ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ct အခန်း ၁ စာ. ၄-၉
  • အဘယ်အရာက သင့်ဘဝကို အဓိပ္ပာယ် ပို၍ပြည့်ဝစေနိုင်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဘယ်အရာက သင့်ဘဝကို အဓိပ္ပာယ် ပို၍ပြည့်ဝစေနိုင်သနည်း
  • သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖန်ဆင်းရှင်အယူအဆကို ပစ်ပယ်ခြင်း—အဘယ်ကြောင့်နည်း
  • ဖန်ဆင်းရှင်သည်သင့်ဘဝကို ပို၍အဓိပ္ပာယ်ရှိစေနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • သင့်ဘဝကို အစဉ်ထာဝရ အဓိပ္ပာယ် ပြည့်ဝစေလော့
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • သင့်ဖန်ဆင်းရှင်—ကိုယ်တော်သည်မည်သို့သောအရှင်ဖြစ်ကြောင်း သင်ယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • စကြဝဠာနှင့် သက်ရှိတို့အစ ဘယ်ဆီက
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
ct အခန်း ၁ စာ. ၄-၉

အခန်းတစ်

အဘယ်အရာက သင့်ဘဝကို အဓိပ္ပာယ် ပို၍ပြည့်ဝစေနိုင်သနည်း

ကိုယ့်အရပ်ဌာနေ၌ဖြစ်စေ၊ အပူပိုင်းဒေသ သုခဘုံတစ်ခုခု၌ဖြစ်စေ ကြည်နူးဖွယ်ဘဝမျိုးဖြင့် မွေ့လျော်ရခြင်းကို စိတ်ကူးယဉ်ဖူးပါသလော။ ကျွန်ုပ်တို့အားလုံးလိုလို တစ်ချိန်မဟုတ် တစ်ချိန်ချိန်တွင် ဤသို့စိတ်ကူးယဉ်ဖူးကြသည်။

၁၈၉၁ ခုနှစ်တွင် ပြင်သစ်အနုပညာရှင် ပေါလ် ဂေါ်ဂင် ဆိုသူသည် ပြင်သစ်ပိုင် ပိုလီနီးရှားကျွန်းစုတွင် အဆိုပါဘဝမျိုးကိုဖွေရှာရန် သွားရောက်ခဲ့သည်။ သို့သော် မကြာမီ အမှန်တရားနှင့် ပက်ပင်းတိုးလေတော့သည်။ အတိတ်က သူ၏အကျင့်ပျက်မှုကြောင့် သူကိုယ်တိုင်နှင့် အခြားသူတို့အား ရောဂါဝေဒနာနှင့် ဒုက္ခဆင်းရဲဖြစ်စေခဲ့သည်။ သေရမည့်အချိန် နီးကပ်လာပြီဟု ခံစားမိသည့်အခါ၌ သူသည် “ပြောင်မြောက်သောအနုပညာစွမ်းအား၏ နောက်ဆုံးဖြောင့်ချက်” ဟူ၍တင်စားခံရသည့် ပန်းချီကားကို ရေးဆွဲခဲ့သည်။ “၎င်းပန်းချီကားသည် လူသားတို့ မွေးဖွားချိန်မှ သေဆုံးချိန်အထိ လုပ်ဆောင်မှုခွင်တွင်ပါဝင်သည့် လူ့သက်တမ်းတစ်ခုလုံးကို သရုပ်ဖော်ထားသည်။ . . . သူက လူ့ဘဝကို ဆန်းကြယ်သောပဟေဠိအဖြစ် သရုပ်ဖော်ထားသည်” ဟု ပေါလ် ဂေါ်ဂင် ၁၈၄၈-၁၉၀၃ ခုနှစ်—ရှေးကျသောခေတ်မီသူ စာအုပ်ကဆို၏။

ဂေါ်ဂင်က ၎င်းပန်းချီကားကို “ကျွန်ုပ်တို့ အဘယ်မှလာသနည်း။ ကျွန်ုပ်တို့သည် အဘယ်အရာဖြစ်သနည်း။ ကျွန်ုပ်တို့ အဘယ်ဆီသို့ သွားနေကြသနည်း” ဟူ၍ အမည်ပေးထားသည်။a

ဤမေးခွန်းများကို ကြားဖူးနားဝ ရှိပေမည်။ စဉ်းစားတွေးခေါ်တတ်သူအများက ၎င်းမေးခွန်းများကို မေးတတ်ကြသည်။ လူတို့၏သိပ္ပံနှင့်နည်းပညာ တိုးတက်မှုအကြောင်း ရေးသားပြီးနောက် သည်ဝေါလ်စထရိဂျာနယ်၏ အယ်ဒီတာတစ်ဦးက ဤသို့ရေးသားခဲ့သည်– “လူသားတို့၏အကြောင်း၊ လူသားတို့ကြုံနေရသည့် အကျပ်အတည်းအကြောင်းနှင့် ဤစကြဝဠာအတွင်း လူသားတို့၏အနေအထားအကြောင်းတို့ကို စဉ်းစားလိုက်သည့်အခါ ကျွန်ုပ်တို့သည် ကနဦးအချိန်ကထက် သိသိသာသာ တိုးတက်ခြင်းမရှိခဲ့ချေ။ ကျွန်ုပ်တို့သည် မည်သူများဖြစ်ပြီး အဘယ်ကြောင့် တည်ရှိနေရသနည်း၊ ကျွန်ုပ်တို့ ဘယ်ဆီကိုသွားနေကြသနည်း ဟူသောမေးခွန်းများကို အဖြေရှာနေရဆဲဖြစ်သည်။”

လူအချို့တို့သည် လူ့ဘဝ၏ အခြားအဓိပ္ပာယ်ကို မသိသောကြောင့် ၎င်းတို့၏မိသားစုအတွက် စိုးရိမ်ပူပန်ခြင်း၊ စားဝတ်နေရေးအတွက် လုံးပန်းခြင်း၊ ခရီးသွားခြင်း၊ သို့မဟုတ် အခြား ကိုယ်ရေးကိုယ်တာစိတ်ဝင်စားစရာများဖြင့် လွှမ်းမိုးခံနေရသည်။ “မိမိဘဝကို အဓိပ္ပာယ်မရှိဟု မှတ်ယူသောသူသည် ပျော်ရွှင်မှုမရှိရုံမျှမက အသက်ရှင်ဖို့ပင်မသင့်ပေ” ဟူ၍ အဲလ်ဘတ် အိုင်းစတိုင်းက ဆိုခဲ့ဖူးသည်။ ဤသို့သောအတွေးအခေါ်မျိုးနှင့်အညီ လူအချို့က ၎င်းတို့၏ဘဝကို အဓိပ္ပာယ်ပြည့်ဝစေလိုသောရည်ရွယ်ချက်ဖြင့် သုခုမအနုပညာ၊ သိပ္ပံသုတေသနလုပ်ငန်း သို့တည်းမဟုတ် ဆင်းရဲဒုက္ခဟန့်တားခြင်း လူ့အကျိုးပြုလုပ်ငန်းများ၌ ဘဝကိုမြှုပ်နှံကြသည်။ ဤသို့သောသူများကို အသင်သိပါသလော။

ဘဝအဓိပ္ပာယ်နှင့်ပတ်သက်သော အခြေခံကျသည့်မေးခွန်းများ ပေါ်လာသည်မှာ နားလည်ရန်မခက်ပါ။ ငှက်ဖျားရောဂါကြောင့်ဖြစ်စေ၊ အခြားရောဂါတစ်ခုခုကြောင့်ဖြစ်စေ ကလေးတစ်ဦးဦး သေဆုံးသည်ကို တွေ့မြင်ပြီးနောက် ဘာကြောင့် ဒီလိုဒုက္ခတွေ ရှိရတာလဲ၊ အဓိပ္ပာယ်ကောရှိရဲ့လား ဟူ၍သိလိုသည့်မိဘများစွာ အမှန်ရှိသည်။ ဆင်းရဲမွဲတေခြင်း၊ ရောဂါဘယနှင့် မတရားမှုများကို တွေ့မြင်ရသည့် ငယ်ရွယ်သူ ယောက်ျားမိန်းမများစွာအား အလားတူမေးခွန်းများက စိတ်ရှုပ်ထွေးစေ၏။ ရက်စက်ကြမ်းကြုတ်သောစစ်ပွဲများကလည်း ဘဝ၌ အဓိပ္ပာယ် ရှိမှရှိနိုင်ပါ၏လောဟူ၍ လူတို့အား မကြာမကြာ တွေးတောမိစေသည်။

ယင်းသို့သော စိတ်ဆင်းရဲစရာများကို သင်ကိုယ်တိုင် မကြုံဖူးသည့်တိုင်အောင် ပါမောက္ခ ဖရီးမဲင်း ဒိုင်စန်နှင့် အသင် သဘောချင်းတိုက်ဆိုင်ပေမည်။ သူဤသို့ဆို၏– “[ကျမ်းစာထဲမှဇာတ်ကောင်] ယောဘမေးခဲ့သည့်မေးခွန်းများကို ကျွန်ုပ်ထပ်၍မေးလိုက်သည့်အခါ ကျွန်ုပ်သည် ကျော်ကြားသူများနည်းတူ တွေးတောဆင်ခြင်ရာရောက်၏။ ကျွန်ုပ်တို့ အဘယ်ကြောင့် ဒုက္ခဆင်းရဲခံရကြသနည်း။ လောက၌ မတရားမှု အဘယ်ကြောင့် ဤမျှများပြားရသနည်း။ နာကျင်ခြင်းဝေဒနာနှင့် ပူဆွေးသောကတို့၏ရည်ရွယ်ချက်ကား အဘယ်နည်း။” အသင်လည်း အဖြေသိလိုပေမည်။

စိတ်ကျေနပ်ဖွယ်အဖြေများရရှိလျှင် အခြေအနေ တစ်မျိုးတစ်မည် မုချပြောင်းလဲသွားနိုင်သည်။ အောင်းရှ်ဗစ္စချွေးတပ်စခန်း၏ စက်ဆုပ်ဖွယ်အဖြစ်ဆိုးများကို ခါးစည်းခံခဲ့သူ ပါမောက္ခတစ်ဦးက ဤသို့ပြောကြားခဲ့၏– “မိမိ၏ဘဝ၌ အဓိပ္ပာယ်ရှိသည်ဟူသောအသိကဲ့သို့ လူတစ်ဦးအား အဆိုးရွားဆုံးအခြေအနေများ၌ပင် အသက်မသေ ရှင်ကျန်နေနိုင်အောင် ထိထိရောက်ရောက် ထောက်ကူပေးနိုင်သည့်အရာဟူ၍ . . . ဤလောက၌ မရှိပေ။” လူတစ်ဦး၏ စိတ်ကျန်းမာမှုပင်လျှင် ဘဝအဓိပ္ပာယ်ရှာပုံတော်နှင့် ဆက်နွှယ်လျက်ရှိသည်ဟု သူယူဆသည်။ ရာစုနှစ်များတစ်လျှောက် လူအများသည် ဘာသာတရားအားဖြင့် အဖြေရှာခဲ့ကြသည်။ ဂေါတမ (ဗုဒ္ဓ) သည် လူနာ၊ လူအိုနှင့် လူသေတို့ကို မြင်တွေ့ရပြီးနောက် ဘာသာတရား၌ အသိဉာဏ်အလင်း သို့မဟုတ် အဓိပ္ပာယ်ကိုဖွေရှာခဲ့သော်လည်း ပုဂ္ဂိုလ်ဖြစ်သော ​ဘုရားသခင်တစ်ပါးကို ယုံကြည်ခြင်းမရှိခဲ့ချေ။ အခြားသူတို့မူ သူတို့၏ချာ့ချ်မှ အကူအညီတောင်းခံခဲ့ကြသည်။ သို့သော် ယခုခေတ်လူတို့ကော မည်သို့ ပြုကြသနည်း။ လူအများက ဘာသာတရားနှင့် “ဘုရားသခင်” ကို၎င်းတို့နှင့် မသက်ဆိုင်သောအရာအဖြစ် ပစ်ပယ်ကာ သိပ္ပံကို အာရုံပြုကြသည်။ “သိပ္ပံပညာတိုးတက်လေလေ ဘုရားသခင်အဖို့ နေစရာကျဉ်းသွားလေလေဖြစ်သည်။ ဘုရားသခင်သည် အခြေအနေမဲ့သူဖြစ်လာသည်” ဟူ၍ ဘာသာတရားနှင့် ​ဘုရားမဲ့ဝါဒ စာအုပ်က မှတ်ချက်ချသည်။

ဖန်ဆင်းရှင်အယူအဆကို ပစ်ပယ်ခြင်း—အဘယ်ကြောင့်နည်း

စင်စစ်အားဖြင့် ဘာသာတရား သို့မဟုတ် ဘုရားသခင်ကို ဖယ်ထုတ်ခြင်းခေတ်ရေစီးကြောင်းသည် ဆင်ခြင်တုံတရားသက်သက်ကို အလေးထားသော လူတို့၏အတွေးအခေါ်များအပေါ် အမြစ်တွယ်လျက်ရှိသည်။ ချားလ်စ် ဒါဝင်က သက်ရှိသဘာဝလောကအကြောင်းကို ဖန်ဆင်းရှင်တစ်ပါးရှိသည် ဟူသောအယူအဆက ရှင်းပြနိုင်သည်ထက် “သဘာဝတရား၏ရွေးချယ်မှု” ကပို၍ကောင်းစွာ ရှင်းပြနိုင်သည်ဟု ယူဆခဲ့သည်။ ဘုရားသခင်ဆိုသည်မှာ အာရုံမှားမှုတစ်မျိုးဖြစ်ကြောင်း ဆိဂ်မွန့် ဖရွိုက်ဒ် ကသွန်သင်၏။ “ဘုရားသခင်သေပြီ” ဟူသောထင်မြင်ချက်သည် ဖရီးဒ်ရစ်ခ် နီးချာ ခေတ်မှ ကျွန်ုပ်တို့လက်ထက်အထိ တည်တံ့လာသည်။ အရှေ့တိုင်းအတွေးအခေါ်များလည်း အလားတူပင်ဖြစ်သည်။ . . . သွန်သင်သူများက ဘုရားသခင်အကြောင်း သိစရာမလိုဟုခံယူကြသည်။ ရှင်တိုဘာသာဝင်တို့အဖို့ဆိုလျှင် “ဘုရားဆိုသည်မှာ လူသားသက်သက်မျှသာဖြစ်သည်” ဟု ပါမောက္ခ တက်ဆူးအို ယာမာအိုရီ ကဆိုသည်။

ဖန်ဆင်းရှင်တစ်ပါး တည်ရှိခြင်းနှင့်ပတ်သက်၍ သံသယသဘောထား အလွန်များပြားသော်လည်း ယင်းသဘောထားသည် လျော်ကန်သင့်မြတ်ပါ၏လော။ အတိတ်ကာလက ခေတ်စားခဲ့သော်လည်း အဆုံး၌ လုံးလုံးမှားယွင်းကြောင်း တဖြည်းဖြည်းထင်ရှားလာသည့် ‘သိပ္ပံဆိုင်ရာဖြစ်ရပ်မှန်များ’ နှင့်စပ်လျဉ်းသည့် သာဓကများကို သင်သိရှိပေမည်။ ‘ကမ္ဘာမြေကြီးပြားသည်၊’ ‘စကြဝဠာတစ်ခုလုံး ကျွန်ုပ်တို့၏ကမ္ဘာကိုဗဟိုပြု၍ လည်ပတ်နေသည်’ အစရှိသော ထင်မြင်ယူဆချက်များသည် ရာစုနှစ်ပေါင်းများစွာ ခေတ်စားခဲ့သော်လည်း ၎င်းတို့မှားယွင်းကြောင်း ယခုကျွန်ုပ်တို့ သိရှိပြီးဖြစ်သည်။

နောက်ပိုင်းကျသော သိပ္ပံဆိုင်ရာစိတ်ကူးစိတ်သန်းများကော မည်သို့နည်း။ သာဓကအနေနှင့် ဖန်ဆင်းရှင်ရှိကြောင်းလက်မခံသော ၁၈ ရာစုနှစ်မှ တွေးခေါ်ရှင် ဒေးဗစ် ဟျွမ်းသည် ကမ္ဘာပေါ်ရှိ ရှုပ်ထွေးသော ဇီဝဗေဒဆိုင်ရာ ဒီဇိုင်းပုံစံအကြောင်းကို ရှင်းမပြနိုင်ခဲ့ချေ။ ဒါဝင်၏သီအိုရီက သက်ရှိပုံသဏ္ဌာန်များ ဖွံ့ဖြိုးတိုးတက်လာပုံကိုတင်ပြသော်လည်း အသက် မည်သို့စတင်ဖြစ်ပေါ်သည် သို့မဟုတ် ကျွန်ုပ်တို့အဖို့ မည်သည့်အဓိပ္ပာယ်ရှိသည် ဟူသောအချက်ကို ရှင်းပြမထားချေ။

ထို့ကြောင့် သိပ္ပံပညာရှင်နှင့် လူပြိန်းအများက တစ်ခုခုလိုနေကြောင်း သဘောပေါက်လာကြသည်။ သိပ္ပံဆိုင်ရာသီအိုရီများက သက်ရှိ အဘယ်သို့ စတင်ကြောင်း ရှင်းပြရန်ကြိုးစားမည်ဖြစ်သော်လည်း အဓိကကျသောမေးခွန်းများသည် အဘယ်ကြောင့် ဟူသောအချက်ပေါ် အဓိက မူတည်လျက်ရှိသည်။ ဖန်ဆင်းရှင်ကို ယုံကြည်သည့် အသိုင်းအဝိုင်းတွင် ကြီးပြင်းလာသူများပင် ထိခိုက်ခံရသည်။ ဥရောပလူငယ် သမိုင်းဘာသာကျောင်းသူတစ်ဦးက “ဘုရားသေပြီလို့ ကျွန်မထင်တယ်။ ဘုရားသာ တကယ်ရှိရိုးမှန်ရင် ကမ္ဘာပေါ်မှာ ဒီလိုဝရုန်းသုန်းကား အခြေအနေမျိုး ရှိမှာမဟုတ်ဘူး။ အပြစ်မဲ့တဲ့လူတွေ ငတ်ပြတ်နေကြတယ်။ တိရစ္ဆာန်မျိုးစိတ်တွေ မျိုးသုဉ်းနေကြတယ်။ . . . ဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းဟာ အဓိပ္ပာယ်မရှိဘူး” ဟူ၍ပြောခဲ့သည်။ ဖန်ဆင်းရှင်ရှိသည်ပဲထား၊ ကမ္ဘာ့အခြေအနေများကိုထောက်ရှု၍ လူအများက ကမ္ဘာ့အခြေအနေ တိုးတက်ကောင်းမွန်အောင် ထိုဖန်ဆင်းရှင်က အဘယ်ကြောင့် ပြောင်းလဲမပေးခြင်းကို နားမလည်နိုင်ဘဲရှိကြသည်။

သို့ရာတွင် ဖန်ဆင်းရှင်တည်ရှိခြင်းကို လူအများ ငြင်းပယ်ရခြင်းအကြောင်းမှာ သူတို့ယုံကြည်လိုစိတ် မရှိခြင်းဖြစ်ကြောင်း ဝန်ခံရပေမည်။ “ကျုပ်ဘဝကို ပြောင်းလဲရမယ်လို့ ဖန်ဆင်းရှင်ကိုယ်တိုင် ပြောလာရင်တောင်မှ ကျုပ်မပြောင်းလဲနိုင်ဘူး။ ကျုပ်ဘဝကို ကျုပ်ကြိုက်သလို အသက်ရှင်ချင်တယ်” ဟူ၍ ဥရောပ စက်မှုလုပ်ငန်းရှင်တစ်ဦးက အလုပ်သမားတစ်ဦးကို ပြောပြသည်။ ဖန်ဆင်းရှင်၏ အခွင့်အာဏာကိုဝန်ခံလျှင် သူတို့၏လွတ်လပ်မှု သို့မဟုတ် သူတို့အကြိုက် ဘဝဟန်နှင့် ဆန့်ကျင်ဘက်ဖြစ်မည်ဟု အချို့ယူဆကြသည်မှာ ရှင်းပါသည်။ ‘မြင်ရတာကိုပဲ ကျုပ်ယုံကြည်တယ်။ အရူပ၊ ဖန်ဆင်းရှင်ကို ကျုပ်မြင်မှမမြင်နိုင်တာ’ ဟူ၍ သူတို့ဆိုပေမည်။

လူတစ်ဦးစီအနေနှင့် အဘယ်ကြောင့် ‘ဖန်ဆင်းရှင်ကို လျစ်လျူရှု’ ရသည့်အကြောင်းကို သိရှိရသည့်တိုင်အောင် ဘဝနှင့်ဘဝအဓိပ္ပာယ်တို့နှင့် စပ်လျဉ်းသည့်မေးခွန်းများမှာ ဆက်လက်ရှိမြဲရှိနေပေသည်။ အာကာသကို လူသားတို့ စတင်စူးစမ်းလေ့လာပြီးနောက် ဓမ္မပညာရှင် ကားလ်ဘတ်အား ၎င်းနည်းပညာ၏ အောင်မြင်မှုအကြောင်း မေးမြန်းရာတွင် သူက “ဒီအောင်မြင်မှုက ကျုပ်ကို ညဘက် အိပ်ရေးပျက်အောင်လုပ်တဲ့ ပြဿနာတွေထဲက တစ်ခုကိုမှ မဖြေရှင်းပေးဘူး” ဟူ၍ဖြေကြားခဲ့သည်။ ယနေ့လူသားသည် အာကာသအတွင်း ပျံသန်းလျက်ရှိကြသည့်အပြင် ဆိုင်ဘာစပေ့စ်ခေါ် ကွန်ပျူတာလောကအတွင်း အရှိန်အဟုန်နှင့် တိုးတက်လျက်ရှိသည်။ သို့တိုင်အောင် တွေးခေါ်တတ်သူတို့က ရည်ရွယ်ချက်တစ်ခုခုရှိဖို့၊ သူတို့၏ဘဝတွင် အဓိပ္ပာယ်ရှိစေနိုင်သည့်အရာတစ်ခုခု ရှိဖို့လိုအပ်နေကြောင်း တွေ့မြင်ကြရသည်။

ဤအကြောင်းအရာကို စဉ်းစားသုံးသပ်ပါရန် ကျယ်ပြန့်သောသဘောထား ရှိသူအားလုံးကို ကျွန်ုပ်တို့ ဖိတ်ကြားပါသည်။ “တွေးခေါ်ဆင်ခြင်မှု ရိုးသား” သူ၏ ဝိသေသလက္ခဏာမှာ “မှန်သည်ဟု မိမိယုံကြည်လက်ခံထားရာကို စိစစ်ရန်၊” “ရရှိနိုင်သည့် အခြား သက်သေအထောက်အထားကို အလုံအလောက် ဂရုစိုက်ရန် အဆင်သင့်ရှိခြင်း” ဖြစ်သည်ဟု ဘုရားသခင်အား ယုံကြည်ခြင်းနှင့် တွေးခေါ်ဆင်ခြင်မှု ရိုးသားခြင်း စာအုပ်က ဂရုပြုဖော်ပြထားသည်။

ကျွန်ုပ်တို့ဆွေးနွေးနေသည့် အကြောင်းအရာတွင် ထိုသို့သော “ရရှိနိုင်သည့် သက်သေအထောက်အထား” က သက်ရှိနှင့်စကြဝဠာကို စတင်ဖြစ်ပွားစေသော ဖန်ဆင်းရှင်တစ်ပါးရှိမရှိ မြင်တွေ့နိုင်အောင် ကူညီပေးနိုင်သည်။ အကယ်၍ ဖန်ဆင်းရှင်တစ်ပါးရှိပါက ကိုယ်တော်သည် မည်သို့သောသဏ္ဌာန်ရှိမည်နည်း။ ဖန်ဆင်းရှင်၌ ကျွန်ုပ်တို့၏ဘဝနှင့် ဆက်စပ်မှုရှိသည့် ကိုယ်ရည်ကိုယ်သွေး ရှိပါသလော။ ဤအကြောင်းကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် ကျွန်ုပ်တို့၏ဘဝသည် မည်သို့ပို၍အဓိပ္ပာယ်ပြည့်ဝပြီး ပို၍ကျေနပ်မှုရှိလာနိုင်ကြောင်းကို ထင်ထင်လင်းလင်း မြင်သာစေနိုင်သည်။

[အောက်ခြေမှတ်ချက်]

a မူရင်း– D’où venons-nous? Que sommes-nous? Où allons-nous

[Full-page picture on page 4]

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ဂေါ်ဂင်၏ပန်းချီကားက ဘဝအဓိပ္ပာယ်နှင့်ပတ်သက်သောမေးခွန်းများကို ပေါ်ပေါက်စေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ