
[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]
ဘုရားသခင့်ကမ္ဘာသစ်၏အုတ်မြစ်ကို ယခု ဖွဲ့စည်းလျက်ရှိသည်