ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက စာ. ၆၂-စာ. ၆၅ ပိုဒ်. ၄
  • စကားလက်ဆုံ ပြောဆိုနိုင်စွမ်းများ တိုးတက်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စကားလက်ဆုံ ပြောဆိုနိုင်စွမ်းများ တိုးတက်နိုင်ပုံ
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်၌စတင်ပါ
  • သူစိမ်းတစ်ဦးနှင့်စကားလက်ဆုံပြောဆိုခြင်း
  • စကားလက်ဆုံ ဆက်နွှဲနိုင်ပုံ
  • ယုံကြည်သူချင်းများနှင့်ရှိနေချိန်ဝယ်
  • တည်ဆောက်မှုဖြစ်စေသော စကားစမြည်ပြောဆိုခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—အလွတ်သဘော သက်သေခံနိုင်ဖို့ အစပြုစကားပြောဆိုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • စကားပြောစွမ်းရည် တိုးတက်အောင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
  • သတင်းကောင်း ဝေငှခြင်း—လူတို့နှင့် စကားစမြည်ပြောဆိုခြင်းဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက စာ. ၆၂-စာ. ၆၅ ပိုဒ်. ၄

စကားလက်ဆုံ ပြောဆိုနိုင်စွမ်းများ တိုးတက်နိုင်ပုံ

အခြားသူများနှင့်စကားလက်ဆုံပြောဆိုရန် အများအားဖြင့် လွယ်ကူကြောင်း သင်တွေ့ရှိသလော။ အများစုအတွက် အထူးသဖြင့် မိမိတို့မသိသူတစ်စုံတစ်ယောက်နှင့် စကားလက်ဆုံပြောဆိုဖို့စဉ်းစားလိုက်လျှင် စိုးရိမ်စိတ်ဝင်တတ်ကြသည်။ ထိုသို့သောသူတို့သည် ရှက်ကြောက်တတ်၍လည်းဖြစ်မည်။ သူတို့ဤသို့တွေးမိပေမည်– ‘ကျွန်ုပ်အဘယ်အကြောင်းပြောသင့်သနည်း။ ဆွေးနွေးခြင်းကို ကျွန်ုပ်မည်သို့အစပြုနိုင်သနည်း။ ယင်းကို မည်သို့ဆက်သွားနိုင်သနည်း။’ မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိပြီး ဖော်ရွေတတ်သောလူတို့က စကားလက်ဆုံပြောဆိုမှုကို လွှမ်းမိုးဟန်ရှိနိုင်သည်။ သူတို့အတွက် စိန်ခေါ်ချက်မှာ အခြားသူများအား လွတ်လွတ်လပ်လပ်စကားပြောလာစေခြင်းနှင့် ဘာပြောသည်ကိုနားထောင်ဖို့သင်ယူခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး ရှက်ကြောက်တတ်သည်ဖြစ်စေ၊ ဖော်ရွေသည်ဖြစ်စေ စကားလက်ဆုံပြောဆိုခြင်းနည်းပညာကို ဆက်၍ပြုစုပျိုးထောင်ဖို့လိုအပ်သည်။

အိမ်၌စတင်ပါ

သင့်စကားလက်ဆုံပြောဆိုခြင်းအရည်အသွေးများကို တိုးတက်စေရန် အိမ်၌စတင်ပါလေ။ တည်ဆောက်မှုပေးသော စကားလက်ဆုံပြောဆိုခြင်းက မိသားစုပျော်ရွှင်မှုကို များစွာအထောက်အကူပြုနိုင်သည်။

ထိုကဲ့သို့သောစကားလက်ဆုံပြောဆိုခြင်း၏ အရေးအကြီးဆုံးသော့ချက်မှာ တစ်ဦးကိုတစ်ဦး နက်နက်နဲနဲဂရုစိုက်ပေးခြင်းဖြစ်သည်။ (တရား. ၆:၆၊ ၇; သု. ၄:၁-၄) ကျွန်ုပ်တို့ဂရုစိုက်တတ်လျှင် ကျွန်ုပ်တို့ပြောဆိုဆက်သွယ်ပြီး၊ တစ်ဖက်သားက တစ်ခုခုပြောလိုသည့်အခါ ကျွန်ုပ်တို့နားထောင်ကြသည်။ နောက်ထပ်အရေးကြီးသောအချက်မှာ ပြောသင့်ပြောထိုက်သည့်အကြောင်းတစ်ခု ရှိထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၌ ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်းနှင့်လေ့လာမှု ပုံမှန်အစီအစဉ်ရှိပါက၊ ကျွန်ုပ်တို့ဝေမျှပေးနိုင်စရာ များစွာရှိမည်ဖြစ်သည်။ ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်းစာအုပ်ငယ်ကို ပညာရှိစွာအသုံးပြုခြင်းက ဆွေးနွေးမှုကို လှုံ့ဆော်ပေးနိုင်သည်။ တစ်နေ့တာအတွင်း လယ်ကွင်းလုပ်ငန်း၌ ပျော်မွေ့စရာကောင်းသောတွေ့ကြုံမှုတစ်ခု ကျွန်ုပ်တို့တွင်ရှိနိုင်သည်။ သိမှတ်ဖွယ်ရာ သို့မဟုတ် ရယ်ရွှင်စရာတစ်ခုခုကို ကျွန်ုပ်တို့ဖတ်ရှုနိုင်ပေသည်။ ထိုအရာများကို အကျိုးဖြစ်စေသော မိသားစုစကားလက်ဆုံပြောဆိုနေစဉ်အတွင်း ဝေမျှရန် အလေ့အကျင့်ပြုလုပ်သင့်သည်။ ယင်းက ကျွန်ုပ်တို့အား မိသားစုအသိုင်းအဝိုင်းပြင်ပရှိလူတို့နှင့် စကားလက်ဆုံပြောဆိုရန်လည်း ကူညီပေးမည်။

သူစိမ်းတစ်ဦးနှင့်စကားလက်ဆုံပြောဆိုခြင်း

လူများစွာတို့သည် မိမိတို့မသိသူတစ်စုံတစ်ယောက်နှင့် စတင်၍စကားစမြည်ပြောဆိုရန် ဝန်လေးတတ်ကြသည်။ သို့သော် ဘုရားသခင်နှင့် မိမိတို့အိမ်နီးချင်းကိုချစ်သည့်မေတ္တာကြောင့် ယေဟောဝါသက်သေများသည် အခြားသူများအား သမ္မာကျမ်းစာအမှန်တရားဝေမျှနိုင်ရန် စကားလက်ဆုံပြောနည်းကိုသင်ယူဖို့ အားတက်သရောကြိုးပမ်းအားထုတ်ကြသည်။ ဤကဏ္ဍတွင်တိုးတက်စေရန် သင့်ကို အဘယ်အရာကကူညီနိုင်မည်နည်း။

ဖိလိပ္ပိ ၂:၄ တွင်ဖော်ပြထားသည့်အခြေခံမူသည် အဖိုးတန်သည်။ ‘ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ သူ့အမှုအရာကိုအချင်းချင်းရှုမှတ်’ ကြရန် ကျွန်ုပ်တို့အားပေးတိုက်တွန်းခံရသည်။ ယင်းကို ဤနည်းဖြင့်စဉ်းစားကြည့်ပါ– ယခင်က သင်သည် လူတစ်ယောက်ကို တစ်ခါမျှမတွေ့ဆုံခဲ့ဖူးဘူးဆိုပါက သူသည် သင့်အား သူစိမ်းတစ်ယောက်အဖြစ်မြင်သည်။ ထိုသူစိတ်အေးအေးရှိစေရန် သင်မည်သို့ပြုနိုင်မည်နည်း။ နွေးထွေးသည့်အပြုံးနှင့် ရင်းရင်းနှီးနှီးနှုတ်ခွန်းဆက်ခြင်းက အကူအညီဖြစ်စေမည်။ သို့သော် ထပ်၍သုံးသပ်စရာရှိပါသည်။

သင်သည် သူ၏အယူအဆများကို ကြားဖြတ်မိခဲ့ပေမည်။ အကယ်၍ သူ့စိတ်တွင်ရှိရာကို ထည့်စဉ်းစားပေးခြင်းမရှိဘဲ သူ့အား သင့်စိတ်တွင်ရှိရာကိုဆွေးနွေးဖို့ကြိုးစားလျှင် သူလိုလိုလားလားတုံ့ပြန်မည်လော။ ရှမာရိနယ်ရှိ ရေတွင်းတစ်တွင်း၌ အမျိုးသမီးတစ်ယောက်ကို ယေရှုတွေ့ဆုံသည့်အခါ ကိုယ်တော် မည်သည့်အမှုပြုသနည်း။ သူ၏စိတ်မှာ ရေရရှိရေးအတွက်ဖြစ်သည်။ ယေရှုသည် ထိုအခြေခံပေါ်မူတည်၍ သူနှင့်စကားပြောဆိုရန်အစပြုခဲ့ပြီး မကြာမီ ယင်းကို တက်ကြွသည့်ဝိညာဉ်ရေးဆိုင်ရာဆွေးနွေးခန်းသို့ ပြောင်းလဲခဲ့သည်။—ယော. ၄:၇-၂၆။

သင်မျက်စိရှင်ပါက သင်လည်း လူတို့ဘာအကြောင်းတွေးတောနေမည်ကို ပိုင်းခြားသိမြင်နိုင်ပေသည်။ ဤလူသည် ပျော်ရွှင် သို့မဟုတ် ဝမ်းနည်းနေပုံပေါက်သလော။ သူသည် အသက်အရွယ်ကြီးပြီး ဖြစ်နိုင်သည်မှာ အိုမင်းမစွမ်းဖြစ်နေသူလော။ အိမ်တွင် သားသမီးများရှိသည့်အထောက်အထားကို သင်တွေ့မြင်သလော။ ဤလူသည် ရုပ်ပစ္စည်းချမ်းသာကြွယ်ဝပုံရသလော သို့မဟုတ် ဘဝလိုအပ်ရာများကိုရရှိရန် ရုန်းကန်နေပုံရသလော။ အိမ်အဆင်အပြင်များ သို့မဟုတ် ကိုယ်ပိုင်အဆင်တန်ဆာက ဘာသာရေးသြဇာလွှမ်းမိုးထားမှုကို ပြသလော။ သင်နှုတ်ခွန်းဆက်သည့်အခါ ထိုသို့သောအရာများကို ထည့်တွက်စဉ်းစားပါက ထိုသူသည် သင့်အား မိမိကဲ့သို့ ယေဘုယျစိတ်ဝင်စားမှုရှိသူအဖြစ် ရှုမြင်ပေမည်။

အကယ်၍ သင်သည် အိမ်ရှင်နှင့်မျက်နှာချင်းဆိုင်မတွေ့ရဘဲ သော့ခတ်ထားသည့်တံခါးမှ သူ့အသံကိုသာကြားရခြင်းဖြစ်ဖွယ်ရှိလျှင် သင်မည်သို့ကောက်ချက်ချမည်နည်း။ ဤလူသည် ကြောက်ကြောက်နှင့်နေရခြင်းဖြစ်ပေမည်။ ထိုအချက်အလက်ကိုသင်အသုံးပြုလျက် တံခါးမှနေ၍ စကားလက်ဆုံပြောဆိုဖို့စတင်နိုင်သလော။

အချို့သောနေရာများတွင် လူတစ်ယောက်ကို စကားပြောဆိုဖို့ဆွဲဆောင်ရန်—သင့်နောက်ခံ၊ သူ့တံခါးဝသို့ သင်အဘယ်ကြောင့်လာရခြင်းအကြောင်း၊ ဘုရားသခင်ကိုသင်ယုံကြည်ရသည့်အကြောင်း၊ သမ္မာကျမ်းစာကို စတင်လေ့လာခဲ့ရသည့်အကြောင်းရင်းနှင့် သမ္မာကျမ်းစာက သင့်ကိုမည်သို့ကူညီပေးခဲ့ပုံစသည်ဖြင့် သင့်အကြောင်းတစ်ခုခု သူ့ကိုပြောပြခြင်းအားဖြင့် ဆွဲဆောင်နိုင်ပါသည်။ (တ. ၂၆:၄-၂၃) မှန်ပါသည်၊ ယင်းကို ပညာသတိရှိရှိ စိတ်တွင် ရှင်းလင်းပီပြင်သောဦးတည်ချက်တစ်ခုဖြင့် လုပ်ဆောင်ဖို့လိုအပ်သည်။ တစ်ဖန် ယင်းက ထိုလူအား သူ့အကြောင်းတစ်ခုခုနှင့် ကိစ္စရပ်များကို သူမည်သို့ ရှုမြင်ကြောင်း သင့်ကိုပြောပြရန်လှုံ့ဆော်ပေးပေမည်။

ယဉ်ကျေးမှုအချို့တွင် သူစိမ်းများကိုဧည့်ဝတ်ပြုခြင်းသည် ဓလေ့ထုံးစံဖြစ်သည်။ လူတို့သည် သင့်ကိုအထဲဝင်လာပြီးထိုင်ရန် အဆင်သင့်ဖိတ်ခေါ်ပေမည်။ သင်ထိုင်လိုက်ရင်း အိမ်သားများ ကျန်းကျန်းမာမာရှိ၏လောဟု ယဉ်ယဉ်ကျေးကျေးမေးကာ တုံ့ပြန်မှုကိုစိတ်ရင်းမှန်ဖြင့်နားထောင်ပေးလျှင် အိမ်ရှင်သည် သင်ပြောဆိုရမည့်အရာကို တန်းတူအာရုံစိုက်ကောင်းစိုက်ပေမည်။ လူအချို့တို့သည် ဧည့်သည်များကို ပို၍စိတ်ဝင်စားမှုပြင်းပြကြသောကြောင့် ထိုပဏာမနှုတ်ဆက်ပြောဆိုခြင်းကို အချိန်ပို၍ယူရပေမည်။ ဤသို့ပြုစဉ် သင်နှင့်တူညီရာများ သူတို့တွင်ရှိကြောင်း သူတို့တွေ့ရပေမည်။ ယင်းသည် အကျိုးရှိသော ဝိညာဉ်ရေးဆွေးနွေးခန်းဆီသို့ ရောက်သွားနိုင်သည်။

အကယ်၍ သင့်ရပ်ကွက်တွင် သင့်ဘာသာစကားမဟုတ်သည့် အခြားဘာသာစကားများကိုပြောသောသူများ ရှိလျှင်ကောအသို့နည်း။ ဤလူများကို သင်မည်သို့ချဉ်းကပ်နိုင်မည်နည်း။ အကယ်၍ သင်သည် ထိုဘာသာစကားအချို့မှ ရိုးရိုးနှုတ်ခွန်းဆက်စကားမျှကိုပင် သင်တတ်ထားလျှင် သူတို့ကိုသင်စိတ်ဝင်စားကြောင်း ဤလူတို့သိမြင်နားလည်လာမည်။ ယင်းက နောက်ထပ်အဆက်အသွယ်လုပ်ရန် လမ်းပွင့်သွားစေနိုင်သည်။

စကားလက်ဆုံ ဆက်နွှဲနိုင်ပုံ

စကားလက်ဆုံဆက်ပြောနိုင်ရန် တစ်ဖက်သား၏အယူအဆများကို စိတ်ဝင်စားမှုရှိပါ။ သူ့တွင်ဆန္ဒရှိလျှင် သူ့အကြောင်းသူ့ဘာသာပြောပြရန် တိုက်တွန်းပါ။ ကောင်းမွန်စွာရွေးချယ်ထားသောမေးခွန်းများက ကူညီပေးနိုင်ပါသည်။ သဘောထားမေးခွန်းများမေးခြင်းက ကောင်းသည်၊ အဘယ်ကြောင့်ဆိုသော် ယင်းတို့က ဟုတ်သည် မဟုတ်ဘူးတုံ့ပြန်ချက်ထက် ပို၍စေ့ဆော်လေ့ရှိသောကြောင့်ဖြစ်သည်။ ဥပမာ၊ ဒေသလိုက် စိုးရိမ်မကင်းဖြစ်စရာပြဿနာတစ်ခုကို ဖော်ပြပြီးနောက် သင်ဤသို့မေးနိုင်သည်– “ဒီအခြေအနေကို ဘာကဖြစ်ပွားစေခဲ့တယ်လို့ သင်ထင်သလဲ” သို့မဟုတ် “ဖြေရှင်းနည်းက ဘာလို့သင်ထင်သလဲ။”

သင်သည် မေးခွန်းတစ်ခုမေးသည့်အခါ အဖြေကိုအာရုံစိုက်ကာနားထောင်ပါ။ သင့်စစ်မှန်သောစိတ်ဝင်စားမှုကို စကား၊ ခေါင်းညိတ်ခြင်းနှင့် ကိုယ်ရိပ်လက်ရိပ်ပြခြင်းအားဖြင့် ဖော်ပြပါ။ စကားဖြတ်မပြောပါနှင့်။ အမြင်ကျယ်ကျယ်ထားကာ ပြောပြနေသည့်အရာကိုသုံးသပ်ပါ။ “နားကြားခြင်းငှာ လျင်မြန်ကြစေ၊ စကားပြောခြင်းငှာ နှေးကြစေ။” (ယာ. ၁:၁၉) သင်တုံ့ပြန်သည့်အခါတွင် ပြောပြနေသည့်အရာအား သင်အမှန်တကယ်နားထောင်နေကြောင်း ပြပါ။

သို့သော် သင့်မေးခွန်းများကို လူတိုင်းဖြေကြားမည်မဟုတ်ကြောင်းကို နားလည်သဘောပေါက်ပါ။ လူအချို့မှ တစ်ခုတည်းသောတုံ့ပြန်ချက်သည် မျက်လုံးပြူးသွားခြင်း သို့မဟုတ် တစ်ချက်ပြုံးသွားခြင်း ဖြစ်နိုင်ပေသည်။ အခြားသောသူများမူ ဟုတ်သည်၊ မဟုတ်ဘူး ဆိုရုံသာဆိုကြပေမည်။ စိတ်မပျက်လိုက်ပါနှင့်။ စိတ်ရှည်ရှည်ထားပါ။ စကားလက်ဆုံပြောရန် အတင်းအကျပ်မကြိုးစားပါနှင့်။ အကယ်၍ နားထောင်ရန်ဆန္ဒရှိသူတစ်ယောက်ဖြစ်ပါက တည်ဆောက်မှုပေးသော ကျမ်းဆိုင်ရာအတွေးအခေါ်များကိုဝေမျှရန် အခွင့်အလမ်းကိုအသုံးပြုပါ။ အချိန်တန်သော် ဤလူသည် သင့်ကို မိတ်ဆွေတစ်ယောက်အဖြစ် ရှုမြင်လာမည်ဖြစ်သည်။ ထို့နောက် သူသည် သူ၏အတွေးအခေါ်များကို ပို၍လွတ်လွတ်လပ်လပ် ဝေမျှလိုဖွယ်ရှိမည်။

သင်သည် လူတို့နှင့်စကားပြောဆိုသည့်အခါ နောင်ပြန်လည်ပတ်မှုများအတွက် လမ်းခင်းထားပါ။ အကယ်၍ လူတစ်ယောက်သည် မေးခွန်းများစွာမေးလျှင် ယင်းတို့မှအချို့ကိုဖြေပေးပါ၊ သို့သော် နောက်တစ်ကြိမ် အတူတူစကားပြောဆိုဖို့အတွက် မေးခွန်းတစ်ခုနှစ်ခုကိုချန်ထားပါ။ သုတေသနပြုလုပ်ရန်ကမ်းလှမ်းပါ၊ ထို့နောက် သူနှင့်အတူ အကျိုးရလဒ်များကိုဝေမျှပါ။ အကယ်၍ သူသည် မေးခွန်းမမေးလျှင် သူ့ကိုစိတ်ဝင်စားစေမည်ဟု သင်ယုံကြည်သည့်မေးခွန်းတစ်ခုနှင့် သင့်စကားလက်ဆုံပြုမှုကို အဆုံးသတ်နိုင်ခဲ့ပေမည်။ နောက်တစ်ကြိမ်လည်ပတ်သည့်အခါ ယင်းကို ဆွေးနွေးဖို့ ကမ်းလှမ်းပါ။ အကြံပြုချက်မြောက်မြားစွာကို ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်၊ ကျွန်ုပ်တို့ထံမှဘုရားသခင်အဘယ်အရာတောင်းဆိုသနည်းဘရိုရှာနှင့် မကြာသေးမီကထုတ်ဝေသည့် ကင်းမျှော်စင်နှင့်နိုးလော့! တို့တွင် တွေ့ရှိနိုင်သည်။

ယုံကြည်သူချင်းများနှင့်ရှိနေချိန်ဝယ်

သင်သည် ပထမဦးဆုံးအနေနှင့် အခြားသောယေဟောဝါသက်သေတစ်ယောက်ကို တွေ့ဆုံသည့်အခါ ရင်းနှီးမှုရရန်အစပြုလုပ်ဆောင်သလော။ သို့မဟုတ် တိတ်ဆိတ်စွာရပ်နေသလော။ ကျွန်ုပ်တို့၏ညီအစ်ကိုများကို ချစ်သည့်မေတ္တာသည် သူတို့ကိုသိရှိလာရန် ကျွန်ုပ်တို့အားလှုံ့ဆော်စေသင့်သည်။ (ယော. ၁၃:၃၅) သင်မည်သို့စတင်နိုင်မည်နည်း။ သင်သည် သင့်အမည်ကိုပြောပြီး တစ်ဖက်လူ၏အမည်ကို မေးမြန်းရုံမျှပြုနိုင်ပါသည်။ အမှန်တရားကို သူမည်သို့လေ့လာသင်ယူခဲ့ကြောင်း သူ့ကိုမေးခြင်းဖြင့် စိတ်ဝင်စားဖွယ်ကောင်းသော စကားလက်ဆုံပြောဆိုခြင်းသို့ ဦးတည်သွားလေ့ရှိပြီး တစ်ဦးပေါ်တစ်ဦး သိကျွမ်းလာစေမည်ဖြစ်သည်။ သင်ပြောဆိုသည့်အရာသည် ချောချောမောမောထွက်လာပုံမပေါက်လျှင်ပင် သင့်ကြိုးပမ်းမှုက သူ့ကိုစိတ်ဝင်စားကြောင်းနှင့် ယင်းသည် အရေးကြီးကြောင်း ထိုသူအားဖော်ပြရာရောက်သည်။

သင့်အသင်းတော်သားတစ်ယောက်နှင့် အဓိပ္ပာယ်ရှိသောစကားလက်ဆုံပြောဆိုခြင်းဖြစ်ရန် မည်သည့်အရာက ထောက်ကူပေးနိုင်သနည်း။ ဤလူနှင့်သူ့မိသားစုကို စစ်မှန်သောစိတ်ဝင်စားမှုပြပါ။ အစည်းအဝေး ယခုပင် ပြီးသွားပြီလော။ အကူအညီဖြစ်ကြောင်း သင်တွေ့ရှိခဲ့သည့် အယူအဆများကို မှတ်ချက်ပေးပါ။ ယင်းသည် သင်တို့နှစ်ဦးစလုံးကို အကျိုးဖြစ်ထွန်းစေနိုင်သည်။ သင်သည် မကြာမီကထုတ်ဝေသော ကင်းမျှော်စင် သို့မဟုတ် နိုးလော့!မှ စိတ်ဝင်စားစရာအချက်တစ်ချက်ကို ဖော်ပြနိုင်သည်။ ယင်းကို ဟိတ်ဟန်ထုတ်ပြမှု သို့မဟုတ် ပညာစမ်းမှုကဲ့သို့ မပြုလုပ်သင့်ပေ။ သင်အထူးနှစ်ခြိုက်ခဲ့ရသည့်အရာတစ်ခုခုကို ဝေမျှဖို့ ယင်းကိုပြုလုပ်ပါ။ သင်သည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ရထားနိုင်မည့်တာဝန်တစ်ခုအကြောင်းကို ပြောပြနိုင်ပြီး ယင်းအား မည်သို့ကိုင်တွယ်နိုင်ကြောင်း အယူအဆချင်းဖလှယ်နိုင်သည်။ လယ်ကွင်းဓမ္မအမှုမှ အတွေ့အကြုံများကိုလည်း ဝေမျှနိုင်သည်။

မှန်ပါသည်၊ လူတို့အားစိတ်ဝင်စားမှုသည် လူတို့အကြောင်း—သူတို့ပြောသည့်အရာများနှင့် လုပ်သည့်အရာများကို စကားလက်ဆုံကျဖို့ ဦးတည်သွားလေ့ရှိသည်။ ရယ်စရာမောစရာကိုလည်း ပြောနိုင်ပေမည်။ ကျွန်ုပ်တို့ပြောဆိုသည့်အရာသည် တည်ဆောက်မှုဖြစ်စေမည်လော။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှသွန်သင်ချက်ကို ကျွန်ုပ်တို့နှလုံးသွင်းပြီး ဘုရားရေးရာချစ်ခြင်းဖြင့် လှုံ့ဆော်ခံရလျှင် ကျွန်ုပ်တို့၏စကားပြောဆိုခြင်းသည် အမှန်ပင်တည်ဆောက်မှုဖြစ်စေပါလိမ့်မည်။—သု. ၁၆:၂၇၊ ၂၈; ဧ. ၄:၂၅၊ ၂၉; ၅:၃၊ ၄; ယာ. ၁:၂၆။

လယ်ကွင်းဓမ္မအမှုတွင် ကျွန်ုပ်တို့မပါဝင်မီ ပြင်ဆင်ကြသည်။ မိတ်ဆွေသူငယ်ချင်းများနှင့် စကားလက်ဆုံပြောဆိုရာတွင် ဝေမျှဖို့ စိတ်ဝင်စားဖွယ်ကောင်းနိုးရာရာတစ်ခုကို ပြင်ဆင်ပါလေ။ စိတ်ဝင်စားဖွယ်ရာများကို သင်ဖတ်ရကြားရသည့်အခါ အခြားသူများကိုဝေမျှလိုသည့်အချက်များကို မှတ်သားထားပါ။ အချိန်တန်သော် သင်ရွေးချယ်အသုံးပြုရမည့်အရာများစွာကို ရရှိလာလိမ့်မည်။ ယင်းကိုပြုလုပ်ခြင်းသည် ဘဝအသက်တာ၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်အပေါ် ပြောဆိုခြင်းထက်မက ပိုကျယ်ပြန့်စေမည်ဖြစ်သည်။ အဓိကအနေနှင့် သင့်အတွက် ဘုရားသခင့်နှုတ်ကပါဌ်တော်သည် မည်မျှအဖိုးထိုက်လှကြောင်း သင့်ပြောပုံဆိုပုံက သက်သေထူစေပါ!—ဆာ. ၁၃၉:၁၇။

စကားလက်ဆုံပြောဆိုခြင်းအတွက် လမ်းစများ

  • ဒေသခံဓလေ့ထုံးစံများကို လိုက်နာပါ

  • စိတ်ရင်းဖြင့် ချီးကျူးစကားပြောပါ

  • နှစ်ဦးနှစ်ဖက်စိတ်ဝင်စားသည့်အချက်ကို ဖော်ပြပါ

  • သဘောထားမေးခွန်းမေးပါ

အထောက်အကူပြုသောအရည်အချင်းများ

  • ကြည်လင်ရွှင်ပျသောသဘောထား

  • လှိုက်လှိုက်လှဲလှဲရှိခြင်းနှင့် စိတ်ရင်းမှန်ရှိခြင်း

  • လျောက်ပတ်သောပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ