သူတို့၏ မျက်မှောက်ခေတ် ဖြစ်ပေါ်တိုးပွားမှု
မျက်မှောက်ခေတ် ယေဟောဝါသက်သေတို့၏သမိုင်းသည် လွန်ခဲ့သောနှစ်ပေါင်း တစ်ရာကျော်ကစခဲ့သည်။ ၁၈၇၀ ပြည့်လွန်နှစ်များ၏အစောပိုင်း၌ အမေရိကန်နိုင်ငံ၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ယခုအခါ ပစ္စဘတ်မြို့ထဲတွင် ပါဝင်သော အယ်လ်ဂီနီတွင် မထင်ရှားသောကျမ်းစာလေ့လာမှုအုပ်စုတစ်စု အစပြုခဲ့သည်။ ထိုအုပ်စု၌ အဓိကလှုပ်ရှားသူမှာ ချားလ်စ်၊ တေ့ဇ်၊ ရပ်စယ်လ် ဖြစ်သည်။ ၁၈၇၉ ခုနှစ်၊ ဇူလိုင်လတွင် ဇိအုန်ကင်းမျှော်စင်နှင့် ခရစ်တော်ရောက်ရှိနေမှုကိုကြေညာခြင်း မဂ္ဂဇင်း၏ပထမဆုံးစာစောင်ထွက်ပေါ်လာသည်။ ၁၈၈၀ ပြည့်နှစ်ရောက်လာသောအခါ ထိုအုပ်စုငယ်ကလေးမှ အသင်းတော်ပေါင်း များစွာတိုးတက်လာပြီး၊ အနီးအနားပြည်နယ်များသို့ ပျံ့နှံ့ခဲ့သည်။ ၁၈၈၁ ခုနှစ်တွင် ဇိအုန်ကင်းမျှော်စင်ဝေစာအသင်းကို ဖွဲ့စည်းကာ ၁၈၈၄ ခုနှစ်တွင် တရားဝင်ဖြစ်လာပြီး၊ ယင်း၏ဥက္ကဋ္ဌမှာ ရပ်စယ်လ်ဖြစ်ခဲ့သည်။ အသင်း၏အမည်ကို နောင်တွင်ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းဟု ပြောင်းခဲ့သည်။ သမ္မာကျမ်းစာ၊ စာပေများနှင့်အတူ တစ်အိမ်မှတစ်အိမ်သက်သေခံသူများစွာရှိခဲ့သည်။ ၁၈၈၈ ခုနှစ်၌ လူပေါင်း ငါးဆယ်သည် ယင်းလုပ်ငန်းကိုအချိန်ပြည့်လုပ်ခဲ့ရာ ယခု ကမ္ဘာချီ ပျမ်းမျှအရေအတွက် ၇၀၀,၀၀၀ ခန့်သို့ပင်တိုးနေပေပြီ။
၁၉၀၉ ခုနှစ်တွင် နိုင်ငံအရပ်ရပ်သို့ လုပ်ငန်းပျံ့နှံ့ခဲ့ရာ အသင်း၏ဌာနချုပ်ကို ယခုတည်ရှိသည့် ဘရွတ်ကလင်၊ နယူးယောက်သို့ပြောင်းရွှေ့ခဲ့သည်။ ဟောပြောချက်များကို သတင်းစာများတွင် ထည့်သွင်းဖော်ပြလာခဲ့ရာ ၁၉၁၃ ခုနှစ်ရောက်သောအခါ အမေရိကန်၊ ကနေဒါ၊ ဥရောပနိုင်ငံများ၌သတင်းစာ ၃,၀၀၀ တွင်ဘာသာစကားလေးမျိုးဖြင့် ဖော်ပြလာခဲ့သည်။ စာအုပ်ကြီးငယ်နှင့် ဝေစာသန်းပေါင်းများစွာဖြန့်ဝေခဲ့သည်။
၁၉၁၂ ခုနှစ်တွင် “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကို စတင်တီထွင်ပြသခဲ့ကြသည်။ မြေကြီးစတင်ဖန်ဆင်းချိန်မှ ခရစ်တော်အနှစ်တစ်ထောင်အုပ်စိုးချိန်ပြီးဆုံးသည်အထိ ရုပ်သေအားဖြင့်လည်းကောင်း၊ အသံထွက်ရုပ်ရှင်အားဖြင့်လည်းကောင်း ထိုတွင်ပြသခဲ့သည်။ ၁၉၁၄ ခုနှစ်မှစတင်ပြသခဲ့ရာ နေ့စဉ်လူပေါင်း ၃၅,၀၀၀ ရှုစားခဲ့ကြသည်။ ၎င်းသည် အသံထွက်ရုပ်ရှင်တွင် ရှေ့ပြေးတီထွင်မှုဖြစ်ပါသည်။
၁၉၁၄ ခုနှစ်
အရေးကြီးသည့်အချိန် ချဉ်းကပ်လာသည်။ ၁၈၇၆ ခုနှစ်ရောက်သော် ကျမ်းစာလေ့လာသူ ချားလ်စ်၊ တေ့ဇ်၊ ရပ်စယ်လ်သည် နယူးယောက်၊ ဘရွတ်ကလင်တွင် ထုတ်ဝေသည့် သမ္မာကျမ်းစာဆန်းစစ်သူ စာစောင်တွင် “တစ်ပါးအမျိုးသားအချိန်—အဘယ်အခါတွင် ကုန်ဆုံးသနည်း” ဆောင်းပါးကို ထည့်သွင်းရေးသားခဲ့သည်။ ထိုစာစောင်၏အောက်တိုဘာလထုတ် စာမျက်နှာ ၂၇ တွင် “ခုနစ်ကာလသည် အေ.ဒီ. ၁၉၁၄ ခုနှစ်တွင်ကုန်ဆုံးမည်” ဟုဆိုသည်။ တစ်ပါးအမျိုးသားအချိန်သည် နောက်ကျမ်းစာဘာသာပြန်ကျမ်းတစ်စောင်၌ “လူမျိုးတို့၏ခန့်အပ်ရာကာလ” အဖြစ်ရည်ညွှန်းထားရာအချိန်ဖြစ်သည်။ (လုကာ ၂၁:၂၄) ၁၉၁၄ ခုနှစ်တွင်ဖြစ်ပျက်မည်ဟု မျှော်လင့်ထားသောအရာအားလုံး မဖြစ်ပျက်ခဲ့သော်လည်း ယင်းနှစ်သည် တစ်ပါးအမျိုးသားအချိန်အဆုံးသတ်ပြီး၊ ထူးခြားသည့်နှစ်ဖြစ်ခဲ့သည်။ သမိုင်းပညာရှင်များနှင့် အကျယ်ဖွင့်ဆရာများက ၁၉၁၄ ခုနှစ်သည် လူ့သမိုင်းတစ်ကွေ့ပြောင်းသောနှစ်ဖြစ်ကြောင်း သဘောတူကြသည်။ အောက်ပါကိုးကားချက်များက ဤသို့ဖော်ပြသည်–
“ရာဇဝင်တွင်နောက်ဆုံး ‘ပုံမှန်’ နှစ်မှာ ၁၉၁၃ ခုနှစ်ဖြစ်သည်။ ပထမကမ္ဘာစစ်မတိုင်မီနှစ်ဖြစ်သည်။”—အယ်ဒီတာ့အာဘော်၊ တိုင်းမ် ဟယ်ရယ်လ်၊ ဝါရှင်တန်ဒီစီ၊ ၁၉၄၉၊ မတ် ၁၃။
“သမိုင်းပညာရှင်တို့က ကမ္ဘာ့စစ်ကြီးနှစ်ခုနှင့် စစ်အေးတိုက်ပွဲတို့အကျုံးဝင်သော ၁၉၁၄ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ၇၅ နှစ်တာကာလကို ကမ္ဘာဒေသအများစုတွင် စစ်တိုက်ခြင်း၊ စစ်ဘေးစစ်ဒဏ်မှပြန်နာလန်ထူခြင်း သို့မဟုတ် စစ်တိုက်ရန်ပြင်ဆင်ခြင်းတို့နှင့် ပြည့်နှက်နေသည့် သူမတူ သီးခြားကာလ၊ ထူးခြားသောအချိန်ကာလအဖြစ် ရှုမြင်ကြသည်။”—သည်နယူးယောက်တိုင်းမ်၊ ၁၉၉၅၊ မေ ၇။
“ပထမကမ္ဘာစစ်တွင် ကမ္ဘာတစ်ခွင်လုံးအမှန်ပင်ပေါက်ကွဲခဲ့ပြီး၊ အဘယ်ကြောင့်ဖြစ်ရကြောင်းကို ယခုထိ ကျွန်ုပ်တို့မသိရသေးပါ။ ထိုအချိန်မတိုင်မီက အကောင်းဆုံးဖြစ်လာတော့မည်ဟု လူများတွေးတောမှတ်ယူခဲ့ကြသည်။ ငြိမ်းချမ်းမှု၊ စည်ပင်ဖွံ့ဖြိုးမှုတို့ရှိခဲ့သည်။ ထိုနောက်တွင် အရာအားလုံးပေါက်ကွဲခဲ့သည်။ ကျွန်ုပ်တို့သည် ထိုအချိန်မှစ၍ မကြုံဖူးသောဂနာမငြိမ်သည့် အခြေအနေတွင်ရောက်ရှိခဲ့ပြီး . . . သမိုင်းတစ်လျှောက် မည်သည့်အချိန်ကထက်မဆို ဤရာစုတွင် လူပေါင်းများစွာ ပိုမို၍အသတ်ခံရသည်။”—ဒေါက်တာဝေါ့ကာပါစီ၊ အမေရိကန်ဆေးဘက်ဆိုင်ရာသတင်း၊ ၁၉၇၇၊ နိုဝင်ဘာ ၂၁။
၁၉၁၄ ခုနှစ်ပြီးနောက် အနှစ် ၅၀ ကျော်အချိန်၌ ဂျာမန်နိုင်ငံရေးတွင် ထင်ပေါ်သူကွန်ရက်အယ်ဒီနောက “၁၉၁၄ ခုနှစ်မှစ၍ လုံခြုံမှုနှင့်ငြိမ်သက်မှုတို့သည် လူသားတို့၏ဘဝမှပျောက်လွင့်ခဲ့ပြီ” ဟုရေးသားခဲ့သည်။—သည်ဝက်စ်ပက်ကာ၊ အိုဟိုင်အို၊ ကလိဗ်လဲန်း၊ ၁၉၆၆၊ ဇန်နဝါရီ ၂၀။
အသင်း၏ပထမဥက္ကဋ္ဌ စီ. တီ. ရပ်စယ်လ်သည် ၁၉၁၆ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး၊ နောက်နှစ်တွင် ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်က သူ့နေရာကိုဆက်ခံခဲ့သည်။ အပြောင်းအလဲများဖြစ်ခဲ့သည်။ ကင်းမျှော်စင်မဂ္ဂဇင်းနှင့်တွဲဖက်ဖြစ်သော ရွှေခေတ်မဂ္ဂဇင်းကိုစတင်ထုတ်ဝေလာသည်။ (ယခုပုံမှန်စောင်ရေ ၂၀,၀၀၀,၀၀၀ ကျော်၊ ဘာသာစကား ၈၀ ကျော်ဖြင့်ထုတ်ဝေသော နိုးလော့!မဂ္ဂဇင်းဖြစ်သည်။) တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းလုပ်ငန်းကို ပို၍အရေးပေးလာကြသည်။ မိမိတို့ကိုယ်ကိုခရစ်ယာန်ဘောင်ဂိုဏ်းဂဏများနှင့် သီးခြားဖြစ်စေရန် ထိုခရစ်ယာန်အုပ်စုသည် ၁၉၃၁ ခုနှစ်တွင် ယေဟောဝါသက်သေများဟူသောအမည်ကို ခံယူခဲ့ကြသည်။ ဤအမည်သည် ဟေရှာယ ၄၃:၁၀-၁၂ အပေါ်အခြေပြုသည်။
၁၉၂၀ နှင့် ၁၉၃၀ ပြည့်လွန်နှစ်များတွင် ရေဒီယိုအသံလွှင့်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာခဲ့ကြသည်။ ၁၉၃၃ ခုနှစ်တွင် အသင်းသည် ရေဒီယိုအသံလွှင့်ရုံပေါင်း ၄၀၃ ခုကိုအသုံးပြု၍ ကျမ်းစာဟောပြောချက်များကို အသံလွှင့်ခဲ့သည်။ နောင်တွင် ရေဒီယိုအသံလွှင့်ခြင်းနေရာတွင် လက်ဆွဲဓာတ်စက်များနှင့် အသံသွင်းထားသည့်ဟောပြောချက်များသုံး၍ တစ်အိမ်မှတစ်အိမ်လည်ပတ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့်အစားထိုးလိုက်သည်။ သမ္မာကျမ်းစာအမှန်တရားကို စိတ်ဝင်စားမှုပြသူများနှင့် အိမ်တွင်းကျမ်းစာသင်အံမှုများ စတင်ခဲ့သည်။
တရားရုံးအောင်ပွဲများ
၁၉၃၀ နှင့် ၁၉၄၀ ပြည့်လွန်နှစ်များအတွင်း ဤလုပ်ငန်းကြောင့်သက်သေခံများစွာ ဖမ်းဆီးခံရသည်။ လွတ်လပ်စွာပြောဆိုခွင့်၊ ပုံနှိပ်ခွင့်၊ စည်းဝေးခွင့်၊ ဝတ်ပြုခွင့်များအတွက် အမှုပေါင်းများစွာဆိုင်ခဲ့ရသည်။ အမေရိကန်ပြည်အောက်ရုံးမှ အယူခံဝင်ရာ တရားရုံးချုပ်တွင် သက်သေခံတို့သည် အမှုပေါင်း ၄၃ မှုကိုအနိုင်ရခဲ့ကြသည်။ ထိုနည်းတူ အခြားနိုင်ငံရှိ တရားရုံးချုပ်များ၌လည်း အနိုင်ရခဲ့ကြသည်။ ဤတရားရေးအနိုင်ရမှုများနှင့်ပတ်သက်၍ ပရော်ဖက်ဆာ စီ.အက်စ်.ဘေရဒင်ရေးသော သူတို့လည်း ယုံကြည်သူဖြစ် ဟူသည့်စာအုပ်တွင် သက်သေခံများအကြောင်းကို ဤသို့ဆိုထားသည်– “သူတို့သည် မိမိတို့၏နိုင်ငံသားအခွင့်အရေးကို ဆက်လက်တည်တံ့အောင်ကြိုးစားခဲ့ကြသဖြင့် ဒီမိုကရေစီအတွက် ထူးကဲစွာအကျိုးဆောင်ခဲ့ပြီ။ သူတို့ ဤသို့ကြိုးစားလုပ်ဆောင်မှုကြောင့် အမေရိကန်ရှိ လူနည်းစုအဖွဲ့ ငယ်ကလေးများ၏အခွင့်အရေးကို များစွာလုံခြုံမှုဖြစ်စေသည်။”
အထူးလေ့ကျင့်ရေးအစီအစဉ်များ
၁၉၄၂ ခုနှစ်တွဟ် ဂျေ.အက်ဖ်.ရပ်သဖော့ဒ်ကွယ်လွန်ခဲ့ရာ ဥက္ကဋ္ဌတာဝန်ကို အဲန်. အိပ်ချ်. နောရ်ကဆက်ခံခဲ့သည်။ ပူးပေါင်းလေ့ကျင့်ရေးအစီအစဉ်စတင်ခဲ့သည်။ ၁၉၄၃ ခုနှစ်ရောက်သောအခါ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းဟုခေါ်သည့် ခရစ်ယာန်သာသနာပြုများအတွက် အထူးလေ့ကျင့်ရေးကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်မှစ၍ ဤကျောင်းမှသင်တန်းဆင်းများကို ကမ္ဘာတစ်ဝန်းသို့စေလွှတ်ခဲ့၏။ ယခင်က အသင်းတော်မရှိခဲ့သည့်နိုင်ငံများ၌ အသင်းတော်သစ်များအနှံ့အပြားပေါ်ပေါက်ခဲ့ပြီး ကမ္ဘာအရပ်ရပ်တွင် ဌာနခွဲများဖွင့်လှစ်ခဲ့ရာ ယခု ၁၀၀ ကျော်ရှိပြီ။ အသင်းတော်အကြီးအကဲများ၊ ဌာနခွဲများတွင်စေတနာ့ဝန်ထမ်းများ၊ သက်သေခံခြင်းလုပ်ငန်းတွင် (ရှေ့ဆောင်များအဖြစ်) အချိန်ပြည့်အမှုဆောင်သူများအတွက် အထူးလေ့ကျင့်ရေးသင်တန်းတို့ကို အခါအားလျော်စွာကျင်းပပေးသည်။ ခရစ်ယာန်ဓမ္မအမှုဆောင်များအတွက် ပို့ချပေးခဲ့သော အထူးသီးသန့်ကျောင်းအမျိုးအစား အတော်များများကို နယူးယောက်မြို့၊ ပက်တာစင်ရှိ ပညာပေးဌာနတစ်ခုတွင် ဖွင့်လှစ်ပေးခဲ့၏။
၁၉၇၇ ခုနှစ်တွင် အဲန်. အိပ်ချ်. နောရ် ကွယ်လွန်ခဲ့သည်။ သူ မကွယ်လွန်မီ နောက်ဆုံးပါဝင်ခဲ့သော အဖွဲ့အစည်းဆိုင်ရာပြောင်းလဲမှုတစ်ရပ်မှာ ဘရွတ်ကလင်ရှိ ကမ္ဘာ့ဌာနချုပ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို တိုးချဲ့ခြင်းဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် ကော်မတီအသီးသီးသို့ အုပ်ချုပ်ရေးနှင့်ဆိုင်သောတာဝန်ကို ခွဲဝေလုပ်ဆောင်စေ၏၊ သူတို့အားလုံးသည် ခရစ်ယာန်ဓမ္မအမှုဆောင်များအဖြစ် ဆယ်စုနှစ်များစွာအတွေ့အကြုံရှိသူများဖြစ်သည်။
ပုံနှိပ်လုပ်ငန်းများတိုးချဲ့လာ
မျက်မှောက်ခေတ်ယေဟောဝါသက်သေတို့၏သမိုင်းသည် ထူးခြားသည့်အဖြစ်အပျက်များနှင့် ပြည့်နှက်ခဲ့သည်။ ၁၈၇၀ ပြည့်နှစ်ပဲင်စီလ်ဘေးနီးယားတွင် ကျမ်းစာလေ့လာခဲ့သောအုပ်စုငယ်ကလေးမှာ ၂၀၀၀ ပြည့်နှစ်ရောက်သောအခါ ကမ္ဘာချီသက်သေခံအသင်းတော်ပေါင်း ၉၀,၀၀၀ ခန့်အထိတိုးများလာသည်။ အစတွင်စာပေအားလုံးကို အခပေးပုံနှိပ်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် စာပေအချို့ကို အငှားစက်ရုံများတွင် ထုတ်လုပ်ခဲ့ကြသည်။ သို့သော် ၁၉၂၇ ခုနှစ်နောက်ပိုင်းတွင် ဘရွတ်ကလင်၊ နယူးယောက်ရှိ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းပိုင် ရှစ်ထပ်တိုက်စက်ရုံ၌ စာပေအမြောက်အမြားထုတ်ဝေလာနိုင်ခဲ့သည်။ ယခုအခါ အခြားစက်ရုံအဆောက်အအုံများနှင့် ရုံးခန်းတွဲတစ်ခုကိုတိုးချဲ့ခဲ့သည်။ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းကိုလုပ်ကိုင်ရန် ခရစ်ယာန်ဓမ္မအမှုဆောင်များနေထိုင်ဖို့ နောက်ထပ်အဆောက်အအုံများလည်း ဘရွတ်ကလင်အနီးတစ်ဝိုက်တွင်ရှိသည်။ ထိုမျှမက နယူးယောက်အပြင်ရှိ ဝေါလ်ကီးလ်အနီးတွင် စိုက်ပျိုးမွေးမြူရေးခြံနှင့် ပုံနှိပ်စက်တည်ရှိသည်။ ယင်းသည် ကင်းမျှော်စင်နှင့်နိုးလော့! မဂ္ဂဇင်းတို့ကို ပုံနှိပ်ပြီး ဌာနအသီးသီးတွင် အမှုဆောင်နေကြသော ခရစ်ယာန်ဓမ္မအမှုဆောင်များအတွက် အစားအစာအချို့ကိုထုတ်လုပ်ပေးသည်။ ထိုစေတနာ့ဝန်ထမ်းလုပ်သားတစ်ဦးစီသည် လိုအပ်လာရာအတွက်သုံးစွဲရန် လစဉ်စိုက်သုံးငွေအနည်းငယ်ရရှိကြသည်။
အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများ
၁၈၉၃ ခုနှစ်တွင် ယူ.အက်စ်.အေ. အီလီနွိုက်၊ ရှီကာဂိုတွင် ပထမဦးဆုံးစည်းဝေးကြီးကျင်းပခဲ့ရာ လူပေါင်း ၃၆၀ တက်ရောက်ပြီး လူသစ် ၇၀ နှစ်ခြင်းခံခဲ့သည်။ နောက်ဆုံးကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးမှာ နယူးယောက်မြို့တော်တွင်ဖြစ်ပြီး၊ ၁၉၅၈ ခုနှစ်ကဖြစ်သည်။ ရန်ကီအားကစားရုံကြီးနှင့် ထိုအချိန်ကရှိခဲ့သော ပိုလိုကစားကွင်းကိုပါ အသုံးပြုခဲ့သည်။ အများဆုံးတက်ရောက်သူအရေအတွက် ၂၅၃,၉၂၂ ဖြစ်ပြီး၊ နှစ်ခြင်းခံသူလူသစ် ၇,၁၃၆ ဦးရှိခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံအသီးသီးတို့၌ ဆက်တိုက် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများကို ကျင်းပခဲ့သည်။ အားလုံးဆိုလျှင် ယင်းသို့သောဆက်တိုက်ကျင်းပသည့် စည်းဝေးကြီးများ ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၌ ထောင်နှင့်ချီ၍ ပါဝင်ပေမည်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
“ကင်းမျှော်စင်” ဘာသာစကား တစ်ရပ်ဖြင့် စောင်ရေ ၆,၀၀၀ မှ ဘာသာစကား ၁၃၂ ဘာသာကျော်ဖြင့် စောင်ရေ ၂၂,၀၀၀,၀၀၀ သို့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
လူ့သမိုင်း တစ်ကွေ့ပြောင်း
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]