ကမ္ဘာ့အဖြန့်ဝေရဆုံး စာအုပ်
“ကျမ်းစာသည် သမိုင်းတွင် လူဖတ်အများဆုံးစာအုပ်ဖြစ်သည်။ . . . အခြားမည်သည့်စာအုပ်ထက်မဆို ကျမ်းစာကို စောင်ရေပို၍ ဖြန့်ဝေထားပြီဖြစ်သည်။ အခြားမည်သည့်စာအုပ်ထက်မဆို ကျမ်းစာကို အကြိမ်ပို၍၊ ဘာသာစကားပို၍ ပြန်ဆိုထားပြီဖြစ်သည်။”—“ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း။”၁
အချို့ကဏ္ဍများတွင် စာအုပ်အများစုသည် လူတို့နှင့်တူသည်။ မြင်ကွင်းတွင်ပေါ်လာပြီး ရေပန်းစားလာပေမည်၊ ထို့နောက်—လက်တစ်ဆုပ်စာဂန္ထဝင်စာပေများမှအပ—ဟောင်းနွမ်းကာ သက်တမ်းကုန်သွားကြတော့သည်။ စာကြည့်တိုက်များသည် များသောအားဖြင့် ခေတ်မမီ၊ မဖတ်ကြတော့ဘဲ အမှန်မှာ သက်တမ်းကုန်သွားပြီးဖြစ်သည့် မရေမတွက်နိုင်သော စာအုပ်များအတွက် သင်္ချိုင်းများဖြစ်လာလေသည်။
သို့သော် ကျမ်းစာမှာမူ ဂန္ထဝင်စာပေများထဲတွင်ပင် ထူးခြားသည်။ ယင်းကို လွန်ခဲ့သည့်အနှစ် ၃,၅၀၀ က စတင်ရေးသားခဲ့သော်လည်း ကောင်းစွာရှင်သန်လျက်ပင်။ ယင်းသည် ကမ္ဘာပေါ်တွင် မယှဉ်သာအောင် အထုတ်ဝေရဆုံးစာအုပ်ဖြစ်သည်။a နှစ်စဉ် ကျမ်းစာတစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ စောင်ရေ သန်း ၆၀ ခန့်ဖြန့်ဝေရသည်။ ခဲစာလုံးအရှင်ဖြင့် ပထမအကြိမ်ထုတ်ဝေသော စာအုပ်သည် ၁၄၅၅ ခုနှစ်ခန့်တွင် ဂျာမန်လူမျိုး တီထွင်သူ ယိုဟန်စ် ဂူတင်ဘာ့ဂ်၏ ပုံနှိပ်စက်မှ ထွက်လာခဲ့သည်။ ထိုအချိန်မှစ၍ (တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ) ကျမ်းစာအုပ်ပေါင်း သန်းလေးထောင်ခန့် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ဘာသာရေးစာအုပ်ဖြစ်စေ၊ အခြားစာအုပ်ဖြစ်စေ မည်သည့်စာအုပ်မျှ ယင်းအရေအတွက်ကို မမီပါ။
ကျမ်းစာသည် သမိုင်းတွင် ဘာသာအပြန်ရဆုံးစာအုပ်လည်းဖြစ်နေပြန်သည်။ တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအနေနှင့်ဖြစ်စေ ဘာသာစကားနှင့် လူမျိုးစုငယ်စကားပေါင်း ၂,၁၀၀ ကျော်သို့ ပြန်ဆိုခဲ့ပြီးဖြစ်သည်။b လူ့မိသားစု၏ ၉၀ ရာခိုင်နှုန်းကျော်သည် မိမိတို့ဘာသာစကားဖြင့် အနည်းဆုံး ကျမ်းစာတစ်စိတ်တစ်ပိုင်းကို လက်ဝယ်ပိုင်ဆိုင်နိုင်ကြပြီ။၂ သို့ဖြင့် ဤစာအုပ်သည် နိုင်ငံနယ်ခြားများကို ဖြတ်ကျော်ကာ အမျိုးအနွယ်နှင့် လူမျိုးစုတံတိုင်းများကို ထိုးဖောက်ဝင်ရောက်ခဲ့ပေပြီ။
ကိန်းဂဏန်းများတစ်ခုတည်းကသာ သင်ကျမ်းစာကို သုံးသပ်ဖို့ အပြင်းအထန်တွန်းအားပေးသည့် အကြောင်းရင်းတစ်ခု ဖြစ်ချင်မှဖြစ်မည်။ သို့သော်ငြားလည်း ဖြန့်ချိထုတ်ဝေခဲ့၍ ဘာသာပြန်ရသည့် အရေအတွက်များက ကျမ်းစာသည် မှတ်သားဖွယ်ဖြစ်ကာ လူအများကြိုက်ဖြစ်ကြောင်း သက်သေထူနေသည်။ လူ့သမိုင်းရှိရှိသမျှတွင် ရောင်းရအသွက်ဆုံး၊ ဘာသာအပြန်ရဆုံးစာအုပ်ဖြစ်ခြင်းကြောင့် ယင်းကို သင်သုံးသပ်ထိုက်သည်မှာ သေချာပါသည်။
[အောက်ခြေမှတ်ချက်များ]
a စောင်ရေ သန်း ၈၀၀ ခန့်ရောင်းချဖြန့်ဝေခဲ့ရသည့် မော်စီတုန်း၏အရေးအသားများမှ ကိုးကားချက်များ အမည်ရှိ အနီရောင်အဖုံးနှင့် စာစောင်ငယ်သည် ဒုတိယအဖြန့်ဝေရဆုံးစာအုပ်ဟု ယူမှတ်ထားကြသည်။
b ဘာသာစကားအရေအတွက်နှင့်ပတ်သက်သည့် ကိန်းဂဏန်းများသည် ကျမ်းစာအသင်းပေါင်းချုပ်မှ ထုတ်ဝေသည့်အရေအတွက်ပေါ်တွင် အခြေပြုသည်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ခဲစာလုံးအရှင်ဖြင့် ကျမ်းစာတစ်အုပ်လုံးကို ဦးဆုံးပုံနှိပ်လိုက်သော လက်တင်ဘာသာဖြင့် ဂူတင်ဘာ့ဂ်ကျမ်း