အခန်း လေး
အိမ်ထောင်တစ်ခုကို သင်မည်သို့ စီမံအုပ်ထိန်းနိုင်မည်နည်း
၁။ ယနေ့ အိမ်ထောင်တစ်ခုကို စီမံအုပ်ထိန်းခြင်းသည် အဘယ်ကြောင့် ခက်ခဲလှသနည်း။
“ဤလောက၏ပြကွက်သည် ပြောင်းလဲလျက်ရှိ၏။” (၁ ကောရိန္သု ၇:၃၁၊ ကဘ) လွန်ခဲ့သည့်နှစ်ပေါင်း ၁,၉၀၀ ကျော်ကရေးသားခဲ့သည့် ဤစကားများသည် ယနေ့ မည်မျှမှန်ကန်လှသည်တကား! အရာရာတိုင်းသည် ပြောင်းလဲလျက် ရှိ ၏။ အထူးသဖြင့် မိသားစုဘဝတွင် ပြောင်းလဲလျက်ရှိ၏။ လွန်ခဲ့သည့်နှစ်ပေါင်း ၄၀၊ ၅၀ ခန့်က သာမန်ရိုးရာအစဉ်အလာအဖြစ် သဘောထားခဲ့သည့်အရာများကို ယနေ့လက်မခံကြတော့ချေ။ ယင်းကြောင့် အိမ်ထောင်တစ်ခုကို အောင်မြင်စွာ စီမံအုပ်ထိန်းရန်ဆိုသည်မှာ ကြီးမားသည့်စိန်ခေါ်မှု ဖြစ်လာလေသည်။ သို့ပင်ငြားလည်း သမ္မာကျမ်းစာ၏ဆုံးမစကားကို လိုက်နာမည်ဆိုပါက ထိုစိန်ခေါ်မှုများကို သင်ရင်ဆိုင်နိုင်ပေသည်။
ဥစ္စာအင်ခွင်ကို အတိုင်းအဆနှင့်သုံးပါ
၂။ အဘယ်စီးပွားရေးအခြေအနေက မိသားစုတစ်ခုတွင် ဖိစီးမှုဒဏ်ဖြစ်စေသနည်း။
၂ ယနေ့ အများသောသူတို့သည် မိသားစုကိုအလေးထားသည့် ရိုးရိုးစင်းစင်းဘဝမျိုးနှင့် တင်းတိမ်ခြင်းမရှိတော့ချေ။ စီးပွားရေးလောကက ကုန်ပစ္စည်းအသစ်အဆန်းများထုတ်လုပ်၍ အများပြည်သူ မဝယ်ချင်ဝယ်ချင်လာအောင် ကြော်ငြာစွမ်းရည်ကို ကျွမ်းကျင်လိမ္မာစွာ အသုံးချလာသည်နှင့်အမျှ မိခင်ဖခင်ဖြစ်သူ သန်းပေါင်းများစွာတို့သည် ထိုကုန်ပစ္စည်းများကို ဝယ်ယူနိုင်ရေးအတွက် အချိန်များစွာအကုန်ခံ၍ အလုပ်လုပ်ကြသည်။ အခြားသန်းပေါင်းများစွာသောသူတို့မှာမူ ထမင်းနပ်မှန်အောင် စားနိုင်ရေးအတွက် တစ်ရက်ပြီးတစ်ရက် ရုန်းကန်လှုပ်ရှားနေရကြသည်။ ၎င်းတို့သည် စားဝတ်နေရေးသက်သက်အတွက် ယခင်ကထက်ပို၍ အချိန်များများ အလုပ်လုပ်ရကြသည်။ အလုပ်နှစ်ခုပင် လုပ်ကောင်းလုပ်ရကြသည်။ အခြားသူတို့မူကား အလုပ်လက်မဲ့ပြဿနာကြီးမားသောကြောင့် အလုပ်အကိုင်တစ်ခုရလျှင်ပင် ကျေနပ်ပျော်ရွှင်နေကြ၏။ မှန်ပါသည်၊ ယခုခေတ်မိသားစုများအဖို့ဘဝသည် အေးအေးဆေးဆေး သက်သက်သာသာ ရှိလှသည်မဟုတ်။ သို့သော် အခြေအနေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်ရန် ကျမ်းစာမူများက မိသားစုများကို အကူအညီပေးနိုင်ပါသည်။
၃။ အဘယ်အခြေခံမူကို တမန်တော်ပေါလု ရှင်းပြသနည်း။ ၎င်းကိုကျင့်သုံးခြင်းသည် အိမ်ထောင်တစ်ခုကို အောင်မြင်စွာစီမံအုပ်ထိန်းရာ၌ မည်သို့ထောက်ကူပေးနိုင်သနည်း။
၃ တမန်တော်ပေါလုသည် စီးပွားရေးကျပ်တည်းမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့ကိုကိုင်တွယ်ရာ၌ အဖိုးတန်သောသင်ခန်းစာတစ်ရပ်ကို သူရရှိခဲ့သည်။ မိတ်ဆွေတိမောသေထံ ရေးသားသည့်စာ၌ ၎င်းသင်ခန်းစာအကြောင်း ရှင်းပြထားသည်။ “ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း အဘယ်အရာကိုမျှ ယူ၍မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ သို့ဖြစ်၍ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့” ဟုပေါလုရေးသားခဲ့သည်။ (၁ တိမောသေ ၆:၇၊ ၈) မိသားစုသည် စားစရာနှင့် ဝတ်စရာသာ လိုအပ်သည်မဟုတ်။ နေစရာလည်းလိုအပ်သည်။ သားသမီးများလည်း ပညာရေးလိုအပ်သည်။ ဆေးဖိုးဝါးခနှင့် အခြားကုန်ကျစရိတ်များလည်း ရှိသေးသည်။ သို့နှင့်ပင် ပေါလု၏စကားများမှ အခြေခံမူသည် လက်တွေ့ကျပေသည်။ လိုချင်ရာများကိုကြိုးစားရှာဖွေမည့်အစား လိုအပ်ရာများနှင့်ကျေနပ်ရောင့်ရဲမည်ဆိုလျှင် ဘဝသည် အေးအေးဆေးဆေး သက်သက်သာသာ ရှိလာပေမည်။
၄၊ ၅။ ရှေ့ရေးကိုမြော်တွေး၍ ကြိုတင်အစီအစဉ်ရေးဆွဲခြင်းသည် အိမ်ထောင်ကိုစီမံအုပ်ထိန်းရာ၌ မည်သို့ထောက်ကူနိုင်သနည်း။
၄ အထောက်အကူပြုသည့် အခြားမူတစ်ခုကို ယေရှု၏ပုံဥပမာတစ်ခုတွင် တွေ့ရှိရသည်။ ကိုယ်တော်က “သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟုအကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည် မလောက်မည်ကိုသိခြင်းငှာ၊ ရှေ့ဦးစွာထိုင်၍ ကုန်စရိတ်ကိုမချင့်တွက်ဘဲ နေမည်လော” ဟုမိန့်တော်မူ၏။ (လုကာ ၁၄:၂၈) ဤတွင် ယေရှုက ရှေ့ရေးကိုမြော်တွေး၍ ကြိုတင်အစီအစဉ်ရေးဆွဲရန် မိန့်ဆိုနေခြင်းဖြစ်သည်။ ငယ်ရွယ်သောစုံတွဲအနေဖြင့် အိမ်ထောင်ပြုရန်စဉ်းစားသည့်အခါ၌ ဤအချက်က မည်သို့အထောက်အကူပြုကြောင်း ရှေ့အခန်း၌ ကျွန်ုပ်တို့တွေ့မြင့်ခဲ့ပြီးဖြစ်သည်။ အိမ်ထောင်ပြုပြီးနောက်၌လည်း ဤအချက်က အိမ်ထောင်တစ်ခုကို စီမံအုပ်ထိန်းရာ၌ အထောက်အကူပြုပေသည်။ ဤနေရာ၌ ရှေ့ရေးမြော်တွေးသည်ဆိုရာတွင် ဘတ်ဂျက်ထားရှိရန်၊ မိမိတို့၏ဥစ္စာအင်ခွင်ကို အမြော်အမြင်ရှိရှိသုံးစွဲရန် ကြိုတင်အစီအစဉ်ရေးဆွဲခြင်းပါဝင်သည်။ ဤနည်းအားဖြင့် မိသားစုသည် အသုံးစရိတ်ကိုထိန်းချုပ်၍ နေ့စဉ် သို့မဟုတ် အပတ်စဉ် လိုအပ်ရာများအတွက် ငွေကိုဖယ်ထားနိုင်မည်ဖြစ်ပြီး မိမိတို့၏ဥစ္စာအင်ခွင်ကိုကျော်လွန်၍ သုံးစွဲမည်မဟုတ်။
၅ အချို့တိုင်းပြည်များ၌ ဤသို့ဘတ်ဂျက်ထားခြင်းဆိုရာ၌ မလိုအပ်သည့်ပစ္စည်းများကိုဝယ်ယူရန် အတိုးကြီးပေး၍ ငွေချေးလိုသည့်အာသီသကို တွန်းလှန်ပစ်ခြင်းဟူ၍ အဓိပ္ပာယ်သက်ရောက်သည်။ အချို့တိုင်းပြည်များ၌မူ အကြွေးဝယ်ကတ်ကိုသုံးစွဲရာတွင် ချွန်းအုပ်ရမည်ဟူသော အဓိပ္ပာယ်သက်ရောက်သည်။ (သု. ၂၂:၇) လိုအပ်ချက်များနှင့် အကျိုးဆက်များကို ချင့်ချိန်စဉ်းစားခြင်းမပြုဘဲ စိတ်ကူးပေါက်သည်နှင့် ကောက်ကာငင်ကာ ဝယ်ခြမ်းတတ်သည့်စိတ်ရူးကို ခုခံတွန်းလှန်ရမည်ဟူသော အဓိပ္ပာယ်လည်းရသည်။ ထို့ပြင်၊ ဘတ်ဂျက်ထားခြင်းဖြင့် လောင်းကစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အလွန်အကျွံ သောက်စားခြင်းအစရှိသည့် တစ်ကိုယ်ကောင်းဆန်ဆန် ငွေကြေးဖြုန်းတီးခြင်းတို့သည် မိသားစု၏စီးပွားရေးအခြေအနေကို ထိခိုက်ပျက်စီးစေသည်သာမက ကျမ်းစာမူများကိုလည်း ဆန့်ကျင်ရာရောက်ကြောင်း ပေါ်လွင်ထင်ရှားလာစေမည်။—သု. ၂၃:၂၀၊ ၂၁၊ ၂၉-၃၅; ရောမ ၆:၁၉; ဧဖက် ၅:၃-၅။
၆။ ဆင်းရဲချို့ငဲ့စွာနေထိုင်ရသူတို့အား အဘယ်ကျမ်းစာအမှန်တရားများက ထောက်မအားပေးသနည်း။
၆ သို့သော်၊ ဘဝပေးအခြေအနေကြောင့် ဆင်းရဲချို့ငဲ့စွာနေထိုင်ရသူတို့ကော မည်သို့ပြုရမည်နည်း။ တစ်ချက်အနေနှင့် ဤကမ္ဘာ့ပြဿနာသည် ခေတ္တခဏမျှသာတည်ရှိကြောင်း သိရှိခြင်းဖြင့် နှစ်သိမ့်အားယူနိုင်ကြသည်။ လျင်မြန်စွာချဉ်းကပ်လျက်ရှိသည့် ကမ္ဘာသစ်တွင် ယေဟောဝါဘုရားသခင်သည် လူသားတို့အား စိတ်ဆင်းရဲမှုဖြစ်စေသည့် အခြားသောအနိဋ္ဌာရုံရှိသမျှနှင့်တကွ ဆင်းရဲမွဲတေခြင်းကို ပယ်ရှင်းတော်မူလတ္တံ့။ (ဆာလံ ၇၂:၁၊ ၁၂-၁၆) ဤစပ်ကြားကာလ၌ စစ်မှန်သောခရစ်ယာန်တို့သည် အလွန်တရာ ဆင်းရဲနွမ်းပါးသည့်တိုင်အောင် စိတ်ပျက်အားငယ်ကြမည်မဟုတ်။ “ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား” ဟူသော ယေဟောဝါ၏ကတိတော်ကို ယုံကြည်ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူတစ်ဦးအနေဖြင့် “ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍၊ . . . ငါမကြောက်” ဟုယုံကြည်စိတ်ချစွာ ပြောဆိုနိုင်ပေသည်။ (ဟေဗြဲ ၁၃:၅၊ ၆) ဤခဲယဉ်းသောနေ့ရက်များအတွင်း ယေဟောဝါသည် မိမိ၏အခြေခံမူများအတိုင်း သက်ရှင်နေထိုင်၍ အသက်တာတွင် မိမိ၏နိုင်ငံတော်ကို ရှေးဦးထားသော ကိုးကွယ်သူတို့ကို နည်းမျိုးစုံဖြင့် ထောက်မတော်မူ၏။ (မဿဲ ၆:၃၃) သူတို့ထဲမှ များစွာသောသူတို့က တမန်တော်ပေါလု၏ အောက်ပါစကားအတိုင်း ပြောဆိုလျက် သက်သေထွက်ဆိုနိုင်ကြသည်– “ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကိုခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌သင်မိပြီ။ ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုကို ငါတတ်စွမ်းနိုင်၏။”—ဖိလိပ္ပိ ၄:၁၂၊ ၁၃။
ဝန်ထုပ်ကို မျှဝေထမ်းရွက်ခြင်း
၇။ ယေရှု၏အဘယ်သြဝါဒစကားကို လိုက်နာကျင့်သုံးလျှင် အိမ်ထောင်ကိုအောင်မြင်စွာ စီမံအုပ်ထိန်းရာတွင် အထောက်အကူပြုမည်နည်း။
၇ ယေရှုသည် မိမိ၏ မြေကြီးဆိုင်ရာဓမ္မအမှုတော် ပြီးစီးခါနီးတွင် “ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်လော့” ဟူ၍မိန့်တော်မူ၏။ (မဿဲ ၂၂:၃၉) မိသားစုတွင် ဤဆုံးမစကားကို လိုက်နာကျင့်သုံးလျှင် အိမ်ထောင်စီမံအုပ်ထိန်းရာတွင် ကြီးစွာအကျိုးပြုသည်။ အားလုံးခြုံကြည့်လျှင် မိသားစုတစ်စုအဖြစ် အတူတကွနေထိုင်ကြသည့် လင်နှင့်မယား၊ မိဘနှင့်သားသမီးတို့သည် အရင်းနှီးဆုံးနှင့် အချစ်ခင်ဆုံးစပ်ဆိုင်သူများပင် မဟုတ်ပေလော။ မိသားစုဝင်များအနေဖြင့် အချင်းချင်း မည်သို့မေတ္တာပြနိုင်ကြသနည်း။
၈။ မိသားစုအတွင်း မည်သို့မေတ္တာပြနိုင်သနည်း။
၈ တစ်နည်းမှာ မိသားစုဝင်တစ်ဦးစီအနေနှင့် အိမ်မှုကိစ္စများကို မျှမျှတတ ခွဲဝေထမ်းဆောင်ခြင်းဖြစ်သည်။ ဤသို့ဖြစ်စေရန် သားသမီးများအား ပစ္စည်းတစ်ခုခု၊ အဝတ်အစားဖြစ်ဖြစ်၊ ကစားစရာဖြစ်ဖြစ် အသုံးပြုပြီးလျှင် သူ့နေရာနှင့်သူ ပြန်ထားတတ်အောင် သင်ပေးရန်လိုသည်။ နံနက်အိပ်ရာထတိုင်း အိပ်ရာသိမ်းရသည်မှာ အချိန်နှင့်လုံ့လစိုက်ရသော်လည်း ၎င်းသည် အိမ်ထောင်စီမံထိန်းသိမ်းရာတွင် ကြီးမားသောအထောက်အကူတစ်ရပ်ဖြစ်သည်။ ခေတ္တယာယီ ကစဉ့်ကရဲဖြစ်မှု အသေးအမွှားလေးများကို ရှောင်၍မရသည်မှာမှန်သော်လည်း အိမ်ကိုသပ်သပ်ရပ်ရပ်ရှိအောင်၊ ထမင်းစားပြီးနောက် သိမ်းဆည်းဆေးကြောရန် အားလုံးတက်ညီလက်ညီ လုပ်ဆောင်နိုင်ကြသည်။ ပျင်းရိခြင်း၊ စိတ်အလိုလိုက်ခြင်း၊ ငြူငြူစူစူနှင့် အင်တင်တင် လုပ်တတ်သည့်သဘောတို့သည် အိမ်သားတိုင်းအပေါ် အနုတ်လက္ခဏာအကျိုး သက်ရောက်စေတတ်သည်။ (သု. ၂၆:၁၄-၁၆) တစ်ဖက်တွင် ကြည်လင်ရွှင်ပျ၍ စိတ်ပါလက်ပါ လုပ်ကိုင်တတ်သည့်သဘောသည် ပျော်ရွှင်ချမ်းမြေ့သည့် မိသားစုဘဝကို ကြီးပွားရင့်သန်စေတတ်သည်။ “ဘုရားသခင်သည် ရွှင်လန်းစွာပေးကမ်းသူကို နှစ်သက်တော်မူ၏။”—၂ ကောရိန္သု ၉:၇၊ သမ။
၉၊ ၁၀။ (က) အိမ်ရှင်မဖြစ်သူအပေါ်တွင် များသောအားဖြင့် အဘယ်ဝန်ထုပ် တင်လျက်ရှိသနည်း။ ၎င်းဝန်ထုပ်ကို မည်သို့ပေါ့ပါးအောင် လုပ်နိုင်သနည်း။ (ခ) အိမ်မှုကိစ္စနှင့်ပတ်သက်၍ အဘယ်မျှတသောအမြင်ရှိရန် အကြံပြုထားသနည်း။
၉ မေတ္တာနှင့်ထောက်ထားစာနာမှုတို့သည် အချို့အိမ်ထောင်များတွင် ကြီးမားသည့်ပြဿနာဖြစ်နေသော အခြေအနေတစ်ရပ်ကို ရှောင်လွဲစေနိုင်သည်။ မိခင်ဖြစ်သူတို့သည် အစဉ်အလာအားဖြင့် မိသားစုဘဝ၏ အဓိကမဏ္ဍိုင်ဖြစ်သည်။ သူတို့သည် သားသမီးပြုစုခြင်း၊ အိမ်သန့်ရှင်းခြင်း၊ လျှော်ဖွပ်ခြင်း၊ ဝယ်ခြမ်းချက်ပြုတ်ခြင်းတို့ကို လုပ်ဆောင်ရကြသည်။ အချို့တိုင်းပြည်များ၌ အမျိုးသမီးများသည် လယ်ယာစိုက်ပျိုးခြင်း၊ ထွက်ရှိသည့်သီးနှံများကို စျေးတွင်ရောင်းချခြင်း၊ မိသားစုဘတ်ဂျက်ကို တစ်နည်းနည်းဖြင့် ထောက်ကူရသည်မှာလည်း ထုံးစံလိုဖြစ်နေသည်။ ယခင်က ဤသို့ထုံးစံမရှိခဲ့သည့်ဒေသများ၌ပင် အခြေအနေအရ အိမ်ထောင်သည်အမျိုးသမီး သန်းပေါင်းများစွာသည် အိမ်ပြင်ထွက်၍ အလုပ်အကိုင် ရှာဖွေလုပ်ကိုင်လာကြရသည်။ ဤသို့ အဘက်ဘက်မှကြိုးစားပမ်းစား လုပ်ကိုင်ကြသော အိမ်ထောင်ရှင်အမျိုးသမီး သားသည်မိခင်တို့ကို ချီးမွမ်းထိုက်ပေသည်။ ကျမ်းစာ၌ဖော်ပြသည့် “စွမ်းရည်ရှိသောမယား” ကဲ့သို့ သူသည် လုံ့လဝီရိယနှင့်ပြည့်စုံ၍ “ပျင်းရိခြင်းအစာကို မစားတတ်။” (သု. ၃၁:၁၀၊ ၂၇ ကဘ) သို့သော်၊ အိမ်မှုကိစ္စများကို အမျိုးသမီးကသာ လုပ်ဆောင်ရမည်ဟု မဆိုလိုပါ။ လင်မယားနှစ်ဦးစလုံး အပြင်ထွက်၍ တစ်နေကုန် အလုပ်လုပ်ကိုင်ကြပြီးနောက် ခင်ပွန်းနှင့်ကျန်သူတို့က အနားယူကြစဉ် ဇနီးဖြစ်သူတစ်ဦးတည်းက အိမ်အလုပ်ရှိသမျှကို ဒိုင်ခံလုပ်လျှင် သင့်တော်ပါမည်လော။ လုံးဝသင့်တော်မည်မဟုတ်။ (၂ ကောရိန္သု ၈:၁၃-၁၅ နှိုင်းယှဉ်။) ထို့ကြောင့်၊ မိခင်ဖြစ်သူက ထမင်းဟင်းချက်ပြုတ်နေလျှင် အခြားအိမ်သားများက ထမင်းပွဲပြင်ဆင်ခြင်း၊ စျေးဝယ်ခြမ်းခြင်း၊ အိမ်တွင်းအိမ်ပြင်သန့်ရှင်းရေး လုပ်ဆောင်ကြမည်ဆိုလျှင် သူအလွန်ကျေးဇူးတင်ပေမည်။ မှန်ပါသည်၊ တစ်အိမ်သားလုံး တာဝန်ကိုမျှယူနိုင်ပေသည်။—ဂလာတိ ၆:၂ နှိုင်းယှဉ်။
၁၀ “ကျုပ်တို့အရပ်မှာ ဒီအလုပ်မျိုးတွေကို ယောက်ျားတွေ လုပ်လေ့မရှိဘူး” ဟူ၍ အချို့သူတို့ပြောကြမည်။ မှန်ကောင်းမှန်မည်ဖြစ်သော်လည်း ဤကိစ္စကို အနည်းအကျဉ်း ထည့်သွင်းစဉ်းစားလျှင် မကောင်းပေလော။ မိသားစုကို ယေဟောဝါဘုရားသခင်တည်စက မည်သည့်အလုပ်ကို အမျိုးသမီးများကသာ လုပ်ဆောင်ရမည်ဟု ပြဋ္ဌာန်းခြင်းမပြုခဲ့ပါ။ တစ်ခါက သစ္စာရှိသောအမျိုးသား အာဗြဟံထံသို့ ယေဟောဝါစေလွှတ်တော်မူသော အထူးစေတမန်များ ရောက်ရှိလာသည့်အခါ သူသည် ဧည့်သည်တော်များအတွက် စားသောက်ဖွယ်ရာများကို ပြင်ဆင်ကျွေးမွေးရာ၌ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည်။ (ကမ္ဘာဦး ၁၈:၁-၈) “ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းကို ချစ်ရကြမည်” ဟူ၍ ကျမ်းစာက ဆုံးမထားသည်။ (ဧဖက် ၅:၂၈) တစ်နေ့တာ ကုန်ဆုံးသည့်အခါ၌ ခင်ပွန်းဖြစ်သူသည် မောပန်းသဖြင့် အနားယူချင်စိတ်ရှိခဲ့သော် ဇနီးဖြစ်သူသည်လည်း ထပ်တူစိတ်ဆန္ဒမျိုး ရှိမည်မဟုတ်လော။ ထိုထက်ပင် ပိုကောင်းပိုမည်။ (၁ ပေတရု ၃:၇) သို့ဖြစ်သောကြောင့် ခင်ပွန်းဖြစ်သူအနေဖြင့် အိမ်မှုကိစ္စများကို ဝိုင်းဝန်းကူညီပေးလျှင် မေတ္တာပြရာ၊ လျော်ကန်ရာ မကျပေလော။—ဖိလိပ္ပိ ၂:၃၊ ၄။
၁၁။ ယေရှုသည် အိမ်သူအိမ်သားတစ်ဦးစီအတွက် မည်သည့်နည်းဖြင့် စံနမူနာကောင်း ထားတော်မူသနည်း။
၁၁ ယေရှုသည် ဘုရားသခင်၏ စိတ်တော်နှင့်တွေ့၍ အပေါင်းအသင်းတို့အား စိတ်ပျော်ရွှင်မှုပေးရာ၌ အကောင်းဆုံးစံနမူနာရှင် ဖြစ်တော်မူ၏။ ယေရှုသည် အိမ်ထောင်သည်မဟုတ်သော်လည်း ခင်ပွန်းဖြစ်သူတို့အဖို့သာမက ဇနီးနှင့်သားသမီးဖြစ်သူတို့အဖို့ပါ စံနမူနာကောင်း ဖြစ်တော်မူ၏။ မိမိအကြောင်းနှင့်ပတ်သက်၍ကိုယ်တော်က “လူသားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာ . . . ကြွလာသည်” ဟုမိန့်တော်မူ၏။ (မဿဲ ၂၀:၂၈) အိမ်သူအိမ်သားအားလုံး ဤသို့သောစိတ်သဘောမျိုးကို ပြုစုပျိုးထောင်ကြသည့် မိသားစုများသည် မည်မျှကြည်နူးပျော်ရွှင်ဖွယ် ကောင်းမည်တကား!
သန့်ရှင်းစင်ကြယ်ခြင်း—အဘယ်ကြောင့်ဤမျှအရေးကြီးသနည်း
၁၂။ ယေဟောဝါသည် မိမိအားဝတ်ပြုကိုးကွယ်သူတို့ထံမှ အဘယ်အရာတောင်းဆိုတော်မူသနည်း။
၁၂ အိမ်ထောင်ကိုစီမံအုပ်ထိန်းရာ၌ အထောက်အကူပြုသည့် အခြားကျမ်းစာမူတစ်ရပ်ကို ၂ ကောရိန္သု ၇:၁ တွင်တွေ့ရသည်။ “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေး ရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေ . . . ကြကုန်အံ့” ဟူ၍ ထိုတွင်ဖတ်ရ၏။ ဤမှုတ်သွင်းခံစကားများကို လိုက်နာသူတို့အား ယေဟောဝါ နှစ်သက်လက်ခံတော်မူ၏။ ကိုယ်တော်သည် “စင်ကြယ်သန့်ရှင်းသော ကိုးကွယ်မှု” ကိုတောင်းဆိုတော်မူ၏။ (ယာကုပ် ၁:၂၇၊ ကဘ) သူတို့၏အိမ်ထောင်လည်း အကျိုးကျေးဇူးများစွာ ခံစားရသည်။
၁၃။ အိမ်ထောင်ကိုစီမံအုပ်ထိန်းရာ၌ စင်ကြယ်သန့်ရှင်းမှုသည် အဘယ်ကြောင့် အရေးကြီးသနည်း။
၁၃ သာဓကအနေနှင့် ကျမ်းစာက ရောဂါနှင့်အဖျားအနာ မရှိတော့သည့်အခါသမယရောက်ရှိလာမည်ဟု အသေအချာဆိုထားသည်။ ထိုအချိန်ကျလျှင် “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။” (ဟေရှာယ ၃၃:၂၄; ဗျာဒိတ် ၂၁:၄၊ ၅) သို့သော်၊ လောလောဆယ်၌ မိသားစုတိုင်းသည် ဖျားနာမှုများကို ရံဖန်ရံခါ ကိုင်တွယ်ဖြေရှင်းနေရဦးမည်။ ပေါလုနှင့်တိမောသေတို့ပင် ဖျားကြနာကြ၏။ (ဂလာတိ ၄:၁၃; ၁ တိမောသေ ၅:၂၃) သို့ပင်ငြားလည်း ဖျားနာမှုအများမှာ ကာကွယ်တားဆီး၍ရသည်ဟု ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတို့က ဆိုကြသည်။ အမြော်အမြင်ရှိသည့် မိသားစုတို့အနေဖြင့် ကာယအညစ်အကြေး၊ ဝိညာဉ်အညစ်အကြေးတို့ကို ရှောင်ကြဉ်ကြမည်ဆိုလျှင် ကာကွယ်တားဆီး၍ရသော အဖျားအနာအချို့မှ ကင်းဝေးနိုင်ကြ၏။ မည်သို့ကင်းဝေးနိုင်သည်ကို ကြည့်ကြပါစို့။—သု. ၂၂:၃ နှိုင်းယှဉ်။
၁၄။ ကိုယ်ကျင့်တရားသန့်ရှင်းမှုသည် အဘယ်နည်းဖြင့် မိသားစုကို ဖျားနာမှုမှ ကာကွယ်ပေးနိုင်သနည်း။
၁၄ ဝိညာဉ်ရေးသန့်ရှင်းမှုတွင် ကိုယ်ကျင့်တရားသန့်ရှင်းမှုလည်းပါဝင်သည်။ အများသိကြသည့်အတိုင်း ကျမ်းစာသည် မြင့်မားသည့်ကိုယ်ကျင့်တရားစံနှုန်းများကို မြှင့်တင်ပြီး အိမ်ထောင်ပြင်ပဖောက်ပြားမှု မှန်သမျှကိုရှုတ်ချသည်။ “မတရားသောမေထုန်၌ မှီဝဲသောသူ၊ . . . သူ့မယားကို ပြစ်မှားသောသူ၊ ယောက်ျားချင်း မေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ . . . တို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။” (၁ ကောရိန္သု ၆:၉၊ ၁၀) အကျင့်ယိုယွင်းသော ယနေ့လောကအတွင်း အသက်ရှင်လျက်ရှိသည့် ခရစ်ယာန်များအဖို့ တင်းကျပ်သောဤစံနှုန်းများကို စောင့်ထိန်းလိုက်နာရန် အလွန်အရေးကြီးလှပေသည်။ ဤသို့စောင့်ထိန်းလျှင် ဘုရားသခင့်စိတ်တော်နှင့်တွေ့သည့်အပြင် မိမိ၏မိသားစုကို လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများဖြစ်သည့် အေအိုင်ဒီအက်စ်၊ ဆစ်ဖလစ်၊ ဂနိုနှင့် ကလာမီးဒီးယား (chlamydia) ရောဂါများမှလည်း ကာကွယ်ပေးနိုင်သည်။—သု. ၇:၁၀-၂၃။
၁၅။ ကိုယ်ကာယသန့်ရှင်းမှုမရှိခြင်းကြောင့် မလိုအပ်သောနေထိုင်မကောင်းမှု ဖြစ်စေနိုင်ကြောင်း သာဓကတစ်ခုပြပါ။
၁၅ ‘ကိုယ်ခန္ဓာ၏အညစ်အကြေး ရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေ’ ခြင်းဖြင့် မိသားစုကို အခြားသောဖျားနာမှုများမှ ကာကွယ်ပေးနိုင်သည်။ ရောဂါအများမှာ ကိုယ်ကာယသန့်ရှင်းမှုမရှိ၍ ဖြစ်ရသည်။ ထင်ရှားသည့်သာဓကတစ်ခုမှာ ဆေးလိပ်သောက်ခြင်းအကျင့်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည် အဆုတ်၊ အဝတ်အစားနှင့် လေထုတို့ကိုသာ ညစ်ညမ်းပျက်စီးစေသည်မဟုတ်ဘဲ လူကိုပါ နေထိုင်မကောင်းဖြစ်စေသည်။ ဆေးလိပ်သောက်ခြင်းကြောင့် နှစ်စဉ် လူသန်းနှင့်ချီ၍ သေဆုံးကြရသည်။ ဤအချက်ကို စဉ်းစားကြည့်လိုက်ပါ၊ လူတို့ကသာ ‘ကိုယ်ကာယအညစ်အကြေး’ ကိုရှောင်ကြဉ်ခဲ့ကြမည်ဆိုလျှင် နှစ်စဉ် သန်းပေါင်းများစွာသောသူတို့သည် နေမကောင်းဖြစ်ပြီး အချိန်မတိုင်မီ သေဆုံးခဲ့ကြမည်မဟုတ်။
၁၆၊ ၁၇။ (က) ယေဟောဝါပေးတော်မူသည့် အဘယ်ပညတ်က ဣသရေလလူမျိုးကို အချို့သောဖျားနာမှုများမှ ကင်းဝေးစေသနည်း။ (ခ) တရားဟောရာ ၂၃:၁၂၊ ၁၃ ၏နောက်ကွယ်မှမူကို အိမ်ထောင်အားလုံးတွင် မည်သို့ကျင့်သုံးနိုင်သနည်း။
၁၆ သာဓကနောက်တစ်ခုကို သုံးသပ်ကြည့်ပါ။ လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်က ဘုရားသခင်သည် ဣသရေလလူမျိုး၏ ကိုးကွယ်ဝတ်ပြုမှုကို စီစဉ်ဖွဲ့စည်း၍ သူတို့၏နေ့စဉ်အသက်တာကို အတိုင်းအတာတစ်ခုအထိ စည်းရုံးဆောင်ရွက်ရေးအတွက် သူတို့အား ပညတ်တရားကို ပေးတော်မူ၏။ ပညတ်တရားက တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အခြေခံစည်းမျဉ်းအချို့ ချမှတ်ပေးခြင်းအားဖြင့် ဣသရေလလူမျိုးကို အနာရောဂါများမှ ကင်းဝေးစေခဲ့သည်။ ပညတ်ချက်တစ်ခုက လူ့မစင်စွန့်ခြင်းနှင့်သက်ဆိုင်သည်။ လူနေဒေသကို ညစ်ညမ်းခြင်းမရှိစေရန် လူနေစခန်းနှင့်ဝေးရာတွင် မစင်ကို မြေကြီးဖြင့် စနစ်တကျ ဖုံးအုပ်ရသည်။ (တရားဟောရာ ၂၃:၁၂၊ ၁၃) ဤရှေးပညတ်သည် ယနေ့ထက်တိုင် လက်တွေ့ကျသော အကြံဉာဏ်ကောင်းဖြစ်သည်။ ဤအကြံပေးချက်အတိုင်း မလိုက်နာကြသောကြောင့် ယနေ့၌လည်း လူတို့ဖျားနာသေဆုံးနေကြသည်။a
၁၇ ဣသရေလပညတ်တရား၏ နောက်ကွယ်မှမူနှင့်အညီ မိသားစုရေချိုးခန်းနှင့်အိမ်သာ—အိမ်တွင်း၌ဖြစ်စေ၊ အိမ်ပြင်၌ဖြစ်စေ—ကို သန့်သန့်ရှင်းရှင်းထား၍ မှန်မှန်ပိုးသတ်ပေးသင့်သည်။ အိမ်သာကို သန့်သန့်ရှင်းရှင်းနှင့် ဖုံးအုပ်ထားခြင်းမရှိပါက ယင်တလောင်းလောင်းနှင့်စုဝေး၍ အိမ်တွင်းနေရာအနှံ့သာမက စားသောက်သည့်အစားအစာများအပေါ်သို့ပင် ရောဂါပိုးမွှားများကို ပြန့်ပွားစေမည်။ ထို့ပြင် ကလေးလူကြီးအားလုံး အိမ်သာတက်ပြီးတိုင်း လက်ကိုစင်ကြယ်စွာ ဆေးကြောသင့်သည်။ သို့မဟုတ်ပါက သူတို့နှင့်အတူ ရောဂါပိုးမွှားများ ပါလာပေမည်။ ပြင်သစ်ဆရာဝန်တစ်ဦး၏အဆိုအရ လက်ဆေးခြင်းသည် “အစာခြေချက်ခြင်း၊ အသက်ရှူလမ်းကြောင်းနှင့် အရေပြားဆိုင်ရာ ကူးစက်ရောဂါ တော်တော်များများကို တားဆီးကာကွယ်နိုင်သည့် အကောင်းဆုံးအာမခံချက်အဖြစ် တည်ရှိဆဲဖြစ်သည်။”
၁၈၊ ၁၉။ ဆင်းရဲသောရပ်ကွက်၌ပင် အိမ်ကိုသန့်သန့်ရှင်းရှင်းထားရန် အဘယ်အကြံဉာဏ်များ ပေးထားသနည်း။
၁၈ ဆင်းရဲသောရပ်ကွက်တွင် သန့်ရှင်းစင်ကြယ်စွာနေထိုင်ခြင်းသည် စိန်ခေါ်ချက်တစ်ရပ် အမှန်ပင်ဖြစ်သည်။ ထိုသို့သောအရပ်ဒေသများနှင့် ကျွမ်းဝင်သူတစ်ဦးက ဤသို့ရှင်းပြ၏– “မခံမရပ်နိုင်အောင် ပူပြင်းသောရာသီဥတုကြောင့် သန့်ရှင်းရေးလုပ်ရသည်မှာ အလွန်တရာခက်ခဲလှသည်။ သဲမုန်တိုင်းကြောင့် အိမ်တွင်းရှိ အက်ကြောင်းကွဲကြောင်းမှန်သမျှသည် အညိုရောင်ဖုန်မှုန့်များဖြင့် ပြည့်လျက်ရှိသည်။ . . . မြို့ကြီးများနှင့် ကျေးလက်တောရွာဒေသအချို့တွင် လူဦးရေတိုးပွားခြင်းကြောင့်လည်း ကျန်းမာရေးအန္တရာယ်များကို ဖြစ်ပွားစေသည်။ ပေါက်နေသည့်မိလ္လာပိုက်များ၊ စုပုံနေသည့်အမှိုက်ပုံများ၊ ညစ်ပတ်သော အများသုံးအိမ်သာများ၊ ရောဂါပိုးသယ်ဆောင်သည့်ကြွက်များ၊ ပိုးဟပ်များနှင့်ယင်များသည် မမြင်ချင်အဆုံး မြင်နေရသည်။”
၁၉ ဤသို့သောအခြေအနေမျိုး၌ သန့်ရှင်းစင်ကြယ်စွာနေထိုင်ရန်မှာ မလွယ်ကူပေ။ သို့ဖြစ်စေကာမူ ပင်ပန်းရကျိုးနပ်ပါသည်။ ဆပ်ပြာ၊ ရေနှင့်အပိုလုပ်အားအနည်းငယ်သည် ဆေးဖိုးဝါးခနှင့် ဆေးရုံတက်ရသည့်စရိတ်ထက် များစွာသက်သာပါသည်။ အကယ်၍ ဤသို့သောပတ်ဝန်းကျင်မျိုးတွင် နေထိုင်ရပါက မိမိနေအိမ်နှင့်ခြံဝင်းကို အတတ်နိုင်ဆုံး သန့်သန့်ရှင်းရှင်းထား၍ တိရစ္ဆာန်မစင်များနှင့် ကင်းစင်အောင်ထားပါ။ အိမ်ထဲသို့ဝင်သည့်လမ်းသည် မိုးရာသီတွင် ရွှံ့ဗွက်ထပါက အိမ်ထဲသို့ ရွှံ့ပါမလာရအောင် ကျောက်စရစ်ခဲများ ခင်းနိုင်ပါသလော။ ဖိနပ်စီးပါက အိမ်ထဲသို့မဝင်မီ ဖိနပ်ကိုချွတ်ပစ်နိုင်သလော။ ၎င်းပြင် ရေဖြန့်ဝေရာနေရာကိုလည်း ညစ်ညမ်းမှုမရှိအောင် ထားရမည်။ ခန့်မှန်းချက်အရ အနည်းဆုံး နှစ်စဉ်လူနှစ်သန်းသည် ညစ်ညမ်းသောရေနှင့် သန့်ရှင်းရေးညံ့ဖျင်းမှုနှင့် ဆက်နွှယ်သည့်ရောဂါများကြောင့် သေဆုံးနေကြသည်။
၂၀။ နေအိမ်ကို သန့်သန့်ရှင်းရှင်း ထားရှိလိုပါက တာဝန်ကို မည်သူတို့မျှယူရမည်နည်း။
၂၀ အိမ်တစ်အိမ်၏ သန့်ရှင်းစင်ကြယ်မှုသည် မိခင်၊ ဖခင်၊ သားသမီးများနှင့် ဧည့်သည်အားလုံးပေါ်တွင် မူတည်သည်။ ကင်ညာနိုင်ငံမှ ကလေးရှစ်ယောက်မိခင်တစ်ဦးက “အိမ်သားအားလုံးက သူတို့တာဝန်ကို သူတို့ကျေပွန်ကြတယ်” ဟုဆိုသည်။ သန့်ရှင်းသပ်ရပ်သည့်အိမ်တစ်ဆောင်သည် မိသားစုတစ်ခုလုံး၏ဂုဏ်ရောင်ကို ထွန်းပြောင်စေသည်။ “ဆင်းရဲခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်းကြားတွင် ဆန့်ကျင်ခြင်းသဘောမရှိ” ဟူ၍ စပိန်စကားပုံတစ်ခုကဆို၏။ အိမ်ကြီးရခိုင်နှင့်ပင်နေနေ၊ တိုက်ခန်းနှင့်ပင်နေနေ၊ ရိုးရိုးကုပ်ကုပ်အိမ်မျိုးနှင့်ပင်နေနေ၊ တဲကုပ်နှင့်ပင်နေနေ သန့်ရှင်းစင်ကြယ်မှုသည် မိသားစုကျန်းမာရေးအတွက် သော့ချက်ပင်ဖြစ်သည်။
အားပေးမှုက ကျွန်ုပ်တို့ကို အောင်မြင်ကြီးပွားစေသည်
၂၁။ နယပုံပြင်ကျမ်း ၃၁:၂၈၊ ၂၉ နှင့်အညီ အဘယ်အရာက အိမ်ထောင်တစ်ခု၏ပျော်ရွှင်မှုကို တိုးပွားစေမည်နည်း။
၂၁ နယပုံပြင်ကျမ်း၌ စွမ်းရည်ရှိသောဇနီးအကြောင်း ဆွေးနွေးတင်ပြရာ၌ “သူ၏သားသမီးတို့သည်ထ၍ အမိကိုကောင်းချီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း . . . သူ့ကိုချီးမွမ်းတတ်၏” ဟုဆိုထားသည်။ (သု. ၃၁:၂၈၊ ၂၉) သင့်မိသားစုဝင်တစ်ဦးဦးကို မည်သည့်အချိန်က နောက်ဆုံးအကြိမ် ချီးမွမ်းခဲ့သနည်း။ အမှန်မှာ ကျွန်ုပ်တို့သည် အနွေးဓာတ်နှင့် အစိုဓာတ်ရရှိလျှင် ဖူးပွင့်ဝေဆာလာမည့် နွေဦးရာသီအပင်များနှင့်တူကြသည်။ ကျွန်ုပ်တို့မူ ချီးကျူးမှုတည်းဟူသော အနွေးဓာတ်ကိုလိုအပ်သည်။ ခင်ပွန်း၏ချီးကျူးမှုကြောင့် မိမိ၏ ပင်ပင်ပန်းပန်းလုပ်ဆောင်မှုနှင့် ကြင်နာယုယမှုတို့ကို ခင်ပွန်းဖြစ်သူ လေးမြတ်တန်ဖိုးထားကြောင်း၊ မိမိကိုအရေးမထားဘဲမနေကြောင်း ဇနီးဖြစ်သူ သိမြင်အောင်ထောက်ကူပေးသည်။ (သု. ၁၅:၂၃;၂၅:၁၁) ဇနီးဖြစ်သူအနေဖြင့် ခင်ပွန်းဖြစ်သူ အိမ်တွင်းအိမ်ပြင်လုပ်ဆောင်မှုအတွက် ချီးကျူးပေးလျှင်လည်း နှစ်လိုသာယာဖွယ်ကောင်းသည်။ သားသမီးများသည်လည်း အိမ်၊ ကျောင်း၊ သို့မဟုတ် ခရစ်ယာန်အသင်းတော်တွင် သူတို့၏ကြိုးစားမှုကို မိဘတို့က ချီးမွမ်းပေးလျှင် ဖွံ့ ဖြိုးကြီးပွားကြသည်။ ကျေးဇူးတင်စကား တစ်ခွန်းနှစ်ခွန်းလေးသည် မည်မျှတာသွားလှသည်တကား! “ကျေးဇူးတင်ပါတယ်” ဟုပြောရန် မည်မျှကုန်ကျသနည်း။ မဆိုစလောက်သာကုန်ကျသော်လည်း မိသားစု၏စိတ်ဓာတ်အပေါ် သက်ရောက်သည့်အကျိုးမှာမူ ကြီးမားလှပေသည်။
၂၂။ အိမ်ထောင်တစ်ခု “ခိုင်မြဲစေ” ရန် အဘယ်အရာလိုအပ်သနည်း။ ယင်းကိုမည်သို့ ရယူနိုင်သနည်း။
၂၂ အိမ်ထောင်တစ်ခုကို စီမံအုပ်ထိန်းရသည်မှာ အကြောင်းအမျိုးမျိုးကြောင့် လွယ်ကူလှသည်မဟုတ်။ သို့တိုင်အောင် အောင်မြင်စွာ လုပ်ဆောင်နိုင်ပါသည်။ နယပုံပြင်ကျမ်းတစ်ချက်က ဤသို့ဆို၏– “ဉာဏ်ပညာအားဖြင့် အိမ်ထောင်ကိုတည်ဆောက်၍ ပိုင်းခြားသိမြင်ဉာဏ်အားဖြင့် တည်မြဲစေရာ၏။” (သု. ၂၄:၃၊ ကဘ) မိသားစုအားလုံးက ဘုရားသခင့်အလိုတော်ကို ကြိုးစားသင်ယူ၍ အသက်တာတွင် လက်တွေ့ကျင့်သုံးကြမည်ဆိုလျှင် ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်ဉာဏ်တို့ကို ရရှိနိုင်မည်ဖြစ်သည်။ ပျော်ရွှင်ချမ်းမြေ့သည့်မိသားစု ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ်ရကျိုး မုချနပ်ပေသည်။
a နို့စို့ကလေးအများအပြားကို သေဆုံးစေသည့် သာမန်ရောဂါတစ်မျိုးဖြစ်သော ဝမ်းလျှောရောဂါမှကင်းဝေးရေး အကြံပေးထားသည့် လက်စွဲစာအုပ်တစ်အုပ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဤသို့ဖော်ပြထားသည်– “တွင်းအိမ်သာမရှိပါက နေအိမ်နှင့်ဝေးရာ၊ ကလေးများကစားသည့်နေရာနှင့်ဝေးရာ၊ ရေဖြန့်ဝေရာနေရာနှင့် အနည်းဆုံး ပေ ၃၀ ဝေးရာတွင် မစင်စွန့်ပါ။ မစင်ကို မြေကြီးဖြင့်ဖုံးအုပ်ပါ။”