အခန်း လေး
ယေဟောဝါ၏ အိမ်တော် ချီးမြှောက်ခြင်း ခံရ
၁၊ ၂။ ယူအဲန် အဆောက်အအုံ၏ နံရံတစ်ခုတွင် အဘယ်စာသားကို ရေးထွင်းထားသနည်း၊ ၎င်း၏ ဇာစ်မြစ်ကား အဘယ်နည်း။
“သူတို့ဓားလက်နက်များကို ထွန်သွား ဖြစ်စေခြင်းငှာ လည်းကောင်း၊ လှံများကို တံစဉ် ဖြစ်စေခြင်းငှာ လည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။” ဤစာသားကို နယူးယောက်မြို့ ယူအဲန် အဆောက်အအုံ နံရံတစ်ခုပေါ်တွင် ရေးထွင်းထားသည်။ ဆယ်စုနှစ်ချီ၍ ထိုစာသားကို အဘယ်မှ ကိုးကားကြောင်း မဖော်ပြခဲ့ပါ။ ယူအဲန်၏ ရည်ရွယ်ချက်မှာ ကမ္ဘာချီ ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ကြဉ်းပေးမည် ဖြစ်သောကြောင့် ဤကိုးကားချက်၏ ရင်းမြစ်သည် ၁၉၄၅ တွင် ယူအဲန်တည်ထောင်သူများထံမှ အစပြုခဲ့သည်ဟု အလွယ်တကူ ယူဆခဲ့ကြသည်။
၂ သို့သော် ၁၉၇၅ တွင် ထိုကိုးကားချက်၏အောက်၌ ဟေရှာယ၏ အမည်ကို ရေးထွင်းခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းသည် မျက်မှောက်ခေတ်တွင် အရင်းခံသော စာသားများ မဟုတ်ကြောင်း ထင်ရှားသွားသည်။ အမှန်မှာ ယင်းစာသားကို လွန်ခဲ့သော နှစ်ပေါင်း ၂,၇၀၀ ကျော်က ပရောဖက်ပြုချက်တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ယခုအခါ ဟေရှာယကျမ်း၏ ဒုတိယ အခန်းကြီးတွင် ပါရှိနေသည်။ ထောင်စုနှစ်များတစ်လျှောက် ငြိမ်းချမ်းရေးကို မြတ်နိုးသူများက ဟေရှာယ ကြိုဟောချက်သည် အဘယ်သို့နှင့် အဘယ်အချိန်၌ ဖြစ်ပျက်လာမည်ကို စဉ်းစားလာခဲ့ကြသည်။ တွေးဆနေစရာ မလိုတော့ပါ။ ယနေ့ ဤရှေးပရောဖက်ပြုချက်သည် ကျွန်ုပ်တို့ရှေ့တွင်ပင် အံ့မခန်းဖွယ် ပြည့်စုံနေသည်ကို တွေ့မြင်ရသည်။
၃။ မိမိတို့၏ ဓားများကို ထွန်သွား ဖြစ်စေခြင်းငှာ ထုလုပ်ကြသည့် နိုင်ငံများကား အဘယ်နိုင်ငံများနည်း။
၃ မိမိတို့၏ ဓားများကို ထွန်သွား ဖြစ်စေခြင်းငှာ ထုလုပ်ကြသည့် နိုင်ငံများကား အဘယ်နိုင်ငံများနည်း။ မျက်မှောက်ခေတ် နိုင်ငံရေးဆိုင်ရာ နိုင်ငံများနှင့် အစိုးရများ မဟုတ်သည်မှာ သေချာသည်။ ဤတိုင်းနိုင်ငံများသည် ယခုအချိန်အထိ စစ်ပွဲဆင်နွှဲရန်နှင့် အင်အားဖြင့် “ငြိမ်းချမ်းရေး” ကို ထိန်းသိမ်းရန် ဓားများ သို့မဟုတ် လက်နက်များကို ထုတ်လုပ်နေကြသည်။ အမှန်ဆိုရလျှင် တိုင်းနိုင်ငံများသည် ထွန်သွားများကို ဓားများအဖြစ် ထုလုပ်ရန် အမြဲပင် စိတ်ရှိကြသည်! ဟေရှာယ ပရောဖက်ပြုချက် ပြည့်စုံချက်ကို “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်” ယေဟောဝါအား ကိုးကွယ်ကြသည့် တိုင်းနိုင်ငံလူမျိုးအပေါင်းမှ ကိုယ်စားပြုသူတို့တွင် တွေ့ရသည်။—ဖိလိပ္ပိ ၄:၉။
စစ်မှန်သော ဝတ်ပြုရေးသို့ တဖွဲဖွဲ ဝင်ရောက်လာသောလူများ
၄၊ ၅။ ဟေရှာယ အခန်းကြီး ၂ ၏ အဖွင့်အခန်းငယ်များတွင် အဘယ်အရာကို ကြိုဟောထားသနည်း၊ ထိုစကားများကို ယုံကြည်အားထားနိုင်ကြောင်း မည်သို့ အလေးအနက် ဖော်ပြသနည်း။
၄ ဟေရှာယ အခန်းကြီး ၂ ကို ဤစကားများဖြင့် အစပြု၏– “ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍ အာမုတ်၏သား ဟေရှာယ ခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊ နောက်ဆုံးသော ကာလ၌ [“ဖြစ်ပျက်ရမည့်အရာကား၊” ကဘ] ထာဝရဘုရား၏ အိမ်တော် တည်သော တောင်သည် တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသော လူမျိုးတို့သည် ထိုတောင်သို့ [“တဖွဲဖွဲ လာရောက်ရမည်၊” ကဘ] စည်းဝေးကြလိမ့်မည်။”—ဟေရှာယ ၂:၁၊ ၂။
၅ ဟေရှာယ၏ ကြိုဟောချက်သည် ထင်ကြေးပေး မှန်းဆခြင်းမျှသာ မဟုတ်ကြောင်း သတိပြုပါ။ မလွဲမသွေ “ဖြစ်ပျက်ရမည့်” အဖြစ်အပျက်များကို မှတ်တမ်းတင်ရန် ဟေရှာယ ညွှန်ကြားခံခဲ့ရသည်။ ယေဟောဝါ ရည်ရွယ်တော်မူသမျှသည် မုချ “အောင်” မြင်သည်။ (ဟေရှာယ ၅၅:၁၁) ဟေရှာယနှင့် တစ်ခေတ်တည်းသား ဖြစ်သူ ပရောဖက် မိက္ခာကို ဟေရှာယ ၂:၂-၄ တွင် ပါသော ပရောဖက်ပြုချက်အတိုင်း သူ၏ ကျမ်းတွင် မှတ်တမ်းတင်ရန် ဘုရားသခင် မှုတ်သွင်းခဲ့ခြင်းက မိမိ၏ ကတိတော်ကို ယုံကြည်စိတ်ချနိုင်ကြောင်း အလေးအနက် ဖော်ပြခြင်း ဖြစ်သည်မှာ ထင်ရှား၏။—မိက္ခာ ၄:၁-၃။
၆။ ဟေရှာယ ပရောဖက်ပြုချက်သည် အဘယ်အချိန်တွင် ပြည့်စုံကြောင်း တွေ့ရသနည်း။
၆ ဟေရှာယ၏ ပရောဖက်ပြုချက်သည် အဘယ်အချိန်တွင် ပြည့်စုံရန် ဖြစ်သနည်း။ “နောက်ဆုံးသော ကာလ၌” ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်ကျမ်းသစ်အရ “နောက်ဆုံးသော နေ့ရက်များတွင်” ဟု ဖတ်ရသည်။ ခရစ်ယာန် ဂရိကျမ်းစောင်များ၌ ဤကာလကို မှတ်သားဖော်ပြသည့် ကြန်အင်လက္ခဏာများကို ကြိုဟောထားသည်။ ၎င်းတို့အထဲတွင် စစ်ပွဲများ၊ မြေငလျင်လှုပ်ခြင်း၊ ကပ်ရောဂါ၊ အစာခေါင်းပါးခြင်းနှင့် “ကိုင်တွယ်ရ ခဲယဉ်းသည့် ကျပ်တည်းသောကာလ” တို့ ပါဝင်သည်။a (၂ တိမောသေ ၃:၁-၅၊ ကဘ; လုကာ ၂၁:၁၀၊ ၁၁) ထိုပရောဖက်ပြုချက်များ ပြည့်စုံခြင်းက ကျွန်ုပ်တို့သည် “နောက်ဆုံးသောကာလ၊” ဤလက်ရှိ အစီအစဉ်စနစ်၏ နောက်ဆုံးသော နေ့ရက်များတွင် အသက်ရှင်နေရကြောင်း သက်သေအထောက်အထားများ ဖြစ်သည်။ သို့ဖြစ်၍ ဟေရှာယ ကြိုဟောထားသည့်အရာများ ကျွန်ုပ်တို့အချိန်တွင် ပြည့်စုံမည်ကို တွေ့မြင်ရန် မျှော်လင့်ခြင်းသည် ဆင်ခြင်တုံတရားနှင့် ညီညွတ်သည်။
ဝတ်ပြုကိုးကွယ်ရာတောင်
၇။ ဟေရှာယသည် အဘယ် ပရောဖက်ပြု သရုပ်သကန်ကို ခြယ်မှုန်းပြသနည်း။
၇ ဟေရှာယသည် စကားလုံး အနည်းငယ်ဖြင့် ကွက်ကွက်ကွင်းကွင်း မြင်သာစေသော ပရောဖက်ပြု သရုပ်သကန်ကို ခြယ်မှုန်းပေးထားသည်။ တောင်ထိပ်တွင် ဘုန်းကျက်သရေနှင့်ပြည့်သော အိမ်တော်၊ ယေဟောဝါ၏ ဗိမာန်တော်တည်ရာ မြင့်မားသော တောင်ကြီးတစ်လုံးကို ကျွန်ုပ်တို့ တွေ့ရသည်။ ဤတောင်သည် ပတ်ဝန်းကျင်တွင် ရှိသော တောင်ကြီးတောင်ငယ်တို့ကို မိုးထားသည်။ သို့တိုင် ယင်းသည် စိုးထိတ်ကြောက်ရွံ့ဖွယ် မကောင်းဘဲ နှစ်သက်ဖွယ် ဖြစ်သည်။ လူမျိုးအားလုံးမှသူတို့သည် ယေဟောဝါ၏ အိမ်တော် တည်သော တောင်ပေါ်သို့ တက်ရန် ဆန္ဒပြင်းပြကြရာ တဖွဲဖွဲ တက်သွားကြသည်။ ယင်းကို မြင်ယောင်ကြည့်ရန် လွယ်ကူသည်၊ သို့သော် ယင်းသည် အဘယ် အဓိပ္ပာယ်ရှိသနည်း။
၈။ (က) ဟေရှာယခေတ်က တောင်ကုန်းများနှင့် တောင်ကြီးများသည် အဘယ်အရာနှင့်ပတ်သက်သနည်း။ (ခ) ‘ယေဟောဝါ၏ အိမ်တော် တည်သော တောင်’ သို့ လူများ တဖွဲဖွဲ လာနေခြင်းက အဘယ်အရာကို ပုံဖော်ပြသနည်း။
၈ ဟေရှာယခေတ်တွင် တောင်ကုန်းများနှင့် တောင်ကြီးများသည် အများအားဖြင့် ဝတ်ပြုရေးနှင့် ဆက်နွှယ်သည်။ ဥပမာ၊ ၎င်းတို့ကို ရုပ်တုကိုးကွယ်မှုနှင့် မှောက်မှားသော နတ်ဘုရားကျောင်းနေရာများအဖြစ် အသုံးပြုကြသည်။ (တရားဟောရာ ၁၂:၂; ယေရမိ ၃:၆) သို့ရာတွင် ယေဟောဝါ၏ အိမ်တော် သို့မဟုတ် ဗိမာန်တော်သည် ယေရုရှလင်မြို့ရှိ မောရိတောင်ထွတ်ကို အလှဆင်ပေးသည်။ သစ္စာရှိ ဣသရေလလူမျိုးများသည် စစ်မှန်သော ဘုရားသခင်ကို ဝတ်ပြုရန် တစ်နှစ်လျှင် သုံးကြိမ် ယေရုရှလင်မြို့သို့ သွားကြပြီး မောရိတောင်ပေါ်သို့ တက်ကြသည်။ (တရားဟောရာ ၁၆:၁၆) ထို့ကြောင့် ‘ယေဟောဝါ၏ အိမ်တော် တည်သော တောင်’ သို့ လူများ တဖွဲဖွဲ လာနေခြင်းက စစ်မှန်သော ဝတ်ပြုရေးသို့ လူများစွာ စုဝေးကြခြင်းကို ပုံဖော်ပြသည်။
၉။ ‘ယေဟောဝါ၏ အိမ်တော် တည်သော တောင်’ သည် အဘယ်အရာကို ကိုယ်စားပြုသနည်း။
၉ ယနေ့ ဘုရားသခင့် လူမျိုးသည် ကျောက်ဗိမာန်တော် တည်ရှိသည့် ပကတိ တောင်တစ်ခုတွင် မစုရုံးကြသည်မှာ မှန်၏။ ယေရုရှလင်မြို့တွင် ရှိသော ယေဟောဝါ၏ ဗိမာန်တော်သည် စီ.အီး. ၇၀ တွင် ရောမစစ်တပ်အားဖြင့် ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ထို့အပြင် တမန်တော် ပေါလုက ယေရုရှလင်မြို့ရှိ ဗိမာန်တော်နှင့် ယင်းမတိုင်မီက ရှိခဲ့သော ဝတ်ပြုရာ တဲတော်တို့သည် ပုံတင်ပြချက် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ ၎င်းတို့သည် သာ၍ ကြီးမြတ်သော အမှန် တည်ရှိသည့် ဝိညာဏအရာ၊ “လူမဆောက်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော်စစ်” ကို ပုံတင်ပြသည်။ (ဟေဗြဲ ၈:၂) ထိုဝိညာဏ တဲတော်သည် ယေရှုခရစ်၏ ရွေးနုတ်ဖိုး ပူဇော်သကာပေါ်အခြေပြုထားသည့် ဝတ်ပြုရေးဖြင့် ယေဟောဝါထံ ချဉ်းကပ်ရန် အစီအစဉ် ဖြစ်သည်။ (ဟေဗြဲ ၉:၂-၁၀၊ ၂၃) ယင်းနှင့်အညီ ဟေရှာယ ၂:၂ တွင် ဖော်ပြထားသော ‘ယေဟောဝါ၏ အိမ်တော် တည်သော တောင်’ သည် ကျွန်ုပ်တို့အချိန်ရှိ ချီးမြှောက်ခံရသည့် ယေဟောဝါ၏ စင်ကြယ်သော ဝတ်ပြုရေးကို ပုံတင်ပြသည်။ စင်ကြယ်သော ဝတ်ပြုရေးကို သက်ဝင်ယုံကြည်သူများသည် တစ်စုံတစ်ခုသော နယ်မြေဒေသတွင် စုဝေးကြခြင်း မဟုတ်ပါ၊ စည်းလုံးသော ဝတ်ပြုရေးတွင် စုဝေးနေခြင်း ဖြစ်သည်။
စင်ကြယ်သော ဝတ်ပြုရေး မြှင့်တင်ခံရခြင်း
၁၀၊ ၁၁။ ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါ၏ ဝတ်ပြုရေးသည် အဘယ်သဘောဖြင့် မြှင့်တင်ခံရသနည်း။
၁၀ ပရောဖက်က ‘ယေဟောဝါ၏ အိမ်တော် တည်သော တောင်’ သို့မဟုတ် စင်ကြယ်သော ဝတ်ပြုရေးသည် “တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်” ဟု ဆိုထားသည်။ ဟေရှာယခေတ် မတိုင်မီ ကြာမြင့်စွာက ဘုရင် ဒါဝိဒ်သည် ပဋိညာဉ်သေတ္တာကို ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၂,၅၀၀ တွင် တည်ရှိသော ယေရုရှလင်မြို့ရှိ ဇိအုန်တောင်ပေါ်သို့ သယ်ဆောင်ခဲ့သည်။ သေတ္တာတော်သည် မောရိတောင်ပေါ်တွင် တည်ဆောက်ပြီးစီးသွားသော ဗိမာန်တော်သို့ ပြောင်းရွှေ့ထားချိန်အထိ ထိုတောင်ပေါ်တွင်ပင် ရှိခဲ့သည်။ (၂ ဓမ္မရာဇဝင် ၅:၇; ၆:၁၄-၁၉; ၂ ရာဇဝင်ချုပ် ၃:၁; ၅:၁-၁၀) ထို့ကြောင့် ဟေရှာယခေတ်တွင် ဘုရားသခင့် သေတ္တာတော်သည် ပကတိ သဘောအရ အမြင့်တွင် တင်ခံရပြီး ဖြစ်ကာ မှောက်မှားသော ဝတ်ပြုကိုးကွယ်မှုအတွက် အသုံးပြုသော ပတ်ဝန်းကျင်ရှိ တောင်ကုန်းများထက် ပို၍ မြင့်သည့် ဗိမာန်တော်တွင် တည်ရှိနေပြီ ဖြစ်သည်။
၁၁ အမှန်ပင်၊ ယေဟောဝါ၏ ဝတ်ပြုရေးသည် ဝိညာဉ်ရေး သဘောအရ မှောက်မှားသော ဘုရားများကို ဝတ်ပြုသူများ၏ ဘာသာရေး ဓလေ့ထုံးစံများ အထက်တွင် အမြဲ ရှိသည်။ သို့သော် ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါသည် မိမိ၏ ဝတ်ပြုရေးကို မသန့်ရှင်းသော ဝတ်ပြုရေး၊ အမှန်ဆိုရလျှင် အားလုံးသော “တောင်ကြီးတောင်ငယ်တို့၏ ထိပ်” ထက် လွန်စွာ မြင့်မားသည့် ကောင်းကင်အမြင့်ထိ ချီးမြှောက်ခဲ့ပြီး ဖြစ်သည်။ မည်သို့အားဖြင့်နည်း။ ကိုယ်တော့်အား “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း” ဝတ်ပြုလိုသူများကို အကြီးအကျယ် ပေါင်းစည်းစုသိမ်းခြင်းအားဖြင့် ဖြစ်သည်။—ယောဟန် ၄:၂၃။
၁၂။ “နိုင်ငံတော်သားများ” ကား မည်သူများနည်း၊ အဘယ် စုသိမ်းခြင်း ဖြစ်ပျက်ခဲ့သနည်း။
၁၂ ခရစ်တော် ယေရှုက “နိုင်ငံတော်သား” များ—ကောင်းကင်ဘုန်းအသရေတွင် ယေရှုနှင့်အတူ အုပ်ချုပ်ရန် မျှော်လင့်ချက် ရှိသူများ—အား ကောင်းကင်တမန်များ စုသိမ်းမည့်အချိန်ကို “ကမ္ဘာကုန်သော” ရိတ်သိမ်းရာ ကာလအဖြစ် ရည်ညွှန်းဖော်ပြခဲ့သည်။ (မဿဲ ၁၃:၃၆-၄၃) ၁၉၁၉ မှစ၍ ယေဟောဝါသည် ထိုနိုင်ငံတော်သားများထဲမှ ‘ကျန်ကြွင်းသူများ’ အား ကောင်းကင်တမန်များနှင့်အတူ ရိတ်သိမ်းခြင်းလုပ်ငန်းကို လုပ်ဆောင်ရန် တာဝန်အပ်နှင်းခဲ့သည်။ (ဗျာဒိတ် ၁၂:၁၇) ထို့ကြောင့် အစကနဦးတွင် “နိုင်ငံတော်သားများ” ဖြစ်သော ယေရှု၏ ဘိသိက်ခံ ညီတော်များကို စုသိမ်းခဲ့သည်။ ထို့နောက် သူတို့သည် နောက်ထပ် စုသိမ်းခြင်း လုပ်ငန်းတွင် ပါဝင်ရသည်။
၁၃။ ယေဟောဝါသည် ဘိသိက်ခံ အကြွင်းအကျန်ကို မည်သို့ ကောင်းချီးပေးခဲ့ပြီနည်း။
၁၃ ရိတ်သိမ်းချိန် အတောအတွင်း ယေဟောဝါသည် ဘိသိက်ခံ အကြွင်းအကျန်များအား မိမိ၏ နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာကို နားလည်ပြီး လက်တွေ့ကျင့်သုံးလာစေရန် တစ်ဆင့်ပြီးတစ်ဆင့် ကူညီပေးခဲ့သည်။ ယင်းကလည်း စင်ကြယ်သော ဝတ်ပြုရေး မြှင့်တင်ခြင်းကို အထောက်အကူ ဖြစ်ခဲ့သည်။ ‘မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းနေပြီး ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်း’ နေသော်လည်း ဘိသိက်ခံများမူ ယေဟောဝါ၏ စင်ကြယ်သန့်စင်မှုကို ခံရကာ လူများအလယ်တွင် “အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေကြသည်။” (ဟေရှာယ ၆၀:၂; ဖိလိပ္ပိ ၂:၁၅၊ ကဘ) “ဉာဏ်ပညာ အမျိုးမျိုးနှင့် ဝိညာဏဉာဏ်ဖြင့် ကိုယ်တော်၏ အလိုတော်ကို သိကျွမ်းခြင်းပညာမှန်နှင့် ပြည့်စုံ၍” ထိုဝိညာဉ်တော် ဘိသိက်ခံတို့သည် “နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏ နိုင်ငံတော်၌ ထွန်းလင်းကြ” သည်။—ကောလောသဲ ၁:၉၊ ကဘ; မဿဲ ၁၃:၄၃။
၁၄၊ ၁၅။ “နိုင်ငံတော်သားများ” ကို စုသိမ်းခြင်းအပြင် အဘယ် စုသိမ်းခြင်းလည်း ဖြစ်ပျက်ခဲ့ပြီး ၎င်းကို ဟဂ္ဂဲအားဖြင့် မည်သို့ ကြိုဟောခဲ့သနည်း။
၁၄ ထို့အပြင် အခြားသူများလည်း ‘ယေဟောဝါ၏ အိမ်တော် တည်သော တောင်’ ပေါ်သို့ တဖွဲဖွဲ ဝင်ရောက်လာခဲ့ကြသည်။ “အခြားသိုး” ဟု ယေရှု ခေါ်ဆိုသော ထိုသူများသည် မြေကြီးပရဒိသုတွင် ထာဝစဉ် အသက်ရှင်ရန် မျှော်လင့်ချက် ရှိကြသည်။ (ယောဟန် ၁၀:၁၆; ဗျာဒိတ် ၂၁:၃၊ ၄) ၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ သူတို့သည် ထောင်နှင့်ချီသူများဖြင့် အစပြုခဲ့ပြီးနောက် သိန်းချီရှိလာကာ ယခုဆိုလျှင် သန်းချီ၍ ရှိနေပေပြီ! တမန်တော် ယောဟန်အား ပေးခဲ့သော ရူပါရုံတစ်ခုတွင် သူတို့ကို “အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်း [“လူအုပ်ကြီး၊” ကဘ]” ဟု ခေါ်ဆိုထား၏။—ဗျာဒိတ် ၇:၉။
၁၅ ပရောဖက် ဟဂ္ဂဲက ဤလူအုပ်ကြီး ပေါ်ထွန်းလာခြင်းနှင့်ပတ်သက်၍ ကြိုဟောခဲ့သည်။ သူ ဤသို့ ရေးခဲ့၏– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ‘ကာလမကြာမမြင့်မီ ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တစ်ဖန် ငါ လှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာ [စင်ကြယ်သော ဝတ်ပြုရေးတွင် ဘိသိက်ခံများနှင့် ပူးပေါင်းလာသူများ] သည် ရောက်၍ ဤအိမ်ကို ဘုန်းနှင့် ငါ ပြည့်စုံစေမည်’ ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။” (ဟဂ္ဂဲ ၂:၆၊ ၇) ဆက်၍ တိုးပွားနေသော ဤ “လူအုပ်ကြီး” နှင့် ၎င်းတို့၏ ဘိသိက်ခံအပေါင်းပါများ ရှိနေခြင်းက ယေဟောဝါအိမ်တော်ရှိ စင်ကြယ်သော ဝတ်ပြုရေးကို မြှင့်တင်ပေးကာ အမှန်ပင် ဘုန်းထင်ရှားစေသည်။ ဤမျှလောက် များစွာသောသူများ စစ်မှန်သော ဘုရားသခင့် ဝတ်ပြုရေးတွင် တစည်းတလုံးရှိခြင်းနှင့် ပတ်သက်၍ ယခင်မှတ်တမ်း မရှိခဲ့ပါ၊ ယင်းက ယေဟောဝါနှင့် ကိုယ်တော့်နန်းထိုင်ဘုရင် ယေရှုခရစ်တော်ကို ဘုန်းထင်ရှားစေသည်။ ဘုရင် ရှောလမုန် ဤသို့ ရေးခဲ့၏– “ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ ဘုန်းတော်တည်၏။”—သုတ္တံ ၁၄:၂၈။
လူတို့၏ အသက်တာတွင် ဝတ်ပြုရေး ချီးမြှောက်ခံရ
၁၆-၁၈။ ယေဟောဝါ နှစ်သက်လက်ခံသော ဝတ်ပြုကိုးကွယ်မှု ဖြစ်စေရန် အချို့သူတို့သည် အဘယ်အပြောင်းအလဲများကို ပြုလုပ်ခဲ့ကြသနည်း။
၁၆ ကျွန်ုပ်တို့အချိန်တွင် စင်ကြယ်သော ဝတ်ပြုကိုးကွယ်မှု မြှင့်တင်ခံရခြင်းအတွက် ဂုဏ်တင်မှုအားလုံးကို ယေဟောဝါ ခံထိုက်တော်မူ၏။ သို့တိုင် ကိုယ်တော်ထံ ချဉ်းကပ်သူများသည် ထိုလုပ်ငန်းတွင် ပါဝင်ရန် အခွင့်ထူး ရရှိကြသည်။ တောင်ပေါ်သို့ တက်ရာတွင် ကြိုးစားအားထုတ်မှု လိုအပ်သကဲ့သို့ ဘုရားသခင့် ဖြောင့်မတ်သောမူများကို သင်ယူရန်နှင့် ၎င်းနှင့်အညီ နေထိုင်ရန်အတွက်လည်း အလားတူ ကြိုးစားအားထုတ်မှု လိုအပ်သည်။ ပထမရာစုမှ ခရစ်ယာန်များကဲ့သို့ ယနေ့ ဘုရားသခင့် ကျေးကျွန်များသည် စစ်မှန်သော ဝတ်ပြုရေးနှင့် မကိုက်ညီသော ဘဝပုံစံများနှင့် ဓလေ့ထုံးစံများကို ကျောခိုင်းစွန့်ခွာခဲ့ကြသည်။ မတရားမေထုန် ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ သူ့မယား ပြစ်မှားသူများ၊ သူခိုးများ၊ လောဘကြီးသူများ၊ သောက်ကြူးသူများနှင့် အခြားသူတို့သည် သူတို့၏ လမ်းစဉ်ကို ပြောင်းလဲခဲ့ကြပြီး ဘုရားသခင့် အမြင်တွင် “ဆေးကြောသန့်ရှင်း” ခဲ့ကြသည်။—၁ ကောရိန္သု ၆:၉-၁၁။
၁၇ ဤသို့ စာရေးခဲ့သော အမျိုးသမီးငယ်၏ တွေ့ကြုံမှုသည် နမူနာ ဖြစ်သည်– “တစ်ချိန်ကဆိုရင် ကျွန်မမှာ ဘာမျှော်လင့်ချက်မှ မရှိခဲ့ဘူး။ ဘဝတစ်လျှောက်လုံး အကျင့်ယိုယွင်း၊ သောက်ကြူးပြီး နေလာခဲ့တယ်။ ကျွန်မမှာ လိင်ဆိုင်ရာ ရောဂါတွေလည်း ရနေတယ်။ မူးယစ်ဆေးဝါးလည်း ရောင်းတယ်၊ ဘာကိုမှလည်း ဂရုမစိုက်ခဲ့ဘူး။” ကျမ်းစာလေ့လာပြီးနောက် ဘုရားသခင့် စံနှုန်းနှင့်ညီညွတ်စေရန် ကြီးမားသော ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ယခု သူ ဤသို့ ပြော၏– “ကျွန်မမှာ စိတ်ငြိမ်သက်မှု၊ ကိုယ့်ကိုယ်ကို လေးစားမှု၊ အနာဂတ် မျှော်လင့်ချက်၊ စစ်မှန်တဲ့ မိသားစု ရှိနေပြီး အကောင်းဆုံးကတော့ ခမည်းတော် ယေဟောဝါနဲ့ ဆက်ဆံရေး ရထားခြင်းပါပဲ။”
၁၈ ယေဟောဝါ၏ရှေ့ မျက်နှာသာရ အနေအထား ရရှိပြီးနောက်၌ပင် အားလုံးသည် စင်ကြယ်သော ဝတ်ပြုရေးကို မိမိတို့ဘဝအသက်တာ၏ ဦးစားပေးနေရာတွင် ထားခြင်းဖြင့် ၎င်းကို ဆက်၍ မြှင့်တင်ရမည်။ ယနေ့အချိန်တွင် များစွာသောသူတို့သည် ကိုယ်တော့် ဝတ်ပြုရေးကို မိမိတို့ဘဝအသက်တာ၏ အရေးကြီးဆုံးအရာ ဖြစ်စေလိုစိတ် ပြင်းပြကြမည် ဖြစ်ကြောင်း လွန်ခဲ့သော အနှစ်ထောင်ပေါင်းများစွာက ဟေရှာယမှတစ်ဆင့် မိမိ၏ ယုံကြည်စိတ်ချမှုကို ယေဟောဝါ ထုတ်ဖော်ပြောခဲ့သည်။ ၎င်းတို့အထဲတွင် သင် ပါဝင်ပါသလော။
လူမျိုးတစ်မျိုး ယေဟောဝါ၏ နည်းလမ်းကို သင်ယူခဲ့
၁၉၊ ၂၀။ ဘုရားသခင့်လူမျိုးသည် အဘယ်အရာကို သင်ယူရရှိပြီး မည်သည့်နေရာတွင်နည်း။
၁၉ ဟေရှာယက ယခုအချိန်တွင် စင်ကြယ်သော ဝတ်ပြုရေးကို သက်ဝင်ယုံကြည်သူများနှင့်ပတ်သက်၍ ဤသို့ ထပ်ဆင့် ပြောပြ၏– “များပြားသောသူတို့ကလည်း ‘လာကြလော့။ ထာဝရဘုရား၏ တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့် အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်’ ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏ နှုတ်ကပါဌ်တော်သည် ယေရုရှလင်မြို့မှလည်းကောင်း ပေါ်ထွက်လိမ့်မည်။”—ဟေရှာယ ၂:၃။
၂၀ ယေဟောဝါသည် မိမိ၏ လူမျိုးအား ပျောက်သော သိုးကဲ့သို့ ဦးတည်ရာမရှိ လျှောက်သွားနေစေမည် မဟုတ်ပါ။ ကိုယ်တော်၏ နည်းလမ်းတော်များကို သူတို့ သင်ယူရန် အလို့ငှာ ကျမ်းစာနှင့် ကျမ်းစာအခြေပြု စာပေများအားဖြင့် မိမိ၏ “တရားတော်” နှင့် “နှုတ်ကပါဌ်တော်” ကို သူတို့အား ပေးတော်မူသည်။ ၎င်းမှ ရသည့် အသိပညာက သူတို့ကို “ခြေတော်ရာသို့ လိုက်သွား” ရန် ပြင်ဆင်ပေးသည်။ တန်ဖိုးထားလေးမြတ်မှုဖြင့် ပြည့်နေသော နှလုံးနှင့် ဘုရားသခင့် ညွှန်ကြားချက်နှင့်အညီ နေထိုင်ခြင်းဖြင့် သူတို့သည် ယေဟောဝါ၏ နည်းလမ်းတော်များအကြောင်း တစ်ဦးကိုတစ်ဦး ပြောဆိုကြသည်။ သူတို့သည် စည်းဝေးကြီးများနှင့် အုပ်စုငယ်လေးများ—နိုင်ငံတော် ခန်းမများတွင်နှင့် ကိုယ်ပိုင်အိမ်များတွင်—ဘုရားသခင့် နည်းလမ်းတော်များကို နားထောင်သင်ယူရန် အတူတကွ စုဝေးကြသည်။ (တရားဟောရာ ၃၁:၁၂၊ ၁၃) သို့ဖြင့် ‘မေတ္တာနှင့် ကောင်းသောအကျင့်ကို ကျင့်ခြင်း’ တွင် ကြွယ်ဝပြည့်စုံရန် တစ်ဦးကိုတစ်ဦး အားပေးတိုက်တွန်းဖို့ အတူတကွ စုဝေးခဲ့ကြသော အစောပိုင်း ခရစ်ယာန်များ၏ နမူနာကို သူတို့ အတုယူကြသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
၂၁။ ယေဟောဝါ၏ ကျေးကျွန်များသည် အဘယ်လုပ်ငန်းတွင် ပါဝင်ကြသနည်း။
၂၁ သူတို့သည် ယေဟောဝါ ဘုရားသခင်၏ ချီးမြှောက်ခံရသော ဝတ်ပြုရေးသို့ “တက်သွားကြ” ရန် အခြားသူများကို ဖိတ်ခေါ်ကြသည်။ ၎င်းသည် ကောင်းကင်သို့ မတက်ကြွမီ မိမိ၏ တပည့်တော်များကို ယေရှု ပေးခဲ့သော အမိန့်တော်နှင့် ကိုက်ညီသည် မဟုတ်လော! ကိုယ်တော် ဤသို့ မိန့်တော်မူခဲ့၏– “သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒ ပေးကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ဘုရားသခင့် ကျောထောက်နောက်ခံမှုဖြင့် ယေဟောဝါသက်သေများသည် ကမ္ဘာတစ်ဝန်းသို့ နာခံမှုရှိရှိ သွားကြကာ သွန်သင်ပေး၊ တပည့်ဖြစ်စေပြီး နှစ်ခြင်းပေးကြသည်။
ဓားလက်နက်များကို ထွန်သွားများ ဖြစ်စေ
၂၂၊ ၂၃။ ဟေရှာယ ၂:၄ တွင် အဘယ်အရာကို ကြိုဟောထားပြီး ၎င်းနှင့်စပ်လျဉ်း၍ ယူအဲန် အရာရှိတစ်ဦး ဘာပြောသနည်း။
၂၂ ယခု ကျွန်ုပ်တို့သည် ယူအဲန် အဆောက်အအုံ နံရံတွင် ရေးထွင်းထားသော အပိုင်းပါသည့် အခန်းငယ်သို့ ရောက်လာပြီ။ ဟေရှာယ ရေးထားသည်မှာ– “ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင်၍ များပြားသော လူတို့ကို ဆုံးမတော်မူသဖြင့် သူတို့ဓားလက်နက်များကို ထွန်သွား ဖြစ်စေခြင်းငှာ လည်းကောင်း၊ လှံများကို တံစဉ် ဖြစ်စေခြင်းငှာ လည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။”—ဟေရှာယ ၂:၄။
၂၃ ယင်းကို အထမြောက်ရန်မှာ အသေးအဖွဲကိစ္စ မဟုတ်ပေ။ ကုလသမဂ္ဂပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ဖက်ဒရီကို မေရာ တစ်ခါက ဤသို့ ပြောခဲ့သည်– “ယခုအချိန်တွင် ရုပ်သံဆိုင်ရာ ကိရိယာများအားဖြင့် ကျွန်ုပ်တို့အိမ်သို့ ရောက်လာမြင်တွေ့ရသော စစ်၏ ရက်စက်ကြမ်းကြုတ်မှု အရပ်ရပ်က ရာစုနှစ်များစွာတစ်လျှောက် တည်ထောင်ထိန်းသိမ်းထားသော ရှေ့ဆက်တိုးနေသည့် စစ်ယန္တရားကြီးကို ဟန့်တားနိုင်မည့်ပုံ မပေါ်ပေ။ ‘ဓားများကို ထွန်သွား ဖြစ်အောင် ထုလုပ်ခြင်း’ ဖြစ်သော ကျမ်းပေးတာဝန်ကို ထမ်းဆောင်ရန်နှင့် ရှေးအချိန်ကတည်းက တည်ရှိခဲ့သော စစ်တိုက်လိုသည့် ဓာတ်ခံကို ငြိမ်သက်မှု ခံစားချက်သို့ ကူးပြောင်းရန်မှာ လက်ရှိ လူမျိုးဆက်များအတွက် မဖြစ်နိုင်သလောက်ပင်။ ယင်းသို့ လုပ်ဆောင်နိုင်လျှင် ‘ကမ္ဘာ့ရွာကြီး’ လုပ်ဆောင်နိုင်သည့် အကောင်းဆုံး၊ ဂုဏ်သရေ အရှိဆုံးလုပ်ရပ် ဖြစ်မည် ဖြစ်ပြီး ကျွန်ုပ်တို့၏ မျိုးဆက်များအတွက် အကောင်းဆုံး အမွေအနှစ် ဖြစ်မည်။”
၂၄၊ ၂၅။ ဟေရှာယ၏ စကားများသည် မည်သူတို့တွင် ပြည့်စုံကြောင်း တွေ့ရသနည်း၊ အဘယ်နည်းဖြင့်နည်း။
၂၄ လူမျိုးများသည် တစ်မျိုးလုံးအနေဖြင့် ဤမြင့်မားသော ပန်းတိုင်သို့ ဘယ်တော့မျှ ရောက်နိုင်မည် မဟုတ်ပါ။ ယင်းပန်းတိုင်သည် သူတို့အတွက် လက်လှမ်းမမီနိုင်ပါ။ ဟေရှာယ၏ စကားများသည် လူမျိုးများစွာထဲမှ စင်ကြယ်သော ဝတ်ပြုရေးသို့ စုရုံးခံရသော တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ပြည့်စုံနေသည်။ ယေဟောဝါသည် သူတို့နှင့် “ဆွေးနွေးဆင်ခြင်” ခဲ့ပြီး ဖြစ်သည်။ ကိုယ်တော်သည် မိမိ၏ လူမျိုးတော်ကို တစ်ဦးနှင့်တစ်ဦး ငြိမ်းချမ်းစွာ နေထိုင်တတ်ရန် သင်ကြားပေးခဲ့သည်။ စိတ်ဝမ်းကွဲပြီး ပဋိပက္ခ ထူပြောသော ဤလောကတွင် သူတို့သည် ပုံဆောင်သဘောအရ “ဓားလက်နက်များကို ထွန်သွား ဖြစ်စေခြင်းငှာ လည်းကောင်း၊ လှံများကို တံစဉ် ဖြစ်စေခြင်းငှာ လည်းကောင်း ထုလုပ်” ခဲ့ကြပြီ။ မည်သို့အားဖြင့်နည်း။
၂၅ တစ်ချက်အနေနှင့် သူတို့သည် လူမျိုးများ၏ စစ်ပွဲများတွင် မပါခြင်းဖြင့် ဖြစ်သည်။ ယေရှု မသေမီအချိန် အနည်းငယ်တွင် လက်နက်ကိုင်သူများက ကိုယ်တော်ကို ဖမ်းဆီးရန် လာကြသည်။ ပေတရုက မိမိသခင်ကို ကာကွယ်ရန် ဓားတစ်ချောင်းနှင့် တိုက်ခိုက်ခဲ့သောအခါ ယေရှုက သူ့ကို ဤသို့ မိန့်တော်မူခဲ့၏– “သင့်ဓားကို သူ့နေရာ၌ ပြန်ထားလော့။ ဓားကို ကိုင်သောသူ ရှိသမျှတို့သည် ဓားဖြင့် ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။” (မဿဲ ၂၆:၅၂) ထိုအချိန်မှစ၍ ယေရှု၏ ခြေရာကို လိုက်လျှောက်သော နောက်တော်လိုက်များသည် သူတို့၏ ဓားများကို ထွန်သွား ဖြစ်စေခြင်းငှာ ထုလုပ်ခဲ့ကြပြီး လူသားအချင်းချင်းကို သတ်ဖြတ်ရန် လက်နက်များ ထုတ်လုပ်ခြင်းနှင့် အခြားနည်းများဖြင့် စစ်ပွဲကို ထောက်ခံအားပေးသည့် လုပ်ရပ်များနှင့် ကင်းကင်းနေခဲ့ကြသည်။ သူတို့သည် “လူအပေါင်းတို့နှင့် အသင့်အတင့် နေ၍ ငြိမ်သက်ခြင်းကို . . . မီအောင် လိုက်ကြ” ၏။—ဟေဗြဲ ၁၂:၁၄။
ငြိမ်သက်ခြင်း နည်းလမ်းများကို မီအောင် လိုက်ခြင်း
၂၆၊ ၂၇။ ဘုရားသခင့် လူများသည် မည်ကဲ့သို့ “ငြိမ်သက်ခြင်းကို ရှာ၍ မီအောင်လိုက်” ကြသနည်း။ ဥပမာတစ်ခု ပေးပါ။
၂၆ ဘုရားသခင့်လူမျိုး၏ ငြိမ်သက်ခြင်းသည် စစ်မှုတွင် ပါဝင်ပတ်သက်ခြင်းကို ငြင်းဆန်ခြင်းထက်မကပါ။ သူတို့ကို နိုင်ငံပေါင်း ၂၃၀ ကျော်တွင် တွေ့ရပြီး မရေမတွက်နိုင်သော ဘာသာစကားများကို ပြောကာ ယဉ်ကျေးမှု အမျိုးမျိုး ရှိကြသော်လည်း တစ်ဦးနှင့်တစ်ဦး ငြိမ်သက်ခြင်း ရှိကြသည်။ သူတို့ထဲတွင် ပထမရာစု တပည့်တော်များကို ယေရှု မိန့်တော်မူခဲ့သော ဤစကားများ၏ မျက်မှောက်ခေတ် ပြည့်စုံချက်ကို တွေ့ရသည်– “သင်တို့သည် အချင်းချင်း ချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ၏ တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) ယနေ့အချိန်တွင် ခရစ်ယာန်များသည် “ငြိမ်သက်ခြင်း ပြုစုသူများ” ဖြစ်ကြသည်။ (မဿဲ ၅:၉၊ ကဘ၊ အောက်ခြေမှတ်ချက်) သူတို့သည် “ငြိမ်သက်ခြင်းကို ရှာ၍ မီအောင် လိုက်” ကြသည်။ (၁ ပေတရု ၃:၁၁၊ ကဘ) သူတို့ကို ထောက်မပေးသောအရှင်မှာ “ငြိမ်သက်ခြင်း၏အရှင်” ယေဟောဝါ ဖြစ်၏။—ရောမ ၁၅:၃၂။
၂၇ ငြိမ်သက်ခြင်း ပြုစုသူများ ဖြစ်ရန် သင်ယူခဲ့ကြသူများ၏ ထူးခြားသော ပုံနမူနာများ ရှိသည်။ လူငယ်တစ်ဦးသည် သူ၏ အစောပိုင်း ဘဝအသက်တာအကြောင်း ဤသို့ ရေးသား၏– “ခက်ခဲကြမ်းတမ်းတဲ့ အတွေ့အကြုံက ကိုယ့်ကိုယ်ကို ဘယ်လို ခုခံရမလဲဆိုတာကို သင်ပေးခဲ့တယ်။ ကျွန်တော့်ဘဝကို ကြမ်းတမ်းခက်ထန်စေခဲ့တယ်။ ရန်ပွဲတွေနဲ့ပဲ ကျွန်တော် အမြဲ အဆုံးသတ်ခဲ့တယ်။ နေ့တိုင်းပဲ အိမ်နားက လူငယ် တစ်ယောက်ပြီး တစ်ယောက်နဲ့ ရန်ဖြစ်ခဲ့တယ်၊ တစ်ခါတလေ လက်သီးချင်း၊ တစ်ခါတလေတော့ ကျောက်ခဲချင်း ဒါမှမဟုတ် ပုလင်းချင်း ယှဉ်ပြီး ထိုးကြိတ်တယ်။ အတော့်ကို ကြမ်းကြမ်းတမ်းတမ်းပဲ ကျွန်တော် ကြီးပြင်းလာခဲ့တယ်။” သို့ရာတွင် နောက်ဆုံး၌ ‘ယေဟောဝါ အိမ်တော် တည်ရာ တောင်’ သို့ သွားရန် ဖိတ်ခေါ်ချက်ကို သူ တုံ့ပြန်ခဲ့သည်။ ဘုရားသခင့် နည်းလမ်းတော်များကို သင်ယူခဲ့ပြီး ငြိမ်သက်မှု ရှိသူ ဘုရားသခင့် ကျေးကျွန်တစ်ဦး ဖြစ်လာခဲ့သည်။
၂၈။ ခရစ်ယာန်များသည် ငြိမ်သက်ခြင်းကို မီအောင် လိုက်ရန် အဘယ်အရာ ပြုနိုင်သနည်း။
၂၈ ယေဟောဝါ၏ ကျေးကျွန်အများစုသည် ထိုကဲ့သို့သော ကြမ်းတမ်းသည့် ဘဝနောက်ခံမှ လာကြခြင်း မဟုတ်ပါ။ သို့တိုင် အတန်ပင် သေးငယ်သည့်အရာများ—ကြင်နာသည့် အပြုအမူများ၊ ခွင့်လွှတ်မှုနှင့် စာနာမှု—တွင်ပင် အခြားသူများနှင့် ငြိမ်သက်ခြင်း ရှိရန် ကြိုးစားခဲ့ကြသည်။ သူတို့သည် မစုံလင်ကြသော်လည်း “တစ်ယောက်၌ တစ်ယောက် အပြစ်တင်စရာအခွင့် ရှိလျှင် အချင်းချင်း သည်းခံ၍ အပြစ်ကို လွှတ်ကြ” ပါ ဟူသည့် ကျမ်းစာဆုံးမစကားကို ကျင့်သုံးရန် ကြိုးစားကြသည်။—ကောလောသဲ ၃:၁၃။
အနာဂတ် ငြိမ်သက်မှု
၂၉၊ ၃၀။ ကမ္ဘာမြေကြီးအတွက် အဘယ် အလားအလာ ရှိသနည်း။
၂၉ ယေဟောဝါသည် ဤ “နောက်ဆုံးသော ကာလ၌” အံ့ဖွယ်အမှုတစ်ခုကို ပြုတော်မူခဲ့သည်။ လူမျိုးအပေါင်းမှ မိမိကို ဝတ်ပြုကိုးကွယ်လိုသူများကို ကိုယ်တော် စုသိမ်းခဲ့သည်။ ကိုယ်တော်သည် သူတို့ကို မိမိ၏ နည်းလမ်းတော်များ၊ ငြိမ်သက်ခြင်း လမ်းစဉ်တွင် လျှောက်လှမ်းရန် သင်ပေးခဲ့သည်။ သူတို့သည် ‘ကြီးစွာသောဒုက္ခ’ မှ ကပ်ကျော်ကာ စစ်မှုများကို ထာဝစဉ် ပယ်ရှားပစ်မည့် ငြိမ်းချမ်းသော ကမ္ဘာသစ်သို့ ဝင်စားမည့်သူများ ဖြစ်သည်။—ဗျာဒိတ် ၇:၁၄။
၃၀ ဓားများ—လက်နက်များ—ရှိတော့မည် မဟုတ်ပါ။ ထိုအချိန်ကာလနှင့်ပတ်သက်၍ ဆာလံဆရာ ဤသို့ ရေးခဲ့၏– “ထာဝရဘုရား စီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းခြင်း အမှုတော်များကို လာ၍ ကြည့်ရှုကြလော့။ လေးကို ချိုးလျက်၊ လှံကို အပိုင်းပိုင်း ဖြတ်လျက်၊ ရထားကို မီးရှို့လျက် မြေကြီးစွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ၏။” (ဆာလံ ၄၆:၈၊ ၉) ထိုကဲ့သို့သော အလားအလာကို ထောက်ရှု၍ ဟေရှာယ၏ ဤနှိုးဆော်ချက်သည် သူရေးသားခဲ့စဉ်ကကဲ့သို့ပင် ယနေ့အချိန်နှင့်လည်း သင့်လျော်သည်– “အိုယာကုပ်အမျိုးသားတို့ လာကြလော့။ ထာဝရဘုရား၏ အလင်းတော်၌ ကျင်လည်ကြကုန်အံ့။” (ဟေရှာယ ၂:၅) မှန်ပါသည်၊ ယခုပင် ကျွန်ုပ်တို့၏ လမ်းခရီးကို ယေဟောဝါ၏အလင်း ထွန်းလင်းစေကာ ကိုယ်တော်၏ လမ်းတော်တွင် ထာဝရ လျှောက်လှမ်းကြပါမည်။—မိက္ခာ ၄:၅။
[အောက်ခြေမှတ်ချက်]
a ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်၊ အခန်း ၉၊ “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား ကိုရှု။