ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၂၆ စာ. ၁၂၆-၁၃၀
  • ထပ်မံပြောဆိုခြင်းနှင့် ကိုယ်ဟန်အမူအရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထပ်မံပြောဆိုခြင်းနှင့် ကိုယ်ဟန်အမူအရာ
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • **********
  • ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထား
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • လေးနက်စေရန် ထပ်မံပြောဆိုခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • သွန်သင်ချက်သည် တည်ဆောက်ပေးသည်
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • အဓိကအချက်တွေကို ပေါ်လွင်စေခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၂၆ စာ. ၁၂၆-၁၃၀

သင်ခန်းစာ ၂၆

ထပ်မံပြောဆိုခြင်းနှင့် ကိုယ်ဟန်အမူအရာ

၁–၃။ ထပ်မံပြောဆိုခြင်းသည် အဘယ်ကြောင့် အရေးကြီးသော သွန်သင်ပေးနည်း တစ်နည်းဖြစ်သနည်း။

၁ ဟောပြောချက်ပေးခြင်း၏ သင့်ရည်ရွယ်ချက်မှာ ပရိသတ်မှတ်မိ၍ အသုံးချနိုင်မည့် သိသင့်သိအပ်သောအကြောင်းကို တင်ပြရန်ဖြစ်သင့်သည်။ သူတို့မမှတ်မိလျှင် အကျိုးရှိမည်မဟုတ်ပါ။ သူတို့စိတ်စွဲမှတ်နိုင်ရန် အကူအညီဖြစ်စေမည့် အဓိကနည်းတစ်နည်းမှာ အရေးအကြီးဆုံးအချက်များကို ထပ်မံပြောဆိုခြင်းဖြစ်သည်။ သတိရမှတ်မိနိုင်ခြင်းကို ထပ်မံပြောဆိုခြင်းက အထောက်အကူပြုသည်။ ထပ်မံပြောဆိုခြင်းသည် အရေးကြီးသော သွန်သင်ပေးနည်း တစ်နည်းဖြစ်သည်။ ကျမ်းချက်များကိုအသုံးပြုခြင်းနှင့်ပတ်သက်၍ ယင်း၏တန်ဖိုးကို သင်သိထားပေပြီ။ သို့သော် သင့်ဟောပြောချက်၏ အခြားအပိုင်းများနှင့်လည်း သက်ဆိုင်သောကြောင့် သင့်စကားပြောသွန်သင်ချက်လွှာတွင် “လေးနက်စေရန် ထပ်မံပြောဆိုခြင်း” ဟူ၍ သီးခြားဖော်ပြထားသည်။

၂ လေးနက်စေရန် ထပ်မံပြောဆိုခြင်း၌ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်ရန် ဤအချက်၌ပါဝင်သည့် အချက်အလက်နှစ်ရပ်ကို လေ့လာကြည့်ပါမည်။ တစ်ချက်စီသည် ထပ်မံပြောဆိုနည်း တစ်မျိုးစီနှင့်ဆိုင်သည်; ရည်မှန်းချက်တစ်မျိုးစီလည်း ရှိသည်။ အဓိကအချက်များကို ထပ်မံပြောဆိုခြင်းက မှတ်မိသတိရရန် အကူအညီပေးသည်။ နားမလည်လိုက်သောအချက်များကို ထပ်မံပြောဆိုခြင်းက နားလည်စေရန် အကူအညီဖြစ်စေသည်။

၃  ဤအရည်အချင်းကိုဆင်ခြင်သုံးသပ်ရာတွင် ဟောပြောပုံသာမက ပြင်ဆင်ခြင်းလည်း အရေးပါသည်။ အဘယ်အချက်များကို ထပ်မံပြောဆိုရန်လိုသည်၊ အဘယ်အချိန်တွင် ထပ်မံပြောဆိုရန် အကောင်းဆုံးဖြစ်မည်ကို ကြိုတင်ဆုံးဖြတ်ရန်လိုသည်။

၄–၆။ အဓိကအချက်များကို ထပ်မံပြောဆိုရန် “အဆင့်ဆင့်” အကျဉ်းချုပ်နည်းနှင့် “အပြီးသတ်” အကျဉ်းချုပ်နည်းတို့ကို မည်သို့အသုံးပြုနိုင်ကြောင်း ဖော်ပြပါ။

၄ အဓိကအချက်များကို ထပ်မံပြောဆိုခြင်း။ အကျဉ်းချုပ်ပုံနည်းအချို့ဖြင့် အဓိကအချက်များကို ထပ်မံပြောဆိုလေ့ရှိသည်။ ကျွန်ုပ်သည် ထင်ရှားသောနည်းနှစ်နည်းကို ဆွေးနွေးမည်ဖြစ်ပြီး ယင်းတို့သည် “အဆင့်ဆင့်” အကျဉ်းချုပ်နည်းနှင့် “အပြီးသတ်” အကျဉ်းချုပ်နည်းဟုခေါ်ဆိုမည်။

၅ အဆင့်ဆင့် အကျဉ်းချုပ်နည်းတွင် တင်ပြသွားစဉ် အဓိကအချက်တစ်ခုစီ၏ အရေးကြီးသည်များကို ပြန်လည်သုံးသပ်ခြင်းပါဝင်ပြီး တင်ပြသွားခဲ့သော အဓိကအချက်များမှ အရေးကြီးရာများကို အကျဉ်းချုပ်တစ်ခုစီထဲသို့ ဆွဲသွင်းသွားခြင်းဖြစ်သည်။ ဤနည်းအားဖြင့် ဟောပြောချက်အမျှင်ကို ပိုမိုတင်းရန်ဆွဲပေးသည်။

၆ ဟောပြောချက်အဆုံးတွင် အပြီးသတ်အကျဉ်းချုပ်နည်းကို အဆင့်ဆင့် အကျဉ်းချုပ်နည်းများနှင့်သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ အားလုံးကို တစ်ပေါင်းတစ်စည်းတည်းဖြစ်စေကာ ဟောပြောချက်တစ်ခုလုံးကို တင်ပြချက်အနည်းငယ်ဖြင့် သုံးသပ်နိုင်မည်။ တစ်ခါတစ်ရံ ပြန်လည်သုံးသပ်မည့်အချက် အရေအတွက် အတိအကျကို တင်ပြခြင်းသည် အကူအညီဖြစ်စေသည်။ ယင်းက သတိရမှတ်မိစေရန် အထောက်အကူပြုသည်။

၇–၁၀။ အချက်အလက်များ ထပ်မံပြောဆိုသည့် အကျဉ်းချုပ်နည်းကို စိတ်ဝင်စားဖွယ် မည်သို့တင်ပြနိုင်သနည်း။

၇ အကျဉ်းချုပ်သည် ပြောဆိုပြီးသား အချက်များ၊ အကြောင်းများကို ခြောက်ကပ်ကပ်ထပ်မံပြောဆိုခြင်းမျှ ဖြစ်စရာမလိုပါ။ ယင်းကို နည်းအမျိုးမျိုးဖြင့် ပြောဆိုနိုင်သည်– ပုံဥပမာအားဖြင့်၊ ကျမ်းချက်တစ်ချက်ကို အသုံးပြုခြင်း အခြားရှုထောင့်တစ်ခုဘက်မှ ယင်းကို ဆွေးနွေးတင်ပြခြင်း၊ နှိုင်းယှဉ်ချက်များ သို့မဟုတ် ယှဉ်ကြည့်ချက်များ၊ အလားတူညီချက်များ၊ အနက်တူအသံကွဲစကားလုံးများ၊ သို့မဟုတ် မေးခွန်းများ အစရှိသည်တို့ကို အသုံးပြုခြင်းအားဖြင့်ဖြစ်သည်။ ဥပမာအနေနှင့် လူထုဟောပြောချက်တစ်ခု၏ အလွန်လက်တွေ့ကျသော အကျဉ်းချုပ်သည် ဟောပြောချက်၏ အခြေခံကျမ်းချက်များနှင့် အဓိကအကြောင်းပြချက်များပါဝင်သည့် ငါးမိနစ်ကဏ္ဍဖြစ်သည်။ ယင်းသည် ဟောပြောချက်တစ်ခုလုံးကိုသွင်းထားသည့် ကြုတ်သဖွယ်ဖြစ်ပြီး ယင်းကို မည်သူမဆို သယ်ဆောင်အသုံးပြုနိုင်သည်။

၈ ဆင်ခြင်တုံတရား၊ ယုတ္တိတန်ခြင်းနှင့်ပတ်သက်သော ဟောပြောချက်များအတွက် အကျဉ်းချုပ်ထပ်မံပြောဆိုနည်းသည် အထူးအကူအညီဖြစ်သည်။ ဆွေးနွေးပြီး တိုတိုတုတ်တုတ်နှင့် ပြန်သုံးသပ်ခြင်းက ပရိသတ်စိတ်ထဲတွင် အချက်အလက်များကို ပို၍အမြစ်စွဲစေသည်။ သို့ရာတွင် အချက်တစ်ချက်ကို အမြဲအကျဉ်းချုပ်စရာမလိုပါ။ ဆက်ဖော်ပြမည့် နောက်အချက်တစ်ချက်အတွက် ထိရောက်သောအခြေခံတစ်ခုအဖြစ် ပြန်ဖော်ပြပေးနိုင်သည်။

၉ အဓိကအချက်များကို ထပ်မံပြောဆိုရာ၌ အကူအညီဖြစ်စေသည့် အခြားနည်းတစ်နည်းမှာ ဟောပြောချက်၏နိဒါန်းတွင် အကြမ်းဖျင်းဖော်ပြပြီး ဟောပြောချက်၏ ကိုယ်မ၌ ၎င်းအချက်များကို အကျယ်တဝင့် ဆက်ရှင်းပြသွားခြင်းအားဖြင့်ဖြစ်သည်။ ဤသို့ထပ်မံပြောဆိုခြင်းသည် စိတ်ထဲတွင် အချက်အလက်များကို ထပ်ဆင့်၍ အမြစ်စွဲစေသည်။

၁၀ အဓိကအချက်များကို ထပ်မံပြောဆိုသည့် ဤနည်းအမျိုးမျိုးကို အကျွမ်းဝင်ထားခြင်းအားဖြင့် ဟောပြောချက်ကို စိတ်ဝင်စားဖွယ်၊ နာပျော်ဖွယ်ဖြစ်စေရုံမက လွယ်ကူစွာမှတ်မိနိုင်ရန် ဖြစ်စေသည်။

၁၁–၁၄။ နားမလည်သည့်အချက်များကို ထပ်မံပြောဆိုခြင်း၌ အဘယ်အဓိကအချက်များပါဝင်သနည်း။

၁၁ နားမလည်သည့်အချက်များကို ထပ်မံပြောဆိုခြင်း။ နားလည်စေရန် အချက်တစ်ချက်ကို ထပ်မံပြောဆိုရန် လိုမလိုသည် ပရိသတ်အပေါ် လုံးဝနီးပါးမူတည်သည်။ အရေးကြီးသောအချက်တစ်ချက်ဖြစ်ပြီး တစ်ကြိမ်ထက်မက ကြားနာခွင့်မရလျှင် ရှင်းလင်းနိုင်မည်မဟုတ်ပါက ၎င်းကို တစ်နည်းနည်းဖြင့် ပြန်သုံးသပ်ရမည်။ သို့မဟုတ်လျှင် ဟောပြောချက်ကို နိဂုံးချုပ်ချိန်၌ ပရိသတ်သည် သဘောမပေါက်၊ မရှင်းမလင်းဘဲ ဖြစ်နေမည်။ တစ်ဖက်တွင် အလေးအနက်ပြုလို၍မဟုတ်ဘဲ၊ မလိုအပ်ဘဲနှင့် ထပ်တလဲလဲပြောဆိုခြင်းအားဖြင့် ဟောပြောချက်ကို စကားကြောရှည်စေပြီး ငြီးငွေ့ဖွယ်ဖြစ်စေမည်။

၁၂ ဟောပြောချက်ပြင်ဆင်ရာတွင် သင့်ပရိသတ်ကို စိတ်ထဲထားပါ။ ဤသို့ပြုခြင်းအားဖြင့် သူတို့၏အထူးပြဿနာများကို မြော်မြင်နိုင်စေမည်။ အချက်အလက်များကို ရှုထောင့်အဘက်ဘက်မှ မြင်နိုင်ရန် ယင်းတို့ကို အခြားနည်းများဖြင့် ထပ်မံပြောဆိုဖို့ ပြင်ဆင်ပါ။

၁၃  သင်ပြောသောစကားကို ပရိသတ်နားမလည်ကြောင်း မည်သို့သိရှိနိုင်မည်နည်း။ သင့်ပရိသတ်ကို ဂရုစိုက်ကြည့်ပါ။ သူတို့၏မျက်နှာအနေအထားကို ကြည့်ပါ။ သို့မဟုတ် တစ်ဦးနှစ်ဦးတို့နှင့် စကားပြောဆိုနေပါက မေးခွန်းများမေးပါ။

၁၄ သို့သော် ဤအချက်ကို ကောင်းစွာသတိပြုပါ– ထပ်တူစကားလုံးများကို ထပ်မံပြောဆိုခြင်းသည် သင့်ရည်ရွယ်ချက်ကို အမြဲအောင်မြင်စေမည်မဟုတ်ပါ။ သွန်သင်ပေးသည်ဟုဆိုရာတွင် ထိုထက်မကပြုရ၏။ ပထမအကြိမ်တွင် သင့်ပရိသတ်က သင့်ကိုနားမလည်ပါမူ ပြောပြီးသားစကားလုံးများကို ထပ်မံပြောဆိုခြင်းဖြင့် ပိုမိုသဘောပေါက် နားလည်သွားမည်မဟုတ်ပါ။ သင်ဘာလုပ်နိုင်သနည်း။ အလိုက်သင့် ပြောဆိုတတ်ရမည်။ သင့်ဟောပြောချက်တွင် လက်တန်းဖြည့်စွက်ပေးစရာများ လိုကောင်းလိုပေမည်။ ပရိသတ်လိုအပ်ရာများကို ဤသို့ဖြည့်စွက်ပေးတတ်ခြင်းက သင့်အား ထိရောက်သောဆရာသမားတစ်ဦး ဖြစ်လာစေရန် များစွာအထောက်အကူပြုလိမ့်မည်။

**********

၁၅–၁၈။ ပုံပန်းသဏ္ဌာန်ပြ အမူအရာများကို မည်သို့အသုံးပြုတတ်လာနိုင်သနည်း။

၁၅ ကိုယ်ဟန်အမူအရာများကလည်း သင်ပြောဆိုသောစကားကို လေးနက်စေသည်။ ပြောဆိုသောစကား၏ အဓိပ္ပာယ်ကို ပိုခိုင်မာစေသည်။ ဤနည်းအားဖြင့် ဖော်ပြချက်များကို ပံ့ပိုးပေးပြီး သက်ဝင်စေသည်။ မည်သူမျှ ကိုယ်ဟန်အမူအရာ တစ်မျိုးမျိုးမပါဘဲ စကားမပြောဆိုတတ်ပါ။ ထို့ကြောင့် စင်မြင့်ပေါ်တွင် ကိုယ်ဟန်အမူအရာမပါဘဲ စကားပြောလျှင် သင်သည် စိတ်အေးလက်အေးမရှိကြောင်း ထင်ရှားသည်။ သို့သော် ကိုယ်ဟန်အမူအရာများကို အလိုအလျောက် အသုံးပြုလျှင် ပရိသတ်သည် သင့်အကြောင်းကိုစဉ်းစားမနေဘဲ သင့်ဟောပြောချက်ကိုသာ အာရုံစူးစိုက်ကြလိမ့်မည်။ ကိုယ်ဟန်အမူအရာများသည် သင့်ကို အားတက်သရောဖြစ်စေခြင်း၊ သင့်ကိုလှုံ့ဆော်ပေးခြင်းအားဖြင့် သင့်ဟောပြောချက်ကို တက်ကြွစေသည်။ ၎င်းတို့ကို စာအုပ်တစ်အုပ်အုပ်မှ လေ့ကျင့်ယူစရာမဟုတ်ပါ။ သင်သည် ပြုံးတတ်ရန်၊ ရယ်မောတတ်ရန်၊ စိတ်ဆိုးတတ်ရန် တစ်ခါမျှ လေ့ကျင့်သင်ယူသည်မဟုတ်သကဲ့သို့ အခြားသူတစ်ဦး၏ ကိုယ်ဟန်အမူအရာများကို အတုယူစရာမလိုပါ။ သဘာဝကျကျ အလိုအလျောက် ကိုယ်ဟန်အမူအရာပြုလေလေ ပိုကောင်းလေလေဖြစ်သည်။ မျက်နှာနေ မျက်နှာထားသည် ကိုယ်ဟန်အမူအရာနှင့်အတူ ပြောဆိုသောစကားကို ခံစားချက်ရှိစေသည်။

၁၆ ကိုယ်ဟန်အမူအရာ၌ နှစ်မျိုးနှစ်စားရှိသည်– ပုံပန်းသဏ္ဌာန်ပြအမူအရာနှင့် လေးနက်စေသောအမူအရာတို့ဖြစ်သည်။

၁၇ ပုံပန်းသဏ္ဌာန်ပြ အမူအရာများ။ ပုံပန်းသဏ္ဌာန်ပြအမူအရာများသည် လှုပ်ရှားမှု သို့မဟုတ် အရွယ်ပမာဏ၊ သို့မဟုတ် နေရာကိုပြသည်။ ယင်းတို့သည် သင်ယူဖို့ အလွယ်ကူဆုံးဖြစ်သည်။ ထို့ကြောင့် စင်မြင့်ပေါ်မှ ကိုယ်ဟန်အမူအရာပြဖို့ အခက်အခဲရှိမည်ဆိုလျှင် ရိုးရိုးပုံပန်းသဏ္ဌာန်ပြအမူအရာများကို ဦးဆုံးပြုလုပ်ကြည့်ပါ။

၁၈ ကျောင်းတွင် ဤအရည်အချင်းကို ပိုင်နိုင်ဖို့ ကြိုးစားနေလျှင် ကိုယ်ဟန်အမူအရာ တစ်ခုနှစ်ခုနှင့် မကျေနပ်ပါနှင့်။ ဟောပြောချက်တစ်လျှောက်လုံး ကိုယ်ဟန်အမူအရာများကို မကြာခဏအသုံးပြုဖို့ကြိုးစားပါ။ ယင်းသို့ပြုရန် အရပ်မျက်နှာ၊ အကွာအဝေး၊ အရွယ်အစား၊ ဧရိယာ၊ အရှိန်နှုန်း၊ တည်ရာဒေသ၊ ယှဉ်ကြည့်ချက်၊ ဆက်စပ်တည်တန့်ပုံ၊ နှိုင်းယှဉ်ချက်တို့ကို ဖော်ပြသောစကားလုံးများကို ရှာကြည့်ပါ။ အမူအရာပြရန် သတိရဖို့လိုအပ်မည်ဆိုလျှင် သင့်မှတ်စုတွင် ဤစကားလုံးများကို တစ်နည်းနည်းဖြင့် မှတ်သားထားပါ။ ပထမအကြိမ်တွင် “က” အမှတ်အသားရသည့်တိုင် ဆက်လေ့ကျင့်ပါ။ ဟောပြောချက်အနည်းငယ်ပေးပြီးနောက် အမူအရာပြရမည့်နေရာများကို မှတ်ထားစရာ၊ သို့မဟုတ် ကြိုတင်စဉ်းစားထားစရာ မလိုတော့ဘဲ ကိုယ်ဟန်အမူအရာများ အလိုအလျောက်ဖြစ်ပေါ်လာသည်ကို သင်တွေ့ရှိရလိမ့်မည်။

၁၉၊ ၂၀။ လေးနက်စေသည့် ကိုယ်ဟန်အမူအရာများသည် ဘာကိုဖြစ်မြောက်စေသနည်း။

၁၉ လေးနက်စေသည့် ကိုယ်ဟန်အမူအရာများ။ လေးနက်စေသည့် ကိုယ်ဟန်အမူအရာများသည် ခံစားချက်နှင့် အခိုင်အမာယုံကြည်ခြင်းကို ဖော်ပြသည်။ ၎င်းတို့သည် သဘောထားများကို အဖြတ်အတောက်ပြုပေးသည်၊ သက်ဝင်စေသည်၊ ခိုင်မာစေသည်။ ထို့ကြောင့် လေးနက်စေသည့်ကိုယ်ဟန်အမူအရာများသည် အရေးကြီးသည်။ သို့သော် သတိပြုပါ! လေးနက်စေသည့် ကိုယ်ဟန်အမူအရာများသည် များသောအားဖြင့် အကျင့်ဖြစ်သွားတတ်သည်။ ထိုသို့မဖြစ်စေရန် ထပ်တလဲလဲပြုမိသော ကိုယ်ဟန်အမူအရာများကို ရှောင်ပါ။

၂၀ သင့်ပြဿနာသည် အကျင့်ဖြစ်နေသော ကိုယ်ဟန်အမူအရာများ သုံးလွန်းခြင်းဖြစ်ပါက ပုံပန်းသဏ္ဌာန်ပြ ကိုယ်ဟန်အမူအရာများကိုသာ ခေတ္တအသုံးပြုပါ။ ဤအမူအရာများကို ကျွမ်းကျင်စွာ အသုံးပြုတတ်ပြီဆိုလျှင် လေးနက်စေသည့် ကိုယ်ဟန်အမူအရာများသည် ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာလိမ့်မည်။ အတွေ့အကြုံများလာပြီး စင်မြင့်ပေါ်တွင် စိတ်အေးလက်အေး ပိုရှိလာလေ သင်၏လေးနက်စေသော ကိုယ်ဟန်အမူအရာများသည် သင်၏အတွင်းစိတ်သဘောကို ပင်ကိုအရထင်ရှားစေမည်ဖြစ်ရာ သင့်အခိုင်အမာယုံကြည်ချက်နှင့် စိတ်ရင်းမှန်သဘောကို ဖော်ပြပါလိမ့်မည်။ သင့်ပြောဆိုမှုကိုလည်း ပိုမိုအဓိပ္ပာယ်လေးနက်စေပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ