ယေဟောဝါ—ကိုယ်တော်ကား မည်သူနည်း
ကမ္ဘောဒီးယားနိုင်ငံတွင် တောလမ်းထွင်၍သွားနေသော ၁၉ ရာစုက ပြင်သစ်လူမျိုး စူးစမ်းရှာဖွေသူ ဟဲန်ရီ မူအိုသည် ဘုရားကျောင်းတစ်ခုကိုဝန်းရံထားသည့် ကျုံးကျယ်ကြီးတစ်ခုသို့ ရောက်ရှိသွားသည်။ ယင်းသည် အဲန်ကောဝါ့တ်ဘုရားကျောင်းဖြစ်ပြီး ကမ္ဘာပေါ်တွင်အကြီးမားဆုံး ဘာသာရေးကျောင်းဆောင်ဖြစ်သည်။ မူအိုသည် ရေညှိတက်နေသည့် ထိုအဆောက်အဦများကို မြင်ရရုံဖြင့် လူ့လက်ရာဖြစ်ကြောင်း ပြောနိုင်ခဲ့သည်။ “ရှေးခေတ်မိုက်ကယ်အဲန်ဂျလိုတစ်ဦး ဆောက်လုပ်ခဲ့၍ ယင်းသည် ဂရိ သို့မဟုတ် ရောမတို့ထားရစ်ခဲ့သည့် မည်သည့်လက်ရာထက်မဆို သာ၍ကြီးကျယ်ခမ်းနားပါသည်” ဟုသူရေးသားခဲ့သည်။ ရာစုနှစ်များစွာပင် စွန့်ပစ်ထားခဲ့ကြပြီးဖြစ်သည့်တိုင် ထိုခမ်းနားလှသည့်အဆောက်အဦများ၏နောက်ဝယ်တွင် ပုံစံပြုသူတစ်ဦးရှိခဲ့ကြောင်းကို သူသံသယမရှိခဲ့ချေ။
စိတ်ဝင်စားစရာကား၊ လွန်ခဲ့သော ရာစုနှစ်များစွာကရေးသားထားသည့် ဉာဏ်ပညာဆိုင်ရာစာအုပ်တစ်အုပ်က ထပ်တူကျိုးကြောင်းဆင်ခြင်မှုကို အသုံးပြုခဲ့သည်၊ ဤသို့ဖော်ပြသည်– “အိမ်မည်သည်ကား၊ တစ်စုံတစ်ယောက်သောသူဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကိုတည်ဆောက်သောသူကား၊ ဘုရားသခင်ပေတည်း။” (ဟေဗြဲ ၃:၄) သို့သော် အချို့က ‘သဘာဝတရားဟာ လူ့လက်ရာနဲ့ တခြားစီပါ’ ဟုဆိုပေမည်။ သို့ရာတွင် အဆိုပါကန့်ကွက်ချက်ကို သိပ္ပံပညာရှင်အားလုံးက သဘောမတူကြပါ။
“ဇီဝဓာတုစနစ်များသည် သက်မဲ့အရာများမဟုတ်” ကြောင်းဝန်ခံပြီးနောက် ယူ.အက်စ်.အေ. ပဲင်စီလ်ဘေးနီးယား၊ လီဟိုင်းတက္ကသိုလ်မှ ဇီဝဓာတုဗေဒ တွဲဖက်ပါမောက္ခ မိုက်ကယ်ဘီဟီက ဤသို့မေးသည်– “သက်ရှိဇီဝဓာတုစနစ်များကို အသိဉာဏ်ရှိစွာ ပုံစံပြုလုပ်နိုင်ပါသလော။” သိပ္ပံပညာရှင်များသည် မျိုးရိုးဗီဇပြုပြင်စွက်ဖက်ခြင်းကဲ့သို့သောနည်းများဖြင့် သက်ရှိဇီဝရုပ်များရှိ အခြေခံပြောင်းလဲမှုများကို ယခုပုံစံပြုနေကြကြောင်း သူဆက်၍ပြသသည်။ မှန်ပါသည်၊ သက်ရှိသက်မဲ့အရာနှစ်မျိုးစလုံးသည် “တည်ဆောက်ခံရ” နိုင်ပါသည်! သက်ရှိဆဲလ်လောကကို အဏုကြည့်ကိရိယာဖြင့် စစ်ဆေးကြည့်ရာတွင် အချင်းချင်းအမှီသဟဲပြုကြရသော ဖွဲ့စည်းထားရာများ၏ အံ့မခန်းဖွယ်ရှုပ်ထွေးမှုစနစ်များအကြောင်းကို ဘီဟီက သတိပြုမိခဲ့သည်။ သူ၏ကောက်ချက်ကား မည်သို့နည်း။ “ဆဲလ်ကို စူးစမ်းလေ့လာရန်—မော်လီကျူးအဆင့်ရှိ အသက်ကိုစူးစမ်းလေ့လာရန်—အဆင့်ဆင့်ကြိုးပမ်းမှုများက ၎င်းသည် ‘ပုံစံပြု’ ထားခံရကြောင်း ကျယ်လောင်၊ ရှင်းလင်းပြတ်သားစွာဖော်ပြပါသည်။”
သို့ဆိုလျှင် ဤရှုပ်ထွေးပွေလီသောစနစ်များအားလုံး နောက်ဝယ်ရှိ ပုံစံပြုရှင်ကား မည်သူနည်း။
ပုံစံပြုရှင်ကား မည်သူနည်း
အဖြေကို စောစောကဖော်ပြခဲ့သော ဉာဏ်ပညာဆိုင်ရာရှေးစာအုပ်—သမ္မာကျမ်းစာ—တွင်ရနိုင်ပါသည်။ အရာအားလုံးကို မည်သူပုံစံပြုသည်ဟူသောမေးခွန်းကို သမ္မာကျမ်းစာ၏အဖွင့်စကားတွင် ရိုးရှင်းပြတ်သား၊ မှတ်သားလောက်ဖွယ် ဤသို့ဖြေဆိုပေးသည်– “အစအဦး၌ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏။”—ကမ္ဘာဦး ၁:၁။
သို့ရာတွင် ဘုရားဖြစ်သည်ဟုပြောဆိုကြသော အခြားဘုရားများမှ မိမိကိုယ်တော်တိုင်ကို ခွဲခြားသိမြင်စေရာတွင် ဖန်ဆင်းရှင်သည် မိမိကိုယ်တော်တိုင်ကို တစ်မူထူးခြားသော နာမတော်ဖြင့် ခွဲခြားသိမြင်စေတော်မူသည်– “မိုးကောင်းကင်ကိုဖန်ဆင်း၍ . . . မြေကြီးနှင့် မြေကြီးထဲကဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော၊ မြေကြီးပေါ်မှာရှိသောသူတို့အား အသက်ကို . . . ပေးတော်မူသောဘုရားသခင် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] မိန့်တော်မူသည်။” (ဟေရှာယ ၄၂:၅၊ ၈) ယေဟောဝါသည် စကြဝဠာကိုပုံစံပြုပြီး ကမ္ဘာပေါ်ရှိ လူယောက်ျားနှင့်လူမိန်းမတို့ကို ပြုလုပ်တော်မူသောအရှင် ဘုရားသခင်၏နာမတော်ဖြစ်သည်။ သို့သော် ယေဟောဝါကား မည်သူနည်း။ ကိုယ်တော်သည် မည်ကဲ့သို့သော ဘုရားသခင်ဖြစ်တော်မူသနည်း။ ထို့ပြင် ကိုယ်တော်၏စကားကို အဘယ်ကြောင့် သင် နားထောင်သင့်သနည်း။
ကိုယ်တော့်နာမတော်၏ အရေးပါမှု
ဦးဆုံးအနေဖြင့် ဖန်ဆင်းရှင်၏အမည်နာမဖြစ်သော ယေဟောဝါသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ နာမတော်မြတ်ကို ဟေဗြဲအက္ခရာလေးလုံးဖြစ်သော יהוה ဖြင့်ရေးသားထားပြီး ကျမ်းစာ၏ဟေဗြဲအပိုင်းတွင် အကြိမ်ပေါင်း ၇,၀၀၀ နီးပါးပါသည်။ နာမတော်မြတ်သည် ဟေဗြဲကြိယာ၏ ဖြစ်ပေါ်စေခြင်းပုံစံ ha·wahʹ (“ဖြစ်လာရန်”) ဖြစ်သည်ဟု ယူဆရပြီး “ကိုယ်တော်ဖြစ်ပေါ်စေတော်မူသည်” ဟူ၍အဓိပ္ပာယ်ရှိသည်။ တစ်နည်းဆိုရသော် ယေဟောဝါသည် မိမိ၏ရည်ရွယ်တော်မူချက်များကို ဖြစ်မြောက်စေရန် လိုအပ်သလို မိမိကိုယ်ကို ပညာရှိစွာဖြစ်စေသည်။ ကိုယ်တော်သည် ရည်ရွယ်တော်မူချက်များကို ပြည့်စုံစေရန် ဖန်ဆင်းရှင်၊ တရားသူကြီး၊ ကယ်တင်ရှင်၊ အသက်ကိုထောက်ပံ့ပေးရှင် အစရှိသည်ဖြင့် ဖြစ်လာတော်မူ၏။ ထိုထက်ကား ယင်းဟေဗြဲစကားလုံးသည် အဆင့်ဆင့်ပြည့်စုံသည့် ဆောင်ရွက်မှုကိုဖော်ပြသည့် သဒ္ဒါဆိုင်ရာပုံစံဖြစ်သည်။ ယင်းက ယေဟောဝါသည် မိမိ၏ရည်ရွယ်တော်မူချက်များကိုပြည့်စုံစေသူ ဖြစ်လာရန် မိမိကိုယ်ကိုဖြစ်စေတော်မူဆဲဖြစ်ကြောင်း ညွှန်ပြသည်။ မှန်ပါသည်၊ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်ပင်!
ယေဟောဝါ၏ ထင်ရှားသောအရည်အသွေးများ
ဤဖန်ဆင်းရှင်နှင့် မိမိ၏ကတိတော်ကိုပြည့်စုံစေတော်မူသောအရှင်သည် အလွန်နှစ်သက်ဖွယ်ကောင်းသောပုဂ္ဂိုလ်ဖြစ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ မိမိ၏ကွဲပြားခြားနားသော အရည်အသွေးများကို ယေဟောဝါကိုယ်တော်တိုင် ဖော်ထုတ်ကာ ဤသို့ဆိုသည်– “ယေဟောဝါ၊ ယေဟောဝါ၊ သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ အမျက်ထွက်နှေးသောသဘော၊ ချစ်ခင်ကြင်နာခြင်းနှင့် သစ္စာကြွယ်ဝသောသဘောရှိတော်မူသော၊ အထောင်အသောင်းသောသူတို့အား ချစ်ခင်ကြင်နာခြင်းတရား ထားတော်မူထသော၊ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း၊ ဒုစရိုက်အပြစ်တို့ကိုဖြေလွှတ်သောဘုရားဖြစ်တော်မူ၏။” (ထွက်မြောက်ရာ ၃၄:၆၊ ၇၊ ကဘ) ယေဟောဝါကို ချစ်ခင်ကြင်နာမှုရှိသော ဘုရားသခင်အဖြစ် ရေးသားဖော်ပြထားသည်။ ဤတွင်အသုံးပြုထားသော ဟေဗြဲစကားလုံးကို “သစ္စာစောင့်သိသောမေတ္တာ” ဟုလည်းပြန်ဆိုနိုင်ပါသည်။ ယေဟောဝါသည် မိမိ၏ထာဝရရည်ရွယ်တော်မူချက်ကို ပြီးမြောက်စေရာတွင် ကိုယ်တော်၏ဖန်ဆင်းရာများအား သစ္စာစောင့်သိစွာ ဆက်၍မေတ္တာပြသတော်မူ၏။ ထိုသို့သောမေတ္တာကို သင်မြတ်နိုးမည်မဟုတ်လော။
ယေဟောဝါသည် အမျက်ထွက်နှေးတော်မူပြီး ကျွန်ုပ်တို့အပြစ်များကိုဖြေလွှတ်ရန် လျင်မြန်တော်မူ၏။ အပြစ်မရှာဘဲ ကျွန်ုပ်တို့၏အပြစ်ကို လိုလိုလားလားခွင့်လွှတ်သောသူတစ်ဦး၏အနီးတွင် နေရခြင်းသည် ကြည်နူးစရာပင်ဖြစ်သည်။ သို့တိုင် ကိုယ်တော်သည် အမှားပြုလုပ်နေခြင်းကို မျက်ကွယ်ပြုသည်ဟုမဆိုလိုပါ။ ကိုယ်တော်က ဤသို့ကြေညာတော်မူခဲ့သည်– “ငါထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် တရားသဖြင့်စီရင်ခြင်းကိုနှစ်သက်၏။ လုယူခြင်းအမှုနှင့် အဓမ္မအမှုကိုမုန်း၏။” (ဟေရှာယ ၆၁:၈) တရားမျှတသော ဘုရားသခင်အနေဖြင့် ဆိုးယုတ်မှုကိုဆက်ပြုလုပ်သည့် မျက်နှာပြောင်တိုက်ပြီး ပြစ်မှားနေသူများကို ကိုယ်တော်အစဉ်သည်းခံနေတော်မူလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ယေဟောဝါသည် အချိန်တန်သောအခါ ကျွန်ုပ်တို့၏ဝန်းကျင်လောကရှိ မတရားမှုများကို တည့်မတ်ပေးမည်ကို စိတ်ချနိုင်သည်။
ချစ်ခြင်းမေတ္တာနှင့် တရားမျှတမှုအရည်အသွေးများစပ်ကြား လုံးလုံးလျားလျား မျှတမှုကိုထိန်းသိမ်းထားရန် ဉာဏ်ပညာလိုသည်။ ယေဟောဝါသည် ကျွန်ုပ်တို့နှင့်ဆက်ဆံရာတွင် ဤအရည်အသွေးနှစ်ခုကို အံ့ဖွယ်နည်းဖြင့် မျှတစေပါသည်။ (ရောမ ၁၁:၃၃-၃၆) ဉာဏ်ပညာတော်ကို နေရာတိုင်းတွင် အမှန်ပင် တွေ့ရှိနိုင်ပါသည်။ သဘာဝ၏အံ့ချီးဖွယ်ရာများက ယင်းကိုသက်သေထူသည်။—ဆာလံ ၁၀၄:၂၄; သု. ၃:၁၉။
သို့တိုင် ဉာဏ်ပညာရှိရုံဖြင့် မလုံလောက်ပေ။ ကိုယ်တော့်စိတ်တော်တွင် ပေါ်လာသည့်အရာများ လုံးလုံးအထမြောက်အောင်မြင်စေရန် ဖန်ဆင်းရှင်တွင် တန်ခိုးလည်းအပြည့်အဝရှိရမည်ဖြစ်သည်။ ကိုယ်တော်သည် ထိုသို့သောဘုရားသခင်ဖြစ်တော်မူကြောင်း သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “အထက်သို့မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ . . . ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့်၊ တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။” (ဟေရှာယ ၄၀:၂၆) အမှန်ပင်၊ ယေဟောဝါသည် မိမိအလိုတော်ကိုပြီးမြောက်စေရန် “တန်ခိုးနှင့်ပြည့်စုံတော်မူ” သောအခွင့်အာဏာရှိသည်။ ထိုအရည်အချင်းများက ယေဟောဝါထံ သင့်အား မဆွဲဆောင်ပေလော။
ယေဟောဝါအားသိရှိခြင်း၏ အကျိုးကျေးဇူးများ
ယေဟောဝါသည် “[ကမ္ဘာမြေကြီးကို] အချည်းနှီးဖန်ဆင်းသည်မဟုတ်၊” ကိုယ်တော်နှင့်အတူ အဓိပ္ပာယ်ရှိသောဆက်ဆံရေးရှိသည့် လူသားများ “နေစရာဖို့ ဖန်ဆင်းတော်မူ” ၏။ (ဟေရှာယ ၄၅:၁၈; ကမ္ဘာဦး ၁:၂၈) မိမိ၏မြေကြီးဖန်ဆင်းရာများကို ကိုယ်တော်ဂရုစိုက်တော်မူ၏။ ပန်းခြံနှင့်တူသော အိမ်၊ ပရဒိသုတစ်ခုဖြင့် လူသားတို့ကို စုံလင်စွာ အစပြုပေးခဲ့သည်။ လူသားများအနေဖြင့် ၎င်းကိုဖျက်ဆီးနေကြရာ ယေဟောဝါအား များစွာအလိုမကျဖြစ်စေသည်။ သို့တိုင် ကိုယ်တော်၏နာမတော်နှင့်အညီ အမှန်လုပ်ဆောင်မည်ဖြစ်ကာ ယေဟောဝါသည် လူနှင့်မြေကြီးအတွက် မိမိ၏မူလရည်ရွယ်တော်မူချက်ကို ပြီးပြည့်စုံစေပါလိမ့်မည်။ (ဆာလံ ၁၁၅:၁၆; ဗျာဒိတ် ၁၁:၁၈) ကိုယ်တော်သည် မိမိ၏ကလေးများအဖြစ် နာခံရန်လိုလိုလားလားရှိသူများအတွက် ကမ္ဘာမြေပေါ် ပရဒိသုကို ပြန်လည်တည်ထောင်ပါလိမ့်မည်။—သု. ၈:၁၇; မဿဲ ၅:၅။
ထိုပရဒိသုတွင် သင်မွေ့လျော်နိုင်သည့် ဘဝအရည်အသွေးကို သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်က ဤသို့ဖော်ပြသည်– “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာဒိတ် ၂၁:၃၊ ၄) ယင်းသည် ယေဟောဝါ သင့်ကိုခံစားစေလိုသော စစ်မှန်သောဘဝဖြစ်သည်။ ကိုယ်တော်သည် မည်မျှသဘောထားကောင်းသော ဖခင်ပါတကား! ကိုယ်တော်အကြောင်းနှင့် ပရဒိသုတွင်နေထိုင်ရန် သင့်အား တောင်းဆိုထားသည့်အရာတို့ကို သင်ပိုမိုသိလိုပါသလော။
အခြားသောအမှတ်အသားမပါရှိသည့်ကျမ်းကိုးကားချက်အားလုံးသည် ယုဒသန်ပြန်ဆိုသည့် သမ္မာကျမ်း မှဖြစ်သည်။