ဤကဲ့သို့သော ခံစားချက်သည် ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာလော
ချစ်ခင်မြတ်နိုးသူဆုံးပါး၍ ပူဆွေးကြေကွဲကျန်ရစ်သူတစ်ဦးက ဤသို့စာရေးခဲ့သည်– “အင်္ဂလန်နိုင်ငံတွင် ငယ်စဉ်တောင်ကျေး ကလေးဘဝမှစ၍ ကျွန်တော်သည် မိမိ၏ခံစားချက်ကို လူသိအောင် မဖော်ထုတ်ရဟု သင်ကြားခံရသည်။ ထိခိုက်နာကျင်သည့်အခါတိုင်း ‘မငိုရဘူး!’ ဟူ၍ စစ်ထွက်တစ်ဦးဖြစ်သည့်ဖေဖေက အံကိုကြိတ်လျက်ပြောလေ့ရှိသည်ကို ကျွန်တော်မှတ်မိသည်။ ကျွန်တော်တို့ မွေးချင်းမောင်နှမ တစ်ယောက်ယောက်ကို (မွေးချင်းလေးယောက်ရှိသည်) မေမေပွေ့ဖက်နမ်းရှုပ်ဖူးခြင်းရှိမရှိ ကျွန်တော်မမှတ်မိနိုင်တော့ပါ။ ဖေဖေကွယ်လွန်ချိန်၌ ကျွန်တော့်အသက် ၅၆ နှစ်ရှိပြီ။ ကြီးမားသည့်ဆုံးရှုံးမှုကို ရင်ထဲ၌ခံစားရသော်ငြားလည်း အစပိုင်းတွင် ကျွန်တော်ငို၍မထွက်ခဲ့ပါ။”
အချို့ယဉ်ကျေးမှုများတွင် လူတို့သည် ၎င်းတို့၏ခံစားချက်များကို ပွင့်ပွင့်လင်းလင်းဖော်ထုတ်ကြသည်။ ၎င်းတို့ဝမ်းသာနေသလော၊ ဝမ်းနည်းနေသလော၊ မည်သို့ခံစားနေသည်ကို လူတို့သိရှိကြသည်။ အခြားတစ်ဖက်တွင်မူ ကမ္ဘာ့ဒေသအချို့၌၊ အများအားဖြင့် ဥရောပမြောက်ပိုင်းဒေသနှင့် ဗြိတိန်နိုင်ငံတို့တွင် အထူးသဖြင့် အမျိုးသားများသည် ၎င်းတို့၏ခံစားမှုများကို ဖုံးဖိရန်၊ ၎င်းတို့၏စိတ်လှုပ်ရှားမှုများကို အောင့်အည်းမျိုသိပ်ထားရန်၊ စိတ်လှုပ်ရှားမှုမရှိဘဲ စိတ်ငြိမ်ငြိမ်ထားရန်၊ ခံစားချက်ကို မဖော်ပြဘဲထားရန် ငယ်စဉ်ကတည်းက ပုံသွင်းခြင်းခံရကြသည်။ သို့ရာတွင် ချစ်ခင်မြတ်နိုးရသူတစ်ဦး ဆုံးပါးသည့်အခါမျိုး၌ မိမိ၏ပူဆွေးဝမ်းနည်းမှုကို ဖော်ပြခြင်းသည် မှားပါသလော။ သမ္မာကျမ်းစာကမည်သို့ဆိုသနည်း။
သမ္မာကျမ်းစာထဲမှ ငိုကြွေးခဲ့သူများ
သမ္မာကျမ်းစာကို မြေထဲပင်လယ်ဒေသ၏အရှေ့ပိုင်းရှိ ဟေဗြဲ (ဟီးဘရူး) လူမျိုးများရေးသားခဲ့သည်။ ဟီးဘရူးလူမျိုးသည် ခံစားချက်ကိုဖော်ပြသည့်လူမျိုး ဖြစ်သည်။ သမ္မာကျမ်းစာ၌ မိမိတို့၏ဝမ်းနည်းပူဆွေးမှုကို ပွင့်ပွင့်လင်းလင်းဖော်ထုတ်ကြသော ပုဂ္ဂိုလ်များ၏ပုံနမူနာ အများအပြားပါရှိသည်။ ဒါဝိဒ်မင်းသည် လုပ်ကြံခံရသည့်သားတော် အာမနုန်ဆုံးပါးခြင်းအတွက် ငိုကြွေးမြည်တမ်းခဲ့သည်။ အမှန်အတိုင်းဆိုလျှင် သူသည် “ပြင်းစွာငိုကြွေး” ခဲ့၏။ (၂ ဓမ္မရာဇဝင် ၁၃:၂၈-၃၉) ဒါဝိဒ်မင်းသည် သူ၏ထီးနန်းကို မတရားသိမ်းပိုက်ရန်ကြိုးစားသည့် သစ္စာမဲ့သောသားတော် အဗရှလုံဆုံးပါးခြင်းအတွက်ပင် ယူကျုံးမရဖြစ်ခဲ့ရှာသည်။ ကျမ်းစာမှတ်တမ်းက ဤသို့ဆို၏– “ဘုရင်မင်း [ဒါဝိဒ်] သည် နှလုံးတော်မသာလျက် မြို့တံခါးထိပ် တန်ဆောင်းတွင်းသို့ ဝင်ရန်တက်သွားစဉ်၊ ‘အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သား အဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေ၊ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သား’ ဟုငိုကြွေးမြည်တမ်းလေ၏။” (၂ ဓမ္မရာဇဝင် ၁၈:၃၃) ဒါဝိဒ်သည် သာမန်ဖခင်တစ်ဦးကဲ့သို့ပင် ငိုကြွေးမြည်တမ်းခဲ့သည်။ မိဘဖြစ်သူတို့က သားသမီးများကိုယ်စား မိမိတို့သာအသေခံလိုက်ချင်ပါသည်ဟု ပြောခဲ့ကြသည်မှာ အကြိမ်ပေါင်းမရေမတွက်နိုင်တော့ပါ! သားသမီးဖြစ်သူတို့က မိဘဖြစ်သူတို့ထက်စော၍သေဆုံးခြင်းသည် သဘာဝမကျလှဟုထင်ရသည်။
ယေရှုသည် အဆွေတော်လာဇရုကွယ်လွန်ခြင်းကို မည်သို့တုံ့ပြန်တော်မူသနည်း။ လာဇရု၏သင်္ချိုင်းအနီးသို့အရောက်တွင် ယေရှုငိုကြွေးတော်မူခဲ့သည်။ (ယောဟန် ၁၁:၃၀-၃၈)နောက်ပိုင်းတွင် မာဂဒလမာရိသည် ယေရှု၏သင်္ချိုင်းဂူအနီးရောက်ရှိသည့်အခါ၌ ငိုကြွေးခဲ့သည်။ (ယောဟန် ၂၀:၁၁-၁၆) သမ္မာကျမ်းစာမှ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း ကောင်းစွာသိမြင်နားလည်သည့် ခရစ်ယာန်တစ်ဦးသည် လူသေတို့၏အခြေအနေနှင့်ပတ်သက်သည့် ယုံကြည်ချက်အတွက် ရှင်းလင်းပြတ်သားသည့် သမ္မာကျမ်းစာအခြေအမြစ် မရှိသောသူအချို့နည်းတူ ယူကျုံးမရ ပူဆွေးသောကမရောက်ကြချေ။ သို့ရာတွင် သာမန်ခံစားချက်များရှိသော ပုထုဇဉ်လူသားတစ်ဦးအနေနှင့် ခရစ်ယာန်တစ်ဦးသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် ရှိပင်ရှိသော်ငြားလည်း ချစ်ခင်မြတ်နိုးရသူဆုံးပါးခြင်းအတွက် ပူဆွေးဝမ်းနည်း၍ ငိုကြွေးမြည်တမ်းတတ်ပေသည်။—၁ သက်သာလောနိတ် ၄:၁၃၊ ၁၄။
ငိုသင့်မငိုသင့်
ယနေ့ကျွန်ုပ်တို့၏တုံ့ပြန်မှုကော မည်သို့ရှိသနည်း။ မိမိ၏ခံစားချက်များကိုဖော်ပြရန် အခက်တွေ့နေသလော၊ သို့တည်းမဟုတ် ရှက်အမ်းအမ်းဖြစ်နေသလော။ အကြံပေးပုဂ္ဂိုလ်များက မည်သို့အကြံပေးကြသနည်း။ ၎င်းတို့၏ခေတ်သစ်အမြင်များသည် သမ္မာကျမ်းစာမှရှေးအခါက မှုတ်သွင်းခံဉာဏ်ပညာကို သံယောင်လိုက်ခြင်းမျှသာဖြစ်သည်။ သူတို့က ကျွန်ုပ်တို့၏ပူဆွေးသောကကို လှစ်ဟသင့်သည်၊ မျိုသိပ်ချုပ်တည်းမထားသင့်ဟု ဆိုကြသည်။ ဤအချက်က သမ္မာကျမ်းစာတွင် မိမိတို့၏ပူဆွေးသောကကို လှစ်ဟခဲ့ကြသော ယောဘ၊ ဒါဝိဒ်နှင့် ယေရမိအစရှိသော ရှေးသစ္စာရှိတို့ကိုသတိရစေသည်။ ထိုသူတို့သည် မိမိတို့၏ခံစားချက်များကို လုံးဝမျိုသိပ်ထားခြင်းမပြုခဲ့ကြပေ။ ထို့ကြောင့် မိမိတို့ကိုယ်ကို လူအတွေ့မခံဘဲ အဆက်အသွယ်ဖြတ်တောက်ခြင်းသည် အမြော်အမြင်မဲ့ရာရောက်သည်။ (သု. ၁၈:၁) သို့သော် လူတို့သည် ကွဲပြားသောယဉ်ကျေးမှုနှင့်အညီ ကွဲပြားသောနည်းဖြင့် ငိုကြွေးမြည်တမ်းခြင်းပြုကြသည့်ပြင် ရေပန်းစားနေသည့် ဘာသာတရားယုံကြည်ချက်ပေါ်တွင်လည်း မူတည်ပေသည်။a
အကယ်၍ သင်ငိုချင်ပါက မည်သို့ပြုမည်နည်း။ ငိုကြွေးခြင်းသည် လူ့ဓမ္မတာ၏တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။လာဇရုသေဆုံးစဉ်က ယေရှုသည် “အလွန်ညှိုးငယ်ခြင်း . . . ရှိ၍ . . . မျက်ရည်ကျတော်မူ” သည်ကို ပြန်လည်သတိရပါ။ (ယောဟန် ၁၁:၃၃၊ ၃၅) ထို့ကြောင့် ချစ်ခင်မြတ်နိုးရသူတစ်ဦး ကွယ်လွန်သည့်အခါ၌ ငိုကြွေးခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ် တုံ့ပြန်မှုတစ်မျိုးမျှသာဖြစ်ကြောင်း ကိုယ်တော်ပြသပါသည်။
ချစ်ခင်မြတ်နိုးရသူတစ်ဦး ဆုံးပါးသည့်အခါ ပူဆွေးဝမ်းနည်း၍ ငိုကြွေးကြသည်မှာ ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာပင်
နို့စို့ကလေးရုတ်တရက်သေဆုံးခြင်း လက္ခဏာစု (SIDS) ဖြင့်သမီးလေးရေချယ်လ် ဆုံးပါးသွားခဲ့ရသည့် အဲင်နီအမည်ရှိ မိခင်တစ်ဦး၏ အဖြစ်အပျက်က ဤအမြင်သဘောထားကို ထောက်ခံသည်။ ခင်ပွန်းဖြစ်သူကဤသို့မှတ်ချက်ချသည်– “ထူးဆန်းတာက ဈာပနအခမ်းအနားမှာ ကျွန်တော်နဲ့ အဲင်နီနှစ်ယောက်စလုံး မငိုကြဘူး။ ကျန်တဲ့လူတွေအားလုံးငိုကြတယ်။” ခင်ပွန်းဖြစ်သူ၏မှတ်ချက်ကို အဲင်နီက ဤသို့တုံ့ပြန်ဖြေကြားလိုက်သည်– “ဟုတ်ပါတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မတို့နှစ်ယောက်အတွက် အားရပါးရငိုလိုက်တယ်။ ကြေကွဲစရာဖြစ်ရပ်ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာ အိမ်မှာတစ်ယောက်တည်းရှိတဲ့အချိန်မှာ တကယ့်ကို ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရတယ်။ ကျွန်မတစ်နေ့လုံး ငိုချလိုက်တယ်။ ဒီလိုငိုလိုက်တဲ့အတွက် အကျိုးရှိတယ်လို့ ကျွန်မယုံကြည်တယ်။ ရင်ထဲမှာပေါ့သွားသလိုခံစားရတယ်။ သမီးလေးဆုံးပါးမှုအတွက် ပူဆွေးဝမ်းနည်းရပါတယ်။ ကြေကွဲဝမ်းနည်းနေသူကို စိတ်ရှိလက်ရှိ ငိုကြွေးခွင့်ပေးသင့်တယ်လို့ ကျွန်မတော့ အကြွင်းမဲ့ယုံတယ်။တခြားလူတွေက ထုံးစံရှိတဲ့အတိုင်း ‘မငိုပါနဲ့တော့’ လို့ပြောကြမှာဖြစ်ပေမဲ့ တကယ်ဆိုရင် ဒီလိုပြောတာဟာ ဘာမှအကျိုးမရှိဘူး။”
လူအချို့တို့၏တုံ့ပြန်ပုံ
ချစ်ရသူတစ်ဦးဆုံးပါးခြင်းကြောင့် စိတ်ညှိုးငယ်သည့်အခါ အချို့သူများက မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ သာဓကအဖြစ် ဂျွမ်နီးတာအကြောင်းကို ဆင်ခြင်စဉ်းစာကြည့်ပါ။ ကလေးငယ်တစ်ယောက်ဆုံးပါးလျှင် မည်သို့ခံစားရသည်ကို သူမကောင်းစွာသိသည်။ သူမသည် ကိုယ်ဝန်ငါးကြိမ်ပျက်ဖူးသည်။ ယခုကိုယ်ဝန်ရှိနေပြန်ပြီ။ ထို့ကြောင့် ယာဉ်တိုက်မှုကြောင့် ဆေးရုံတက်ရသည့်အခါ၌ သူမစိုးရိမ်ပူပန်မိသည်မှာ အဆန်းမဟုတ်ပါ။ နှစ်ပတ်ကြာပြီးနောက် သူမဗိုက်နာလာသည်—သို့သော်လမစေ့သေးချေ။ များမကြာမီ သမီးလေးဗန်နက်ဆာမွေးဖွားလာသည်—ကိုယ်အလေးချိန် နှစ်ပေါင်သာသာမျှသာရှိသည်။ “ကျွန်မပျော်လိုက်တာမပြောနဲ့၊ အခုတော့ မိခင်ဖြစ်ပြီလေ!” ဟူ၍ ဂျွမ်နီးတာက ပြန်ပြောင်းပြောပြသည်။
သို့သော်လည်း သူမ၏ပျော်ရွှင်မှုသည် ကြာရှည်မခံလိုက်ပါ။ လေးရက်ကြာပြီးနောက် ဗန်နက်ဆာဆုံးသွားသည်။ “ကျွန်မရင်ထဲမှာ တကယ့်ကို ဟာတာတာဖြစ်သွားတယ်။ မိခင်ဖြစ်ရတဲ့အခွင့်အရေး ဆုံးရှုံးသွားရပြီ။ စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားရတယ်။ ဗန်နက်ဆာလေးအတွက် ပြင်ဆင်ထားတဲ့ အခန်းရှိတဲ့အိမ်ကိုပြန်လာပြီး ကျွန်မဝယ်ပေးထားတဲ့ အတွင်းခံအင်္ကျီလေးကိုတွေ့ရတာဟာ ရင်နာစရာကောင်းလိုက်တာ။ နှစ်လသုံးလကြာတဲ့အထိ သမီးလေးမွေးတဲ့နေ့ကိုပဲ ပြန်ပြန်ပြီးသတိရနေမိတယ်။ ဘယ်သူ့ကိုမှ မတွေ့ချင်မမြင်ချင်ဘဲဖြစ်ခဲ့တယ်။”
ဤကဲ့သို့သောတုံ့ပြန်မှုသည် တစ်ဖက်စွန်းရောက်လွန်းသလော။ အခြားသူများအနေနှင့် နားလည်ရန်မလွယ်သော်လည်း ဂျွမ်နီးတာကဲ့သို့ ကြုံဖူးသူများက ကာလအတန်ကြာအသက်ရှင်ပြီးမှ ဆုံးသွားသည့်ကလေးအတွက် ဝမ်းနည်းပူဆွေးသကဲ့သို့ ပျက်ကျသည့်ရင်သွေးအတွက်လည်း ထပ်တူဝမ်းနည်းပူဆွေးရပါကြောင်း ရှင်းပြကြသည်။ ကလေးမမွေးမီ ကြာမြင့်စွာကတည်းက သူတို့လေးတွေကို မိဘဖြစ်သူတို့ကချစ်ခဲ့ကြသည်ဟု သူတို့ပြောကြသည်။ မိခင်ဖြစ်သူနှင့် ထူးခြားသောတွယ်တာမှုနှောင်ကြိုး ရစ်ပတ်လျက်ရှိသည်။ ထိုရင်သွေးလေးဆုံးပါးသည့်အခါ မိခင်ဖြစ်သူသည် တကယ့်ပုဂ္ဂိုလ်တစ်ဦးဆုံးပါးသည့်အတိုင်း ခံစားရသည်။ ဤအချက်ကို အခြားသူများနားလည်ဖို့လိုသည်။
ဒေါသနှင့်အပြစ်တို့က သင့်ကိုထိခိုက်နိုင်ပုံ
မိခင်နောက်တစ်ဦးက သူမ၏ခြောက်နှစ်သားလေး မွေးရာပါနှလုံးရောဂါကြောင့် ရုတ်တရက်သေဆုံးသွားကြောင်း အသိပေးပြောကြားသည့်အခါ ဖြစ်ပေါ်သည့်ခံစားချက်ကို ထုတ်ဖော်ပြောပြသည်။ “ကျွန်မစိတ်ထဲမှာတုံ့ပြန်မှုတွေ တသီတတန်းကြီးဖြစ်ပေါ်လာတယ်—ကြောင်တက်တက်ဖြစ်ခြင်း၊ မယုံနိုင်ခြင်း၊ အပြစ်ရှိခြင်း၊ ကျွန်မခင်ပွန်းနဲ့ ဆရာဝန်တို့ကို ဒေါသထွက်ခြင်းတို့ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သားလေးရဲ့အခြေအနေ ဒီလောက်ဆိုးနေတာကို သူတို့မသိတဲ့အတွက်ကြောင့်ပါ။”
ဒေါသသည် ပူဆွေးသောက၏ရောဂါလက္ခဏာ နောက်တစ်မျိုးဖြစ်နိုင်သည်။ ဆရာဝန်နှင့် သူနာပြုများအနေဖြင့် သေဆုံးသူကိုယခုထက်ပို၍ ဂရုစိုက်သင့်သည်ဟူသောအထင်နှင့် သူတို့ကိုဒေါသထွက်ခြင်းလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် မသင့်တော်သည့်အရာတစ်ခုခု ပြောမှားလုပ်မှားမိသည်ဟု ထင်ရသောမိတ်ဆွေ သို့မဟုတ် ဆွေမျိုးများကို ဒေါသထွက်ခြင်းလည်း ဖြစ်နိုင်ပေသည်။ အချို့မူကား ကျန်းမာရေးဂရုမစိုက်ခြင်းအတွက် ကွယ်လွန်သူအား ဒေါသထွက်ကြသည်။ စတယ်လာက ဤသို့ပြန်ပြောင်းပြောပြသည်– “အခြေအနေကို တစ်မျိုးတစ်မည် ပြောင်းလဲနိုင်တယ်ဆိုတာကိုသိလို့ ကျွန်မခင်ပွန်းအပေါ် ကျွန်မဒေါသဖြစ်မိတာကို မှတ်မိတယ်။ သူတော်တော့ကိုဖျားခဲ့တယ်၊ ဒါပေမဲ့ ဆရာဝန်သတိပေးတာကို ဂရုမစိုက်ဘဲနေခဲ့တယ်။” တစ်ခါတစ်ရံတွင် ကွယ်လွန်သူထားခဲ့သည့် ဝန်ထုပ်ဝန်ပိုးကြောင့် ကွယ်လွန်သူကို ဒေါသထွက်သည်လည်း ရှိတတ်သည်။
အချို့ကျလျှင် မိမိတို့ဒေါသထွက်ခြင်းအတွက် အပြစ်ရှိသည်ဟု ထင်ကြသည်။ ဆိုလိုသည်မှာ ဒေါသထွက်မိသည့်အတွက် မိမိတို့ကိုယ်ကို ပြစ်တင်ရှုတ်ချကြမည်။ အချို့ကျပြန်လျှင် သူတို့၏ချစ်ခင်မြတ်နိုးရသူ သေဆုံးရခြင်းအတွက် ကိုယ့်ကိုအပြစ်တင်ကြသည်။ “ဆရာဝန်ကို ခပ်စောစောပြခိုင်းဖြစ်အောင် ပြခိုင်းဖြစ်ခဲ့ရင်” သို့မဟုတ် “ဆရာဝန်နောက်တစ်ယောက်နဲ့ ပြခိုင်းဖြစ်ခဲ့ရင်”သို့မဟုတ် “သူ့ကျန်းမာရေးကို ဂရုစိုက်အောင်ကြပ်မတ်ပေးဖြစ်ခဲ့ရင် သူသေမှာမဟုတ်ဘူး” ဟူ၍ မိမိတို့ကိုယ်ကို အယုံသွင်းကြသည်။
ရင်းနှစ်သည်းချာဆုံးပါးခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော ထိုးနှက်ချက်ဖြစ်သည်—စစ်မှန်သည့်စာနာစိတ်နှင့် ထပ်တူထပ်မျှခံစားတတ်မှုပြသခြင်းဖြင့် မိဘဖြစ်သူတို့အား အကူအညီပေးနိုင်ပေသည်
အချို့သူတို့မူကား ထိုထက်မကအပြစ်ရှိသည်ဟု ထင်တတ်ကြသည်။ အထူးသဖြင့် ၎င်းတို့၏ချစ်ခင်မြတ်နိုးရသူ မမျှော်လင့်ဘဲရုတ်တရက် သေဆုံးသွားသည့်အခါမျိုး၌ဖြစ်သည်။ ကွယ်လွန်သူအား ဒေါသထွက်ခဲ့သည့်အချိန်၊ သူနှင့်စကားများခဲ့သည့်အချိန်ကို ပြန်၍သတိရလာကြသည်။ သို့မဟုတ် သေလွန်သူအပေါ် မိမိတို့လုံးဝတာဝန်ကျေပွန်မှုမရှိခဲ့ဟု ထင်ကောင်းထင်ကြမည်။
မိခင်ဖြစ်သူအများ၏ ကြာမြင့်စွာပူဆွေးဝမ်းနည်းသည့် ဖြစ်စဉ်က ကျွမ်းကျင်သူအများ၏ပြောဆိုချက်ကို ထောက်ခံသည်။သူတို့က ကလေးတစ်ယောက်ဆုံးပါးခြင်းသည် မိဘဖြစ်သူတို့—အထူးသဖြင့် မိခင်ဖြစ်သူ—၏ဘဝ၌ တည်မြဲသောဟာကွက်တစ်ခု ကျန်ရစ်သည်ဟုဆိုကြသည်။
ကြင်ဖော်ဆုံးပါးသည့်အခါ
ဘဝကြင်ဖော်ဆုံးပါးခြင်းသည် မမေ့နိုင်သောဒဏ်ရာဒဏ်ချက် နောက်တစ်မျိုးဖြစ်သည်။ အထူးသဖြင့် အလွန်လှုပ်ရှားတက်ကြွသည့် ဘဝမျိုးကို တူနှစ်ကိုယ်ရွှေလက်တွဲကာ လျှောက်လှမ်းခဲ့ကြသော် ခံစားချက် ပိုမိုပြင်းထန်တတ်သည်။ အတူတကွဝေမျှခံစားခဲ့ကြသည့် ဘဝဟန်တစ်ခုလုံး ပျက်သုဉ်းသွားသည့်သဘော၊ အတူတကွခရီးသွားခြင်း၊ လုပ်ကိုင်ခြင်း၊ ပျော်ပါးခြင်းနှင့် အပြန်အလှန်မှီခိုခြင်းတို့ ဆုံးခန်းတိုင်သွားသည့်သဘောပင် သက်ရောက်သွားနိုင်သည်။
နှလုံးရောဂါဖြင့် လင်သားဖြစ်သူ ရုတ်တရက်ကွယ်လွန်ခဲ့စဉ်က မည်သို့ခံစားခဲ့ရကြောင်း ယူးနစ္စကရှင်းပြသည်။ “ပထမတစ်ပတ်အတွင်းမှာ ကျွန်မရဲ့ကိုယ်ခန္ဓာတစ်ခုလုံးဟာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းသွားတဲ့အတိုင်း ထိသိမှုမရှိဘဲထုံနေခဲ့တယ်။ ဘာအနံ့အရသာမှတောင် မရနိုင်ဘူး။ ဒါပေမဲ့ ကျွန်မရဲ့ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းကတော့ သံယောဇဉ်အစွဲကင်းတဲ့ပုံစံနဲ့ ဆက်ပြီးလုပ်ဆောင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ခင်ပွန်းကို အဆုတ်နဲ့နှလုံးတစ်ပြိုင်တည်း အရေးပေါ်ပြုစုတဲ့နည်းနဲ့ ဆေးဝါးတွေနဲ့ပြုစုကုသနေတဲ့အချိန်မှာ အနားမှာကျွန်မရှိနေခဲ့တယ်။ အဖြစ်မှန်ကို လက်မခံငြင်းပယ်တဲ့လက္ခဏာတော့ ကျွန်မမခံစားလိုက်ရဘူး။ဒါပေမဲ့လည်း မချင့်မရဲဖြစ်တဲ့စိတ်တော့ အလူးအလိမ့် ခံစားလိုက်ရတယ်။ ဘာနဲ့တူသလဲဆိုတော့ ချောက်ထဲကိုထိုးကျတော့မယ့် ကားတစ်စီးကို ထိုးမကျအောင် ဘာမှမတတ်နိုင်ဘဲဒီအတိုင်း ကြောင်တောင်တောင်ကြည့်နေရသလိုပါပဲ။”
သူမငိုကြွေးခဲ့ပါသလော။ “မငိုဘဲနေပါ့မလား။ အထူးသဖြင့် စာနာစိတ်နဲ့ပေးပို့ကြတဲ့ ကတ်အများကြီးကို ဖတ်ရတဲ့အခါမှာ ပိုလို့တောင် ရှိုက်ကြီးတငင်ငိုရပါတယ်။ ကတ်တစ်ခုစီဖတ်ပြီးတိုင်းဖတ်ပြီးတိုင်း ငိုခဲ့ရပါတယ်။ ဒီလိုငိုလိုက်တဲ့အတွက် တစ်နေ့တာကျန်ရှိတဲ့အချိန်ကို ရင်ဆိုင်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာဘယ်လိုခံစားရသလဲလို့ ထပ်ခါထပ်ခါအမေးခံရတဲ့အခါမှာကျတော့ စိတ်ကိုဘယ်လိုမှ ထိန်းလို့မရတော့ဘူး။ ကျွန်မသိပ်ကို စိတ်ဆင်းရဲနေတယ်ဆိုတာ သိသာပါတယ်။”
ယူးနစ္စခမျာ ပူဆွေးသောကကိုလွန်မြောက်အောင် မည်သည့်အရာက အထောက်အကူပြုခဲ့သနည်း။ “ကျွန်မမသိလိုက်ပေမဲ့ ဘဝခရီးဆက်လက်လျှောက်လှမ်းဖို့ မရည်ရွယ်ဘဲ ကျွန်မဆုံးဖြတ်ချက်ချလိုက်မိတယ်။ ဒါပေမဲ့ လူ့ဘဝကိုအင်မတန်မက်မောခုံမင်တဲ့ ကျွန်မရဲ့ခင်ပွန်းတစ်ယောက် ဘဝကိုပျော်မွေ့ဖို့ လူ့လောကကြီးမှာ မရှိရှာတော့ပါလားလို့ သတိရမိတဲ့အခါတွေမှာတော့ စိတ်ထိခိုက်မိပါတယ်” ဟုသူမပြောပြသည်။
“. . . အခြားသူများ၏ အမိန့်ပေးမခံပါနှင့်”
Leavetaking—When and How to Say Goodbye စာအုပ်ရေးသားသူက ဤသို့အကြံပေးထားသည်– “မည်သို့ပြုမူသင့်သည်၊ မည်သို့စိတ်ထားရမည်ဟူ၍ အခြားသူများ၏ အမိန့်ပေးမခံပါနှင့်။ ပူဆွေးဝမ်းနည်းမှုဖြစ်စဉ်သည် တစ်ဦးနှင့်တစ်ဦး ခံစားချက်ချင်းမတူကြပေ။ အခြားသူတို့က သင်ဝမ်းနည်းပူဆွေးလွန်းသည်၊ သို့မဟုတ် ဝမ်းနည်းပူဆွေးမှုနည်းသည် အစရှိသဖြင့်ယူဆပြီး ထိုသို့ယူဆသည့်အတိုင်းလည်း သင့်အား ပြောပြကောင်းပြောပြကြမည်။ သူတို့ကိုခွင့်လွှတ်၍ ပြောခဲ့သည့်စကားများကို မေ့ပစ်လိုက်ပါ။ အခြားသူများ၊ သို့မဟုတ် လူ့အဖွဲ့အစည်းက ဖန်တီးထားသည့်ပုံစံအတိုင်း အတင်းကြိုးစား၍ လိုက်မည်ဆိုပါက စိတ်လှုပ်ရှားမှုဘက် ပြန်လည်ကျန်းမာစေရာတွင် အဟန့်အတားဖြစ်စေပေလိမ့်မည်။”
လူတစ်ယောက်နှင့်တစ်ယောက် မတူညီကြသောကြောင့် ၎င်းတို့၏ပူဆွေးဝမ်းနည်းမှုကို မတူညီသည့်နည်းလမ်းများဖြင့် ဖြေရှင်းကြသည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။ နည်းလမ်းတစ်ခုသည် အခြားနည်းလမ်းတစ်ခုထက် သေချာပေါက် ပို၍ကောင်းသည်ဟု လူတိုင်းအတွက်ကျွန်ုပ်တို့ အကြံပြုတင်ပြနေခြင်း မဟုတ်ပါ။ သို့ရာတွင် ပူဆွေးဝမ်းနည်းသူသည် လှုပ်ရှားမှုနည်းပြီး ထိုင်းမှိုင်းနှေးကွေးလာပါက၊ အခြေအနေမှန်ကို လက်မခံနိုင်ဘဲ ငြင်းပယ်လာပါက အန္တရာယ်ပေါ်လာလေပြီ။ ထိုအခါ ကရုဏာစိတ်ရှိသောမိတ်ဆွေများထံမှ အကူအညီလိုအပ်လာဖွယ်ရှိသည်။ “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏” ဟူ၍ သမ္မာကျမ်းစာဆို၏။ ထို့ကြောင့် အကူအညီတောင်းရန်၊ ရင်ဖွင့်ပြောဆိုရန်၊ ငိုချရန်မကြောက်ပါနှင့်။—သု. ၁၇:၁၇။
ပူဆွေးဝမ်းနည်းမှုမှာ ဆုံးပါးမှုအတွက် သာမန်ဖြစ်ရိုးဖြစ်စဉ် တုံ့ပြန်မှုဖြစ်သဖြင့် သင့်ပူဆွေးဝမ်းနည်းမှုကို အခြားသူများရှေ့ဖော်ပြခြင်းမှာ မတော်လျော်သောကိစ္စမဟုတ်ပါ။ သို့သော်အဖြေပေးရန်လိုအပ်သည့် နောက်ထပ်မေးခွန်းများရှိသေးသည်– ‘ပူဆွေးဝမ်းနည်းမှုနှင့်ဆက်၍ မည်သို့စခန်းသွားရမည်နည်း။ အပြစ်ရှိသည်ဟူသောခံစားချက်နှင့် ဒေါသဖြစ်သည့်ခံစားချက်တို့မှာ ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာလော။ အဆိုပါတုံ့ပြန်မှုများကို ကျွန်ုပ်မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ချစ်ရသူဆုံးပါးမှုနှင့် ပူဆွေးဝမ်းနည်းမှုတို့ကို ကြံ့ကြံ့ခံနိုင်အောင် အဘယ်အရာကကျွန်ုပ်အား ကူညီပေးနိုင်မည်နည်း။’ နောက်ဆက်တွဲအခန်းက ယင်းမေးခွန်းများနှင့် အခြားသောမေးခွန်းများကို အဖြေပေးပါလိမ့်မည်။
a သာဓကအနေနှင့် နိုင်ဂျီးရီးယားနိုင်ငံမှ ယိုရူဘာလူမျိုး၌ ဝိညာဉ်စိုးလ်ပြန်ဝင်စားသည့် ရိုးရာယုံကြည်မှုရှိသည်။ထို့ကြောင့် ကလေးတစ်ယောက်ဆုံးပါးသည့်အခါ မိခင်ဖြစ်သူသည် ခဏတစ်ဖြုတ်သာ အသည်းအထန်ပူဆွေးဝမ်းနည်းသည်။ အကြောင်းမှာ ယိုရူဘာသီချင်းတစ်ပုဒ်မှ ထပ်ကျော့ရသည့်အပိုဒ်တစ်ပိုဒ်၌ ဆိုသည့်အတိုင်း “ဖိတ်သွားသည့်အရာမှာ ရေသာဖြစ်သည်။ ဘူးတောင်းကွဲသွားခြင်းမဟုတ်ပါ။” ယိုရူဘာလူမျိုး၏ယုံကြည်ချက်အရ ရေထည့်သည့်ဘူးတောင်းဖြစ်သော မိခင်သည် ကလေးနောက်တစ်ယောက်ရနိုင်သည်—သေဆုံးသွားသည့်ကလေး ဝင်စားသောသူပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာအခြေအမြစ်မရှိသည့် မသေနိုင်သောဝိညာဉ်စိုးလ်နှင့် ဝင်စားခြင်းကဲ့သို့သော မှားယွင်းသည့်ယုံကြည်ချက်များမှ မြစ်ဖျားခံလာသည့် အယူသီးမှုများအပေါ် အခြေခံထားသော မည်သည့်ရိုးရာဓလေ့ထုံးစံကိုမျှ မလိုက်ကြပေ။—ဒေသနာ ၉:၅၊ ၁၀။ ယေဇကျေလ ၁၈:၄၊ ၂၀။