ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-2 အခန်း ၁၃ စာ. ၈၂-၈၈
  • “ရွှင်လန်းသော အသံနှင့် တညီတညွတ်တည်း ကြွေးကြော်ကြ”!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ရွှင်လန်းသော အသံနှင့် တညီတညွတ်တည်း ကြွေးကြော်ကြ”!
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘အို ဇိအုန်မြို့ နိုး၍ ခွန်အားယူလော့!’
  • ‘ငါ၏ လူတို့သည် ငါ့နာမကို သိကြလိမ့်မည်’
  • “ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ”
  • ‘သင်၏ ကင်းစောင့်တို့သည် မိမိတို့၏ အသံကို လွှင့်ကြ၏’
  • အရေးတကြီး တောင်းဆိုချက်တစ်ရပ်
  • “နာမသစ်”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • အမျိုးအစားမှန်သောတမန်များကိုခွဲခြားသိမြင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဘုရားရေးရာ ငြိမ်သက်ခြင်း၏တမန်များအဖြစ် အမှုတော်ထမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—⁠အပိုင်း ၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
ip-2 အခန်း ၁၃ စာ. ၈၂-၈၈

အခန်း ဆယ့်သုံး

“ရွှင်လန်းသော အသံနှင့် တညီတညွတ်တည်း ကြွေးကြော်ကြ”!

ဟေရှာယ ၅၂:၁–၁၂

၁။ ဟေရှာယ အခန်းကြီး ၅၂ တွင် ပါသော ပရောဖက်ပြုချက် စကားများသည် အဘယ်ကြောင့် ရွှင်လန်းရန် အကြောင်းရင်း ဖြစ်ပြီး ယင်းတွင် အဘယ် ပြည့်စုံချက် နှစ်ခု ရှိသနည်း။

လွတ်မြောက်ခြင်း! သုံ့ပန်း ဖြစ်နေသူအတွက် ယင်းထက် ရွှင်လန်းဝမ်းမြောက်စရာ ရှိနိုင်ပါဦးမည်လော။ ဟေရှာယကျမ်း၏ အဓိက အကြောင်းအရာတစ်ခုမှာ လွတ်မြောက်ခြင်းနှင့် ပြန်လည်တည်ထောင်ခြင်း ဖြစ်သောကြောင့် ဆာလံကျမ်းမှ လွဲလျှင် တခြားကျမ်းများအားလုံးထက် ရွှင်လန်းဝမ်းမြောက်မှုနှင့်ပတ်သက်သော ဖော်ပြချက် ပို၍ ပါရှိခြင်းမှာ အံ့ဩစရာ မဟုတ်ပါ။ အထူးသဖြင့် ဟေရှာယ အခန်းကြီး ၅၂ သည် ဘုရားသခင့် လူမျိုးတော် ရွှင်လန်းဝမ်းမြောက်သည့် အကြောင်းရင်းကို ဖော်ပြပေးသည်။ ဤပရောဖက်ပြုချက် စကားများသည် ဘီ.စီ.အီး. ၅၃၇ တွင် ယေရုရှလင်မြို့၌ ပြည့်စုံလာသည်။ ထို့ပြင် နာမ်ဝိညာဉ် သတ္တဝါများဖြင့် ဖွဲ့စည်းထားသော ယေဟောဝါ၏ ကောင်းကင်အဖွဲ့အစည်း၊ တစ်ခါတစ်ရံ ယင်းကို မိခင်တစ်ဦး၊ ဇနီးတစ်ဦးအဖြစ် ဖော်ပြသည့် “အထက်ယေရုရှလင်” ပါဝင်ပတ်သက်သော သာ၍ ကြီးမားသည့် ပြည့်စုံချက် တစ်ခု ရှိသည်။—ဂလာတိ ၄:၂၆၊ ကဘ; ဗျာဒိတ် ၁၂:၁။

‘အို ဇိအုန်မြို့ နိုး၍ ခွန်အားယူလော့!’

၂။ ဇိအုန်သည် အဘယ်အချိန်တွင် နိုးထလာသနည်း၊ ၎င်းသည် မည်သို့ ဖြစ်ပျက်လာသနည်း။

၂ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် မိမိ ချစ်မြတ်နိုးသောမြို့၊ ဇိအုန်မြို့ကို ဤသို့ ဆင့်ခေါ်တော်မူ၏– “အို ဇိအုန်မြို့ နိုးလော့။ နိုး၍ ခွန်အားကို ယူလော့။ အို ယေရုရှလင်မြို့တည်းဟူသော သန့်ရှင်းသောမြို့ သင်၏ တင့်တယ်သော အဝတ်တန်ဆာတို့ကို ဝတ်ဆင်လော့။ အကြောင်းမူကား နောက်တစ်ဖန် အရေဖျားလှီးခြင်းကို မခံသောသူနှင့် ညစ်ညူးသောသူတို့သည် သင်၏ အထဲသို့ မဝင်ရကြ။ အိုယေရုရှလင်မြို့ ကိုယ်၌ ကပ်သော မြေမှုန့်ကို ခါလိုက်၍ မြင့်သောအရပ်၌ ထိုင်လော့။ အို၊ ချုပ်ထားလျက် ရှိသော [“သုံ့ပန်းခံရသော၊” သမ္မာ] ဇိအုန်သတို့သမီး သင်၏ လည်ကြိုးကို ချွတ်လော့။” (ဟေရှာယ ၅၂:၁၊ ၂) ပြည်သူပြည်သားများသည် ယေဟောဝါကို အမျက်ထွက်အောင် လှုံ့ဆော်ခဲ့ကြသောကြောင့် ယေရုရှလင်မြို့သည် အနှစ် ၇၀ ဆိတ်သုဉ်းပျက်စီးနေခဲ့သည်။ (၄ ဓမ္မရာဇဝင် ၂၄:၄; ၂ ရာဇဝင်ချုပ် ၃၆:၁၅-၂၁; ယေရမိ ၂၅:၈-၁၁; ဒံယေလ ၉:၂) ယခု မလှုပ်မရှား ဖြစ်နေသည့် အချိန်ကာလ ကြာခဲ့ရာမှ နိုးထရမည့်အချိန်၊ လွတ်မြောက်မှုကြောင့် တင့်တယ်သော အဝတ်တန်ဆာကို ဝတ်ဆင်ရမည့်အချိန် ဖြစ်သည်။ ယေဟောဝါသည် “သုံ့ပန်းခံရသော ဇိအုန်သတို့သမီး” ကို လွှတ်ပေးရန် ကုရု၏ စိတ်နှလုံးကို လှုံ့ဆော်ပေးခဲ့သည်၊ ယခင် ယေရုရှလင် မြို့သူမြို့သားများနှင့် သူတို့၏ သားသမီးများ ဗာဗုလုန်မှ လွတ်မြောက်ပြီး ယေရုရှလင်သို့ ပြန်ကာ စစ်မှန်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်နိုင်ရန်အတွက် ဖြစ်သည်။ အရေဖျားလှီးခြင်းကို မခံသောသူနှင့် ညစ်ညူးသောသူ မည်သူကိုမျှ ယေရုရှလင်မြို့တွင် မြင်တွေ့ရမည် မဟုတ်ပါ။—ဧဇရ ၁:၁-၄။

၃။ ဘိသိက်ခံ ခရစ်ယာန် အသင်းတော်ကို အဘယ်ကြောင့် “ဇိအုန်သတို့သမီး” ဟု ခေါ်ဆိုနိုင်သနည်း၊ အဘယ်သဘောဖြင့် သူတို့ လွတ်မြောက်ကြသနည်း။

၃ ဟေရှာယ၏ ထိုစကားများသည် ခရစ်ယာန် အသင်းတော်တွင်လည်း ပြည့်စုံစရာ ရှိသည်။ ဘိသိက်ခံ ခရစ်ယာန် အသင်းတော်၏ မိခင်သည် “အထက်ယေရုရှလင်” ဖြစ်သောကြောင့် သူ့ကို မျက်မှောက်ခေတ် “ဇိအုန်သတို့သမီး” ဟု ဆိုနိုင်သည်။a မှောက်မှားသော သွန်သင်ချက်များ၊ ဖောက်ပြန်သော အယူဝါဒများမှ လွတ်မြောက်ခဲ့သော ဘိသိက်ခံများသည် ပကတိ အရေဖျားလှီးခြင်းအားဖြင့် မဟုတ်ဘဲ နှလုံးအရေဖျားလှီးခြင်းအားဖြင့် ယေဟောဝါရှေ့မှောက် သန့်ရှင်းသော အနေအထားကို ထိန်းသိမ်းရမည်။ (ယေရမိ ၃၁:၃၃; ရောမ ၂:၂၅-၂၉) ယင်းတွင် ယေဟောဝါရှေ့မှောက်၌ ဝိညာဉ်ရေး၊ စိတ္တနှင့် စာရိတ္တ သန့်ရှင်းမှုကို ထိန်းသိမ်းခြင်း ပါဝင်သည်။—၁ ကောရိန္သု ၇:၁၉; ဧဖက် ၂:၃။

၄။ “အထက်ယေရုရှလင်” သည် ယေဟောဝါကို အမြဲ နာခံခဲ့သော်လည်း မြေကြီးပေါ်ရှိ သူ၏ ကိုယ်စားလှယ်များ၏ အဘယ် အတွေ့အကြုံက ရှေးယေရုရှလင်မြို့သားများကို ရောင်ပြန်ဟပ်သနည်း။

၄ “အထက်ယေရုရှလင်” သည် ယေဟောဝါအား အမြဲ နာခံခဲ့သည်မှာ မှန်သည်။ သို့သော် ပထမကမ္ဘာစစ်အတွင်း မြေကြီးပေါ်ရှိ သူ၏ ကိုယ်စားလှယ်—ဘိသိက်ခံ ခရစ်ယာန်များ—သည် ခရစ်ယာန် ကြားနေမှု အစစ်အမှန်ကို ကောင်းစွာ သဘောမပေါက်ခဲ့သောကြောင့် ဘုရားသခင့် ပညတ်ကို မသိဘဲ ချိုးဖောက်မိခဲ့ကြသည်။ ဘုရားသခင့် မျက်နှာသာ ဆုံးရှုံးမှုကြောင့် သူတို့သည် မှောက်မှားသော ကမ္ဘာ့ဘာသာရေး အင်ပါယာ၊ ‘မဟာဗာဗုလုန်’ တွင် ဝိညာဏသုံ့ပန်းများ ဖြစ်လာသည်။ (ဗျာဒိတ် ၁၇:၅) ကင်းမျှော်စင်အသင်း၏ အမှုထမ်း ရှစ်ဦးသည် မသမာသော ပူးပေါင်းကြံစည်ချက်များ အပါအဝင် မှားယွင်းသော စွပ်စွဲချက်ဖြင့် ထောင်ချခံခဲ့ရချိန် ၁၉၁၈၊ ဇွန်လတွင် သူတို့၏ ကျွန်ဘဝ အခြေအနေသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုအချိန်တွင် ဖွဲ့စည်းထားသော သတင်းကောင်း ဟောပြောခြင်း လုပ်ငန်းသည် လုံးဝ ရပ်တန့်လုနီးပါး ဖြစ်ခဲ့သည်။ သို့ရာတွင် ၁၉၁၉ တွင် ဝိညာဉ်ရေး နိုးနိုးကြားကြား ရှိဖို့ ညာသံပေး ကြွေးကြော်သံ ထွက်ပေါ်ခဲ့သည်။ ဘိသိက်ခံ ခရစ်ယာန်များသည် မိမိတို့ကိုယ်ကို မဟာဗာဗုလုန်၏ စာရိတ္တနှင့် ဝိညာဏ မသန့်ရှင်းမှုများမှ ပို၍ လုံးဝ သီးခြားဖြစ်စေခဲ့ကြသည်။ သူတို့သည် သုံ့ပန်းဆိုင်ရာ ဖုန်ထဲမှ ထခဲ့ကြပြီး “အထက်ယေရုရှလင်” သည် “သန့်ရှင်းသော မြို့” ၏ ခမ်းနားထည်ဝါမှု တစ်ဖန် ပြန်ရှိလာကာ ဝိညာဏ မသန့်ရှင်းသူများကို လက်မခံပါ။

၅။ ယေဟောဝါသည် မိမိအား ဝတ်ပြုကိုးကွယ်သူများကို ချုပ်နှောင်ထားသူများအား မည်သည့် လျော်ကြေးမျှ ပေးစရာ မလိုဘဲ အဘယ်ကြောင့် လုံးဝ ရွေးနုတ်ပိုင်ခွင့် ရှိသနည်း။

၅ ဘီ.စီ.အီး. ၅၃၇ နှင့် စီ.အီး. ၁၉၁၉ နှစ်ခုစလုံးတွင် ယေဟောဝါသည် မိမိလူမျိုးတော်ကို လွတ်မြောက်စေရန် အခွင့် လုံးလုံး ရှိခဲ့သည်။ ဟေရှာယ ဤသို့ ရှင်းပြ၏– “ထာဝရဘုရား မိန့်တော်မူသည်ကား ‘သင်တို့သည် ကိုယ်ဖိုးငွေကို မရဘဲ ကျွန်ခံရသည် ဖြစ်၍ ငွေမပေးဘဲ ရွေးခြင်းသို့ ရောက်ကြလိမ့်မည်။’” (ဟေရှာယ ၅၂:၃) ရှေးဗာဗုလုန်ရော၊ မဟာဗာဗုလုန်ပါ ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးကို ကျွန်အဖြစ် သိမ်းယူခဲ့ချိန်က အဘယ်အဖိုးအခမျှ မပေးခဲ့ချေ။ ငွေနှင့်ပတ်သက်သော အပေးအယူ မရှိခဲ့သောကြောင့် ယေဟောဝါသည် မိမိလူမျိုးကို တရားဝင် ပိုင်သောအရှင် ဖြစ်ဆဲ ဖြစ်သည်။ ကိုယ်တော်သည် တစ်စုံတစ်ဦးကို အကြွေးပေးစရာ ရှိသည်ဟု ခံစားသင့်သလော။ လုံးဝ မရှိသင့်ပါ။ ကိစ္စနှစ်ခုစလုံးတွင် ယေဟောဝါသည် ချုပ်နှောင်ထားသူများအား မည်သည့်လျော်ကြေးမျှ ပေးစရာ မလိုဘဲ မိမိအား ဝတ်ပြုကိုးကွယ်သူများကို အမှန်ပင် ရွေးနုတ်ထိုက်တော်မူ၏။—ဟေရှာယ ၄၅:၁၃။

၆။ ယေဟောဝါ၏ ရန်သူများသည် သမိုင်းမှ အဘယ် သင်ခန်းစာများကို ဂရုပြုဖို့ ပျက်ကွက်ခဲ့သနည်း။

၆ ယေဟောဝါ၏ ရန်သူများသည် သမိုင်းဖြစ်ရပ်များမှ သင်ခန်းစာများကို မသင်ယူခဲ့ကြပါ။ ကျွန်ုပ်တို့ ဤသို့ ဖတ်ရ၏– “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ‘ငါ၏ လူတို့သည် အထက်က အဲဂုတ္တုပြည်၌ တည်းခိုအံ့သောငှာ သွားကြ၏။ နောက်မှ အာရှုရိလူတို့သည် အကြောင်း မရှိဘဲ ညှဉ်းဆဲကြ၏။’” (ဟေရှာယ ၅၂:၄) အီဂျစ်ပြည့်ရှင် ဖာရောသည် သူ၏ ပြည်၌ ဧည့်သည်များအဖြစ် တည်းခိုရန် ဖိတ်ခေါ်ခံခဲ့ရသူများ ဖြစ်သော ဣသရေလလူမျိုးကို ကျွန်ခံစေခဲ့သည်။ သို့သော် ယေဟောဝါသည် ဖာရောနှင့် သူ၏ စစ်တပ်ကို ပင်လယ်နီတွင် ရေထဲ နှစ်မြုပ်ခဲ့သည်။ (ထွက်မြောက်ရာ ၁:၁၁-၁၄; ၁၄:၂၇၊ ၂၈) အာရှုရိဘုရင် သနာခရိပ်သည် ယေရုရှလင်မြို့ကို ခြိမ်းခြောက်ခဲ့ချိန်က ယေဟောဝါ၏ ကောင်းကင်တမန်သည် ဘုရင်၏ စစ်သည် ၁၈၅,၀၀၀ ကို သုတ်သင်ခဲ့သည်။ (ဟေရှာယ ၃၇:၃၃-၃၇) ထိုနည်းတူပင် ရှေးဗာဗုလုန်နှင့် မဟာဗာဗုလုန်တို့သည် ဘုရားသခင့် လူမျိုးတော်အား ဖိနှိပ်ညှဉ်းဆဲသည့် အကျိုးဆက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။

‘ငါ၏ လူတို့သည် ငါ့နာမကို သိကြလိမ့်မည်’

၇။ ယေဟောဝါ၏ လူမျိုးတော် သုံ့ပန်း ဖြစ်နေခြင်းက ကိုယ်တော့် နာမတော် မည်သို့ ထိခိုက်သနည်း။

၇ ယေဟောဝါ လူမျိုးတော် သုံ့ပန်း ဖြစ်နေခြင်းသည် ကိုယ်တော်၏ နာမတော်ကို ထိခိုက်စေပြီး ပရောဖက်ပြုချက်၌ ဤသို့ ဖော်ပြထား၏– “ထာဝရဘုရား မိန့်တော်မူသည်ကား ‘ငါ၏ လူတို့ကို အကြောင်း မရှိဘဲ ယူသွား၍ အစိုးရသောသူတို့သည် ဝါကြွားလျက် ငါ့နာမကို နေ့တိုင်း ကဲ့ရဲ့ကြသည် ဖြစ်၍ ငါသည် အဘယ်သို့ ပြုရမည်နည်း။ သို့ဖြစ်၍ ငါ၏ လူတို့သည် ငါ့ [နာမ] ကို သိကြလိမ့်မည်။ ကတိထားသောသူကား ငါ ဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်။ အကယ်စင်စစ် ငါရှိသည်’ ဟု ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၅၂:၅၊ ၆) ဤအခြေအနေတွင် ယေဟောဝါ၌ စိတ်ဝင်စားစရာ အဘယ်အရာ ရှိသနည်း။ ဣသရေလလူမျိုး ဗာဗုလုန်တွင် ကျွန်ခံရခြင်းသည် ကိုယ်တော်အတွက် အဘယ် စိုးရိမ်ပူပန်စရာ ရှိသနည်း။ ဗာဗုလုန်သည် ကိုယ်တော်၏ လူမျိုးတော်ကို သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားပြီး သူတို့အပေါ် အောင်ပွဲခံရ၍ ဝါကြွားခဲ့ကြသောကြောင့် ယေဟောဝါ လုပ်ဆောင်ရတော့မည်။ ထိုကဲ့သို့သော ဝါကြွားမှုက ဗာဗုလုန်လူမျိုးများ ယေဟောဝါ၏ နာမတော်ကို မရိုမသေ ပြုမူစေခဲ့သည်။ (ယေဇကျေလ ၃၆:၂၀၊ ၂၁) ယေရုရှလင်မြို့ ဆိတ်သုဉ်းပျက်စီးနေခြင်းက မိမိလူမျိုးကို ယေဟောဝါ အလိုမကျမှုကြောင့် ဖြစ်သည်ကို သူ အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့သည်။ ယင်းအစား ဂျူးများ ကျွန်ဖြစ်နေခြင်းက သူတို့၏ ဘုရား တန်ခိုးနည်းခြင်းကြောင့် ဖြစ်သည်ဟု ဗာဗုလုန်တို့က ယူမှတ်ခဲ့သည်။ ပူးတွဲဗာဗုလုန်ဘုရင် ဗေလရှာဇာသည် ဗာဗုလုန်ဘုရားများကို ဂုဏ်တင်သည့် စားသောက်ပွဲတွင် ယေဟောဝါ၏ ဗိမာန်တော်မှ ခွက်များကို အသုံးပြုခြင်းဖြင့် ကိုယ်တော်ကို မထီမဲ့မြင်ပြုခဲ့သေးသည်။—ဒံယေလ ၅:၁-၄။

၈။ တမန်တော်များ သေဆုံးပြီးချိန်မှစ၍ ယေဟောဝါ၏ နာမတော်ကို မည်သို့ ပြုမူခဲ့ကြသနည်း။

၈ ယင်းတို့အားလုံးသည် “အထက်ယေရုရှလင်” နှင့် မည်သို့ သက်ဆိုင်သနည်း။ ခရစ်ယာန် အမည်ခံများအကြားတွင် အယူဖောက်ပြန်မှု အမြစ်စွဲလာသည့် အချိန်မှစ၍ “တစ်ပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏ နာမတော်ကို ကဲ့ရဲ့” သည်ဟု ဆိုနိုင်ပါသည်။ (ရောမ ၂:၂၄; တမန်တော် ၂၀:၂၉၊ ၃၀) သို့ဖြင့် အယူသီးမှုကြောင့် ဂျူးများသည် နောက်ဆုံးတွင် ဘုရားသခင်၏ နာမတော် အသုံးပြုခြင်းကို စတင် ရှောင်ရှားခဲ့ကြသည်။ တမန်တော်များ သေဆုံးပြီး မကြာမီတွင် အယူဖောက်ပြန်သော ခရစ်ယာန်များသည် သူတို့၏ ပုံသက်သေကို တုပခဲ့ကြပြီး ဘုရားသခင်၏ ကိုယ်ပိုင်နာမတော် အသုံးပြုခြင်းကို ရပ်စဲခဲ့ကြသည်။ အယူဖောက်ပြန်ခြင်းက မဟာဗာဗုလုန်၏ အဓိကအစိတ်အပိုင်း ဖြစ်သော ခရစ်ယာန်ဘောင် ဖြစ်ထွန်းလာမှုကို ဖြစ်စေခဲ့သည်။ (၂ သက်သာလောနိတ် ၂:၃၊ ၇; ဗျာဒိတ် ၁၇:၅) ခရစ်ယာန်ဘောင်၏ စည်းကမ်းမဲ့ အကျင့်ယိုယွင်းခြင်းနှင့် ဗြောင်ကျကျ သွေးပြစ်ကျူးလွန်မှုတို့သည် ယေဟောဝါ၏ နာမတော်ကို ဆိုးရွားစွာ အသရေပျက်စေခဲ့သည်။—၂ ပေတရု ၂:၁၊ ၂။

၉၊ ၁၀။ မျက်မှောက်ခေတ် ယေဟောဝါနှင့် ပဋိညာဉ် ဖွဲ့ထားသော ကျေးကျွန်များသည် ယေဟောဝါ၏ စံနှုန်းများ၊ ကိုယ်တော့် နာမတော်တို့နှင့်ပတ်သက်သော အဘယ်အရာကို ပို၍ နက်ရှိုင်းစွာ နားလည်သဘောပေါက်လာခဲ့ကြသနည်း။

၉ မဟာကုရု၊ ယေရှုခရစ်သည် ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးကို မဟာဗာဗုလုန် အချုပ်အနှောင်မှ လွှတ်ပေးခဲ့ချိန်၊ ၁၉၁၉ ခုနှစ်တွင် သူတို့သည် ယေဟောဝါ၏ တောင်းဆိုချက်များကို ပို၍ နားလည်သဘောပေါက်လာကြသည်။ သူတို့သည် သုံးပါးပေါင်းတစ်ဆူ၊ ဝိညာဉ်မသေ၊ မီးငရဲတွင် ထာဝစဉ် ညှဉ်းဆဲခံရခြင်းစသည့် ခရစ်ယာန်ခေတ်မတိုင်မီ မှောက်မှားသော ဘာသာတရားများမှ ဆင်းသက်လာသော ခရစ်ယာန်ဘောင် သွန်သင်ချက်များမှ မိမိတို့ကိုယ်ကို သန့်စင်ခဲ့ကြသည်။ ယခု သူတို့သည် ဗာဗုလုန်၏ သြဇာလွှမ်းမိုးမှုမှန်သမျှမှ မိမိတို့ကိုယ်ကို ကင်းလွတ်စေရန် ကြိုးစားခဲ့ကြသည်။ သူတို့သည် ဤလောက၏ ပါတီစွဲ အရေးကိစ္စများနှင့်ပတ်သက်၍ တိကျပြတ်သားသည့် ကြားနေမှုကို ထိန်းသိမ်းဖို့ အရေးကြီးကြောင်းကိုလည်း သိရှိလာခဲ့ကြသည်။ အချို့သူများ ကျူးလွန်မိခဲ့နိုင်သည့် မည်သည့်သွေးပြစ်မဆိုမှ မိမိတို့ကိုယ်ကို သန့်စင်စေရန်ပင် အလိုရှိခဲ့ကြသည်။

၁၀ မျက်မှောက်ခေတ် ဘုရားသခင့် ကျေးကျွန်များသည် ယေဟောဝါ၏ နာမတော် အရေးကြီးမှုကိုလည်း ပို၍ နက်ရှိုင်းစွာ နားလည်သဘောပေါက်လာခဲ့ကြသည်။ ၁၉၃၁ ခုနှစ်တွင် ယေဟောဝါသက်သေများဟူသည့် အမည်ကို ခံယူခဲ့ကြပြီး ယေဟောဝါနှင့် ကိုယ်တော့် နာမတော်ကို ထောက်ခံကြောင်း လူထုရှေ့ ကြေညာကြသည်။ ထို့ပြင်၊ ၁၉၅၀ ပြည့်နှစ်မှစ၍ ထုတ်ဝေခဲ့သော ကမ္ဘာသစ်ဘာသာပြန်ကျမ်းအားဖြင့် ယေဟောဝါသက်သေများသည် ဘုရားသခင်၏ နာမတော်ကို သမ္မာကျမ်းစာ၏ လျော်ကန်သည့် နေရာများတွင် ပြန်ထည့်သွင်းခဲ့ကြသည်။ မှန်ပါသည်၊ သူတို့သည် ယေဟောဝါ၏ နာမတော်ကို ရိုသေလေးမြတ်လာခဲ့ကြပြီး ယင်းကို မြေကြီးစွန်းတိုင်အောင် သိရှိစေခဲ့ကြသည်။

“ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ”

၁၁။ “သင်၏ ဘုရားသခင် စိုးစံတော်မူ၏” ဟူသော ကြွေးကြော်ချက်သည် ဘီ.စီ.အီး. ၅၃၇ အဖြစ်အပျက်နှင့်ပတ်သက်၍ အဘယ်ကြောင့် သင့်လျော်သနည်း။

၁၁ ယခု လူဆိတ်သုဉ်းနေဆဲ ဖြစ်သည့် ဇိအုန်မြို့အခြေအနေသို့ ကျွန်ုပ်တို့ကို ပြန်အာရုံစိုက်စေသည်။ သတင်းကောင်း သယ်ဆောင်လာသော တမန်တစ်ပါး ချဉ်းကပ်လာသည်– “ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်း ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ‘သင်၏ ဘုရားသခင် စိုးစံတော်မူ၏’ ဟု ဇိအုန်မြို့အား ပြောသောသူ၏ ခြေတို့သည် တောင်ပေါ်မှာ အလွန် တင့်တယ်လှစွတကား။” (ဟေရှာယ ၅၂:၇) ဘီ.စီ.အီး. ၅၃၇ တွင် ဇိအုန်၏ ဘုရားသခင်သည် ဘုရင် ဖြစ်လာပြီဟု မည်သို့ ပြောနိုင်သနည်း။ ယေဟောဝါသည် ထာဝရဘုရင် ဖြစ်သည် မဟုတ်လော။ အမှန်ပင်၊ ကိုယ်တော်သည် “ထာဝရဘုရင်” ဖြစ်တော်မူ၏။ (ဗျာဒိတ် ၁၅:၃၊ ကဘ) သို့သော် “သင်၏ ဘုရားသခင် စိုးစံတော်မူ၏” ဟူသော ကြွေးကြော်ချက်သည် သင့်လျော်ပါသည်၊ အကြောင်းမှာ ဗာဗုလုန် ကျရှုံးပြီး ယေရုရှလင်မြို့တွင် ဗိမာန်တော် ပြန်လည်တည်ဆောက်ရန်နှင့် ထိုနေရာတွင် စင်ကြယ်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ရန်ဟူသော တော်ဝင်ကြေညာချက်က ယေဟောဝါ၏ ဘုရင်အရိုက်အရာကို အသစ်တစ်ဖန် ပြဋ္ဌာန်းခြင်း ဖြစ်သည်။—ဆာလံ ၉၇:၁။

၁၂။ ‘သတင်းကောင်းကို ကြားပြော’ ရာတွင် မည်သူ ဦးဆောင်ခဲ့ပြီး မည်သို့အားဖြင့်နည်း။

၁၂ ဟေရှာယခေတ်တွင် “ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ” အဖြစ် တစ်ဦးတစ်ယောက် သို့မဟုတ် အုပ်စုတစ်စုကို ခွဲခြားဖော်ပြခြင်း မရှိခဲ့ပါ။ သို့သော် ယနေ့အချိန်တွင် သတင်းကောင်း သယ်ဆောင်သူများ မည်သူ ဖြစ်ကြောင်း ကောင်းစွာ သိကြသည်။ ယေရှုခရစ်သည် ယေဟောဝါ၏ အကြီးမြတ်ဆုံးသော ငြိမ်သက်ခြင်းတမန် ဖြစ်၏။ ကိုယ်တော်သည် မြေကြီးပေါ်ရှိစဉ် ဖျားနာခြင်းနှင့် သေခြင်း အပါအဝင် အာဒံမှ အမွေရရှိခဲ့သော အပြစ်အကျိုးဆက်အားလုံးမှ လွတ်မြောက်မည်ဟူသော သတင်းကောင်းကို ဟောပြောခဲ့သည်။ (မဿဲ ၉:၃၅) ယေရှုသည် သာ၍ ကောင်းသော ဤသတင်းကောင်းကို ဟောပြောရာတွင် ဇွဲရှိသော ပုံသက်သေ ချမှတ်ခဲ့သည်၊ ဘုရားသခင့် နိုင်ငံတော်အကြောင်း လူများအား သွန်သင်ပေးရန် အခွင့်အရေးတိုင်းကို အရယူခြင်းအားဖြင့် ဖြစ်သည်။ (မဿဲ ၅:၁၊ ၂; မာကု ၆:၃၄; လုကာ ၁၉:၁-၁၀; ယောဟန် ၄:၅-၂၆) ထို့ပြင် ကိုယ်တော်၏ တပည့်များသည် ကိုယ်တော်၏ ပုံသက်သေကို လိုက်လျှောက်ခဲ့ကြသည်။

၁၃။ (က) တမန်တော် ပေါလုသည် ‘ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၏ ခြေတို့သည် တောင်ပေါ်မှာ အလွန် တင့်တယ်လှစွတကား’ ဟူသော အသုံးအနှုန်း၏ ဆိုလိုချက်ကို မည်သို့ အကျယ်ချဲ့သနည်း။ (ခ) တမန်များ၏ ခြေတို့သည် “တင့်တယ်” သည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။

၁၃ ရောမမြို့သားများထံ ရေးသော စာတွင် တမန်တော် ပေါလုက ဟေရှာယ ၅၂:၇ ကို ကိုးကားကာ သတင်းကောင်း ဟောပြောခြင်း လုပ်ငန်း၏ အရေးကြီးမှုကို ပေါ်လွင်စေသည်။ “ဟောပြောသောသူ မရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း” ဟူသော မေးခွန်း အပါအဝင် စဉ်းစားစေသော ဆက်တိုက် မေးခွန်းကို မေးထားသည်။ ထို့နောက် ဤသို့ ဆို၏– “ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်း၊ ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၏ ခြေတို့သည် အလွန် တင့်တယ်စွတကားဟု လာသတည်း။” (ရောမ ၁၀:၁၄၊ ၁၅) သို့ဖြင့် ပေါလုက မူရင်း ဟေရှာယကျမ်းတွင် ဖော်ပြထားသော အနည်းကိန်း “သူ” ကို သုံးမည့်အစား အများကိန်းပုံစံ “သူတို့ [ကဘ]” ကို အသုံးပြုထားခြင်းဖြင့် ဟေရှာယ ၅၂:၇ ၏ သက်ဆိုင်ပုံကို အကျယ်ချဲ့ ဖော်ပြသည်။ ယေရှုခရစ်ကို အတုယူသည့်အနေနှင့် ခရစ်ယာန်အားလုံးသည် ငြိမ်သက်ခြင်း သတင်းကောင်း၏ တမန်များ ဖြစ်ကြသည်။ သူတို့၏ ခြေသည် မည်သို့ “တင့်တယ်” ကြသနည်း။ ဟေရှာယက တမန်သည် အနီးအနားရှိ ယုဒတောင်တန်းများမှ ယေရုရှလင်မြို့သို့ ချဉ်းကပ်လာသည့်အလား ဖော်ပြထားသည်။ အဝေးမှနေ၍ တမန်၏ ခြေထောက်ကို မမြင်နိုင်ပါ။ ယင်းအစား ဤတွင် စူးစိုက်ရာမှာ တမန်အပေါ်တွင် ဖြစ်ကာ ခြေသည် တမန်ကိုယ်နှိုက်ကို ကိုယ်စားပြုသည်။ ယေရှုနှင့် ကိုယ်တော့် တပည့်တော်များသည် ပထမရာစုရှိ စိတ်နှိမ့်ချသူများအတွက် အလွန် တင့်တယ်သူများ ဖြစ်ခဲ့ကြသကဲ့သို့ မျက်မှောက်ခေတ် သက်သေခံများသည် အသက်ကယ်ဆယ်ရေး သတင်းကောင်းကို လက်ခံနာယူသော စိတ်နှိမ့်ချသူများအတွက် နှစ်သက်ဖွယ် ဖြစ်ကြသည်။

၁၄။ မျက်မှောက်ခေတ်တွင် ယေဟောဝါသည် မည်သို့ ဘုရင် ဖြစ်လာခဲ့သနည်း၊ ယင်းကို မည်သည့်အချိန်မှစ၍ လူများ သိရန် ကြေညာခဲ့သနည်း။

၁၄ မျက်မှောက်ခေတ်အချိန်တွင် “သင်၏ ဘုရားသခင် စိုးစံတော်မူ၏” ဟူသော ကြွေးကြော်ချက်ကို မည်သည့်အချိန်မှစ၍ ကြားခဲ့ရပြီနည်း။ ၁၉၁၉ ခုနှစ်မှစ၍ ဖြစ်သည်။ ထိုနှစ်တွင် စီဒါပွိုင့်၊ အိုဟိုင်အိုတွင် ကျင်းပခဲ့သော စည်းဝေးကြီး၌ ထိုအချိန်က ကင်းမျှော်စင်အသင်း၏ ဥက္ကဋ္ဌ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်က “တွဲဖက်လုပ်သားများအတွက် ပြောကြားချက်” ဟု ခေါင်းစဉ်ရှိသော ဟောပြောချက်ဖြင့် နားထောင်သူ ပရိသတ်ကို လှုံ့ဆော်ပေးခဲ့သည်။ ဟောပြောချက်သည် ဟေရှာယ ၅၂:၇ နှင့် ဗျာဒိတ် ၁၅:၂ တို့အပေါ် အခြေခံပြီး ရောက်ရှိနေသော ပရိသတ်အားလုံး ဟောပြောခြင်းလုပ်ငန်း၌ ပါဝင်ကြရန် အားပေးခဲ့သည်။ သို့ဖြင့် ‘တင့်တယ်သော ခြေတို့သည်’ “တောင်ပေါ်မှာ” စတင် ပေါ်ပေါက်လာသည်။ ဦးဆုံး၊ ဘိသိက်ခံ ခရစ်ယာန်များ၊ နောက်ပိုင်းတွင် သူတို့၏ အပေါင်းပါ “အခြားသိုး” များသည် ယေဟောဝါ ဘုရင်ဖြစ်လာသည် ဟူသော သတင်းကောင်းကို ဇွဲဖြင့် ဟောပြောခဲ့ကြသည်။ (ယောဟန် ၁၀:၁၆) ယေဟောဝါသည် မည်သို့ ဘုရင် ဖြစ်လာခဲ့သနည်း။ ကိုယ်တော်သည် မိမိ၏ သားတော် ယေရှုခရစ်ကို တည်ထောင်ခါစ ကောင်းကင်နိုင်ငံတော် ဘုရင်အဖြစ် ခန့်အပ်ခဲ့ချိန် ၁၉၁၄ တွင် မိမိ၏ ဘုရင်အရိုက်အရာကို အသစ်တစ်ဖန် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် “ဘုရားသခင်၏ ဣသရေလလူမျိုး” ကို မဟာဗာဗုလုန်မှ လွတ်မြောက်ပေးခဲ့ချိန် ၁၉၁၉ တွင်လည်း မိမိ၏ ဘုရင်အရိုက်အရာကို နောက်တစ်ဖန် ဖော်ပြခဲ့သည်။—ဂလာတိ ၆:၁၆; ဆာလံ ၄၇:၈; ဗျာဒိတ် ၁၁:၁၅၊ ၁၇; ၁၉:၆။

‘သင်၏ ကင်းစောင့်တို့သည် မိမိတို့၏ အသံကို လွှင့်ကြ၏’

၁၅။ ဘီ.စီ.အီး. ၅၃၇ တွင် မိမိတို့၏ အသံကို လွှင့်ခဲ့ကြသော “ကင်းစောင့်တို့” ကား မည်သူများနည်း။

၁၅ “သင်၏ ဘုရားသခင် စိုးစံတော်မူ၏” ဟူသော ကြွေးကြော်ချက်မှ တုံ့ပြန်မှု ရရှိပါသလော။ ရရှိပါသည်။ ဟေရှာယ ဤသို့ မှတ်တမ်းတင်၏– “သင်၏ ကင်းစောင့်တို့၏ အသံကို နားထောင်ကြလော့။ သူတို့သည် အသံကို လွှင့်၍ ရွှင်လန်းသောအသံနှင့် တညီတညွတ်တည်း ကြွေးကြော်ကြ၏။ အကြောင်းမူကား ထာဝရဘုရားသည် ဇိအုန်မြို့သို့ ပြန်လာတော်မူကြောင်းကို ကိုယ်တိုင် [“မျက်နှာချင်းဆိုင်၊” ကဘ] မြင်ရကြ၏။” (ဟေရှာယ ၅၂:၈) ဘီ.စီ.အီး. ၅၃၇ တွင် ဦးဆုံး ပြည်တော်ပြန်ကြသူများကို ကြိုဆိုရန် ကင်းစောင့်တို့ကို စာသားအရ ယေရုရှလင်မြို့တွင် တာဝန် မချခဲ့ပါ။ မြို့တော်သည် အနှစ် ၇၀ ကြာ လူသူမရှိ ဆိတ်သုဉ်းနေခဲ့သည်။ (ယေရမိ ၂၅:၁၁၊ ၁၂) ထို့ကြောင့် အသံလွှင့်ကြွေးကြော်သူ “ကင်းစောင့်တို့” မှာ ဇိအုန်ပြန်လည်တည်ထောင်ခြင်းသတင်းကို ကြိုသိရှိပြီး ဇိအုန်၏ ကျန်သားသမီးများကို သတင်းကောင်း လက်ဆင့်ကမ်းရန် တာဝန်ရှိလာသူ ဣသရေလလူများ ဖြစ်ရမည်။ ဘီ.စီ.အီး. ၅၃၉ တွင် ယေဟောဝါသည် ကုရု၏ လက်သို့ ဗာဗုလုန်ကို အပ်လိုက်ခြင်းကို မြင်တွေ့သောအခါ ယေဟောဝါသည် မိမိလူမျိုးတော်အား လွတ်မြောက်စေမည်ကို ကင်းစောင့်များ သေချာပေါက် သဘောပေါက်ကြသည်။ သူတို့၏ ကြေညာချက်ကို တုံ့ပြန်သူများနှင့်အတူ ကင်းစောင့်များသည် ရွှင်လန်းဝမ်းမြောက်စွာ တညီတညွတ်တည်း ဆက်ကြွေးကြော်ကြကာ သတင်းကောင်းကို အခြားသူများအား ကြားပြောကြသည်။

၁၆။ ကင်းစောင့်တို့သည် မည်သူ့ကို “မျက်နှာချင်းဆိုင်” မြင်ရသနည်း၊ မည်သည့်သဘောဖြင့်နည်း။

၁၆ နိုးကြားသော ကင်းစောင့်များသည် ယေဟောဝါကို “မျက်နှာချင်းဆိုင်” မြင်ရသကဲ့သို့ ကိုယ်တော်နှင့် ရင်းနှီးသော ကိုယ်ပိုင်ဆက်ဆံရေးကို တည်ဆောက်ကြသည်။ (တောလည်ရာ ၁၄:၁၄) ဘုရားသခင်အပြင် သူတို့အချင်းချင်းကြားရှိ ရင်းနှီးသော ဆက်ဆံရေးသည် သူတို့၏ စည်းလုံးမှုနှင့် သူတို့သတင်းတရား၏ ရွှင်လန်းဖွယ် သဘောသဘာဝကို အလေးအနက် ဖော်ပြသည်။—၁ ကောရိန္သု ၁:၁၀။

၁၇၊ ၁၈။ (က) မျက်မှောက်ခေတ် ကင်းစောင့်အတန်းအစားသည် သူတို့၏ အသံကို မည်သို့ လွှင့်ခဲ့ကြသနည်း။ (ခ) ကင်းစောင့်အတန်းအစားသည် မည်သည့်သဘောဖြင့် တညီတညွတ်တည်း ကြွေးကြော်ခဲ့ကြသနည်း။

၁၇ မျက်မှောက်ခေတ် ပြည့်စုံချက်တွင် ကင်းစောင့်အတန်းအစား ဖြစ်သော “သစ္စာနှင့် သတိပညာရှိသော ကျွန်” သည် ဘုရားသခင့် မျက်မြင်ရ အဖွဲ့အစည်းအတွင်း ရှိပြီးသောသူများအတွက် သာမက ပြင်ပရှိသူများအတွက်လည်း မိမိတို့၏ အသံကို လွှင့်ကြသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ၁၉၁၉ ခုနှစ်တွင် ဘိသိက်ခံ အကြွင်းအကျန်ကို စုသိမ်းဖို့ ဖိတ်ခေါ်ခဲ့ပြီး ၁၉၂၂ ခုနှစ်၊ စီဒါပွိုင့်၊ အိုဟိုင်အိုတွင် ကျင်းပခဲ့သည့် စည်းဝေးကြီးတွင် “ဘုရင်နှင့် သူ၏ နိုင်ငံတော်ကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ” ဟူသော သန္နိဋ္ဌာန်ဖြင့် ယင်းဖိတ်ခေါ်ချက်ကို အရှိန်အဟုန် မြှင့်တင်ခဲ့သည်။ ၁၉၃၅ ခုနှစ်မှစ၍ သိုးကဲ့သို့သော လူအုပ်ကြီးကို စုသိမ်းရန် အာရုံစိုက်ခဲ့ကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၀) မကြာသေးမီနှစ်များ၌ ယေဟောဝါ၏ ဘုရင့်အရိုက်အရာနှင့်ပတ်သက်သော ကြေညာချက်သည် အရှိန်အဟုန် မြှင့်တင်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ ၂၀၀၀ ပြည့်နှစ်တွင် ခြောက်သန်းခန့်သောသူများသည် နိုင်ငံနှင့် နယ်မြေပေါင်း ၂၃၀ ကျော်တွင် ယေဟောဝါ၏ ဘုရင့်အရိုက်အရာကို ကြေညာခြင်း၌ ပါဝင်ခဲ့ကြသည်။ ထို့ပြင် ကင်းစောင့်အတန်းအစား၏ ဦးဆုံးကိရိယာ ဖြစ်သော ကင်းမျှော်စင်သည် ဘာသာစကားပေါင်း ၁၃၀ ကျော်ဖြင့် ရွှင်လန်းဖွယ် သတင်းစကားကို ကြွေးကြော်သည်။

၁၈ စည်းလုံးမှု ဖြစ်စေသော ထိုလုပ်ငန်းတွင် ပါဝင်ရန် နှိမ့်ချမှုနှင့် ညီအစ်ကိုချင်းမေတ္တာ လိုအပ်သည်။ ထိရောက်မှု ရှိသော ဖိတ်ခေါ်ချက် ဖြစ်ရန် ပါဝင်သူအားလုံးသည် ထပ်တူသတင်းကောင်းကို ဟောရမည် ဖြစ်ကာ ယေဟောဝါ၏ နာမတော်၊ ကိုယ်တော်၏ ရွေးနုတ်ဖိုး ပြင်ဆင်ပေးချက်၊ ကိုယ်တော့် ဉာဏ်ပညာတော်၊ မေတ္တာနှင့် နိုင်ငံတော်အကြောင်းတို့ကို တင်ဆက်ရမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ရှိသော ခရစ်ယာန်များသည် ပခုံးချင်းယှဉ် အမှုဆောင်နေကြစဉ် ဝမ်းမြောက်ဖွယ် သတင်းကောင်းကို တညီတညွတ်တည်း ကြွေးကြော်ရန် ယေဟောဝါနှင့် သူတို့၏ မေတ္တာနှောင်ကြိုးသည် ပိုခိုင်မြဲလာသည်။

၁၉။ (က) “ယေရုရှလင်မြို့၌ ပြိုပျက်ရာအရပ်တို့” သည် မည်သို့ ရွှင်လန်းဝမ်းမြောက်လာသနည်း။ (ခ) မည်သည့်သဘောဖြင့် ယေဟောဝါသည် “လက်ရုံးတော်ကို ဖွင့်ပြတော်မူ” သနည်း။

၁၉ ဘုရားသခင့် လူမျိုးတော် ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ခြင်းက သူတို့ နေထိုင်ရာဒေသပင် ရွှင်လန်းပုံရသည်။ ပရောဖက်ပြုချက်၌ ဤသို့ ဆက်ဆို၏– “ယေရုရှလင်မြို့၌ ပြိုပျက်ရာအရပ်တို့ တညီတညွတ်တည်း သီချင်းဆိုသံနှင့် ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူပြီ။ ယေရုရှလင်မြို့ကို ရွေးနုတ်တော်မူပြီ။ ထာဝရဘုရားသည် ခပ်သိမ်းသော လူအမျိုးမျိုးတို့ရှေ့မှာ သန့်ရှင်းသော လက်ရုံးတော်ကို ဖွင့်ပြတော်မူသဖြင့် မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို သိမြင်ကြလတ္တံ့။” (ဟေရှာယ ၅၂:၉၊ ၁၀) ဗာဗုလုန်မှ ပြည်တော်ပြန်များ ရောက်ရှိလာခြင်းက ယေဟောဝါ၏ စင်ကြယ်သော ဝတ်ပြုရေးကို ယခု ပြန်လည်တည်ထောင် နိုင်တော့မည် ဖြစ်သောကြောင့် ဝမ်းနည်းကြေကွဲဖွယ်ကောင်းအောင် ပျက်စီးဆိတ်သုဉ်းနေသည့် ယေရုရှလင်မြို့သည် ရွှင်လန်းဝမ်းမြောက်သည့် အသွင်ကို ဆောင်နေသည်။ (ဟေရှာယ ၃၅:၁၊ ၂) ရှင်းနေသည်မှာ ယင်းတွင် ယေဟောဝါ၏ လက်တော် ရှိနေသည်။ ကိုယ်တော်သည် မိမိလူမျိုးတော်အား ကယ်တင်ဖို့ လုပ်ဆောင်ရာတွင် အင်္ကျီလက်တော်ကို လိပ်တင်လိုက်သကဲ့သို့ “လက်ရုံးတော်ကို ဖွင့်ပြတော်မူ” ခဲ့သည်။—ဧဇရ ၁:၂၊ ၃။

၂၀။ ယေဟောဝါသည် မျက်မှောက်ခေတ်အချိန်တွင် မိမိ၏ သန့်ရှင်းသော လက်ရုံးတော်ကို ဖွင့်ပြခြင်းကြောင့် အဘယ် ရလဒ်များ ရခဲ့ပြီး အဘယ် ရလဒ်များ ရဖို့ ရှိသေးသနည်း။

၂၀ ဤ “နောက်ဆုံးသော နေ့ရက်များ” ၌ ဘိသိက်ခံ အကြွင်းအကျန်၊ ဗျာဒိတ်ကျမ်းတွင် ဖော်ပြထားသော “သက်သေခံနှစ်ပါး” ပြန်လည်အသက်ရှင်လာရန်အတွက် ယေဟောဝါသည် မိမိ၏ လက်ရုံးတော်ကို ဖွင့်ပြခဲ့သည်။ (၂ တိမောသေ ၃:၁၊ သမ္မာ; ဗျာဒိတ် ၁၁:၃၊ ၇-၁၃) ၁၉၁၉ မှစ၍ သူတို့သည် ဝိညာဏ ပရဒိသုထဲသို့ ပြန်လည်ခေါ်ဆောင်ခံခဲ့ရပြီး ယခု သူတို့သည် ထိုဝိညာဏ အခြေအနေကို သူတို့၏ အပေါင်းပါ ဖြစ်သော သန်းနှင့်ချီသည့် အခြားသိုးကိုလည်း ဝေမျှပေးကြသည်။ နောက်ဆုံးတွင် ယေဟောဝါသည် မိမိ၏ လူမျိုးကို “အာမဂေဒုန်” မှ ကယ်တင်ရန် မိမိ၏ သန့်ရှင်းသော လက်ရုံးတော်ကို ဖွင့်တော်မူမည်။ (ဗျာဒိတ် ၁၆:၁၄-၁၅) ထို့နောက် “ရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို သိမြင်ကြလတ္တံ့။”

အရေးတကြီး တောင်းဆိုချက်တစ်ရပ်

၂၁။ (က) “ထာဝရဘုရား၏ အသုံးအဆောင် တန်ဆာတော်များကို ထမ်းဆောင်သောသူတို့” သည် အဘယ်အရာ တောင်းဆိုခံရသနည်း။ (ခ) ဗာဗုလုန်မှ ထွက်ခွာလာကြသော ဂျူးများသည် အဘယ်ကြောင့် ကြောက်ရွံ့စရာအကြောင်း မရှိသနည်း။

၂၁ ဗာဗုလုန်မှ ထွက်ပြီး ယေရုရှလင်သို့ ပြန်လာသူများ လိုက်နာရမည့် တောင်းဆိုချက်တစ်ခု ရှိသည်။ ဟေရှာယ ဤသို့ ရေးထား၏– “ထွက်ကြ။ ထွက်ကြ။ ထိုအရပ်မှ ထွက်သွားကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုအရပ်ထဲက ထွက်သွားကြလော့။ ထာဝရဘုရား၏ အဆောက်အဦ [“အသုံးအဆောင် တန်ဆာတော်များ၊” သမ္မာ] တို့ကို ဆောင်ရွက်သောသူတို့ သန့်ရှင်းခြင်း ရှိကြလော့။ သင်တို့သည် အလျင်အမြန် မထွက်ရကြ။ ပြေး၍ မသွားရကြ။ ထာဝရဘုရားသည် သင်တို့ရှေ့၌ ကြွတော်မူမည်။ နောက်၌လည်း ဣသရေလအမျိုး၏ ဘုရားသခင်သည် သင်တို့အကွယ်အကာ ဖြစ်တော်မူမည်။” (ဟေရှာယ ၅၂:၁၁၊ ၁၂) ထွက်ခွာလာကြသော ဣသရေလလူများသည် ဗာဗုလုန်၏ မှောက်မှားသော ဝတ်ပြုရေး စွန်းထင်းမှု မှန်သမျှကို ဗာဗုလုန်တွင် ချန်ထားခဲ့ရမည် ဖြစ်သည်။ ယေရုရှလင်မြို့ရှိ ဗိမာန်တော်မှ ယူဆောင်လာခဲ့သော ယေဟောဝါ၏ အသုံးအဆောင် တန်ဆာတော်များကို သယ်ဆောင်ရသောကြောင့် သူတို့သည် အပြင်ပန်း၊ အခမ်းအနားသဘောလောက်သာမကဘဲ အဓိကမှာ သူတို့၏ နှလုံးများထဲတွင် သန့်ရှင်းရမည်။ (၄ ဓမ္မရာဇဝင် ၂၄:၁၁-၁၃; ဧဇရ ၁:၇) ထို့ပြင် ယေဟောဝါသည် သူတို့ရှေ့မှ သွားသောကြောင့် သူတို့သည် ကြောက်စရာ မလိုပါ၊ သူတို့၏နောက်မှ သွေးဆာနေသူများ လိုက်လာကြသောကြောင့် အပူတပြင်း ထွက်ပြေးဖို့လည်း မလိုပါ။ ဣသရေလလူမျိုး၏ ဘုရားသခင်သည် သူတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။—ဧဇရ ၈:၂၁-၂၃။

၂၂။ ဘိသိက်ခံ ခရစ်ယာန်များအကြားတွင် သန့်ရှင်းမှု ရှိရန် လိုအပ်ကြောင်း ပေါလု မည်သို့ အလေးပေး ဖော်ပြသနည်း။

၂၂ သန့်ရှင်းမှုကို ထိန်းသိမ်းရမည်ဟူသော ဟေရှာယ၏ စကားများသည် “အထက်ယေရုရှလင်” ၏ သားသမီးများအပေါ်တွင် အဓိက ပြည့်စုံသည်။ ပေါလုက ကောရိန္သု ခရစ်ယာန်များအား မယုံကြည်သူနှင့် မတူညီသော ထမ်းပိုးကို မထမ်းရန် ဆုံးမသြဝါဒပေးချိန်၌ သူသည် ဟေရှာယ ၅၂:၁၁ တွင် ပါသော ဤစကားကို ဤသို့ ကိုးကားခဲ့၏– “ထာဝရဘုရား မိန့်တော်မူပြန်သည်ကား ‘သင်တို့သည် ထိုသူတို့အထဲမှ ထွက်၍ အသီးအခြား နေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။’” (၂ ကောရိန္သု ၆:၁၄-၁၇) ဗာဗုလုန်မှ နေရင်းပြည်သို့ ပြန်လာကြသူ ဣသရေလလူများကဲ့သို့ပင် ခရစ်ယာန်များသည် ဗာဗုလုန် မှောက်မှားသော ဝတ်ပြုရေးနှင့် လုံးလုံး ကင်းရှင်းရမည်။

၂၃။ ယနေ့ ယေဟောဝါ၏ ကျေးကျွန်များသည် မည်သည့်နည်းများဖြင့် မိမိတို့ကိုယ်ကို သန့်ရှင်းစေရန် ကြိုးစားကြသနည်း။

၂၃ ယင်းသည် အထူးသဖြင့် ၁၉၁၉ ခုနှစ်တွင် မဟာဗာဗုလုန်မှ လွတ်မြောက်လာခဲ့ကြသော ယေရှု၏ ဘိသိက်ခံ နောက်လိုက်များအတွက် မှန်ကန်သည်။ သူတို့သည် မှောက်မှားသော ဝတ်ပြုရေး၏ အစအန မှန်သမျှမှ မိမိတို့ကိုယ်ကို အဆင့်ဆင့် သန့်စင်ခဲ့ကြသည်။ (ဟေရှာယ ၈:၁၉၊ ၂၀; ရောမ ၁၅:၄) သူတို့သည် စာရိတ္တ သန့်ရှင်းခြင်း၏ အရေးကြီးမှုကိုလည်း ပို၍ သဘောပေါက်လာခဲ့ကြသည်။ ယေဟောဝါသက်သေများသည် မြင့်မားသော စာရိတ္တစံနှုန်းကို အမြဲ ထောက်ခံခဲ့ကြသော်လည်း ၁၉၅၂ ခုနှစ်၊ ကင်းမျှော်စင် ဆောင်းပါးများက အသင်းတော် သန့်ရှင်းမှုကို ထိန်းသိမ်းရန်အတွက် စာရိတ္တ ယိုယွင်းသူများကို ဆုံးမပဲ့ပြင်ဖို့ လိုအပ်ကြောင်း အလေးပေး ဖော်ပြထားသည်။ ထိုဆုံးမပဲ့ပြင်မှု လုပ်ရပ်များက အမှားပြုလုပ်သူများ စစ်မှန်သော နောင်တယူဖို့ လိုအပ်ကြောင်း သိရှိလာစေရန်လည်း အကူအညီ ဖြစ်စေသည်။—၁ ကောရိန္သု ၅:၆၊ ၇၊ ၉-၁၃; ၂ ကောရိန္သု ၇:၈-၁၀; ၂ ယောဟန် ၁၀၊ ၁၁။

၂၄။ (က) မျက်မှောက်ခေတ် ‘ယေဟောဝါ၏ အသုံးအဆောင် တန်ဆာတော်များ’ မှာ အဘယ်နည်း။ (ခ) ယေဟောဝါသည် မိမိတို့ရှေ့မှ ဆက်၍ သွားနေမည် ဖြစ်ကာ မိမိတို့၏ အကွယ်အကာလည်း ဖြစ်မည် ဖြစ်ကြောင်း ယနေ့ ခရစ်ယာန်များ အဘယ်ကြောင့် ယုံကြည်စိတ်ချကြသနည်း။

၂၄ အခြားသိုးမှ လူအုပ်ကြီးနှင့်အတူ ဘိသိက်ခံ ခရစ်ယာန်များသည် ဝိညာဏ မစင်ကြယ်မှု မှန်သမျှကို မတို့ထိရန် ဆုံးဖြတ်ထားကြသည်။ သူတို့၏ စင်ကြယ်၊ သန့်ရှင်းသော အခြေအနေက ‘ယေဟောဝါ၏ အသုံးအဆောင် တန်ဆာတော်များ’—တစ်အိမ်မှတစ်အိမ်၊ ကျမ်းစာသင်အံမှုနှင့် အခြားခရစ်ယာန်ဓမ္မအမှု လုပ်ငန်းဆောင်တာ ပုံစံများ ဖြစ်သော မြင့်မြတ်သော လုပ်ငန်းတော်အတွက် ဘုရားသခင် စီစဉ်ပေးသည့် အဖိုးထိုက်သော ပြင်ဆင်ပေးချက်များ—ကို ထမ်းဆောင်သူများအဖြစ် အရည်အချင်း ပြည့်မီစေသည်။ ယနေ့ ဘုရားသခင့် လူမျိုးတော်သည် သန့်ရှင်းသော စံချိန်ကို ထိန်းသိမ်းထားခြင်းဖြင့် ယေဟောဝါသည် သူတို့၏ရှေ့မှ ဆက်၍ သွားနေမည် ဖြစ်ကြောင်းနှင့် သူတို့၏ အကွယ်အကာ ဖြစ်မည် ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။ ဘုရားသခင်၏ သန့်ရှင်းသော လူမျိုးအနေဖြင့် သူတို့သည် “ရွှင်လန်းသောအသံနှင့် တညီတညွတ်တည်း ကြွေးကြော်ကြ” ရန် အကြောင်းရင်းများစွာ ရှိပါသည်!

[အောက်ခြေမှတ်ချက်]

a “အထက်ယေရုရှလင်” နှင့် သူ၏ မြေကြီးဆိုင်ရာ ဘိသိက်ခံသားများအကြားရှိ ဆက်ဆံရေးအကြောင်း ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားချက်ကို ဤစာအုပ်၏ အခန်း ၁၅ တွင် ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ