ယင်းတို့အားလုံးနောက်ဝယ်တွင် မည်သူရှိသနည်း
ကမ္ဘောဒီးယားနိုင်ငံတွင် တောလမ်းထွင်၍သွားနေသော ၁၉ ရာစုက ပြင်သစ်လူမျိုး စူးစမ်းရှာဖွေသူ ဟဲန်ရီ မူအိုသည် ဘုရားကျောင်းတစ်ခုကိုဝန်းရံထားသည့် ကျုံးကျယ်ကြီးတစ်ခုသို့ ရောက်ရှိသွားသည်။ သူရပ်သည့်နေရာမှ မိုင်ဝက်ခန့်တွင်ရှိသော ဘုရားကျောင်းမျှော်စင်ငါးခုသည် လေဟာနယ်ထဲ ပေ ၂၀၀ မက မြင့်မားသည်။ ယင်းသည် အဲန်ကောဝါ့တ် ဘုရားကျောင်းဖြစ်ပြီး ကမ္ဘာပေါ် အကြီးမားဆုံး ဘာသာရေး ကျောင်းဆောင်ဖြစ်သည်။ ၎င်းကို မူအိုတွေ့ရှိချိန်တွင် ယင်းသည်ခုနစ်ရာစုတိုင် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံခဲ့ပြီဖြစ်သည်။
မူအိုသည် ရေညှိတက်နေသည့် ထိုအဆောက်အဦများကို မြင်ရရုံဖြင့် လူ့လက်ရာဖြစ်ကြောင်း ပြောနိုင်ပါသည်။ “ရှေးခေတ်မိုက်ကယ်အဲန်ဂျလိုတစ်ဦး ဆောက်လုပ်ခဲ့၍ ယင်းသည် ဂရိ သို့မဟုတ် ရောမတို့ထားရစ်ခဲ့သည့် မည်သည့်လက်ရာထက်မဆို သာ၍ကြီးကျယ်ခမ်းနားပါသည်” ဟုသူကရေးသားခဲ့သည်။ ရာစုနှစ်များစွာပင် စွန့်ပစ်ထားခဲ့ကြပြီးဖြစ်သော်လည်း ထိုခမ်းနားလှသည့်အဆောက်အဦများ၏နောက်ဝယ်တွင် ပုံစံပြုသူတစ်ဦးရှိခဲ့ကြောင်းကို သူလုံးဝသံသယမရှိပါ။
စိတ်ဝင်စားစရာကား၊ လောကတစ်ခုလုံးသည် ပုံစံပြုလုပ်သူတစ်ဦး၏လက်ရာဖြစ်ရမည်အကြောင်းကိုရှင်းပြရန် လွန်ခဲ့သော ရာစုနှစ်များစွာကရေးသားထားသည့် ဉာဏ်ပညာစာအုပ်တစ်အုပ်က ထပ်တူကျိုးကြောင်းဆင်ခြင်မှုကို အသုံးပြုတင်ပြခဲ့သည်။ ၎င်းသည် ဖန်ဆင်းခံခဲ့ရမည်ဖြစ်သည်။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “အိမ်မည်သည်ကား၊ တစ်စုံတစ်ယောက်သောသူဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကိုတည်ဆောက်သောသူကား၊ ဘုရားသခင်ပေတည်း။” (ဟေဗြဲ ၃:၄) အချို့က ‘သဘာဝတရားဟာ လူ့လက်ရာနဲ့ တခြားစီပါ’ ဟုပြောဆိုကာ ဤနှိုင်းယှဉ်ချက်ကို သဘောမတူဘဲနေပေမည်။ သို့ရာတွင် အဆိုပါကန့်ကွက်ချက်ကို သိပ္ပံပညာရှင်အားလုံးက သဘောမတူကြပါ။ “ဇီဝဓာတုစနစ်များသည် သက်မဲ့ပစ္စည်းများမဟုတ်” ကြောင်းဝန်ခံပြီးနောက် လီဟိုင်းတက္ကသိုလ်မှ ဇီဝဓာတုဗေဒ တွဲဖက်ပါမောက္ခ မိုက်ကယ်ဘီဟီက ဤသို့မေးလိုက်သည်– “လည်ပတ်နေသော ဇီဝဓာတုစနစ်များကို အသိဉာဏ်ရှိစွာ ပုံစံပြုလုပ်ထားနိုင်ပါသလော။” သိပ္ပံပညာရှင်များသည် မျိုးရိုးဗီဇပြုပြင်ထုတ်လုပ်ခြင်းကဲ့သို့သောနည်းများဖြင့် သက်ရှိဇီဝရုပ်များရှိ အခြေခံပြောင်းလဲမှုများကို ယခုပုံစံပြုနေကြကြောင်း သူဆက်ပြောပါသည်။ သက်ရှိသက်မဲ့အရာနှစ်မျိုးစလုံးကို ပုံစံပြုထုတ်လုပ်နိုင်သည်မှာ ရှင်းနေပါသည်။ သက်ရှိဆဲလ်လောကကို အဏုကြည့်ကိရိယာဖြင့် သုတေသနပြုရာတွင် အချင်းချင်းအမှီသဟဲပြုကြရသော ဖွဲ့စည်းထားရာများ၏ အံ့မခန်းဖွယ်ရှုပ်ထွေးမှုစနစ်များအကြောင်း ဘီဟီကဆွေးနွေးဖော်ပြသည်။ သူ၏ ကောက်ချက်ကား မည်သို့နည်း။ “ဆဲလ်ကို စူးစမ်းလေ့လာရန်—မော်လီကျူးအဆင့်ရှိ အသက်ကိုစူးစမ်းလေ့လာရန်—အဆင့်ဆင့်ကြိုးပမ်းမှုများက ၎င်းသည် ‘ပုံစံပြု’ ထားခံရကြောင်း ကျယ်လောင်၊ ရှင်းလင်းပြတ်သားစွာဖော်ပြပါသည်။”
စကြဝဠာလေ့လာသူများနှင့် ရူပဗေဒပညာရှင်များသည်လည်း ဤကမ္ဘာမြေကြီးနှင့် စကြဝဠာကို အသေးစိတ်လေ့လာခဲ့ကြရာ အလွန်အံ့အားသင့်လောက်သည့် အချက်အလက်များကို တွေ့ရှိခဲ့ကြသည်။ ဥပမာ၊ စကြဝဠာဆိုင်ရာကိန်းသေများသည် မဆိုစလောက်မျှသာ ပြောင်းလဲမည်ဆိုလျှင် သက်မဲ့စကြဝဠာဖြစ်သွားပေလိမ့်မည်ဟု ယခုသူတို့သဘောပေါက်နေကြပြီဖြစ်သည်။a စကြဝဠာလေ့လာသူ ဘရဲန်ဒန် ကာတာက ထိုအချက်အလက်များကို အံ့ဖွယ်ကောင်းလောက်သည့် တိုက်ဆိုင်မှုများဟု ခေါ်ဆိုခဲ့သည်။ သို့သော် ဆန်းကြယ်ပြီး တစ်ခုနှင့်တစ်ခုဆက်နွှယ်သော တိုက်ဆိုင်မှုတသီတတန်းကြီးနှင့်တိုးခဲ့လျှင် ၎င်းတို့နောက်ဝယ် ပုဂ္ဂိုလ်တစ်ဦးရှိရလိမ့်မည်ဟု အနည်းဆုံးတော့စဉ်းစားမိမည်မဟုတ်လော။
ဤရှုပ်ထွေးပွေလီသောစနစ်များနှင့် အတိအကျဖြစ်ပျက်သော “တိုက်ဆိုင်မှုများ” အားလုံး၏နောက်ဝယ်တွင် ပုံစံပြုရှင်တစ်ပါး စင်စစ်ရှိပါသည်။ မည်သူဖြစ်မည်နည်း။ “သိပ္ပံနည်းပညာများဖြင့် ပုံစံပြုသူအားခွဲခြားသိမြင်ခြင်းသည် အလွန်ခဲယဉ်းပေမည်” ဟုပါမောက္ခ ဘီဟီကဝန်ခံပြီး ထိုမေးခွန်းကို “အတွေးအခေါ်နှင့် ဓမ္မပညာ” တို့ဖြင့်ဖြေဆိုကြည့်ကြရန် ခြွင်းချန်ထားလိုက်သည်။ ထိုမေးခွန်းသည် သင်နှင့်မသက်ဆိုင်ပေဟု သင်ယူမှတ်ပေမည်။ သို့ရာတွင် သင်လိုအပ်နေသည့်အရာများအပြည့်ပါသော လှပစွာထုပ်ပိုးထားသည့်အထုပ်တစ်ခုကို သင်လက်ခံရရှိပါက ယင်းကို မည်သူပို့ပေးကြောင်း သင်သိလိုမည်မဟုတ်လော။
ပြောရမည်ဆိုလျှင် ကျွန်ုပ်တို့သည် ထိုသို့သောအထုပ်မျိုးတစ်ခုဖြစ်သည့် အသက်ရှင်နေထိုင်ကာ အသက်ကိုမွေ့လျော်ခံစားစေနိုင်သော လက်ဆောင်မွန်များအပြည့်ပါသည့် အထုပ်တစ်ခုကို ရရှိထားကြသည်။ ထိုအထုပ်မှာ ကမ္ဘာမြေကြီးဖြစ်ကာ အသက်ကိုထောက်မပေးနေသည့် ၎င်း၏အံ့မခန်းဖွယ်စနစ်အားလုံးပါဝင်သည်။ ဤလက်ဆောင်များကို မည်သူပေးကြောင်း စူးစမ်းလိုစိတ် မရှိသင့်ပေလော။
ဝမ်းသာစရာကား၊ အထုပ်ပို့ပေးသူသည် ပူးတွဲစာပါပို့ပေးခဲ့သည်။ ထိုပူးတွဲပါ “စာ” သည် ရှေ့တွင်ဖော်ပြခဲ့သော ဉာဏ်ပညာဆိုင်ရာ ရှေးစာအုပ်—သမ္မာကျမ်းစာ—ဖြစ်သည်။ ၎င်းအထုပ်ကို ကျွန်ုပ်တို့အား မည်သူပေးကြောင်း သမ္မာကျမ်းစာ၏နိဒါန်းတွင် ရိုးရှင်းပြတ်သား၊ မှတ်သားလောက်ဖွယ် ဤသို့ဖြေဆိုပေးသည်—“အစအဦး၌ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏။”—ကမ္ဘာဦး ၁:၁။
ထို “စာ” တွင်ဖန်ဆင်းရှင်သည် မိမိကိုယ်တော်တိုင်၏နာမတော်ကိုဖော်ပြကာ ဤသို့ခွဲခြားသိမြင်စေတော်မူသည်– “မိုးကောင်းကင်ကိုဖန်ဆင်း၍ . . . မြေကြီးနှင့် မြေကြီးထဲကဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော၊ မြေကြီးပေါ်မှာရှိသောသူတို့အား အသက်ကို . . . ပေးတော်မူသောဘုရားသခင် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] မိန့်တော်မူသည်။” (ဟေရှာယ ၄၂:၅) မှန်ပါသည်၊ ယေဟောဝါသည် စကြဝဠာကိုပုံစံပြုပြီး ကမ္ဘာပေါ်ရှိ လူယောက်ျားနှင့် လူမိန်းမတို့ကို ပြုလုပ်တော်မူသောအရှင် ဘုရားသခင်၏နာမတော်ဖြစ်သည်။ သို့သော် ယေဟောဝါကား မည်သူနည်း။ ကိုယ်တော်သည် မည်ကဲ့သို့သော ဘုရားသခင်ဖြစ်တော်မူသနည်း။ ထို့ပြင် ကမ္ဘာသူကမ္ဘာသားအပေါင်းသည် ကိုယ်တော်၏စကားကို အဘယ်ကြောင့်နားထောင်သင့်သနည်း။
[အောက်ခြေမှတ်ချက်များ]
a “ကိန်းသေများ” သည် စကြဝဠာတစ်ခွင် ပြောင်းလဲပုံမရှိသောတန်ဖိုးများဖြစ်သည်။ ဥပမာနှစ်ခုမှာ အလင်း၏အမြန်နှုန်းနှင့် ဒြပ်ဝတ္ထုဆွဲငင်ခြင်းတို့ဖြစ်ကြသည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
အဲန်ကောဝါ့တ်ကို လူတို့ဆောက်လုပ်ခဲ့ကြ
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
လက်ဆောင်တစ်ခုကိုရရှိသောအခါ ၎င်းကို မည်သူမည်ဝါကပေးပို့ကြောင်း သင်မသိရှိလိုပေလော