ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၀/၁၅ စာ. ၈-၁၃
  • ယေဟောဝါ၏မေတ္တာပါမိသားစုအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏မေတ္တာပါမိသားစုအစီအစဉ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာခေတ်က မိသားစု
  • ခရစ်ယာန်လင်သားများ၏ကဏ္ဍ
  • အထောက်အမပေးသော ခရစ်ယာန်ဇနီးများ
  • ကျေးဇူးတင်လေးစားတတ်သော သားသမီးများ
  • သင့်မိသားစုဘဝကို ပျော်ရွှင်စေနိုင်ပုံ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • မိသားစုဘဝကို အောင်မြင်စေခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • အိမ်ထောင်သည် မောင်နှံများအတွက်ပညာရှိလမ်းညွှန်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ရိုသေလေးစားခံရသော လင်ယောက်ျား
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၀/၁၅ စာ. ၈-၁၃

ယေဟောဝါ၏မေတ္တာပါမိသားစုအစီအစဉ်

“ဆိုခဲ့သည့်အကြောင်းကြောင့်ပင် ကောင်းကင်နှင့်မြေကြီးရှိ၊ အမျိုးမျိုးအနွယ်နွယ်တို့၏ အချက်အချာဖြစ်တော်မူသောအဘခမည်းတော့်ထံ ငါဒူးထောက်လျက် . . . အသနားတော်ခံပါ၏။”—ဧဖက် ၃:၁၄၊ ၁၅။ သမ။

၁၊ ၂။ (က) မိသားစုအခြေခံစံကို ယေဟောဝါရှင်သည် အဘယ်ရည်ရွယ်ချက်နှင့် ပြုစုတီထွင်ခဲ့သနည်း။ (ခ) ယေဟောဝါအစီအစဉ်တွင် မိသားစုသည် ယနေ့အဘယ်အစိတ်အပိုင်း၌ ပါဝင်ဆောင်ရွက်သင့်သနည်း။

ယေဟောဝါရှင်သည် မိသားစုအခြေခံစံကို ပြုစုတီထွင်ခဲ့သည်။ ယင်းအားဖြင့် ပေါင်းသင်းမှု၊ ထောက်ပံ့မှု၊ ရင်းနှီးမှုရှိလိုသည့် လူ့လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးရုံမက ကိုယ်တော်စီစဉ်ပေးတော်မူသည်။ (ကမ္ဘာဦး ၂:၁၈) မိသားစုအားဖြင့် ကမ္ဘာကိုပြည့်စေရန်ဟူသည့် ဘုရားသခင့်မွန်မြတ်သောရည်ရွယ်ချက် ပြည့်စုံရမည်ဖြစ်သည်။ အိမ်ထောင်သည်ပထမမောင်နှံစုံအား ကိုယ်တော်က “အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့” ဟုမိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၁:၂၈) အာဒံနှင့်ဧဝအပြင် သူတို့မှဆင်းသက်လာသူတို့ မွေးဖွားလာမည့် သားသမီးမြောက်မြားစွာတို့အတွက် မိသားစုဘဝအောက် နွေးထွေးသောမွေးမြူပြုစုမှုသည် အလွန်အကျိုးသက်ရောက်မည်ဖြစ်သည်။

၂ သို့ရာတွင် ထိုပထမမောင်နှံစုံသည် စကားနားမထောင်ခဲ့သည့်အတွက် မိမိနှင့် မိမိ၏သားစဉ်မြေးဆက်အတွက်ပါ အကျိုးယုတ်စေခဲ့သည်။ (ရောမ ၅:၁၂) ယင်းကြောင့်ယနေ့မိသားစုဘဝသည် ဘုရားသခင်စံချိန်အတိုင်းမဟုတ် ပျက်ပြားနေပါသည်။ မည်သို့ဆိုစေကာမူ၊ ယေဟောဝါအစီအစဉ်တွင် မိသားစုသည် အရေးပါလျက် ခရစ်ယာန်အသိုင်းအဝိုင်းတွင် အခြေခံစံဖြစ်သည်။ ဤသို့ဆိုခြင်းအားဖြင့် အိမ်ထောင်မရှိသောခရစ်ယာန်များ ပြုလုပ်နေသည့် ကောင်းမြတ်သောလုပ်ငန်းကို မလေးစား၍မဟုတ်ပါ။ ဆိုလိုသည်ကား၊ ခရစ်ယာန်အဖွဲ့အစည်းတစ်ခုလုံး၏ ဝိညာဏကျန်းမာရေးအတွက် မိသားစုများ ပြုလုပ်ဆောင်ရွက်ရာကို အသိအမှတ်ပြုကြောင်း ဖြစ်သည်။ ခိုင်ခံ့သောမိသားစုများသည် ခိုင်ခံ့သောအသင်းတော်များကိုဖြစ်စေသည်။ သို့သော် ယနေ့ရင်ဆိုင်နေရသောဖိစီးမှုများအလယ်တွင် သင့် မိသားစု မည်သို့တည်တံ့သွားနိုင်မည်နည်း။ အဖြေရရန် မိသားစုအစီအစဉ်အကြောင်း သမ္မာကျမ်းစာ မည်သို့ဆိုထားသည်ကို သုံးသပ်ကြည့်ကြစို့။

သမ္မာကျမ်းစာခေတ်က မိသားစု

၃။ ဖခင်ကြီးစိုးသောမိသားစုတွင် ဖခင်နှင့်မိခင်တို့သည် အဘယ်အစိတ်အပိုင်းတွင် တာဝန်ထမ်းဆောင်သနည်း။

၃ အာဒံနှင့်ဧဝတို့သည် ဘုရားသခင်၏ဦးစီးမှုအစီအစဉ်ကို ငြင်းပယ်ခဲ့ကြသည်။ သို့သော် နောဧ၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ် နှင့် ယောဘ အစရှိသောသစ္စာရှိသူများသည် အိမ်ထောင်ဦးစီးတာဝန်ကို ထိုက်သင့်လျော်ကန်စွာ ထမ်းဆောင်ခဲ့ကြသည်။ (ဟေဗြဲ ၇:၄) ဖခင်ကြီးစိုးသောမိသားစုတွင် ဖခင်သည် ဘာသာရေးခေါင်းဆောင်၊ သွန်သင်ပို့ချသူနှင့် တရားသူကြီးဖြစ်ရာ အုပ်ချုပ်ရာနယ်မြေကလေးတစ်ခုနှင့်တူသည်။ (ကမ္ဘာဦး ၈:၂၀။ ၁၈:၁၉) ဇနီးသည်များသည်လည်း ကျွန်များမဟုတ်ကြဘဲ လက်ထောက်အိမ်ထောင်ရေးဦးစီးသူများအနေနှင့် အရေးကြီးသူများဖြစ်ကြသည်။

၄။ မောရှေ၏ပညတ်တရားအောက်တွင် မိသားစုဘဝသည် မည်သို့ပြောင်းလဲလာသနည်း။ သို့သော် မိဘများက အဘယ်ကဏ္ဍ၌ တာဝန်ဆက်ထမ်းဆောင်သနည်း။

၄ ဘီစီအီး ၁၅၁၃ တွင်ဣသရေလသည် လူမျိုးတစ်မျိုးဖြစ်လာသောအခါ မောရှေမှတစ်ဆင့်ရရှိသော နိုင်ငံတော်ဥပဒေကို မိသားစုဥပဒေက လိုက်လျောလက်အောက်ခံရတော့သည်။ (ထွက်မြောက်ရာ ၂၄:၃-၈) သေရေးရှင်ရေးကိစ္စများပါအပါအဝင် ဆုံးဖြတ်စီရင်ခွင့်ကို ယခုခန့်အပ်ခံတရားသူကြီးများ ပိုင်ဆိုင်လေတော့သည်။ (ထွက်မြောက်ရာ ၁၈:၁၃-၂၆) လေဝိအမျိုးယဇ်ပုရောဟိတ်များမူကား ဝတ်ပြုရေးဆိုင်ရာ ယဇ်ပူဇော်ခြင်းတာဝန်များကို ထမ်းဆောင်ရကြသည်။ (ဝတ်ပြုရာ ၁:၂-၅) မည်သို့ဆိုစေကာမူ ဖခင်သည် အရေးပါသူတစ်ဦးဖြစ်လျက်ပင်ရှိသည်။ ဖခင်တို့အား မောရှေဤသို့မှာကြားခဲ့သည်။ “ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။” (တရားဟောရာ ၆:၆၊ ၇) မိခင်များလည်း ဩဇာအတော်အသင့်ရှိကြသည်။ သု၊ ၁:၈ ကလူငယ်များအား ဤသို့မိန့်မှာသည်။ “ငါ့သား၊ အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။” မှန်သည်၊ လင်ယောက်ျား၏သြဇာအတိုင်း ဟေဗြဲဇနီးသည်သည် မိသားစုတွင် အမိန့်ပေးနိုင်ပါသည်။ သူမသည် ဇရာအိုပိုင်းရောက်သည့်တိုင် သားသမီးများ၏ လေးစားမှုကိုခံရဖို့ဖြစ်သည်။—သု၊ ၂၃:၂၂။

၅။ မိသားစုအစီအစဉ်တွင် သားသမီး၏ကဏ္ဍကို မောရှေ၏ပညတ်တရားက မည်သို့ရှင်းပြသနည်း။

၅ သားသမီးများ၏ကဏ္ဍကိုလည်း ဘုရားသခင့်ပညတ်တော်က ရှင်းလင်းပြတ်သားစွာဖော်ပြထားသည်။ တရားဟောရာ ၅:၁၆ ကဤသို့ဆိုသည်။ “သင်၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ပေးသနားတော်မူသောပြည်၌ သင်သည် အသက်တာရှည်၍ ကောင်းစားရမည်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မှာထားတော်မူသည်အတိုင်း သင်၏မိဘကို ရိုသေစွာပြုလော့။” မိဘကိုမရိုမသေပြုခြင်းသည် မောရှေပညတ်တရားအရ အလွန်ကြီးလေးသောအပြစ်ဖြစ်သည်။ (ထွက်မြောက်ရာ ၂၁:၁၅၊ ၁၇) “မိဘကိုကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်” ဟုပညတ်ထားသည်။ (ဝတ်ပြုရာ ၂၀:၉) မိဘကိုပုန်ကန်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်ကို ပုန်ကန်ရာကျသည်။

ခရစ်ယာန်လင်သားများ၏ကဏ္ဍ

၆၊ ၇။ ဧဖက် ၅:၂၃-၂၉ ပါပေါလု၏စကားများသည် ပထမရာစုရှိ စာရှုသူများအတွက် မိမိတို့အယူအဆနှင့် အဘယ်ကြောင့်တခြားစီဖြစ်သနည်း။

၆ ခရစ်ယာန်ဘာသာတရားသည် မိသားစုအစီအစဉ်နှင့် အထူးသဖြင့် လင်ယောက်ျား၏ကဏ္ဍကို ပိုမိုသိရှိနားလည်စေသည်။ ခရစ်ယာန်အသင်းတော်အဝင်မဟုတ်သော ပထမရာစုရှိလင်ယောက်ျားများသည် ဇနီးသည်များကို ခက်ထန်ကြမ်းတမ်းစွာပြုမူလေ့ရှိကြသည်။ အမျိုးသမီးများသည် အခြေခံအခွင့်အရေးများမရ၊ ဂုဏ်သိက္ခာတင်မခံရကြပါ။ The Expositor’s Bible ကဤသို့ဆိုသည်။ “ရည်မွန်သောဂရိအမျိုးသားသည် သားသမီးရရန် မိန်းမယူသည်။ သူ၏တဏှာရာဂကို သူမ,တားဆီးပိုင်ခွင့်မရှိ။ အိမ်ထောင်ပြုခြင်းတွင် ချစ်ခြင်းမေတ္တာမပါချေ။ . . . ကျွန်မတစ်ဦး၌ အဘယ်အခွင့်အရေးမျှမရှိချေ။ သူမ၏ခန္ဓာကိုယ်သည် သူမ၏သခင်သဘောအတိုင်းဖြစ်သည်။”

၇ ဤကဲ့သို့သောအခြေအနေမျိုးတွင် ဧဖက် ၅:၂၃-၂၉ ပါစကားများကို ပေါလုရေးသားခဲ့သည်။ “ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကိုကယ်တင်သောသူဖြစ်တော်မူ၏။ အချင်းယောက်ျားတို့ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့သည်လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ . . . ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ ကိုယ်အသားကိုမုန်းသောသူ တစ်ယောက်မျှမရှိ။ မိမိတို့အသားကိုကျွေးမွေးပြုစုတတ်ကြ၏။” ပထမရာစုရှိ စာရှုသူများအတွက် ဤစကားများသည် ပြင်းထန်လွန်းသည့်ပမာဖြစ်ခဲ့သည်။ The Expositor’s Bible ဤသို့ဆိုသည်။ “ခေတ်၏ယိုယွင်းသောစာရိတ္တနှင့်နှိုင်းယှဉ်လျှင် ခရစ်ယာန်ဘာသာတရားအရ အိမ်ထောင်ရေးကိုသဘောထားပုံသည် အလွန်ထူးခြား၊ အလွန်ကြပ်မတ်ပုံရှိသည်။ . . . လူသားအဖို့ ခေတ်သစ်စတင်ပေးသတည်း။”

၈၊ ၉။ အမျိုးသမီးများနှင့်စပ်လျဉ်း၍ အမျိုးသားအများ အဘယ်အကျိုးယုတ်သောသဘော ရှိသနည်း။ ခရစ်ယာန်အမျိုးသားများ ဤသဘောထားများကို စွန့်ပယ်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၈ လင်ယောက်ျားများအတွက် သမ္မာကျမ်းစာသြဝါဒသည် ယနေ့လည်းပြင်းထန်ပုံရှိသည်။ အမျိုးသမီးလွတ်လပ်ခွင့်အကြောင်း မည်မျှပြောဆိုကြစေကာမူ အမျိုးသမီးများကို ရာဂစိတ်ဖြေဖို့အတွက်သာရှိထားသည်ဟု အမျိုးသားအများ ယူမှတ်ဆဲရှိသည်။ နိုင်ထက်စီးနင်းချုပ်ကိုင်ခြင်းကို အမျိုးသမီးများနှစ်ခြိုက်သည်ဟူသော ယုံတမ်းစကားကိုခံယူကာ အမျိုးသားအများသည် မိမိတို့ဇနီးသည်များကို ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ စိတ်ဆင်းရဲစေခြင်းအားဖြင့်လည်းကောင်း မတော်မလျော်ပြုမူကျင့်ကြံကြသည်။ ခရစ်ယာန်အမျိုးသားတစ်ဦးသည် လောကီအတွေးမျိုးဝင်၍ မိမိဇနီးကို ကြမ်းတမ်းစွာဆက်ဆံပါက မည်မျှရှက်ဖွယ်ရာဖြစ်မည်တကား။ “ကျွန်မအမျိုးသားသည် ဓမ္မအမှုထမ်းတစ်ဦးဖြစ်၍ လူထုဟောပြောချက်များလည်းပေးပါသည်” ဟုခရစ်ယာန်အမျိုးသမီးတစ်ဦးပြောပြသည်။ သို့နှင့်ပင် “ကျွန်မသည် ရိုက်ပုတ်ခံရသောဇနီးတစ်ဦးဖြစ်သည်” ဟုဆက်ပြောဆိုဝန်ခံသည်။ ဤအပြုအမူများသည် ဘုရားသခင့်အစီအစဉ်နှင့်မကိုက်ညီသည်ကား အမှန်ပင်ဖြစ်သည်။ ထိုအမျိုးသားကဲ့သို့သောသူ ရှားသော်လည်း ဘုရားသခင့်မျက်နှာရလိုလျှင် သူသည် သူ့အမျက်ကိုချိုးနှိမ်နိုင်ရန် အကူအညီတောင်းဆိုဖို့ လိုအပ်နေပါသည်။—ဂလာတိ ၅:၁၉-၂၁။

၉ မိမိဇနီးကို မိမိကိုယ်ကိုချစ်သကဲ့သို့ချစ်ရမည်ဟု လင်ယောက်ျားများအား ဘုရားသခင်မိန့်မှာထားတော်မူသည်။ ထိုသို့မပြုမူပါက ဘုရားသခင့်အစီအစဉ်ကိုပုန်ကန်ရာရောက်၍ ဘုရားသခင်နှင့်သူ၏ဆက်ဆံရေးကို ပျက်ပြားစေနိုင်ပါသည်။ တမန်တော်ပေတရု၏စကားများသည် ရှင်းလင်းပြတ်သားပါသည်။ “ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ . . . သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍၊ အားနည်းသောသူကိုပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစုကြလော့။” (၁ ပေတရု ၃:၇) မိမိဇနီးကို ရက်စက်ကြမ်းတမ်းစွာဆက်ဆံခြင်းဖြင့် သူမ၏ဝိညာဉ်ရေးနှင့် သားသမီးတို့၏ဝိညာဉ်ရေးကိုပါ ပျက်စီးသွားစေနိုင်သည်။

၁၀။ ခရစ်တော်နည်းတူ လင်ယောက်ျားများ ဦးစီးနိုင်သည့်နည်းအချို့ကား အဘယ်နည်း။

၁၀ လင်ယောက်ျားတို့၊ သင့်ဦးစီးမှုကို ခရစ်တော်ကဲ့သို့ပြုမူမည်ဆိုလျှင် သင့်မိသားစုသည် ပျော်ရွှင်သာယာပါလိမ့်မည်။ ခရစ်တော်သည် တစ်ခါမျှ မခက်ထန်၊ ဆဲရေးတိုင်းထွားခြင်းလည်းမပြုပါ။ ထိုသို့ဖြစ်မည့်အစား ကိုယ်တော်ပြောနိုင်သည်ကား၊ “ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။” (မဿဲ ၁၁:၂၉) သင်သည် ထိုသို့သောသူဖြစ်သည်ဟု သင့်မိသားစုဆိုနိုင်ပါမည်လော။ တပည့်တော်များကို မိတ်ဆွေများအဖြစ် ခရစ်တော်ဆက်ဆံ၍ ယုံကြည်အားထားခဲ့သည်။ (ယောဟန် ၁၅:၁၅) သင့်ဇနီးအား ထပ်တူလေးစားဂုဏ်တင်ပါသလော။ “အရည်အချင်းပြည့်စုံသောဇနီး” အကြောင်းသမ္မာကျမ်းစာ ဤသို့ဆိုသည်။ “သူ၏ခင်ပွန်းသည် သူ့ကိုယုံ” ၏။ (သု၊ ၃၁:၁၀၊ ၁၁၊ ကဘ) ဆိုလိုသည်ကား သူမနှစ်သက်ရာ ရွေးချယ်ယူနိုင်ခွင့်အတော်အတန်ပြုမည်ဖြစ်သည်။ လွန်ကဲသောစည်းကမ်းချက်များဖြင့် သူမအားချုပ်ချယ်ထားမည်လည်း မဟုတ်ပါ။ ထို့ပြင်ယေရှုသည် တပည့်တော်တို့အား သူတို့စိတ်နေသဘောထားတို့ကို ဖွင့်ဟပြောဆိုဝံ့စေတော်မူခဲ့သည်။ (မဿဲ ၉:၂၈။ ၁၆:၁၃-၁၅) သင့်ဇနီးနှင့် ဤသို့ပင်ပြုပါသလော။ သို့မဟုတ် ရိုးရိုးသားသားကန့်ကွက်ပြောဆိုခြင်းကို သင့်အာဏာဖီဆန်ခြင်းဟု ယူမှတ်သလော။ သင့်ဇနီး၏စိတ်ထားကို လျစ်လျူရှုမည့်အစား ထည့်စဉ်းစားပေးခြင်းအားဖြင့် သင့်ဦးစီးမှုကို သူမလေးစားတတ်လာရန် ကူညီပေးပါသည်။

၁၁။ (က) ဖခင်များသည် သားသမီးတို့၏ ဝိညာဉ်ရေးကို မည်သို့ပြုစုပေးနိုင်သနည်း။ (ခ) မိသားစုကိုပြုစုကျွေးမွေးရာတွင် အကြီးအကဲနှင့် ဓမ္မအမှုထမ်းများသည် အဘယ်ကြောင့်ပုံသက်သေကောင်းပြရမည်နည်း။

၁၁ အသင်သည် ဖခင်တစ်ဦးဖြစ်မည်ဆိုလျှင် သားသမီးများ၏ ဝိညာဏ၊ စိတ်ဓာတ်နှင့်ကာယရေးလိုအပ်ရာများကို ပြုစုပျိုးထောင်ပေးရာတွင် ဦးစီးဦးဆောင်ရန်တာဝန်ရှိသည်။ ယင်းသို့ပြုခြင်းငှာ သင့်မိသားစုအတွက် ကောင်းသောဝိညာဏအစီအစဉ်ရှိရန်လိုသည်။ သူတို့နှင့်အတူ လယ်ကွင်းလုပ်ငန်းတွင် အမှုဆောင်ခြင်း၊ အိမ်တွင်းကျမ်းစာသင်အံမှုပြုလုပ်ခြင်း၊ နေ့စဉ်ကျမ်းချက်ကိုဖတ်ရှုခြင်း အစရှိသည်တို့ပါဝင်သည်။ အကြီးအကဲ၊ သို့မဟုတ် ဓမ္မအမှုထမ်းသည် “မိမိအိမ်ကို ကောင်းမွန်စွာအုပ်စိုး” သောသူဖြစ်သင့်သည်ဟု သမ္မာကျမ်းစာဆိုထားခြင်းသည် စိတ်ဝင်စားစရာဖြစ်သည်။ ထိုကြောင့် အဆိုပါတာဝန်များကိုခံယူထားသောအမျိုးသားများသည် ပုံသက်သေကောင်းသော အိမ်ထောင်ဦးစီးများဖြစ်သင့်သည်။ အသင်းတော်တာဝန်များကို တပင်တပန်းဆောင်ရွက်ရသူများဖြစ်ကြဦးတော့ မိမိအိမ်ထောင်သားများကို ဦးစားထားသူများဖြစ်ရမည်။ ဤသို့အဘယ်ကြောင့်ဖြစ်ရသည်ကို ပေါလုတင်ပြပါသည်။ “မိမိအိမ်ကိုမအုပ်စိုးတတ်လျှင် ဘုရားသခင်၏အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း။”—၁ တိမောသေ ၃:၄၊ ၅၊ ၁၂။

အထောက်အမပေးသော ခရစ်ယာန်ဇနီးများ

၁၂။ ခရစ်ယာန်အစီအစဉ်တွင် ဇနီးသည်သည် အဘယ်ကဏ္ဍတွင် တာဝန်ထမ်းဆောင်ရသနည်း။

၁၂ သင်သည် ခရစ်ယာန်ဇနီးသည်တစ်ဦးလော။ ထိုသို့ဖြစ်လျှင် မိသားစုအစီအစဉ်တွင် သင်လည်းအရေးပါသည်။ ခရစ်ယာန်ဇနီးသည်များသည် “ကိုယ်ခင်ပွန်းကိုချစ်သောသူ၊ သားသမီးကိုချစ်သောသူ၊ ကျန်းမာသည့်စိတ်သဘောရှိသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံသောသူ” ဖြစ်ကြရန် မှာကြားထားသည်။ (တိတု ၂:၄၊ ၅၊ ကဘ) ထိုကြောင့်သင်သည် ပုံသက်သေကောင်းသောအိမ်ရှင်မပီသစွာ သင့်မိသားစုအတွက် သန့်ရှင်းသာယာသောနေအိမ်ရှိစေရန် ကြိုးစားရမည်။ အိမ်အလုပ်သည် တစ်ခါတစ်ရံငြီးငွေ့စရာကောင်းမည်။ သို့သော်ယင်းသည် ဂုဏ်နိမ့်သည့်အလုပ်လည်းမဟုတ်၊ သိမ်ဖျင်းသည့်အလုပ်လည်းမဟုတ်ပါ။ ဇနီးသည်တစ်ဦးအနေနှင့် “အိမ်မှုကိုကြည့်ရှုပြုစု” ရသည်ဖြစ်၍ ယင်းသို့ပြုရာတွင် ရွေးချယ်ခွင့် အတော်အသင့်ရရှိထားမည်။ (၁ တိမောသေ ၅:၁၄) ဥပမာ၊ “အရည်အချင်းပြည့်စုံသောဇနီး” သည်အိမ်ထောင်အတွက် စားနပ်ရိက္ခာများကို ဝယ်ချမ်းပေးသည်။ အိမ်ရာရောင်းဝယ်ခြင်းပြု၍၊ လုပ်ငန်းတစ်ခုလုပ်ကိုင်ခြင်းဖြင့် ဝင်ငွေတိုးများစေပါသည်။ ထိုကြောင့်လင်ယောက်ျား၏ချီးမွမ်းခြင်းကိုခံရသတည်း။ (သု၊ အခန်းကြီး ၃၁၊ ကဘ) ထိုသို့ပြုရာတွင် ဦးစီးသူလင်ယောက်ျား၏ လမ်းပြညွှန်ကြားမှုအတိုင်း သူမပြုမူလိမ့်မည်ကား သေချာပါသည်။

၁၃။ (က) အမျိုးသမီးအချို့အတွက် လက်အောက်ခံခြင်းသည် အဘယ်ကြောင့်ခဲယဉ်းမည်နည်း။ (ခ) ခရစ်ယာန်အမျိုးသမီးများအနေနှင့် လင့်လက်အောက်ခံခြင်းသည် အဘယ်ကြောင့်အကျိုးရှိသနည်း။

၁၃ သို့ရာတွင် လင်ယောက်ျား၏သြဇာကိုခံယူခြင်းသည် အမြဲလွယ်ကူမည်ကားမဟုတ်ပါ။ အမျိုးသားတိုင်းသည် လေးစားခံထိုက်သူများမဟုတ်ကြပါ။ ငွေရေးကြေးရေးပြေလည်ရန် စီစဉ်ခြင်းတွင် သင်သည် အတော်အသင့်ကျွမ်းကျင်သူဖြစ်မည်။ ဝင်ငွေရှာလုပ်ငန်းတစ်ခုလုပ်ကိုင်နေ၍ မိသားစုသုံးစရိတ်အတွက် အတော်အသင့်ထောက်ပံ့ပေးနေပေမည်။ သို့မဟုတ် လွန်လေပြီးသောအချိန်က ယောက်ျားတို့၏ပိုင်စိုးပိုင်နင်းမှုအောက် တစ်နည်းနည်းဖြင့်စိတ်ဆင်းရဲခဲ့ရ၍ ယခုအမျိုးသားတစ်ဦး၏သြဇာကိုခံယူရန် စနိုးစနောင့်ဖြစ်နေပေမည်။ မည်သို့ဆိုစေကာမူ သင့်လင်ယောက်ျားအပေါ် “နက်ရှိုင်းစွာရိုသေ” မှုပြခြင်း၊ ‘ကြောက်ရွံ့ ခြင်း’ အားဖြင့် ဘုရားသခင့်ဦးစီးမှုအစီအစဉ်ကိုလေးစားကြောင်း တင်ပြပါသည်။ (ဧဖက် ၅:၃၃၊ Kingdom Interlinear; ၁ ကောရိန္သု ၁၁:၃) သင့်အိမ်ထောင်သာယာရေးအတွက် လက်အောက်ခံခြင်းသည် အလွန်အရေးကြီးသည်။ ယင်းသို့ပြုခြင်းအားဖြင့် သင့်အိမ်ထောင်တွင် စိတ်အနှောင့်အယှက်များ၊ တင်းမာမှုများကို ရှောင်ရှားနိုင်ရန်အကူအညီဖြစ်စေမည်။

၁၄။ လင်ယောက်ျား၏ဆုံးဖြတ်ချက်ကို ဇနီးဖြစ်သူ သဘောမတူနိုင်လျှင် သူမ ဘာလုပ်နိုင်သနည်း။

၁၄ သို့သော် သင့်အိမ်ထောင်ရေးအကျိုးကိုထိခိုက်မည့် ဆုံးဖြတ်ချက်တစ်ခုကို လင်ယောက်ျားပြုမည်ဆိုလျှင် နှုတ်ပိတ်နေရမည်ဟု ဆိုလိုပါသလော။ မဟုတ်ပါ။ အာဗြဟံ၏ဇနီးစာရာသည် သားဣဇာက်အကျိုးကိုထိခိုက်မည်ဟု စိုးရိမ်စရာကို ကြိုမြင်ခဲ့သောအခါ သူမသည် ဖွင့်ဟမပြောမဆိုဘဲ မနေခဲ့ပါ။ (ကမ္ဘာဦး ၂၁:၈-၁၀) ထိုနည်းတူစွာ တစ်ခါတစ်ရံ သင့်ခံစားချက်များကိုဖော်ပြပြောဆိုလိုသည့်အခါများ ပေါ်ပေါက်လာမည်။ “အခန့်သင့်” အချိန်တွင် လေးလေးစားစားဖြင့် ပြောဆိုမည်ဆိုလျှင် ခရစ်ယာန်အမျိုးသားအများစုသည် နားထောင်ပါလိမ့်မည်။ (သု၊ ၂၅:၁၁) သို့သော်သင့်အကြံပြုချက်ကိုလက်မခံ၊ ကျမ်းစာမူကိုချိုးဖောက်ခြင်းအမှုလည်း မဖြစ်ပေါ်လာပါက လင်ယောက်ျား၏အလိုကိုဖီဆန်ခြင်းသည် ကိုယ်အကျိုးကိုရှုံးနိမ့်ပေးရာကျမည်မဟုတ်လော။ “ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည်ဆောက်တတ်၏။ မိုက်သောမိန်းမမူကား ကိုယ်လက်နှင့်ဖြိုဖျက်တတ်” သည်ကိုသတိရပါ။ (သု၊ ၁၄:၁) မိမိအိမ်ထောင်ကို တည်ဆောက်ပေးနည်းတစ်နည်းကား သင့်လင်ယောက်ျား၏ဦးစီးမှုကို ထောက်မပေးခြင်းဖြစ်သည်။ သူ၏အောင်မြင်မှုများကို ချီးမွမ်းမည်၊ သူ၏အမှားအယွင်းများကိုမူ စိတ်အနှောင့်အယှက်မဖြစ်ဘဲ တည်ငြိမ်စွာကိုင်တွယ်မည်။

၁၅။ သားသမီးတို့ကိုပဲ့ပြင်ဆုံးမ၊ လေ့ကျင့်ရေးတွင် ဇနီးဖြစ်သူ မည်သို့ပါဝင်နိုင်သနည်း။

၁၅ သင့်အိမ်ထောင်ကိုတည်ဆောက်ပေးရန် အခြားတစ်နည်းကား သားသမီးများကို ပဲ့ပြင်ဆုံးမမှုနှင့်လေ့ကျင့်ပေးမှုတွင် ဝိုင်းဝန်းကူညီခြင်းဖြင့်ဖြစ်သည်။ ဥပမာ၊ သင့်မိသားစုကျမ်းစာသင်အံမှုကို မှန်မှန်နှင့် တည်ဆောက်မှုဖြစ်သောနည်းဖြင့် ပြုလုပ်နိုင်ရေးတွင် ပါဝင်ကူညီပေးနိုင်ပါသည်။ သူတို့နှင့်အတူခရီးသွားစဉ်၊ ဈေးဝယ်ခြမ်းစဉ် အခွင့်အရေးရတိုင်း သားသမီးတို့အား ဘုရားသခင့်သမ္မာတရားကို တင်ပြပြောဆိုရာတွင် “လက်မချ [လျှော့] နှင့်။” (ဒေသနာ ၁၁:၆၊ သမ) စည်းဝေးများတွင် အဖြေပေးနိုင်ရန်၊ သီအိုကရက်တစ်ကျောင်းတွင် တာဝန်ယူနိုင်ရန် သူတို့ကြိုတင်ပြင်ဆင်နိုင်ဖို့ ကူညီပေးပါ။ သူတို့အပေါင်းအသင်းများကိုလည်း ဂရုစိုက်ပေးပါ။ (၁ ကောရိန္သု ၁၅:၃၃) ဘုရားရေးရာစံချိန်များနှင့်ပဲ့ပြင်မှုဆိုင်ရာကိစ္စများတွင် သင်သည် လင်ယောက်ျားနှင့် သဘောထားညီညွတ်ကြောင်းကို သားသမီးများအားသိနားလည်စေပါ။ သင်နှင့်သင့်လင်ယောက်ျားကို တိုက်ပေးရန် သူတို့အား ခွင့်မပြုပါနှင့်။

၁၆။ (က) ကြင်ဖော်မဲ့မိဘများ၊ မယုံကြည်သူနှင့်အိမ်ထောင်ဖက်သူများအတွက် အဘယ်ကျမ်းစာဥပမာသည် အားရစရာဖြစ်သနည်း။ (ခ) ဤသို့သောသူတို့ကို အသင်းတော်ရှိ အခြားသူများ မည်သို့ကူညီပေးနိုင်သနည်း။

၁၆ သင်သည် ကြင်ဖော်မဲ့မိဘဖြစ်နေမည်၊ သို့မဟုတ် မယုံကြည်သူ အိမ်ထောင်ဖက်ရှိသူဆိုလျှင် ဝိညာဉ်ရေးဘက် သင်ကိုယ်တိုင်ဦးစီးရန် လိုပေမည်။ ဤသို့ပြုရန် ခဲယဉ်းမည်၊ တစ်ခါတစ်ရံ စိတ်ဓာတ်ကျစရာပင် ဖြစ်ပေမည်။ သို့သော် လက်မလျှော့ပါနှင့်။ တိမောသေ၏မိခင်ဥနိတ်သည် မယုံကြည်သူနှင့် အိမ်ထောင်ဖက်ရသော်လည်း သားကလေးအား “ငယ်သောအရွယ်မှစ၍” သမ္မာကျမ်းစာကို အောင်မြင်စွာ သွန်သင်ပေးနိုင်ခဲ့သည်။ (၂ တိမောသေ ၁:၅။ ၃:၁၅) ကျွန်ုပ်တို့တွင်ရှိသူများစွာတို့သည့် ထပ်တူအောင်မြင်မှုမျိုး ရရှိနေကြပါသည်။ ဤကိစ္စတွင် သင်အကူအညီလိုနေမည်ဆိုလျှင် အကြီးအကဲတို့အား အကြောင်းကြားနိုင်ပါသည်။ သင် စည်းဝေးများတက်နိုင်ရန်၊ လယ်ကွင်းလုပ်ငန်း၌ ပါဝင်နိုင်ရန် အကူအညီပေးနိုင်မည့်သူတစ်ဦးကို စီစဉ်ပေးပါလိမ့်မည်။ အပန်းဖြေထွက်သည့်အခါ၊ ပျော်ပွဲရွှင်ပွဲပြုလုပ်ချိန်များတွင် သင့်မိသားစုကိုပါ ဖိတ်ခေါ်ပေးရန် အားပေးတိုက်တွန်းပေးလိမ့်မည်။ သို့မဟုတ် သင့်အိမ်ထောင်တွင် မိသားစုသင်အံမှုစတင်ပေးရန် အတွေ့အကြုံရင့်ကျက်သောကြေညာသူတစ်ဦးအား ကူညီပေးရန် စီစဉ်ပေးကောင်းစီစဉ်ပေးမည်။

ကျေးဇူးတင်လေးစားတတ်သော သားသမီးများ

၁၇။ (က) မိသားစု၏ကောင်းကျိုးကို လူငယ်များ မည်သို့ထောက်ပံ့နိုင်သနည်း။ (ခ) ယင်းနှင့်စပ်လျဉ်း၍ ယေရှု အဘယ်ပုံသက်သေ တင်ပြခဲ့သနည်း။

၁၇ ဧဖက် ၆:၁-၃ ပါသြဝါဒကိုလိုက်နာခြင်းအားဖြင့် မိသားစု၏ကောင်းကျိုးကို ခရစ်ယာန်လူငယ်များ ထောက်ပံ့ကူညီပေးနိုင်ပါမည်။ “သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ ‘မိဘကိုရိုသေစွာပြုလော့။’ ဤပညတ်တော်ကား ‘သင်သည် ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်း’ ဟူ၍ ကတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏။” မိဘများမှာကြားသည့်အတိုင်း ပြုမူခြင်းဖြင့် ယေဟောဝါကို သင်လေးစားကြောင်း တင်ပြနေသည်။ ယေရှုခရစ်သည် စုံလင်တော်မူသဖြင့် မစုံလင်သောမိဘများ၏စကားကို နားထောင်ရခြင်းသည် မိမိသိက္ခာကျသည်ဟု လွယ်လင့်တကူတွေးတောနိုင်သည်။ ထိုသို့ပြုမည့်အစား “သူတို့စကားကိုနားထောင်လျက်နေလေ၏။ . . . ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက် ဘုရားသခင့်ရှေ့၊ လူတို့ရှေ့ မှာ မျက်နှာရတော်မူ၏။”—လုကာ ၂:၅၁၊ ၅၂။

၁၈၊ ၁၉။ (က) ကိုယ်မိဘကိုရိုသေစွာပြုလော့ အဓိပ္ပာယ်ကား အဘယ်နည်း။ (ခ) မိမိနေအိမ်သည် လန်းဆန်းရာနေရာ မည်သို့ဖြစ်လာနိုင်သနည်း။

၁၈ ထိုနည်းလည်းကောင်းပင် သင့်မိဘများကိုလည်း ရိုသေသင့်သည်မဟုတ်လော။ “ရိုသေခြင်း” မည်သည်ကား ပေးအပ်ထားသည့် အခွင့်အာဏာကိုအသိအမှတ်ပြုခြင်းဖြစ်သည်။ (၁ ပေတရု ၂:၁၇ နှိုင်းယှဉ်။) ကိုယ်မိဘတို့သည် မယုံကြည်သူများ၊ သို့မဟုတ် ပုံသက်သေကောင်းမပြသူများဖြစ်စေကာမူ ဤသို့သောရိုသေမှုမျိုးကိုပြသရန် တာဝန်ရှိပါသည်။ ထိုကြောင့် ပုံသက်သေကောင်းသောမိဘများကို သာ၍ပင်ရိုသေလေးစားထိုက်မည်မဟုတ်လော။ သင့်မိဘများ၏ပဲ့ပြင်ညွှန်ကြားမှုသည် သင့်အား မတော်မတရားချုပ်ချယ်ဖို့အတွက်မဟုတ်ကြောင်းကိုလည်း အမြဲသတိရပါ။ ယင်းအစား သင်သည် “အသက်ရှင်” နေနိုင်ဖို့ အကာအကွယ်ဖြစ်စေရန်အတွက်ဖြစ်သည်။—သု၊ ၇:၁၊ ၂။

၁၉ ထိုကြောင့် မိသားစုအစီအစဉ်သည် အလွန်မေတ္တာပါလှသည်တကား။ လင်ယောက်ျားများ၊ ဇနီးသည်မိန်းမများ၊ သားသမီးများအားလုံး မိသားစုဘဝအတွက် ဘုရားသခင့်စည်းမျဉ်းများကို လိုက်လျှောက်ကြမည်ဆိုလျှင် မိမိနေအိမ်သည် စံရိပ်ငြိမ်၊ လန်းဆန်းရာနေရာ ဖြစ်လာလေသည်။ မည်သို့စေဆိုကာမူ၊ ဆက်သွယ်ရေးနှင့် သားသမီးလေ့ကျင့်ရေးပြဿနာများ ပေါ်လာတတ်သည်။ ဤသို့သောပြဿနာများကို မည်သို့ဖြေရှင်းပေးနိုင်ကြောင်း နောက်ဆက်တွဲဆောင်းပါးက ဆွေးနွေးတင်ပြပါမည်။

သင်မှတ်မိသလော

▫ သမ္မာကျမ်းစာခေတ်က ဘုရားကိုကြောက်ရွံ့သူ လင်သားများ၊ ဇနီးသည်များနှင့် သားသမီးများသည် အဘယ်ပုံနမူနာ ချမှတ်ခဲ့သနည်း။

▫ လင်သားများ၏ကဏ္ဍကို ခရစ်ယာန်ဘာသာတရားက အဘယ်အလင်းပေးသနည်း။

▫ ခရစ်ယာန်အိမ်ထောင်တွင် ဇနီးသည်သည် အဘယ်ကဏ္ဍတွင် ပါဝင်ဆောင်ရွက်သနည်း။

▫ မိသားစု၏ကောင်းကျိုးကို ခရစ်ယာန်လူငယ်များ မည်သို့ထောက်ပံ့ပေးနိုင်သနည်း။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

“ခေတ်၏ယိုယွင်းသော စာရိတ္တနှင့်နှိုင်းယှဉ်လျှင် ခရစ်ယာန်ဘာသာတရားအရ အိမ်ထောင်ရေးကိုသဘောထားပုံသည် အလွန်ထူးခြား၊ အလွန်ကြပ်မတ်ပုံရှိသည်။ . . . လူသားအဖို့ ခေတ်သစ်စတင်ပေးသတည်း”

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ခရစ်ယာန်လင်သားများသည် ဇနီးတို့အား သူတို့၏ခံစားချက်များကို ဖွင့်ဟပြောဆိုခွင့်ပေးလျက် ထိုခံစားချက်များကို ထည့်စဉ်းစားပေးသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ