အမျိုးအစားမှန်သောတမန်များကိုခွဲခြားသိမြင်ခြင်း
“ငါသည် ငါ့ကျွန်၏စကားကိုတည်စေ၍၊ ငါ့တမန်တို့ဟောပြောသည်အတိုင်းပြုတတ်၏။”—ဟေရှာယ ၄၄:၂၆။
၁။ ယေဟောဝါသည် အမျိုးအစားမှန်သောတမန်များကို မည်သို့ခွဲခြားသိမြင်စေပြီး မှောက်မှားသောတမန်များကို မည်သို့ထုတ်ဖော်ပြတော်မူသနည်း။
ယေဟောဝါဘုရားသခင်သည် ကိုယ်တော်၏ စစ်မှန်သောတမန်များ၏ ကြီးမြတ်တော်မူသော သက်သေပြရှင် ဖြစ်တော်မူ၏။ သူတို့မှတစ်ဆင့် ကိုယ်တော်မိန့်တော်မူသောစကားများကို ပြည့်စုံစေတော်မူခြင်းအားဖြင့် စစ်မှန်သောတမန်များသည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြတော်မူသည်။ ယေဟောဝါသည် မှောက်မှားသောတမန်များကို ထုတ်ဖော်ပြတော်မူသောအရှင်လည်းဖြစ်တော်မူ၏။ မည်သို့ထုတ်ဖော်ပြတော်မူသနည်း။ သူတို့ပြသောနိမိတ်များနှင့် ဟောကိန်းများကို မပြည့်စုံစေခြင်းအားဖြင့်ဖြစ်သည်။ ဤနည်းဖြင့် သူတို့သည် နိမိတ်ဖတ်တတ်သူများဟု အဆိုတင်သွင်းသူတို့မျှဖြစ်ပြီး သူတို့၏စကားသည် မှားယွင်းသောအတွေးအခေါ်—အချည်းနှီးဖြစ်သည့်ဇာတိသဘောဆိုင်ရာ တွေးတောကြံစည်မှုမျှဖြစ်ကြောင်း ထင်ရှားစေသည်။
၂။ ဣသရေလလူမျိုးခေတ်တွင် တမန်များစပ်ကြား အဘယ်ပဋိပက္ခဖြစ်ခဲ့သနည်း။
၂ ဟေရှာယနှင့် ယေဇကျေလကပါ မိမိတို့သည် ယေဟောဝါဘုရားသခင်၏တမန်များဖြစ်သည်ဟု ဆိုကြသည်။ မှန်ပါသလော။ ကြည့်ကြစို့။ ဟေရှာယသည် ဘီ.စီ.အီး. ၇၇၈ ခန့်မှ ဘီ.စီ.အီး. ၇၃၂ ကျော်အထိ ယေရုရှလင်မြို့တွင် ပရောဖက်ပြုခဲ့သည်။ ယေဇကျေလမှာမူ ဘီ.စီ.အီး. ၆၁၇ တွင်ဗာဗုလုန်သို့ ပြည်နှင်ခံခဲ့ရသည်။ ထိုတွင်ရှိသော ဂျူးညီအစ်ကိုများအား သူပရောဖက်ပြုခဲ့သည်။ ပရောဖက်နှစ်ဦးစလုံးက ယေရုရှလင်မြို့ ပျက်စီးလိမ့်မည်ဟု ရဲရင့်စွာ ကြေညာခဲ့သည်။ ဘုရားသခင်သည် ထိုသို့ဖြစ်စေလိမ့်မည်မဟုတ်ဟု အခြားပရောဖက်များက ဆိုသည်။ မည်သူတို့သည် အမျိုးအစားမှန်သော တမန်များ ဖြစ်ကြောင်း သက်သေထူခဲ့သနည်း။
မှောက်မှားသောပရောဖက်တို့ကို ယေဟောဝါဖော်ထုတ်
၃၊ ၄။ (က) ဗာဗုလုန်ရှိ ဣသရေလလူမျိုးအား အဘယ်ဆန့်ကျင်ဘက်ဖြစ်သောသတင်းနှစ်ရပ်ကိုပေးခဲ့ပြီး ယေဟောဝါသည် မှောက်မှားသောတမန်တစ်ဦးကို မည်သို့ဖော်ထုတ်သနည်း။ (ခ) မှောက်မှားသောပရောဖက်များသည် မည်သို့ဖြစ်သွားရမည်ဟု ယေဟောဝါမိန့်တော်မူသနည်း။
၃ ယေဇကျေလသည် ဗာဗုလုန်တွင်ရှိနေစဉ် ယေရုရှလင်ဗိမာန်တော်အတွင်း ဖြစ်ပျက်နေရာများကို ရူပါရုံအားဖြင့် တွေ့မြင်ခဲ့ရသည်။ ယင်း၏ အရှေ့တံခါးတွင် လူ ၂၅ ယောက်ရှိသည်။ သူတို့အလယ်တွင် မင်းပြုသောသူ ယာဇညာနှင့် ပေလတိတို့ရှိသည်။ သူတို့ကို ယေဟောဝါမည်သို့ယူမှတ်တော်မူသနည်း။ ယေဇကျေလ ၁၁:၂၊ ၃ ကဤသို့ဖြေဆို၏– “အချင်းလူသား၊ ဤသူတို့သည် မကောင်းသောအကြံကိုကြံစည်၍ ဤမြို့၌ မတရားသောတိုင်ပင်ခြင်းကို ပြုသောသူဖြစ်ကြ၏။ သူတို့က ‘အမှုမရောက်သေး။ အိမ်ဆောက်ကြကုန်အံ့’ . . . ဟုဆိုတတ်ကြ၏။” ဤရောင့်တက်သောငြိမ်သက်ခြင်း၏တမန်များပြောလိုသည်ကား ‘ယေရုရှလင်မြို့အတွက် ဘေးအန္တရာယ်မရှိ။ မကြာမီ ထိုတွင် အိမ်များ ထပ်ဆောက်ကြဦးမည်’ ဖြစ်သည်။ သို့ဖြစ်၍ မုသားသုံးသော ဤပရောဖက်များတစ်ဖက် ပရောဖက်ပြုရန် ယေဇကျေလကို ဘုရားသခင်မှာကြားတော်မူခဲ့သည်။ အခန်းကြီး ၁၁ ၏အငယ် ၁၃ တွင် သူတို့အနက်တစ်ဦး မည်သို့ဖြစ်သွားခဲ့ကြောင်း ပြောပြသည်– “ထိုဗျာဒိတ်တော်စကားကို ငါသည်ဆင့်ဆို၍ ဟောပြောစဉ်တွင် ဗေနာယသား ပေလတိသည် သေ၏။” ယင်းသို့ဖြစ်ခဲ့ရခြင်းမှာ ပေလတိသည် အထင်ပေါ်ဆုံးနှင့် ဩဇာအရှိဆုံးမင်းသားဖြစ်ပြီး ရုပ်ပုံကိုးကွယ်သူတို့တွင် အဦးဆုံးသူဖြစ်သောကြောင့် ဖြစ်ဖွယ်ရှိသည်။ သူသည် မုသားသုံးသောပရောဖက်ဖြစ်ကြောင်း သူ၏ရုတ်တရက်သေဆုံးခြင်းအဖြစ်က ထုတ်ဖော်ပြပါသည်တကား!
၄ ပေလတိကို ယေဟောဝါအဆုံးစီရင်ခဲ့ခြင်းက အခြားမှောက်မှားသောပရောဖက်တို့ကိုဘုရားသခင်၏နာမတော်ဖြင့် မုသားသုံးခြင်းမှ မရပ်တန့်စေခဲ့ပါ။ ဤလှည့်ဖြားသူများသည် ဘုရားသခင့်အလိုတော်နှင့်မညီသောအရာများကို ဟောပြောသည့် မိုက်ရူးရဲလမ်းစဉ်အတိုင်း ဆက်သွားကြသည်။ သို့ဖြစ်သောကြောင့် ယေဟောဝါက ယေဇကျေလကို ဤသို့မိန့်တော်မူ၏– “အဘယ်အရာကိုမျှမမြင်ဘဲ ကိုယ်စိတ်အလိုသို့လိုက်တတ်သော ပရောဖက်မိုက်တို့သည် အမင်္ဂလာရှိကြ၏။” သူတို့သည် ယေရုရှလင်မြို့အတွက် “ငြိမ်သက်ခြင်းမရှိသောအခါ . . . ငြိမ်သက်ခြင်းရူပါရုံ” ကိုမြင်နေကြသောကြောင့် ပေလတိနည်းတူ ‘ရှိကြတော့’ မည်မဟုတ်ပေ။—ယေဇကျေလ ၁၃:၃၊ ၁၅၊ ၁၆။
၅၊ ၆။ မှောက်မှားသော တမန်များစွာရှိနေလျက်နှင့် ဟေရှာယသည် စစ်မှန်သောပရောဖက်ဖြစ်ကြောင်း မည်သို့ထင်ရှားလာသနည်း။
၅ ဟေရှာယမူကား ယေရုရှလင်နှင့်ပတ်သက်သော သူ၏စကားအားလုံး ပြည့်စုံခဲ့ပါသည်။ ဘီ.စီ.အီး. ၆၀၇ ခုနှစ် နွေတွင် ဗာဗုလုန်လူမျိုးသည် မြို့တော်ကိုဖျက်ဆီးပြီး ဂျူးအကြွင်းအကျန်ကို ဗာဗုလုန်သို့ သုံ့ပန်းများအဖြစ် ခေါ်ဆောင်သွားကြသည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၅-၂၁; ယေဇကျေလ ၂၂:၂၈; ဒံယေလ ၉:၂) ဤဘေးဒဏ်များက ဘုရားသခင်၏လူများတစ်ဖက် အချည်းနှီးပြောဆိုပြစ်တင်ခြင်းမှ မှောက်မှားသောပရောဖက်တို့ကို တားဆီးခဲ့ပါသလော။ မတားဆီးခဲ့ပါ။ ထိုမုသားသုံးသောတမန်များသည် ဆက်လက်၍သာ ပြောဆိုနေကြသည်တကား!
၆ ဤမျှနှင့်မပြီးသေးဘဲ ပြည်နှင်ခံရသောဣသရေလလူတို့ခမျာ ကြွားဝါသော ဗာဗုလုန်ဗေဒင်ဆရာများ၊ နိမိတ်ဖတ်သူများနှင့် နက္ခတ်ဗေဒင်ဆရာများရှေ့တွင် အကာအကွယ်မဲ့ဖြစ်နေရကြရှာသည်။ သို့ရာတွင် ယေဟောဝါက ထိုမုသားသုံးသော တမန်အားလုံးသည် ကြံရာမရသောအရူးများ၊ ဖြစ်ပျက်မည့်အရာများနှင့် ပြောင်းပြန်ဟောသူများဖြစ်ကြောင်း ပြသတော်မူခဲ့သည်။ အချိန်တန်သော် ယေဇကျေလသည် ဟေရှာယကဲ့သို့ပင် မိမိ၏ စစ်မှန်သောတမန်ဖြစ်ကြောင်း ဖော်ပြတော်မူခဲ့သည်။ သူတို့မှတစ်ဆင့် ယေဟောဝါမိန့်တော်မူသော မှုတ်သွင်းခံသြဝါဒစကားအားလုံးကို ကိုယ်တော်ကတိတော်ရှိသည်အတိုင်း ပြည့်စုံစေတော်မူခဲ့သည်– “ငါသည် မိစ္ဆာဆရာတို့၏ပုဗ္ဗနိမိတ်များကို ပယ်ဖျောက်တတ်၏။ ဗေဒင်သမားတို့ကို ရူးသွပ်စေတတ်၏။ ပညာရှိတို့ကိုလှန်၍ သူတို့၏ပညာကို မိုက်စေတတ်၏။ ငါသည် ငါ့ကျွန်၏စကားကိုတည်စေ၍၊ ငါ့တမန်တို့ဟောပြောသည်အတိုင်းပြုတတ်၏။”—ဟေရှာယ ၄၄:၂၅၊ ၂၆။
ဗာဗုလုန်နှင့် ယေရုရှလင်အကြောင်းထိတ်လန့်ဖွယ်သတင်းများ
၇၊ ၈။ ဗာဗုလုန်နိုင်ငံအတွက် အဘယ်မှုတ်သွင်းခံသတင်းကို ဟေရှာယဆင့်ဆိုခဲ့သနည်း။ သူ၏စကားများက ဘာကိုဆိုလိုသနည်း။
၇ ယုဒပြည်နှင့် ယေရုရှလင်မြို့တို့သည် နှစ်ပေါင်း ၇၀ တိုင် လူသူဆိတ်ညံရာအရပ် ဖြစ်ရပေမည်။ သို့သော်လည်း ယေဟောဝါသည် ဟေရှာယနှင့် ယေဇကျေလတို့မှတစ်ဆင့် ကြိုတင်ဟောပြောသည့်အချိန် အတိအကျတွင် မြို့တော်သည် ပြန်စည်ကားရမည်ဖြစ်သည်! ယင်းသည် အလွန်ထူးဆန်းသော ကြိုတင်ဟောပြောချက်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ဗာဗုလုန်နိုင်ငံသည် ယင်း၏သုံ့ပန်းများကို ဘယ်တော့မျှ လွှတ်မပေးသည့်နေရာတွင် နာမည်ကြီးသောကြောင့်ဖြစ်သည်။ (ဟေရှာယ ၁၄:၄၊ ၁၅-၁၇) ယခု ဤသုံ့ပန်းများကို မည်သူလွတ်မြောက်စေနိုင်မည်နည်း။ ဧရာမနံရံများနှင့် မြစ်၏အကာအကွယ်စနစ်ရှိသော ဤအင်အားကြီးမားသည့် ဗာဗုလုန်နိုင်ငံကို မည်သူခြိမ်းခြောက်နိုင်မည်နည်း။ အနန္တတန်ခိုးရှင် ယေဟောဝါ ပြုနိုင်တော်မူ၏! ထိုသို့ပြုတော်မူမည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်– “ပင်လယ် [မြို့တော်၏ ရေအကာအကွယ်စနစ်ကိုဆိုလို] ကိုလည်း ‘ရေကုန်စေ။ သင်၏မြစ်အပေါင်းကို ငါခန်းခြောက်စေမည်’ ဟူ၍လည်းကောင်း၊ ကုရုမင်းကိုလည်း ‘သင်သည် ငါ့သိုးထိန်းဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့ တည်ဆောက်စေ၊ ဗိမာန်တော်တိုက်မြစ်ကျစေ’ ဟု စီရင်လိမ့်မည်ဟူ၍လည်းကောင်း ငါဆို၏။”—ဟေရှာယ ၄၄:၂၅၊ ၂၇၊ ၂၈။
၈ စဉ်းစားကြည့်ပါ! အမှန်ပင်လူတို့မကျော်ဖြတ်နိုင်သော အဟန့်အတားကြီးတစ်ခုဖြစ်သည့်ဥဖရတ်မြစ်သည် ယေဟောဝါအတွက် ပူပြင်းသောမျက်နှာပြင်ပေါ်မှ ရေစက်တစ်စက်မျှဖြစ်သည်။ ရုတ်ခနဲ ခန်းခြောက်သွားမည်! ဗာဗုလုန် ပြိုလဲရမည်။ ပေရသိလူမျိုး ကုရုဘုရင် မွေးဖို့အနှစ် ၁၅၀ ခန့်လိုသေးသော်လည်း ဤရှင်ဘုရင်သည် ဗာဗုလုန်နိုင်ငံကို သိမ်းပိုက်ပြီး ယေရုရှလင်မြို့နှင့် ၎င်း၏ဗိမာန်တော်ကို ပြန်တည်ဆောက်ရန် အမိန့်ပေးခြင်းဖြင့် ဂျူးသုံ့ပန်းများကို လွတ်မြောက်စေလိမ့်မည်ဟု ဟေရှာယအား ယေဟောဝါ ကြိုတင်ဟောစေတော်မူခဲ့သည်။
၉။ ဗာဗုလုန်နိုင်ငံကို အပြစ်ဒဏ်စီရင်ရန် ယေဟောဝါ၏ကိုယ်စားလှယ်ကား မည်သူဖြစ်သည်ဟု ကိုယ်တော်ဖော်ပြသနည်း။
၉ ဟေရှာယ ၄၅:၁-၃ တွင် ဤပရောဖက်ပြုချက်ကို တွေ့ရှိရသည်– “အကြင်သူ၏ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍ . . . အတွင်းတံခါးတို့ကို မပိတ်ရဘဲ၊ နှစ်ရွက်ရှိသောတံခါးတို့ကို ဖွင့်ခြင်းငှာ အကြင်သူ၏လက်ယာလက်ကို ငါထောက်မ၏။ ထိုသူတည်းဟူသော ကုရုမင်း၊ ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား ‘သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီစေမည်။ ကြေးဝါတံခါးတို့ကိုချိုး၍ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။ မှောင်မိုက်၌ရှိသောဘဏ္ဍာ၊ လုံခြုံစွာဝှက်ထားသောဥစ္စာတို့ကို သင့်အား ငါပေးမည်။ သို့ဖြစ်၍ ငါသည် သင့်ကို နာမည်ဖြင့်ခေါ်သော ဣသရေလအမျိုး၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။”
၁၀။ ကုရုသည် အဘယ်နည်းဖြင့် “ဘိသိက်” ပေးခံရသနည်း။ ယေဟောဝါသည် ကုရုမမွေးဖွားမီ နှစ်ပေါင်းတစ်ရာကျော်အချိန်ကတည်းက သူ့အား မည်သို့မိန့်တော်မူနိုင်သနည်း။
၁၀ ကုရုအသက်ရှင်နေဘိသကဲ့သို့ သူ့အား ယေဟောဝါမိန့်တော်မူကြောင်း သတိပြုပါ။ ယင်းက ယေဟောဝါဘုရားသခင်သည် “မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူ” သည်ဟူသော ပေါလု၏စကားနှင့်ကိုက်ညီသည်။ (ရောမ ၄:၁၇) ထို့ပြင် ဘုရားသခင်သည် ကုရုကို ‘ကိုယ်တော်၏ဘိသိက်ခံသောမင်း’ ဖြစ်ကြောင်းအထင်အရှားဖော်ပြတော်မူသည်။ အဘယ်ကြောင့် ထိုသို့ပြုတော်မူရသနည်း။ အမှန်ဆိုလျှင် ယေဟောဝါ၏ယဇ်ပုရောဟိတ်မင်းကြီးသည် ကုရုကို သန့်ရှင်းသောဘိသိက်ဆီနှင့် တစ်ခါမျှ ဘိသိက်မပေးခဲ့ပါ။ မှန်ပါသည်၊ ယင်းဘိသိက်ခံခြင်းကား ပရောဖက်ပြုချက်နှင့်ဆိုင်၏။ ၎င်းသည် ထူးခြားသောအလုပ်တာဝန်တစ်ခုကို ဆောင်ရွက်ရန် ခန့်အပ်ခံရခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ကုရုအား ကြိုတင်ခန့်အပ်ခြင်းကို ဘိသိက်ပေးခြင်းနှင့် နှိုင်းယှဉ်မိန့်တော်မူနိုင်ပါသည်။—၃ ဓမ္မရာဇဝင် ၁၉:၁၅-၁၇; ၄ ဓမ္မရာဇဝင် ၈:၁၃ နှိုင်းယှဉ်။
မိမိတမန်များ၏စကားကို ဘုရားသခင်ပြည့်စုံစေတော်မူ
၁၁။ ဗာဗုလုန်မြို့သူမြို့သားတို့က မိမိတို့သည် လုံခြုံ၏ဟု အဘယ်ကြောင့်ယူဆကြရသနည်း။
၁၁ ကုရုမင်းသည် ဗာဗုလုန်ကို တိုက်ခိုက်သောအခါ ယင်း၏မြို့သူမြို့သားတို့က မိမိတို့သည် ဘေးလွတ်လုံခြုံမှုရှိသည်ဟု ယူမှတ်နေကြသည်။ သူတို့၏မြို့တော်ကို ဥဖရတ်မြစ်ဖြင့် ဖြစ်ပေါ်လာသော ရေနက် ကျုံးကျယ်ကြီးဖြင့်ဝိုင်းရံထားသည်။ မြို့ကိုဖြတ်စီးသော အရှေ့ဘက်မြစ်ကမ်းဘေးတစ်လျှောက်တွင် သင်္ဘောဆိပ်များဆက်တိုက်ရှိသည်။ ယင်းကို မြို့တော်နှင့်ခွဲခြားစေရန် နေဗုခဒ်နေဇာသည် “တောင်ကဲ့သို့သော မရွေ့လျားနိုင်သည့် . . . ယင်း၏ထိပ်မှာ တောင်ကဲ့သို့မြင့်သော တံတိုင်းကြီး” ဟုသူကင်းပွန်းတပ်ခဲ့သည့် တံတိုင်းတစ်ခုကိုဆောက်လုပ်ထားပါသည်။a ဤတံတိုင်းကြီး၌ ဧရာမကြေးနီတံခါးများတပ်ဆင်ထားသည့် ဂိတ်ဝများရှိသည်။ ယင်းတို့အထဲဝင်ရန် မြစ်ကမ်းစပ်မှ ဆင်ခြေလျှောကိုတက်လာကြရသည်။ ထို့ကြောင့် ဗာဗုလုန်၏ သုံ့ပန်းများသည် လွတ်မြောက်ရန် မျှော်လင့်ချက် ကင်းမဲ့ရခြင်းပါတကား!
၁၂၊ ၁၃။ ကုရုလက်ထဲ ဗာဗုလုန်ကျရှုံးသောအခါ ယေဟောဝါ၏တမန် ဟေရှာယမှတစ်ဆင့် မိန့်တော်မူသော ယေဟောဝါ၏စကားသည် မည်သို့ပြည့်စုံလာသနည်း။
၁၂ သို့သော် ယေဟောဝါအားယုံကြည်သော ဂျူးသုံ့ပန်းများမှာမူ ထိုသို့မဟုတ်ကြပေ! သူတို့၌ တောက်ပသောမျှော်လင့်ချက်ရှိကြ၏။ ဘုရားသခင်သည် သူတို့ကိုလွတ်မြောက်စေမည်ဟု ကိုယ်တော်၏ပရောဖက်များမှတစ်ဆင့် ကြိုတင်ဟောပြောထားတော်မူသည်။ ဤကတိတော်ကို ဘုရားသခင်မည်သို့ ပြည့်စုံစေတော်မူသနည်း။ ကုရုသည် ဗာဗုလုန်၏မြောက်ဘက် မိုင်ပေါင်းများစွာဝေးသောနေရာတစ်ခုမှ ဥဖရတ်မြစ်ကိုရေလွှဲလိုက်ရန် သူ၏စစ်သားများအား အမိန့်ပေးခဲ့သည်။ သို့နှင့် ထိုမြို့တော်၏ အဓိကအကာအကွယ်သည် ယခု အတော်ပင်ခြောက်သွေ့သော မြစ်ကြမ်းပြင်မျှ ဖြစ်လေတော့သည်။ သေရေးရှင်ရေးတမျှအရေးကြီးသော အဆိုပါညတွင် ဗာဗုလုန်၌ အပျော်ကြူးသေသောက်ပွဲဆင်နွှဲနေကြသူများသည် ဥဖရတ်ကမ်းနားရှိ တံခါးရွက်နှစ်ရွက်နှင့် တံခါးဝကြီးများကို ပေါ့ပေါ့ဆဆနှင့် ပွင့်လျက်သားထားခဲ့ကြသည်။ ယေဟောဝါသည် ကြေးနီတံခါးများနှင့် ယင်းတို့ကိုပိတ်သည့် သံကန့်လန့်များတို့ကို အပိုင်းပိုင်းချိုးဖြတ်ခဲ့တော်မူသည်မဟုတ်ဘဲ ယင်းတို့ကိုပွင့်နေစေပြီး ကန့်လန့်မထိုးထားစေရန် အံ့ဖွယ်နည်းဖြင့် ကိုယ်တော် စီမံတော်မူခဲ့ခြင်းသည် ၎င်းတို့ကိုချိုးဖြတ်လိုက်ဘိသကဲ့သို့ ဖြစ်သည်။ ဗာဗုလုန်၏နံရံများသည် အချည်းနှီးသာဖြစ်လေသည်။ ကုရု၏စစ်သားများသည် မြို့ထဲဝင်ရန် ယင်းနံရံများကို ကျော်တက်စရာမလိုပါ။ ယေဟောဝါသည် ကုရုရှေ့ ကြွတော်မူပြီး “မြင့်သောအရပ်” အတားအဆီးအားလုံးကို ညီစေတော်မူခဲ့သည်။ ဟေရှာယသည် ဘုရားသခင်၏ စစ်မှန်သောတမန်ဖြစ်ကြောင်း ထင်ရှားလေသည်။
၁၃ ကုရု၏စစ်တပ်သည် မြို့တော်ကို လုံးဝသိမ်းပိုက်ပြီးသောအခါ ၎င်း၏ဘဏ္ဍာအားလုံး၊ မှောင်မိုက်၌ ဝှက်ထားသော ဥစ္စာအားလုံးပါ ကုရုလက်ထဲရောက်လေသည်။ ယေဟောဝါဘုရားသခင်သည် ဤအမှုကို ကုရုအဖို့ အဘယ်ကြောင့် ပြုလုပ်ပေးတော်မူခဲ့သနည်း။‘သူ့ကို နာမည်ဖြင့်ခေါ်တော်မူသောအရှင်’ ယေဟောဝါသည် စစ်မှန်သောပရောဖက်ပြုချက်တို့၏ဘုရားသခင်၊ စကြဝဠာကိုအုပ်စိုးပိုင်ထိုက်တော်မူသောအရှင် ဖြစ်တော်မူကြောင်းကို သူအသိအမှတ်ပြုစေခြင်းငှာဖြစ်သည်။ ဘုရားသခင်၏ ဣသရေလလူမျိုးကို လွတ်မြောက်စေရန် ကိုယ်တော်က သူ့ကိုတန်ခိုးအာဏာပေးတော်မူကြောင်း သိရလိမ့်မည်ဖြစ်သည်။
၁၄၊ ၁၅။ ကုရုသည် ယေဟောဝါကြောင့် ဗာဗုလုန်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မည်သို့သိရှိရသနည်း။
၁၄ ယေဟောဝါဘုရားသခင် ကုရုအားမိန့်မြွက်တော်မူသောစကားကို နားဆင်ပါ– “ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သော ဣသရေလအတွက် ငါသည် သင့်ကို နာမည်ဖြင့်ခေါ်၏။ သင်သည် ငါ့ကိုမသိသော်လည်း၊ သင်၌ နာမည်သစ်ကို ထပ်၍ပေး၏။ ငါတစ်ပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါးအခြားသောဘုရားသခင်မရှိ။ သင်သည်ငါ့ကိုမသိသော်လည်း၊ သင်၏ခါးကိုငါစည်း၏။ သို့ဖြစ်၍၊ ငါမှတစ်ပါးအခြားသောဘုရားမရှိ၊ ငါတစ်ပါးတည်းသာ ထာဝရဘုရားဖြစ်ကြောင်းကို နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့သည် သိရကြလိမ့်မည်။ ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို [ပြည်နှင်ခံလူမျိုးတော်အတွက်] ဖြစ်စေ၏။ [ဗာဗုလုန်အတွက်] အမင်္ဂလာကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသောအမှုအရာတို့ကို ငါထာဝရဘုရားပြုတော်မူ၏။”—ဟေရှာယ ၄၅:၄-၇။
၁၅ ကုရုသည် ယေဟောဝါဘုရားသခင်ကြောင့် ဗာဗုလုန်ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ ထိုဆိုးညစ်သောမြို့တော်နှင့်ပတ်သက်၍ ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ သုံ့ပန်းဘဝရောက်လူမျိုးတော်ကို လွတ်မြောက်စေရန်လည်းကောင်း၊ ကုရုကို ကိုယ်တော်ခွန်အားပေးတော်မူခဲ့သည်။ ၎င်းအမှုကိုပြုလုပ်ရန် ဘုရားသခင်သည် ကောင်းကင်မှ ဖြောင့်မတ်သောသြဇာသက်ရောက်မှုများ သို့မဟုတ် စွမ်းအားသွန်းချပေးဖို့ မိမိ၏ကောင်းကင်ကိုတောင်းဆိုတော်မူ၏။ ကိုယ်တော်၏ပြည်နှင်ခံလူမျိုးတော်အပေါ် ဖြောင့်မတ်သောအဖြစ်အပျက်များနှင့် ကယ်တင်ခြင်းရရှိစေရန် မြေကြီးကိုလည်းပွင့်ဟစေရန် တောင်းဆိုတော်မူသည်။ ကိုယ်တော်၏ပုံဆောင်ကောင်းကင်နှင့်မြေကြီးသည် ဤမိန့်မှာတော်မူချက်အတိုင်း တုံ့ပြန်လေသည်။ (ဟေရှာယ ၄၅:၈) ဟေရှာယကွယ်လွန်ပြီးနောက် အနှစ်တစ်ရာကျော်အချိန်တွင် ဟေရှာယသည် ယေဟောဝါ၏ စစ်မှန်သောတမန်ဖြစ်ကြောင်း ထင်ရှားလေသတည်း!
ဇိအုန်အတွက် တမန်၏သတင်းကောင်း!
၁၆။ ဗာဗုလုန်ကျရှုံးသောအခါ လူသူဆိတ်ညံသော ယေရုရှလင်မြို့တွင် အဘယ်သတင်းကောင်းကို ကြွေးကြော်နိုင်သနည်း။
၁၆ သို့ဖြစ်စေကာမူ ထိုထက်မကရှိပါသေးသည်။ ဟေရှာယ ၅၂:၇ ကယေရုရှလင်နှင့်ပတ်သက်သည့် သတင်းကောင်းကို ဤသို့ဖော်ပြသည်– “ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ‘သင်၏ဘုရားသခင် စိုးစံတော်မူ၏’ ဟု ဇိအုန်မြို့အား ပြောသောသူ၏ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား။” တမန်တစ်ဦးသည် တောင်တန်းများကိုကျော်ပြီး ယေရုရှလင်မြို့သို့ လာနေသည်ကို တွေ့ရှိရခြင်းသည် မည်မျှအားရစရာဖြစ်မည်ကို စဉ်းစားကြည့်ပါလေ! ထိုသူ၌ သတင်းရှိရမည်။ အဘယ်သတင်းနည်း။ ဇိအုန်အတွက် အားတက်စရာသတင်းဖြစ်သည်။ ငြိမ်သက်ခြင်းသတင်း၊ ဘုရားသခင်၏အလိုတော်နှင့်တွေ့သော သတင်းပင်ဖြစ်ပေသည်။ ယေရုရှလင်မြို့နှင့် ယင်း၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရမည်ပါတကား! တမန်က အောင်ပွဲရ၍ စိတ်အားတက်ကြွစွာဖြင့် “သင်၏ဘုရားသခင် စိုးစံတော်မူ၏” ဟုကြွေးကြော်လေသတည်း!
၁၇၊ ၁၈။ ဗာဗုလုန်ကို ကုရုကျရှုံးစေခဲ့ခြင်းက ယေဟောဝါ၏နာမတော်ကို မည်သို့အကျိုးသက်ရောက်စေသနည်း။
၁၇ ဒါဝိဒ်မင်းဆက်နန်းထိုင်ခဲ့သည့် မိမိ၏အဆက်ဆက်ခံပလ္လင်တော်ကို မှောက်လှန်ခွင့် ဗာဗုလုန်အား ယေဟောဝါရှင်ပေးလိုက်သောအခါ ကိုယ်တော်သည် ရှင်ဘုရင်မဟုတ်တော့ဟု ယူဆရပေမည်။ ကိုယ်တော့်အစား ဗာဗုလုန်၏ အဓိကဘုရား မာဒုရသာ ဘုရင်ဖြစ်နေပုံရသည်။ သို့သော် ဇိအုန်၏ဘုရားသခင်သည် ဗာဗုလုန်ကိုမှောက်လှန်တော်မူပြီးနောက် ကိုယ်တော်သည် အကြီးမြတ်ဆုံးရှင်ဘုရင်ဖြစ်တော်မူကြောင်း မိမိ၏စကြဝဠာ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သက်သေထူတော်မူမည်ဖြစ်သည်။ ယင်းကိုအလေးအနက်ထင်ရှားစေရန် “မင်းကြီး၏မြို့တော်” ဖြစ်သော ယေရုရှလင်မြို့နှင့် ယင်း၏ဗိမာန်တော်ကိုပါ ပြန်လည်တည်ဆောက်ကြရတော့မည်ဖြစ်သည်။ (မဿဲ ၅:၃၅) ဤမျှကောင်းသောသတင်းကို သယ်ဆောင်လာသော တမန်၏ခြေများသည် ဖုန်ပေ၍ ဒဏ်ရာဒဏ်ချက်များ ရှိနေမည်ဖြစ်သော်လည်း ဇိအုန်နှင့် ၎င်း၏ဘုရားသခင်ကို ချစ်မြတ်နိုးသူများအတွက် အလွန်တင့်တယ်လှသည်တကား!
၁၈ ပရောဖက်ပြုချက်သဘောအရ ဗာဗုလုန်ပြိုလဲခြင်းက ဘုရားသခင်၏နိုင်ငံတော် တည်ထောင်ပြီဖြစ်ကြောင်းနှင့် သတင်းကောင်းသယ်ဆောင်လာသူသည် ထိုအဖြစ်မှန်ကိုကြွေးကြော်သူဖြစ်ကြောင်း ထင်ရှားစေသည်။ ထို့ပြင် ဟေရှာယကြိုတင်ဟောခဲ့သော ဤရှေးခေတ်ဆက်သားသည် သာ၍ထူးမြတ်သောသတင်းကောင်း၏တမန်တစ်ဦးကို ပုံဆောင်ပါသည်။ သာ၍ထူးမြတ်သောသတင်းဖြစ်ရခြင်းမှာ ၎င်း၏ခန့်ညားထူးမြတ်သောအကြောင်းနှင့် ယင်း၏အဓိကအချက်ဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်သတင်းကြောင့်ဖြစ်ပြီး ယုံကြည်သူအပေါင်းအတွက် အံ့သြဖွယ်သဘောသက်ရောက်မှုများကြောင့်ဖြစ်ပါသည်။
၁၉။ ယေဟောဝါသည် ယေဇကျေလမှတစ်ဆင့် ဣသရေလနိုင်ငံအကြောင်း အဘယ်သတင်းဆင့်ဆိုတော်မူသနည်း။
၁၉ ယေဇကျေလကိုလည်း ပြန်လည်ထူထောင်ခြင်းဆိုင်ရာ အားတက်ဖွယ် ပရောဖက်ပြုချက်များ ပေးခဲ့ပါသည်။ သူက ဤသို့ပရောဖက်ပြုသည်– “အရှင်ထာဝရ မိန့်တော်မူသည်ကား၊ ‘ . . . မြို့များ၌ လူနေစေ၍ ပျက်စီးသောအရပ်တို့သည် ပြုပြင်ခြင်းရှိကြလိမ့်မည်။ ထိုအခါ သူတစ်ပါးတို့က “အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ” ဟုပြောကြလိမ့်မည်။’”—ယေဇကျေလ ၃၆:၃၃၊ ၃၅။
၂၀။ ဟေရှာယသည် ယေရုရှလင်မြို့အကြောင်း အဘယ်အားရှိဖွယ်နှိုးဆော်ချက်ပေးခဲ့သနည်း။
၂၀ ဗာဗုလုန်သုံ့ပန်းများဖြစ်နေကြစဉ် ဘုရားသခင်၏လူမျိုးသည် ဇိအုန်ကြောင့် ဝမ်းနည်းပူဆွေးခဲ့ရသည်။ (ဆာလံ ၁၃၇:၁) ယခု သူတို့ဝမ်းမြောက်နိုင်လေပြီ။ ဟေရှာယက ဤသို့တိုက်တွန်းနှိုးဆော်ခဲ့သည်– “ယေရုရှလင်မြို့၌ ပြိုပျက်ရာအရပ်တို့၊ တညီတညွတ်တည်း သီချင်းဆိုသံနှင့် ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူပြီ။ ယေရုရှလင်မြို့ကို ရွေးနုတ်တော်မူပြီ။ ထာဝရဘုရားသည် ခပ်သိမ်းသောလူအမျိုးမျိုးတို့ရှေ့မှာ သန့်ရှင်းသောလက်ရုံးတော်ကို ဖွင့်ပြတော်မူသဖြင့် မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို သိမြင်ကြလတ္တံ့။”—ဟေရှာယ ၅၂:၉၊ ၁၀။
၂၁။ ဟေရှာယ ၅၂:၉၊ ၁၀ ပါစကားများသည် ဗာဗုလုန်ပျက်စီးပြီးနောက် မည်သို့ပြည့်စုံသနည်း။
၂၁ မှန်ပါသည်၊ ယေဟောဝါရှင် ရွေးချယ်ထားသောလူမျိုးတော်သည် အကြီးအကျယ်ဝမ်းမြောက်စရာအကြောင်းရှိပေသည်။ ယခု သူတို့သည် တစ်ချိန်က ဆိတ်ညံခဲ့သည့်အရပ်တို့တွင် ပြန်နေထိုင်ကြပြီး ဧဒင်ဥယျာဉ်ကဲ့သို့ ပြန်ဖြစ်လာစေရန် ပြုလုပ်ကြတော့မည်ဖြစ်သည်။ ယေဟောဝါသည် သူတို့ချစ်မြတ်နိုးသောပြည်တော်သို့ ပြန်ရောက်စေရန် အင်္ကျီလက်တော်ကို လိပ်တင်လိုက်သကဲ့သို့ “သန့်ရှင်းသောလက်ရုံးတော်ကို ဖွင့်ပြ” တော်မူခဲ့သည်။ ယင်းသည် ဆိတ်ကွယ်ရာအရပ်၌ မထင်မရှား ပြုတော်မူသည့် သမိုင်းမှ အသေးအဖွဲကိစ္စတစ်ခုမဟုတ်ပါ။ ယင်းအစား ထိုစဉ်ကအသက်ရှင်ခဲ့သူအားလုံးတို့သည် လူမျိုးတစ်မျိုးကို ထူးခြားစွာကယ်နုတ်ခြင်းအမှုပြုတော်မူရန် လူ့ကိစ္စရပ်များကို ကိုယ်တော်၏ ‘လက်ရုံးတော်ဖွင့်ပြ’ ၍ကိုင်တွယ်တော်မူခြင်းကို တွေ့မြင်ခဲ့ကြရသည်။ ဟေရှာယနှင့် ယေဇကျေလတို့သည် ယေဟောဝါ၏စစ်မှန်သောတမန်များဖြစ်ကြောင်း ယုံကြည်စိတ်ချလောက်သောသက်သေသာဓကကို သူတို့ရရှိခဲ့ကြသည်။ ဇိအုန်၏ဘုရားသခင်သည် မြေကြီးတစ်ဝန်းတွင် အသက်ရှင်တော်မူထသော ဘုရားမှန်တစ်ဆူတည်း ဖြစ်တော်မူကြောင်းကို မည်သူမျှသံသယမရှိနိုင်တော့ပါ။ ဟေရှာယ ၃၅:၂ တွင် ဤသို့ဖတ်ရသည်– “ထာဝရဘုရား၏ဘုန်းတော်ကိုလည်းကောင်း၊ ငါတို့ဘုရားသခင်၏ တန်ခိုးအာနုဘော်တော်ကိုလည်းကောင်း မြင်ရကြလိမ့်မည်။” ယေဟောဝါ၏ ဘုရားအဖြစ်တော်ကို သက်သေထူသည့် ဤသာဓကကို လက်ခံကြသူများသည် ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ကြလေသည်။
၂၂။ (က) ယနေ့ အဘယ်အရာအတွက် ကျွန်ုပ်တို့ကျေးဇူးတင်နိုင်သနည်း။ (ခ) ယေဟောဝါသည် မှောက်မှားသောတမန်များကို ဖော်ထုတ်တော်မူသည့်အတွက် ကျွန်ုပ်တို့ အဘယ်ကြောင့်အထူးကျေးဇူးတင်သင့်သနည်း။
၂၂ ယေဟောဝါ၏ စစ်မှန်သောတမန်များသည် မည်သူမည်ဝါဖြစ်သည်ကို ကိုယ်တော်သက်သေထူတော်မူသောကြောင့် ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်သင့်သည်တကား! ကိုယ်တော်သည် အမှန်တကယ်ပင် “ငါ့ကျွန်၏စကားကို တည်စေ၍ ငါ့တမန်တို့ဟောပြောသည်အတိုင်း ပြုတတ်၏။” (ဟေရှာယ ၄၄:၂၆) ဟေရှာယနှင့် ယေဇကျေလတို့အား ကိုယ်တော်ပေးသော ပြန်လည်တည်ထောင်ရေးပရောဖက်ပြုချက်များသည် ကိုယ်တော်၏ကျေးကျွန်များအပေါ်ထားသည့် ကြီးမားသောမေတ္တာတော်၊ မခံစားထိုက်သောကြင်နာမှုနှင့် ကရုဏာတော်ကို ထင်ရှားစေပါသည်။ ယင်းကြောင့် ကျွန်ုပ်တို့၏ချီးမွမ်းထောမနာဝတ်ကို ယေဟောဝါအမှန်ခံစားထိုက်တော်မူ၏။ ကိုယ်တော်သည် မှောက်မှားသောတမန်များကို ဖော်ထုတ်တော်မူသည့်အတွက် ယနေ့ ကျွန်ုပ်တို့အထူးကျေးဇူးတင်သင့်သည်။ အကြောင်းမူကား ယခုကမ္ဘာ့မြင်ကွင်းပေါ်တွင် ထိုသို့သောသူ မြောက်မြားစွာရှိနေသောကြောင့်ဖြစ်သည်။ သူတို့၏ဟိတ်ဟန်များသောသတင်းများသည် ယေဟောဝါ၏ ကြေညာထားလျက်ရှိသော ရည်ရွယ်တော်မူချက်များကို ဥပေက္ခာပြုသည်။ ထိုမှောက်မှားသောတမန်များသည် မည်သူမည်ဝါများဖြစ်ကြောင်းကို ကျွန်ုပ်တို့သိရှိရန် နောက်ဆောင်းပါးက အကူအညီပေးပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a အိုင်ရာမောရစ္စပရိုက်စ်၏ ၁၉၂၅ ခုနှစ်ထုတ် အထိမ်းအမှတ်ကျောက်တိုင်များနှင့် ဓမ္မဟောင်းကျမ်း။
သင်ရှင်းပြနိုင်မည်လော
◻ ယေဟောဝါ၏ စစ်မှန်သောတမန်များသည် မည်သူမည်ဝါဖြစ်ကြောင်း ကိုယ်တော်မည်သို့သက်သေပြတော်မူသနည်း။
◻ ဗာဗုလုန်ကို ကျရှုံးစေမည့်သူသည် မည်သူဖြစ်မည်ဟု ဟေရှာယမှတစ်ဆင့် ယေဟောဝါမိန့်တော်မူသနည်း။
◻ ဗာဗုလုန်ကျရှုံးခြင်းဆိုင်ရာ ဟေရှာယ၏ပရောဖက်ပြုချက်များသည် မည်သို့ပြည့်စုံလာသနည်း။
◻ ဗာဗုလုန်ကျရှုံးခြင်းက ယေဟောဝါ၏နာမတော်ကို မည်သို့အကျိုးပြုသနည်း။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
အင်အားကြီးမားသော ဗာဗုလုန် ပြိုလဲမည်အကြောင်းကြိုတင်ဟောထား။ ယေဇကျေလခေတ်က လူမျိုးများအတွက် ဗာဗုလုန်သည်တိုက်ခိုက်၍မရနိုင်ပုံရှိ