ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • od အခန်း ၁၆ စာ. ၁၆၂-၁၆၈
  • စည်းလုံးတဲ့ ညီအစ်ကို အသင်းအပင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စည်းလုံးတဲ့ ညီအစ်ကို အသင်းအပင်း
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စဉ်းစားပုံကို ပြုပြင်ခြင်း
  • အပြည်ပြည်ဆိုင်ရာ စည်းလုံးမှုကို ထိန်းသိမ်းထားခြင်း
  • တစ်ယောက်ကို တစ်ယောက် ဂရုစိုက် စိုးရိမ်ပေးခြင်း
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ သီးသန့်ဖယ်ထားခြင်း
  • သင်သည် အခြားသူများကို ယေဟောဝါနည်းတူ ရှုမြင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ကမ္ဘာသစ်၏အုတ်မြစ်ကို ယခုဖွဲ့စည်းလျက်ရှိ
    ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
  • စစ်မှန်သောခရစ်ယာန်စည်းလုံးမှု—မည်သို့ရရှိသနည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • “ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးကို ချစ်ကြလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နောက်ထပ် ကြည့်ပါ
ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
od အခန်း ၁၆ စာ. ၁၆၂-၁၆၈

အခန်း ၁၆

စည်းလုံးတဲ့ ညီအစ်ကို အသင်းအပင်း

ယေဟောဝါဘုရားဟာ မိမိနာမည် ခံယူထားတဲ့ အစ္စရေးလူမျိုးနဲ့ ဆက်ဆံလာတာ နှစ်ပေါင်း ၁,၅၀၀ လောက် ကြာပြီးနောက် “လူမျိုးခြားတွေကို သတိရပြီး နာမတော်အတွက် သူတို့ထဲကနေ လူတွေကို ရွေးချယ်” ခဲ့တယ်။ (တ. ၁၅:၁၄) ယေဟောဝါရဲ့ နာမတော်အတွက် လူမျိုးဟာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာပဲ နေထိုင်ပါစေ စဉ်းစားတွေးခေါ်ပုံနဲ့ အပြုအမူတို့မှာ စည်းလုံးမှု ရှိပြီး ကိုယ်တော့်သက်သေတွေ ဖြစ်ကြပါလိမ့်မယ်။ “လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ အဖဘုရားရဲ့ နာမည်၊ သားတော်ရဲ့ နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့ နှစ်ခြင်းပေးကြပါ။ ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ” ဆိုတဲ့ နောက်လိုက်တွေကို ယေရှု ပေးခဲ့တဲ့ မိန့်မှာချက်ရဲ့ ရလဒ်အနေနဲ့ ဘုရားသခင့် နာမတော်အတွက် လူမျိုး စုစည်းခံရပါလိမ့်မယ်။—မ. ၂၈:၁၉၊ ၂၀။

သင်ဟာ လူမျိုးရေး၊ စီးပွားရေး ကွာခြားမှု တွေကြောင့် စိတ်ဝမ်းကွဲခွင့် မပြုတဲ့ စည်းလုံးတဲ့ ကမ္ဘာချီ ခရစ်ယာန် ညီအစ်ကိုအသင်းအပင်းအဝင် ဖြစ်တယ်

၂ သင်ဟာ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခြင်းအားဖြင့် ယေရှုခရစ်ရဲ့ တပည့်တစ်ဦး ဖြစ်လာခဲ့ပြီ။ လူမျိုးရေး၊ စီးပွားရေး ကွာခြားမှုတွေကြောင့် စိတ်ဝမ်းကွဲခွင့် မပြုတဲ့ စည်းလုံးတဲ့ ကမ္ဘာချီ ခရစ်ယာန် ညီအစ်ကို အသင်းအပင်းအဝင် ဖြစ်တယ်။ (ဆာ. ၁၃၃:၁) ရလဒ်အနေနဲ့ အသင်းတော်မှာ ရှိတဲ့ ခရစ်ယာန် အပေါင်းအသင်းတွေကို သင် ချစ်ခင်လေးစားလာတယ်။ တချို့က လူမျိုး၊ နိုင်ငံ၊ ပညာရေးနောက်ခံ တူချင်မှ တူမယ်။ အဲဒီကွဲပြားမှုတွေကြောင့် အရင်က သူတို့နဲ့ သင် မပေါင်းသင်းခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘယ်လူမှုရေး၊ ဘာသာရေးနဲ့ မိသားစုဆက်ဆံရေးထက်မဆို ပိုခိုင်မာတဲ့ ညီရင်းအစ်ကို မေတ္တာနှောင်ကြိုးကို သင် ခံစားနေရတယ်။—မာ. ၁၀:၂၉၊ ၃၀။ ကော. ၃:၁၄။ ၁ ပေ. ၁:၂၂။

စဉ်းစားပုံကို ပြုပြင်ခြင်း

၃ လူမျိုးရေး၊ နိုင်ငံရေး၊ လူမှုရေး ဒါမှမဟုတ် အမြစ်တွယ်နေတဲ့ အစွဲတွေကို ဖျောက်ဖျက်ရခက်နေတယ်ဆိုရင် ရှေးခေတ် ဂျူးခရစ်ယာန်တွေအကြောင်း စဉ်းစားကြည့်နိုင်တယ်။ တခြားလူမျိုးအားလုံးအပေါ် ဂျူးဘာသာရဲ့ တစ်ဖက်သတ်အစွဲတွေကို သူတို့ ဖျောက်ဖျက်ခဲ့ကြရတယ်။ ယေဟောဝါက ရောမတပ်မှူး ကော်နေလိရဲ့ အိမ်ကို သွားဖို့ ပေတရုကို ညွှန်ကြားချိန်မှာ ဒီတာဝန်အတွက် သူ့ကို ကြင်နာစွာ အသင့်ပြင်ပေးခဲ့တယ်။—တမန်တော် အခန်းကြီး ၁၀။

၄ စိတ်အာရုံတစ်ခုမှာ ပေတရုဟာ ဂျူးလူမျိုးတွေအတွက် ထုံးတမ်းအရ မသန့်ရှင်းတဲ့ တိရစ္ဆာန်တချို့ကို သတ်စားဖို့ မိန့်မှာခံရတယ်။ ပေတရု ငြင်းတဲ့အခါ “ဘုရားသခင် စင်ကြယ်စေပြီးသားအရာကို ညစ်ညူးတယ်လို့ မပြောပါနဲ့တော့” ဆိုတဲ့ ကောင်းကင်က အသံကို ကြားရတယ်။ (တ. ၁၀:၁၅) လူမျိုးခြားတစ်ယောက်ဆီ သွားပါဆိုတဲ့ ရရှိတော့မယ့် တာဝန်အတွက် ပေတရုရဲ့ စိတ်ကို ပြုပြင်ပေးဖို့ ဘုရားသခင် ကြားဝင်ဆောင်ရွက်ခဲ့တယ်။ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ပေတရု နာခံပြီး စုဝေးရောက်ရှိနေသူတွေကို ဒီလိုပြောခဲ့တယ်– “ဂျူးတစ်ယောက်က လူမျိုးခြားနဲ့ ပေါင်းသင်းရင်၊ လူမျိုးခြားဆီ လည်ပတ်ရင် ဂျူးပညတ်ကို ချိုးဖောက်ရာရောက်မှန်း ခင်ဗျားတို့ သိပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မသန့်ရှင်းသူ၊ မစင်ကြယ်သူလို့ မယူဆသင့်တဲ့အကြောင်း ကျွန်တော့်ကို ဘုရားသခင် ဖော်ပြလိုက်ပြီ။ ဒါကြောင့် ခင်ဗျား ဖိတ်ခေါ်တဲ့အခါ ကျွန်တော် မငြင်းဘဲ လိုက်လာတာ။” (တ. ၁၀:၂၈၊ ၂၉) အဲဒီနောက် ကော်နေလိနဲ့ အိမ်သူအိမ်သားတွေကို ယေဟောဝါ မျက်နှာသာပေးတဲ့ အထောက်အထားကို ပေတရု မြင်တွေ့ခဲ့ရတယ်။

၅ တာရှုမြို့သား ပညာတတ် ဖာရိရှဲ ရှောလုဟာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အရင်က မပေါင်းသင်းခဲ့သူတွေနဲ့ ပေါင်းသင်းခဲ့ရတယ်။ သူတို့ဆီကနေတောင် လမ်းညွှန်ချက်တွေ လက်ခံယူခဲ့ရတယ်။ (တ. ၄:၁၃။ ဂလ. ၁:၁၃-၂၀။ ဖိ. ၃:၄-၁၁) သေရဂိပေါလု၊ ဒယောနုသိ၊ ဒမာရိ၊ ဖိလေမုန်၊ သြနေသိမ် စတဲ့လူတွေ သတင်းကောင်းကို လက်ခံပြီး ယေရှုခရစ်ရဲ့ တပည့်တွေ ဖြစ်လာတဲ့အခါ စဉ်းစားတွေးခေါ်ပုံကို ဘယ်လောက် ပြောင်းလဲခဲ့ရမယ်ဆိုတာ တွေးကြည့်နိုင်တယ်။—တ. ၁၃:၆-၁၂။ ၁၇:၂၂၊ ၃၃၊ ၃၄။ ဖိလေ. ၈-၂၀။

အပြည်ပြည်ဆိုင်ရာ စည်းလုံးမှုကို ထိန်းသိမ်းထားခြင်း

၆ ညီအစ်ကိုညီအစ်မတွေရဲ့ မေတ္တာက သင့်ကို ယေဟောဝါနဲ့ အဖွဲ့အစည်းဆီ ဆွဲဆောင်ခဲ့မှာ သေချာပါတယ်။ ယေရှုခရစ်ရဲ့ တပည့်စစ် အမှတ်အသား ဖြစ်တဲ့ မေတ္တာကို သင် မြင်တွေ့ခဲ့တယ်။ ယေရှု ဒီလိုပြောတယ်– “အချင်းချင်း ချစ်ကြပါဆိုတဲ့ ပညတ်အသစ်တစ်ခု ကျွန်တော် ပေးမယ်။ ခင်ဗျားတို့ကို ကျွန်တော် ချစ်သလို အချင်းချင်း ချစ်ကြပါ။ အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်။” (ယော. ၁၃:၃၄၊ ၃၅) အသင်းတော်မှာ ရရှိတဲ့ မေတ္တာဟာ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းမှာ တည်ရှိတဲ့ မေတ္တာရဲ့ အရိပ်အယောင်မျှသာ ဖြစ်မှန်း သိလာတဲ့အခါ ယေဟောဝါနဲ့ အဖွဲ့အစည်းကို ပိုလေးမြတ်လာတယ်။ ယေဟောဝါကို ငြိမ်သက်စည်းလုံးစွာ ဝတ်ပြုဖို့ နောက်ဆုံးကာလမှာ လူတွေ စုရုံးကြမယ်ဆိုတဲ့ ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံမှုကို သင် ခံစားနေရတယ်။—မိ. ၄:၁-၅။

၇ ဒီနေ့ခေတ်မှာ ရှိနေတဲ့ စိတ်ဝမ်းကွဲပြားစေတဲ့ အကြောင်းရင်းများစွာကို ကြည့်ရင် “လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူတွေထဲက” ထွက်လာသူတွေ စည်းစည်းလုံးလုံး နေနိုင်လိမ့်မယ်လို့ ဘယ်သူ တွေးမိမှာလဲ။ (ဗျာ. ၇:၉) အဆင့်မြင့် နည်းပညာ ထွန်းကားတဲ့ လူ့အဖွဲ့အစည်းနဲ့ ရှေးရိုးဆွဲဓလေ့တွေကို ဆုပ်ကိုင်ထားသူတွေကြား ကွဲပြားမှုတွေကို သုံးသပ်ကြည့်ပါ။ လူမျိုးတစ်မျိုးတည်း၊ တစ်နိုင်ငံတည်း ဖြစ်လျက်နဲ့ ဘာသာရေး ပြိုင်ဆိုင်နေတာတွေကိုလည်း ကြည့်ပါ။ မျိုးချစ်စိတ်ဓာတ်ကို ရှေ့တန်းတင်လာကြတဲ့အတွက် နိုင်ငံရေး ကွဲပြားမှုတွေ ပိုဖြစ်လာနေတယ်။ စီးပွားရေး ကွာဟမှုတွေနဲ့ စိတ်ဝမ်းကွဲစေတဲ့ တခြားအကြောင်းရင်းများစွာကို သုံးသပ်ကြည့်တဲ့အခါ လူမျိုး၊ ဘာသာစကား၊ အုပ်စု၊ အလွှာအသီးသီးက ထွက်လာသူတွေ မေတ္တာနဲ့ ငြိမ်သက်မှုဆိုတဲ့ ဖြတ်တောက်မရနိုင်တဲ့ နှောင်ကြိုးနဲ့ စည်းလုံးနေတာဟာ တန်ခိုးအကြီးဆုံးအရှင်သာ စွမ်းဆောင်နိုင်တဲ့ အံ့ဖွယ်အမှုပါပဲ။—ဇာ. ၄:၆။

၈ ဒါပေမဲ့ အဲဒီလိုစည်းလုံးမှု တကယ် ရှိနေတယ်။ သင်ဟာ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသား ယေဟောဝါသက်သေ ဖြစ်လာတဲ့အခါ အဲဒီစည်းလုံးတဲ့ ညီအစ်ကို အသင်းအပင်းအဝင် ဖြစ်လာတယ်။ အဲဒီစည်းလုံးမှုကနေ အကျိုးရရှိနေတဲ့အတွက် အဲဒါကို ထိန်းသိမ်းထားဖို့ တာဝန် ရှိတယ်။ ဂလာတိ ၆:၁၀ မှာ ပါတဲ့ တမန်တော် ပေါလုရဲ့ စကားတွေကို လိုက်နာခြင်းအားဖြင့် ထိန်းသိမ်းနိုင်ပါတယ်– “အခွင့်အရေး ရသရွေ့ လူတိုင်းကို ကောင်းမှုပြုကြစို့။ အထူးသဖြင့် ယုံကြည်ခြင်းတူတဲ့သူတွေကို ကောင်းမှုပြုကြစို့။” အဲဒီအပြင် “ငြင်းခုံရန်တွေ့ချင်တဲ့စိတ်၊ အတ္တစိတ်နဲ့ ဘာမှ မလုပ်ကြပါနဲ့။ စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။ ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ” ဆိုတဲ့ သွန်သင်ချက်ကိုလည်း လိုက်နာကြတယ်။ (ဖိ. ၂:၃၊ ၄) ညီအစ်ကိုညီအစ်မတွေကို အပြင်ပန်းကနေ ကြည့်မယ့်အစား ယေဟောဝါ မြင်သလို မြင်တတ်ဖို့ လေ့ကျင့်မယ်ဆိုရင် သူတို့နဲ့ ငြိမ်သက်ပျော်ရွှင်တဲ့ ဆက်ဆံရေး ဆက်ရရှိခံစားနိုင်ပါလိမ့်မယ်။—ဧ. ၄:၂၃၊ ၂၄။

တစ်ယောက်ကို တစ်ယောက် ဂရုစိုက် စိုးရိမ်ပေးခြင်း

၉ တမန်တော် ပေါလု ဥပမာပေးခဲ့တဲ့အတိုင်း အသင်းတော်ဟာ စည်းလုံးနေပြီး အချင်းချင်း အပြန်အလှန် ဂရုစိုက်ကြတယ်။ (၁ ကော. ၁၂:၁၄-၂၆) ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းဝင်တချို့နဲ့ ကျွန်တော်တို့ အနေဝေးနေနိုင်ပေမဲ့ ဂရုစိုက်မှုကတော့ မလျော့သွားပါဘူး။ ညီအစ်ကိုညီအစ်မတချို့ နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ ကျွန်တော်တို့အားလုံး စိတ်သောကရောက်ကြတယ်။ တချို့ ဆင်းရဲချို့တဲ့နေတယ်၊ သဘာဝဘေး ကြုံနေရတယ်၊ ပြည်တွင်းစစ်ဒဏ် ခံနေရတယ်ဆိုရင် ကျန်တဲ့ ညီအစ်ကိုညီအစ်မအားလုံးက ရုပ်ပိုင်းအရရော ဘုရားရေးရာပိုင်းအရပါ ကူညီပေးဖို့ နည်းလမ်းတွေ ရှာကြံကြတယ်။—၂ ကော. ၁:၈-၁၁။

၁၀ ကျွန်တော်တို့အားလုံးဟာ ညီအစ်ကိုညီအစ်မတွေအတွက် နေ့တိုင်း ဆုတောင်းပေးသင့်တယ်။ တချို့က မကောင်းတာ လုပ်ဖို့ သွေးဆောင်ခံနေရတယ်။ တချို့ ခံနေရတဲ့ ဒုက္ခဆင်းရဲဟာ လူသိရှင်ကြား ဖြစ်ပေမဲ့ အလုပ်ဖော်တွေ၊ ယုံကြည်ခြင်းမတူတဲ့ မိသားစုဝင်တွေရဲ့ ဆန့်ကျင်မှုကိုတော့ လူသိနည်းတယ်။ (မ. ၁၀:၃၅၊ ၃၆။ ၁ သက်. ၂:၁၄) ကမ္ဘာချီ ညီအစ်ကို အသင်းအပင်း ဖြစ်လို့ ကျွန်တော်တို့ စိုးရိမ်ပေးသင့်တယ်။ (၁ ပေ. ၅:၉) ယေဟောဝါရဲ့ လုပ်ငန်းမှာ ကြိုးစားပါဝင်နေသူတွေ၊ အသင်းတော်နဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ဦးဆောင်နေသူတွေလည်း ရှိသေးတယ်။ ကမ္ဘာချီလုပ်ငန်းကို တာဝန်ယူကြီးကြပ်ရသူတွေလည်း ရှိတယ်။ သူတို့အားလုံးအတွက် ဆုတောင်းပေးဖို့ လိုတယ်။ ဒီနည်းအားဖြင့် သူတို့ကို ကိုယ်တိုင်ကိုယ်ကျ မကူညီပေးနိုင်ရင်တောင် မေတ္တာနဲ့ စိတ်ဝင်စားမှု တင်ပြနိုင်ကြပါတယ်။—ဧ. ၁:၁၆။ ၁ သက်. ၁:၂၊ ၃။ ၅:၂၅။

၁၁ ဒီနောက်ဆုံးကာလအတွင်း ကမ္ဘာ့ဝရုန်းသုန်းကား အခြေအနေတွေမှာ ယေဟောဝါရဲ့ လူမျိုးဟာ အချင်းချင်းကို ကူညီပေးဖို့ အသင့်ရှိနေရမယ်။ မြေငလျင်၊ ရေလွှမ်းမိုးဘေး စတဲ့ သဘာဝဘေးတွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ရုပ်ပစ္စည်းအမြောက်အမြား ကူညီပေးဖို့ စီစဉ်ပေးရတဲ့အခါတွေ ရှိတယ်။ ဒီကိစ္စမှာ ပထမရာစု ခရစ်ယာန်တွေ ပုံသက်သေကောင်း ချမှတ်ခဲ့တယ်။ ယေရှုရဲ့ သွန်သင်ချက်ကို သတိရပြီး အန္တိအုတ်မြို့မှာ ရှိတဲ့ တပည့်တွေဟာ ယုဒနယ်က ညီအစ်ကိုညီအစ်မတွေကို ပစ္စည်းဥစ္စာတွေ ဝမ်းသာအားရ ပို့ပေးခဲ့ကြတယ်။ (တ. ၁၁:၂၇-၃၀။ ၂၀:၃၅) စနစ်တကျ လုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို ထောက်ပံ့ဖို့ ကောရိန္သုအသင်းသားတွေကိုလည်း တမန်တော် ပေါလု အားပေးခဲ့တယ်။ (၂ ကော. ၉:၁-၁၅) လက်ရှိအချိန်မှာလည်း အခြေအနေ အရပ်ရပ်ကြောင့် ညီအစ်ကိုညီအစ်မတွေ ဒုက္ခရောက်တဲ့အခါ၊ ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်တဲ့အခါ အဖွဲ့အစည်းနဲ့ ခရစ်ယာန်တစ်ဦးစီဟာ မဆိုင်းမတွ ကူညီထောက်ပံ့ပေးကြတယ်။

ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ သီးသန့်ဖယ်ထားခြင်း

၁၂ ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ စည်းလုံးတဲ့ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းကို ဖွဲ့စည်းထားတယ်။ အခုအချိန်မှာ ဘုရားသခင့် အလိုတော်က လူမျိုးအားလုံးအတွက် သက်သေ ဖြစ်အောင် နိုင်ငံတော် သတင်းကောင်းကို မြေတစ်ခွင်လုံးမှာ ဟောပြောဖို့ပဲ။ (မ. ၂၄:၁၄) ဒီလုပ်ငန်း လုပ်ဆောင်ချိန်မှာ ကျွန်တော်တို့ရဲ့ အပြုအမူက ဘုရားသခင့် မြင့်မားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေနဲ့ ကိုက်ညီဖို့ ယေဟောဝါဘုရား အလိုရှိတယ်။ (၁ ပေ. ၁:၁၄-၁၆) အချင်းချင်းကို လက်အောက်ခံဖို့၊ သတင်းကောင်း တိုးပွားပျံ့နှံ့ရေးအတွက် ကြိုးစားလုပ်ဆောင်ဖို့ လိုလိုလားလား ရှိနေသင့်တယ်။ (ဧ. ၅:၂၁) တစ်ခါနဲ့မှ မတူအောင် အခုအချိန်ဟာ ကိုယ်ကျိုးရှာရမယ့်အချိန် မဟုတ်ဘဲ ဘုရားသခင့် နိုင်ငံတော်ကို ဘဝမှာ ဦးစားထားရမယ့်အချိန် ဖြစ်တယ်။ (မ. ၆:၃၃) အဲဒီအချက်ကို စိတ်စွဲမှတ်ပြီး သတင်းကောင်းအတွက် အတူတကွ ကြိုးစားလုပ်ဆောင်ရင် လောလောဆယ် ပျော်ရွှင်ကျေနပ်မှု ခံစားရမှာ ဖြစ်သလို အနာဂတ်မှာလည်း ထာဝရကောင်းချီးတွေ ခံစားရပါလိမ့်မယ်။

၁၃ ယေဟောဝါသက်သေတွေအနေနဲ့ ကျွန်တော်တို့ဟာ ထူးခြားပြီး ဘုရားသခင့်လုပ်ငန်းမှာ စိတ်ထက်သန်တဲ့၊ သန့်ရှင်းတဲ့ လူမျိုးအဖြစ် တခြားလူတွေထဲကနေ သီးသန့်ဖယ်ထားခံကြရတယ်။ (တိ. ၂:၁၄) ယေဟောဝါကို ဝတ်ပြုခြင်းက ကျွန်တော်တို့ကို ထူးခြားစေတယ်။ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ စည်းစည်းလုံးလုံး လုပ်ဆောင်နေကြရုံသာမက အမှန်တရားဆိုတဲ့ ဘာသာစကား တစ်မျိုးတည်းကို ပြောဆိုကြပြီး အဲဒီအမှန်တရားနဲ့အညီ ပြုမူကြတယ်။ အဲဒီအချက်ကို ပရောဖက် ဇေဖနိကတစ်ဆင့် ယေဟောဝါ ကြိုဟောခဲ့တယ်– “လူတွေရဲ့ ဘာသာစကားကို စင်ကြယ်တဲ့ ဘာသာစကား ဖြစ်အောင် ငါပြောင်းလဲပေးမယ်။ လူတွေက ယေဟောဝါရဲ့ နာမည်ကို ခေါ်ပြီး ဆုတောင်းကြလိမ့်မယ်။ ငါ့ကို စည်းလုံးစွာ ဝတ်ပြုကြလိမ့်မယ်။”—ဇေ. ၃:၉။

၁၄ အဲဒီနောက် ဒီနေ့အချိန်မှာ အမှန်တကယ် တည်ရှိလာတဲ့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းအကြောင်း ဖော်ပြဖို့ ဇေဖနိကို ယေဟောဝါ လမ်းညွှန်ခဲ့တယ်– “ကျန်ကြွင်းတဲ့ အစ္စရေးတွေဟာ မဖြောင့်မတ်တာ တစ်ခုမှ လုပ်မှာ မဟုတ်ဘူး။ လိမ်ညာမှာ၊ လှည့်စားပြောဆိုမှာ မဟုတ်ဘူး။ သူတို့ စားသောက်ပြီး လဲလျောင်းရလိမ့်မယ်။ ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။” (ဇေ. ၃:၁၃) ကျမ်းစာအမှန်တရားကို နားလည်တဲ့အတွက်၊ ကျွန်တော်တို့ရဲ့ စိတ်သဘောကို ပြောင်းလဲပြီး ယေဟောဝါရဲ့ စံနှုန်းတွေနဲ့အညီ ကိုယ့်ဘဝလမ်းစဉ်ကို ပြုပြင်ခဲ့တဲ့အတွက် စည်းစည်းလုံးလုံး လုပ်ဆောင်နိုင်ကြခြင်း ဖြစ်တယ်။ လူ့ရှုထောင့်က ကြည့်သူတွေအတွက် မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာကို ကျွန်တော်တို့ ဖြစ်မြောက်စေကြတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင့်ရဲ့ ထူးခြားတဲ့လူမျိုး၊ မြေတစ်ပြင်လုံးမှာ ဘုရားသခင်ကို ဂုဏ်တင်နေတဲ့ လူမျိုးပါပဲ။—မိ. ၂:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ