သင်ခန်းစာ ၁၂
ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထား
အချို့သောယဉ်ကျေးမှုများမှ လူတို့သည် အခြားနောက်ခံများမှလူတို့ထက် အမူအရာကို ပို၍လွတ်လွတ်လပ်လပ် လုပ်ကြသည်။ သို့တိုင်၊ လက်တွေ့အားဖြင့် လူတိုင်းသည် မျက်နှာထားအပြောင်းအလဲများနှင့် အမူအရာတစ်မျိုးမျိုးလုပ်ကာ စကားပြောတတ်ကြသည်။ စကားလက်ဆုံပြောဆိုခြင်းနှင့် လူထုရှေ့ဟောပြောခြင်းနှစ်ရပ်စလုံးတွင် ဤသို့ပြုတတ်ကြသည်၏။
ကိုယ်ဟန်အမူအရာသည် ယေရှုနှင့် အစောပိုင်းကိုယ်တော့်တပည့်တော်များအတွက် ပြုနေကျအရာဖြစ်သည်။ အချိန်အခါတစ်ခုတွင် ကိုယ်တော့်မိခင်နှင့်ညီများက ကိုယ်တော်နှင့်စကားပြောလိုကြကြောင်း တစ်စုံတစ်ယောက်က ယေရှုအား သတင်းပို့သည်။ “ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်း” ဟု ယေရှု ပြန်ဖြေကြားတော်မူသည်။ ထို့နောက် ကျမ်းစာက ဤသို့ထပ်လောင်း၍ဆိုသည်– “လက်တော်ကိုဆန့်၍ တပည့်တော်တို့ကိုညွှန်လျက်၊ ‘ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း!’ ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။” (မ. ၁၂:၄၈၊ ၄၉) အခြားသောကိုးကားချက်များအရ တမန်တော် ၁၂:၁၇ နှင့် ၁၃:၁၆ တို့၌ တမန်တော်ပေတရုနှင့်ပေါလုတို့လည်း ကိုယ်ဟန်အမူအရာကို အလိုအလျောက်သုံးလေ့ရှိခဲ့ကြကြောင်း ကျမ်းစာကပြဆိုသည်။
အယူအဆများနှင့်ခံစားမှုများကို အသံဖြင့်သာမက ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထားဖြင့်လည်း ဆက်သွယ်ထားသည်။ ယင်းတို့ကို ကောင်းစွာအသုံးပြုရန် ပျက်ကွက်ခြင်းက ဟောပြောနေသူသည် စိတ်ဝင်စားမှုမရှိဘဲပြောနေသည်ဟု အထင်ရောက်စေနိုင်သည်။ သို့သော် ထိုဆက်သွယ်နည်းများကို ပညာသားပါပါ ပေါင်းစပ်တင်ပြသောအခါ ဟောပြောချက်၏ထိရောက်မှုသည် အတိုင်းထက်အလွန်ပင်။ တယ်လီဖုန်းနှင့်စကားပြောဆိုချိန်တွင်ပင် သင်သည် သင့်တော်သော ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထားတို့ကို အသုံးပြုလျှင် သင့်အသံသည် သင့်သတင်းတရား၏ အရေးကြီးမှုကိုသာမက သင်ပြောနေသည့်အကြောင်းနှင့်ပတ်သက်၍ ခံစားမှုများကိုပါ ပို၍လွယ်ကူစွာ တင်ပြပေးပေမည်။ သို့ဖြစ်၍ သင်သည် လတ်တလောဟောပြောနေသည်ဖြစ်စေ သို့မဟုတ် ဖတ်ရှုနေသည်ဖြစ်စေ၊ ပရိသတ်က သင့်ကိုကြည့်နေသည်ဖြစ်စေ သို့မဟုတ် မိမိတို့ကျမ်းစာကို ကြည့်နေကြသည်ဖြစ်စေ ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထားတို့သည် အရေးပါသည်။
သင်၏ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထားကို စာအုပ်တစ်အုပ်အုပ်မှ ယူထားခြင်းမဖြစ်သင့်ချေ။ မည်သို့ရယ်မောရမည် သို့မဟုတ် မည်သို့ဒေါသထွက်ရမည်ကို သင်ဘယ်တုန်းကမျှ သင်ယူဖို့ မလိုခဲ့ချေ။ ကိုယ်ဟန်အမူအရာသည် သင့်ရင်တွင်းခံစားမှုများကိုလည်း ဖော်ပြပေးသင့်သည်။ သင့်ကိုယ်ဟန်အမူအရာ အလိုအလျောက်ဖြစ်လာလေ ပိုကောင်းလေဖြစ်သည်။
ကိုယ်ဟန်အမူအရာတွင် ယေဘုယျ နှစ်မျိုးနှစ်စားရှိသည်– ပုံပန်းသဏ္ဌာန်ပြအမူအရာနှင့် လေးနက်စေသည့် အမူအရာတို့ဖြစ်သည်။ ပုံပန်းသဏ္ဌာန်ပြအမူအရာများသည် လှုပ်ရှားမှု သို့မဟုတ် အရွယ်ပမာဏနှင့်နေရာတို့ကို ပြသည်။ ကျောင်းတွင် သင်သည် ကိုယ်ဟန်အမူအရာအသုံးပြုနေသည့်အခါ တစ်ခုနှစ်ခုလောက်နှင့် ကျေနပ်မနေပါနှင့်။ ဟောပြောချက်တစ်လျှောက်လုံး ကိုယ်ဟန်အမူအရာများကို ပင်ကိုသဘာဝအတိုင်း အသုံးပြုရန် ကြိုးစားပါ။ ယင်းကိုလုပ်ဆောင်ရာတွင် အခက်အခဲရှိပါက အရပ်မျက်နှာ၊ အကွာအဝေး၊ အရွယ်အစား၊ တည်ရာဒေသ သို့မဟုတ် အခြေအနေတို့ကို ဖော်ပြသောစကားလုံးများကို ရှာဖွေခြင်းသည် အထောက်အကူရကြောင်း သင်တွေ့ရှိပေမည်။ သို့ရာတွင် များသောအားဖြင့် သင်လုပ်ဆောင်ရန်မှာ သင့်အား လူတို့မည်သို့ထင်မှတ်မည်ကို စိုးရိမ်နေခြင်းမဟုတ်ဘဲ နေ့စဉ်အသက်တာတွင် သင်ပြုမူပြောဆိုမည့်အတိုင်း ဟောပြောချက်တွင် နစ်မျောနေရန်ဖြစ်သည်။ လူတစ်ယောက် သက်သောင့်သက်သာရှိသောအခါ ကိုယ်ဟန်အမူအရာများ အလိုအလျောက်ထွက်လာသည်။
လေးနက်စေသည့် ကိုယ်ဟန်အမူအရာများသည် ခံစားချက်နှင့် အခိုင်အမာယုံကြည်ခြင်းကို ဖော်ပြသည်။ ၎င်းတို့သည် ယူဆချက်များကို အဖြတ်အတောက်ပြုလုပ်ပေးသည်၊ သက်ဝင်စေသည်၊ ခိုင်မာစေသည်။ လေးနက်စေသည့် ကိုယ်ဟန်အမူအရာများသည် အရေးကြီးသည်။ သို့သော် သတိပြုပါ! လေးနက်စေသည့် ကိုယ်ဟန်အမူအရာများသည် အလွယ်တကူ အကျင့်ပါသွားတတ်သည်။ ကိုယ်ဟန်အမူအရာတစ်မျိုးတည်းကို ထပ်ခါထပ်ခါ အသုံးပြုပါက ဟောပြောချက်ကို အာရုံစူးစိုက်မည့်အစား အမူအရာကိုသာ စတင်အာရုံစိုက်လာကြပေမည်။ သင့်ကျောင်းကြီးကြပ်မှူးသည် သင်၌ ဤပြဿနာရှိသည်ဟု ထောက်ပြလာပါက လေးနက်စေသည့်အမူအရာများကို တစ်ခဏလောက် တစ်ခါသာပြရန် ကိုယ့်ကိုယ်ကို ကန့်သတ်ဖို့ ကြိုးစားပါ။ ခဏအကြာတွင် လေးနက်စေသည့် ကိုယ်ဟန်အမူအရာများကို တစ်ကြိမ်ထပ်၍ သုံးပါလေ။
အသုံးပြုသင့်သော လေးနက်စေသည့် ကိုယ်ဟန်အမူအရာများကို မည်သည့်အတိုင်းအတာအထိအသုံးပြုမည်၊ မည်သည်တို့သည် သင့်တော်သော ကိုယ်ဟန်အမူအရာအမျိုးအစားများဖြစ်သည်တို့ကို ဆုံးဖြတ်ရာတွင် သင်ဟောပြောနေသည့်သူတို့၏ ခံစားမှုများကို ထည့်စဉ်းစားပါ။ ပရိသတ်ကို လက်ညှိုးထိုးဟောခြင်းသည် သူတို့အား စိတ်ကသိကအောင့်ဖြစ်စေနိုင်သည်။ ယဉ်ကျေးမှုအချို့တွင် အမျိုးသားတစ်ယောက်သည် အံ့အားသင့်မှုကို ဖော်ပြရန် သူ၏လက်ကို နှုတ်ခမ်းပေါ်တင်ခြင်းကဲ့သို့သော ကိုယ်ဟန်အမူအရာအချို့ကိုပြလျှင် ယင်းက မိန်းမဆန်သည်ဟု ထင်မှတ်ခံရမည်။ ကမ္ဘာ့ဒေသအချို့တွင် လက်ဖြင့် လွတ်လွတ်လပ်လပ် အမူအရာပြခြင်းသည် အမျိုးသမီးများအတွက်မူ ဣန္ဒြေမဲ့သည်ဟု ယူမှတ်ကြသည်။ ထို့ကြောင့် ထိုဒေသများတွင် ညီအစ်မများသည် အထူးသဖြင့် မျက်နှာနေမျက်နှာထားများကို ကောင်းကောင်းအသုံးပြုရန် လိုအပ်သည်။ ကမ္ဘာ့ဒေသအားလုံးနီးပါးတွင် အုပ်စုငယ်ရှေ့ ဟန်အမူအရာပိုလွန်းခြင်းကို ရယ်စရာအဖြစ် ရှုမြင်ကြဖွယ်ရှိသည်။
သင်သည် အတွေ့အကြုံရလာပြီး ဟောပြောရာတွင် စိတ်အေးလက်အေး ပိုရှိလာသည်နှင့်အမျှ သင်အသုံးပြုသည့် လေးနက်သော ကိုယ်ဟန်အမူအရာမှန်သမျှသည် သင့်ရင်တွင်းခံစားချက်များကို အရှိအတိုင်းဖော်ပြမည်ဖြစ်ရာ အခိုင်အမာယုံကြည်ချက်နှင့် စိတ်ရင်းမှန်သဘောကို ဖော်ပြပေးပါလိမ့်မည်။ ယင်းတို့က သင့်အပြောအဆိုကို ပိုမိုအဓိပ္ပာယ်ရှိစေပါလိမ့်မည်။
သင့်မျက်နှာပြင်ရှိ အမူအရာ။ သင့်မျက်နှာသည် အခြားသော ခန္ဓာပိုင်းဆိုင်ရာအင်္ဂါမှန်သမျှထက် သင်အမှန်တကယ်ခံစားရပုံကို ပို၍ဖော်ပြတတ်သည်။ သင့်မျက်လုံး၊ သင့်ပါးစပ်ပုံသဏ္ဌာန်၊ သင့်ဦးခေါင်းတိမ်းယိမ်းပုံ အားလုံးတို့သည် သူ့အပိုင်းနှင့်သူလုပ်ဆောင်သည်။ စကားတစ်ခွန်းမှမပြောဘဲနှင့် လျစ်လျူရှုခြင်း၊ စက်ဆုပ်ရွံရှာခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အံ့အားသင့်ခြင်း သို့မဟုတ် နှစ်သက်ခြင်းတို့ကို သင့်မျက်နှာဖြင့် ဖော်ပြနိုင်သည်။ ထိုကဲ့သို့သော မျက်နှာနေမျက်နှာထားများသည် ပြောဆိုသောစကားနှင့် တွဲဖက်လိုက်သည့်အခါ အမြင်နှင့်စိတ်လှုပ်ရှားမှုဆိုင်ရာ သက်ရောက်မှုကို ထပ်လောင်းပေးသည်။ ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့၏မျက်နှာတွင် များပြားသောကြွက်သားအစုအဝေး—စုစုပေါင်း အမျိုးပေါင်း ၃၀ ကျော်ကို ထည့်သွင်းပေးထားတော်မူသည်။ သင်ပြုံးလိုက်ချိန်တွင် ယင်းတို့အထဲမှ တစ်ဝက်နီးပါးလောက်ကို အသုံးပြုလိုက်သည်။
သင်သည် စင်မြင့်ပေါ်တွင်ရှိနေသည်ဖြစ်စေ သို့မဟုတ် လယ်ကွင်းဓမ္မအမှုတွင် ပါဝင်နေသည်ဖြစ်စေ လူတို့၏နှလုံးကို ရွှင်လန်းစေနိုင်သည့် နှစ်လိုဖွယ်သော သတင်းတစ်ခုကို ဝေမျှရန် ကြိုးပမ်းအားထုတ်နေခြင်းဖြစ်သည်။ လှိုက်လှဲပျူငှာသောအပြုံးတစ်ချက်က ထိုအချက်ကို အတည်ပြုသည်။ တစ်ဖက်တွင် သင့်မျက်နှာသည် အမူအရာကင်းမဲ့နေမည်ဆိုလျှင် သင့်အရိုးခံစိတ်နှင့်ပတ်သက်၍ မေးစရာမေးခွန်းများ ပေါ်လာနိုင်ပေမည်။
ထိုအရာထက်မက အပြုံးလေးတစ်ချက်က သင်သည် အခြားသူတို့ကို ကြင်နာသောစိတ်ထားရှိနေကြောင်း ပြောပြနေသည်။ အထူးသဖြင့် သူစိမ်းများကို လူတို့ကြောက်ရွံ့တတ်လေ့ရှိသည့် ယနေ့ခေတ်အချိန်တွင် ထိုအပြုံးသည် အရေးပါလှသည်။ သင့်အပြုံးက လူတို့ကို သက်သောင့်သက်သာရှိစေရန်နှင့် သင်ပြောသည့်အရာကို ပို၍လက်သင့်ခံစေရန် ကူညီပေးနိုင်သည်။