ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၄၈ စာ. ၂၅၁-စာ. ၂၅၄ ပိုဒ်. ၂
  • ကျိုးကြောင်းဆင်ခြင်သည့် ပုံစံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျိုးကြောင်းဆင်ခြင်သည့် ပုံစံ
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြီးမြတ်သောဆရာကို တုပလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • အကျိုးသင့်အကြောင်းသင့်ကို ပျိုးထောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေဟောဝါလို အကျိုးသင့်အကြောင်းသင့် ရှိပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • မေးခွန်းများကို ထိရောက်စွာအသုံးပြုခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၄၈ စာ. ၂၅၁-စာ. ၂၅၄ ပိုဒ်. ၂

သင်ခန်းစာ ၄၈

ကျိုးကြောင်းဆင်ခြင်သည့် ပုံစံ

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

လူတို့ နားထောင်ရန်နှင့် စဉ်းစားတွေးတောလာစေရန် ကျမ်းချက်များ၊ ပုံဥပမာများနှင့် မေးခွန်းများကို ယုတ္တိရှိရှိ၊ အားပေးသည့်အသွင်ဖြင့် အသုံးပြုပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

တုံးတိတိ၊ တစ်ဖက်သတ်ဆန်သည့်အပြောအဆိုသည် လူတို့၏စိတ်နှလုံးတံခါးကို ပိတ်သွားစေသည်။ ကျိုးကြောင်းဆင်ခြင်သည့်နည်းဖြင့်ပြောဆိုပုံသည် ဆွေးနွေးလာစေရန် အားပေးပြီး လူတို့အား နောက်လာမည့်အရာကို စဉ်းစားတွေးတောစေသည်၊ အနာဂတ်စကားလက်ဆုံပြောဆိုမှုများအတွက် လမ်းပွင့်စေသည်။ ယင်းသည် ဩဇာပါပါသွေးဆောင်နိုင်စွမ်းရှိသည်။

ကျွန်ုပ်တို့၏အသက်တာတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်က ဖြစ်ပေါ်စေသည့် ပြောင်းလဲမှုများအတွက် ကျွန်ုပ်တို့ကျေးဇူးတင်ကြသည်၊ အခြားသူတို့အားလည်း အလားတူ အကျိုးရစေလိုကြသည်။ ထို့အပြင်၊ လူတို့ သတင်းကောင်းကိုတုံ့ပြန်ပုံသည် သူတို့၏အနာဂတ်အလားအလာများအပေါ် ကောင်းကျိုးဆိုးကျိုးသက်ရောက်စေနိုင်ကြောင်း ကျွန်ုပ်တို့သိရှိကြသည်။ (မ. ၇:၁၃၊ ၁၄; ယော. ၁၂:၄၈) သူတို့အမှန်တရားကိုလက်ခံရန် ကျွန်ုပ်တို့ပြင်းပြစွာဆန္ဒရှိသည်။ သို့ရာတွင် အကောင်းဆုံးအကျိုးဖြစ်ထွန်းစေရန် ကျွန်ုပ်တို့၏ခိုင်မာသောယုံကြည်စိတ်ချမှုနှင့် ဇွဲတို့ကို ပိုင်းခြားသိမြင်မှုဖြင့် တွဲဖက်ထားရန်လို၏။

သူတစ်ထူး၏ အမြတ်တနိုးယုံကြည်ချက်တစ်ရပ်ကို အမှားဟု အမှန်အတိုင်း တုံးတိတိပြောဆိုလိုက်ခြင်းသည် ကျမ်းချက်တသီတတန်းကြီးက ကျားကန်ပေးထားသည့်တိုင် ယေဘုယျအားဖြင့် ကောင်းကျိုးရလေ့မရှိပေ။ ဥပမာအနေနှင့် အများကျင်းပနေသော အထိမ်းအမှတ်ပွဲများသည် တိတ္ထိရင်းမြစ်မှ မြစ်ဖျားခံခြင်းသာဖြစ်သည်ဟု ရှုတ်ချပြစ်တင်မည်ဆိုလျှင် ယင်းတို့အပေါ် လူတို့၏ခံစားချက်ကို ပြောင်းလဲမပစ်နိုင်ပေ။ အများအားဖြင့် ကျိုးကြောင်းဆင်ခြင်သည့်နည်းဖြင့် ချဉ်းကပ်ပုံသည် ပို၍အောင်မြင်လေ့ရှိသည်။ အကျိုးသင့်အကြောင်းသင့်ရှိခြင်းတွင် အဘယ်အရာပါဝင်သနည်း။

ကျမ်းစာက “ထက်ရပ်ပညာကား၊ . . . ငြိမ်းချမ်း၏။ အကျိုးသင့်အကြောင်းသင့်သဘောရှိ၏” ဟုကျွန်ုပ်တို့အားဆို၏။ (ယာ. ၃:၁၇၊ ကဘ) ဤတွင် “အကျိုးသင့်အကြောင်းသင့်ရှိသော” ဟူ၍ဘာသာပြန်ဆိုထားသော ဂရိစကားလုံး၏ အဓိပ္ပာယ်အတိအကျမှာ “အလျှော့အတင်းရှိသော” ဟူ၍ ဖြစ်သည်။ ဘာသာပြန်အချို့က ၎င်းကို “စာနာသော၊” “နူးညံ့သော၊” သို့မဟုတ် “ညှာတာသော” ဟုပြန်ဆိုကြသည်။ အကျိုးသင့်အကြောင်းသင့်ရှိမှုကို ငြိမ်သက်မှုနှင့်တွဲဖက်ထားကြောင်း သတိပြုပါ။ တိတု ၃:၂ [ကဘ] ၌ ၎င်းကို နူးညံ့သိမ်မွေ့ ခြင်းနှင့် တွဲဖက်ဖော်ပြထားပြီး ရန်လိုမှုနှင့် လားလားကြီးဆန့်ကျင်သည်။ ဖိလိပ္ပိ ၄:၅ [ကဘ] က ကျွန်ုပ်တို့၏ “အကျိုးသင့်အကြောင်းသင့်သဘော” ကို ထင်ရှားပြရန် တိုက်တွန်းထားသည်။ အကျိုးသင့်အကြောင်းသင့်ရှိသူတစ်ဦးသည် မိမိနှင့်စကားပြောဆိုနေသူ၏ နောက်ခံ၊ အခြေအနေများနှင့် ခံစားချက်များကို ထည့်တွက်စဉ်းစားပေးတတ်သည်။ သင့်လျော်သည့်အခါ လိုက်လျောရန်တလိုတလားရှိသည်။ ထိုသို့သောနည်းဖြင့် အခြားသူများအားဆက်ဆံခြင်းသည် ၎င်းတို့၏စိတ်နှလုံးတခါးကိုဖွင့်ပေးပြီး သူတို့နှင့်အတူ ကျမ်းစာမှကျိုးကြောင်းဆင်ခြင်သည့်အခါ သူတို့ပို၍လက်ခံတတ်သည်။

စတင်ရမည့်နေရာ။ တမန်တော်ပေါလုသည် သက်သာလောနိတ်မြို့၌ရှိသောအခါ သူသည် ကျမ်းစာကိုအသုံးပြု၍ “ခရစ်တော်သည် အသေခံရမည်။ သေခြင်းမှထမြောက်ရမည်။ ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောအကြောင်းအရာတို့ကို ရှင်းလင်းစွာဖွင့်ပြ” ကြောင်း သမိုင်းဆရာလုကာကဆိုသည်။ (တ. ၁၇:၂၊ ၃) ပေါလုသည် ယင်းကို ဂျူးတရားဇရပ်၌ပြုလုပ်ခဲ့သည်မှာ မှတ်သားထိုက်ပေ၏။ သူဟောပြောနေသူတို့သည် ဟေဗြဲကျမ်းစာစောင်များကို အာဏာပိုင်အဖြစ် ရှုမြင်ထားကြသည်။ သူတို့လက်ခံထားသည့်အရာတစ်ခုခုဖြင့် အစပြုခြင်းသည် သင့်လျော်သည်။

ပေါလုသည် အာသင်မြို့ရှိအာရေတောင်၌ ဂရိလူမျိုးများကို ဟောပြောသည့်အခါ ကျမ်းစာကို ကိုးကားချက်များဖြင့် မစတင်ခဲ့ချေ။ သို့အစား၊ သူတို့သိရှိလက်ခံထားသောအရာများဖြင့် အစပြုခဲ့ပြီး ယင်းတို့ကို အသုံးပြုလျက် သူတို့အား ဖန်ဆင်းရှင်နှင့် ကိုယ်တော်၏ရည်ရွယ်ချက်များကို ဆင်ခြင်စေရန် ဦးတည်ခဲ့သည်။—တ. ၁၇:၂၂-၃၁။

မျက်မှောက်ခေတ်၌ မိမိတို့၏အသက်တာတွင် သမ္မာကျမ်းစာကို အာဏာပိုင်အဖြစ် အသိအမှတ်မပြုကြသူ သန်းပေါင်းများစွာရှိလေသည်။ သို့သော် လူတိုင်းနီးပါးမျှ၏ဘဝအသက်တာသည် လက်ရှိအစီအစဉ်စနစ်၏ ကြမ်းတမ်းသော အခြေအနေများ၏ဒဏ်ကို ခံနေရသည်။ လူတို့သည် သာ၍ကောင်းသည့်အရာကို တောင့်တကြသည်။ သင်သည် ရှေးဦးစွာ သူတို့ကိုအနှောင့်အယှက်ပေးသည့်အရာအတွက် ထောက်ထားစာနာမှုပြပြီး ယင်းကို ကျမ်းစာကမည်သို့ရှင်းပြကြောင်း ပြသမည်ဆိုပါက၊ ထိုကဲ့သို့ အကျိုးသင့်အကြောင်းသင့်ရှိရှိချဉ်းကပ်ခြင်းသည် လူသားတို့အတွက် ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့်ပတ်သက်၍ သမ္မာကျမ်းစာပြောဆိုသည့်အရာကို နားထောင်ရန် သူတို့အားလှုံ့ဆော်ပေးနိုင်မည်။

သူ၏မိဘများမှတစ်ဆင့် ကျမ်းစာသင်သားသို့ လက်ဆင့်ကမ်းလိုက်သည့်အမွေအနှစ်တွင် ဘာသာရေးယုံကြည်ချက်များနှင့် ထုံးတမ်းဓလေ့များ ပါဝင်ကောင်းပါဝင်ပေမည်။ ယခုအခါ သင်သားသည် ထိုယုံကြည်ချက်များနှင့် ထုံးတမ်းဓလေ့များကို ဘုရားသခင်မနှစ်သက်ကြောင်း သိရှိလိုက်ပြီဖြစ်ရာ သမ္မာကျမ်းစာသွန်သင်ထားရာအတိုင်းလိုက်ရန် ယင်းတို့ကို ပယ်လိုက်သည်။ သင်သားသည် ထိုဆုံးဖြတ်ချက်ကို သူ၏မိဘများအား မည်သို့ရှင်းပြနိုင်မည်နည်း။ သူ့အားလက်ဆင့်ကမ်းပေးခဲ့သည့် ဘာသာရေးအမွေအနှစ်ကိုငြင်းပယ်ခြင်းသည် သူတို့အားငြင်းပယ်ခြင်းဖြစ်သည်ဟု သူတို့ခံစားရနိုင်သည်။ ကျမ်းစာသင်သားသည် သူ၏ဆုံးဖြတ်ချက်အတွက် အခြေခံဖြစ်သောကျမ်းစာမှ ရှင်းပြပေးရန် မကြိုးစားမီ မိဘများအား သူချစ်ကြောင်း၊ ရိုသေလေးစားကြောင်း သူတို့အားစိတ်ချစေဖို့လိုမည်ဟု ကောက်ချက်ချပေမည်။

လိုက်လျောရမည့်အချိန်။ ယေဟောဝါရှင်ကိုယ်တော်တိုင်သည် အမိန့်ပေးနိုင်ခွင့် အာဏာအပြည့်ရှိထားသော်လည်း ထူးခြားသော အကျိုးသင့်အကြောင်းသင့်သဘောကို ပြသတော်မူသည်။ လောတနှင့်သူ၏မိသားစုကို သောဒုံမြို့မှ ကယ်တင်သောအခါ ယေဟောဝါ၏ကောင်းကင်တမန်များသည် ဤသို့တိုက်တွန်းတော်မူခဲ့သည်– “သင်သည်အသက်ချမ်းသာရခြင်းငှာ . . . တောင်ပေါ်သို့ပြေးလော့!” သို့တိုင်၊ လောတက ဤသို့အသနားခံခဲ့သည်– “အကျွန်ုပ်သခင်၊ ထိုသို့မဆိုပါနှင့်!” သူသည် ဇောရမြို့သို့ပြေးခွင့်ပြုရန် တောင်းပန်ခဲ့သည်။ ထိုအရပ်သို့ပြေးရန်ခွင့်ပြုလိုက်ခြင်းအားဖြင့် ယေဟောဝါသည် လောတကို ထောက်ထားညှာတာမှု ပြတော်မူခဲ့သည်; ထို့ကြောင့် အခြားမြို့ကြီးများ ဖျက်ဆီးခြင်းခံရသောအခါ ဇောရမြို့မှာ အသက်ဘေးမှလွတ်ခဲ့သည်။ သို့ရာတွင် နောက်ပိုင်း၌ လောတသည် ယေဟောဝါ၏မူလညွှန်ကြားချက်ကို လိုက်နာခဲ့ပြီး တောင်ပေါ်သို့ပြောင်းရွှေ့ခဲ့သည်။ (က. ၁၉:၁၇-၃၀) မိမိ၏နည်းလမ်းတော်သည် ဖြောင့်မှန်ကြောင်း ယေဟောဝါသိတော်မူခဲ့သော်လည်း ၎င်းကို လောတ နားလည်လာသည့်အချိန်အထိ စိတ်ရှည်စွာ ထောက်ထားညှာတာမှု ပြသတော်မူခဲ့သည်။

ကျွန်ုပ်တို့လည်း အခြားသူများနှင့် အောင်မြင်စွာဆက်ဆံနိုင်ရန် အကျိုးသင့်အကြောင်းသင့်သဘောရှိဖို့လိုသည်။ တစ်ဖက်သူက မှားနေသည်ဟု ကျွန်ုပ်တို့အခိုင်အမာ ယူမှတ်မည်ဖြစ်ကာ၊ မှားကြောင်းထောက်ပြရန် ပိုင်နိုင်သော အကြောင်းပြချက်များ ကျွန်ုပ်တို့စိတ်ထဲတွင် ရှိပေမည်။ သို့သော် တစ်ခါတစ်ရံတွင် ထိုကိစ္စကို အတင်းအဓမ္မမလုပ်လျှင် ပို၍ကောင်းသည်။ အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်းမည်သည် ယေဟောဝါ၏စံနှုန်းတော်များအား အလျှော့ပေးလိုက်လျောခြင်းကို မဆိုလိုပါ။ သူ့အကြောင်းသူ ကိုယ်တိုင်ပြောပြသည့်အတွက် ကျေးဇူးတင်စကားဆိုခြင်း သို့မဟုတ် အမှားပါသည့်စကားအချို့ကို အငြင်းအခုံမပြုဘဲ လွှတ်ပေးလိုက်ခြင်းတို့သည် သာ၍ကောင်းတတ်သည်၊ အကြောင်းမှာ ပို၍ကောင်းကျိုးဖြစ်ထွန်းမည့်အရာတစ်ခုခုကို ဆွေးနွေးရန် အာရုံစိုက်နိုင်သောကြောင့်ဖြစ်သည်။ သူသည် သင်ယုံကြည်သည့်အရာကို အပြစ်တင်နေသည့်တိုင် လိုသည်ထက်ပို၍ တန်မပြန်ပါနှင့်။ အဘယ်ကြောင့် ယခုကဲ့သို့ထင်မြင်ကြောင်း ထိုသူကိုသင်မေးနိုင်မည်။ သူ၏တုံ့ပြန်မှုကို ဂရုတစိုက်နားထောင်ပါ။ ယင်းက သင့်အား သူ၏အတွေးအခေါ်ကို ထိုးထွင်းသိမြင်စေပါလိမ့်မည်။ ထို့အပြင် ယင်းသည် နောင်တစ်ချိန်ချိန်တွင် အပြုသဘောသက်ရောက်သော စကားလက်ဆုံပြောဆိုမှုအတွက် အုတ်မြစ်ချပေးနိုင်ဖွယ်ရှိမည်။—သု. ၁၆:၂၃; ၁၉:၁၁။

ယေဟောဝါသည် ရွေးချယ်နိုင်သည့်အရည်အချင်းကို လူသားများအား ပေးထား၏။ သူတို့သည် ယင်းအရည်အချင်းကို ပညာရှိစွာအသုံးမပြုကြလျှင်ပင် ယင်းကို အသုံးပြုခွင့် ကိုယ်တော်ပေးထားသည်။ ယေဟောဝါ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် ယောရှုသည် ဣသရေလလူမျိုးနှင့် ဘုရားသခင့်ဆက်ဆံရေးကို ဇာတ်ကြောင်းပြန်ခဲ့သည်။ သို့သော် ထိုအချိန်က သူဤသို့ဆိုခဲ့သည်– “ထာဝရဘုရားအားဝတ်မပြုကောင်းဟု သင်တို့ထင်လျှင် မြစ်ကြီးတစ်ဖက်၌ ဘိုးဘေးတို့ဝတ်ပြုသောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ ဘုရားများတွင် အဘယ်မည်သောဘုရားတို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့။ ငါနှင့်ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာဝတ်ပြုမည်။” (ယောရှု ၂၄:၁၅) ယနေ့ ကျွန်ုပ်တို့၏တာဝန်မှာ “သက်သေ” ခံရန်ဖြစ်သည်၊ ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချမှုဖြင့် ဟောပြောကြသော်လည်း အခြားသူများ ယုံကြည်ရန် အတင်းဖိအားမပေးပါ။ (မ. ၂၄:၁၄) သူတို့ရွေးချယ်ကြရမည်၊ သူတို့၏ ထိုလုပ်ပိုင်ခွင့်ကို ကျွန်ုပ်တို့မငြင်းပါ။

မေးခွန်းများမေးပါ။ လူတို့နှင့်ကျိုးကြောင်းဆင်ခြင်ရာတွင် ထူးခြားသောပုံသက်သေကို ယေရှုချမှတ်ခဲ့သည်။ သူတို့၏နောက်ခံကို ထည့်တွက်စဉ်းစားပေးပြီး သူတို့အလွယ်တကူ လက်သင့်ခံမည့် ပုံဥပမာများကို ကိုယ်တော်အသုံးပြုခဲ့သည်။ ထို့အပြင် ထိရောက်သောမေးခွန်းများကိုလည်း အသုံးပြုခဲ့သည်။ ယင်းက အခြားသူများအား သူတို့အကြောင်းကို သူတို့ကိုယ်တိုင်ဖော်ပြရန် အခွင့်အရေးပေးပြီး သူတို့နှလုံးတွင်ရှိသည့်အရာကို ဖော်ထုတ်ခွင့်ပေးသည်။ ထို့အပြင် သုံးသပ်နေသည့်ကိစ္စရပ်ကို ကျိုးကြောင်းဆင်ခြင်ရန်လည်း သူတို့ကိုအားပေးသည်။

ယေရှုအား ကျမ်းတတ်တစ်ဦးက “အရှင်ဘုရား၊ ထာဝရအသက်ကိုအမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်း” ဟုမေးလျှောက်ခဲ့သည်။ ယေရှုသည် ထိုသူအား အလွယ်တကူအဖြေပေးနိုင်သည်။ သို့သော် သူကိုယ်တိုင်ဖော်ပြရန် ထိုလူအား ကိုယ်တော်ကမ်းလှမ်းခဲ့သည်။ “ပညတ္တိကျမ်း၌အဘယ်သို့လာသနည်း။ သင်သည် အဘယ်သို့ဖတ်သနည်း။” ထိုလူသည် မှန်ကန်စွာဖြေဆိုခဲ့သည်။ သူ အဖြေမှန်ပေးလိုက်ခြင်းက ထိုဆွေးနွေးမှုကို အဆုံးသတ်သွားစေပါသလော။ လုံးဝအဆုံးမသတ်ခဲ့ပါ။ ယေရှုသည် ထိုလူအားဆက်လက်ပြောခွင့်ပေးရာ သူကိုယ်တိုင်မေးမြန်းသည့်မေးခွန်းက သူ့ကိုယ်သူ ဖြောင့်မတ်သူဟု သက်သေပြရန် ကြိုးစားနေကြောင်း ပြနေသည်။ ထိုသူက “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သောသူဖြစ်ပါသနည်း” ဟုမေး၏။ အဓိပ္ပာယ်တစ်ခုဖွင့်ဆိုပေးလိုက်လျှင် တစ်ပါးအမျိုးသားများနှင့် ရှမာရိလူမျိုးများအပေါ်ထားရှိသည့် လွှမ်းမိုးနေသောဂျူးတို့၏သဘောထားကြောင့် ထိုသူ စောဒကတက်အငြင်းပွားဖွယ်ရှိနိုင်ရာ ထိုလူအား ပုံဥပမာတစ်ခုကို ကျိုးကြောင်းဆင်ခြင်ရန် ယေရှုဖိတ်ခေါ်လိုက်သည်။ ယင်းမှာ လုယက်ရိုက်နှက်ခံရသည့် ခရီးသွားတစ်ဦးကို ယဇ်ပုရောဟိတ်နှင့်လေဝိလူတို့က အကူအညီမပေးခဲ့သော်လည်း ထိုခရီးသည်အား အကူအညီပေးလာသော အိမ်နီးချင်းကောင်း ရှမာရိလူတစ်ဦးအကြောင်းဖြစ်သည်။ ယေရှုသည် ထိုသူအား ပုံဥပမာ၏လိုရင်းချက်ကို သဘောပေါက်၊ မပေါက်သေချာစေရန် ရိုးရှင်းသောမေးခွန်းတစ်ခု မေးလိုက်သည်။ ယေရှု၏ ကျိုးကြောင်းဆင်ခြင်သည့်နည်းဖြင့်ပြောဆိုပုံသည် ထိုလူ တစ်ခါမျှသတိမပြုမိဖူးသည့် “ကိုယ်နှင့်စပ်ဆိုင်သောသူ” ဟူသည့်အသုံးအနှုန်း၏အဓိပ္ပာယ်ကို ဖော်ပြပေးခဲ့သည်။ (လု. ၁၀:၂၅-၃၇) အတုယူလောက်စရာ ပုံသက်သေကောင်းပါတကား! အမှန်မှာ သင့်အိမ်ရှင်အတွက်စဉ်းစားပေးရာရောက်သည့် သင့်ဘက်မှတစ်ချိန်လုံးပြောနေမည့်အစား၊ သင်၏နားထောင်နေသူ စဉ်းစားရန်အားပေးဖို့ လိမ္မာပါးနပ်သောမေးခွန်းများနှင့် ပုံဥပမာများအား မည်သို့အသုံးပြုနိုင်ပုံကို သင်ယူပါ။

အကြောင်းရင်းများကိုပေးပါ။ တမန်တော်ပေါလုသည် သက်သာလောနိတ်မြို့ရှိ တရားဇရပ်တွင် ဟောပြောသည့်အခါ သူ၏ပရိသတ်လက်ခံထားသည့် အကိုးအကားတစ်ခုကို ဖတ်ရုံသာဖတ်ပြခဲ့ခြင်းမဟုတ်ပေ။ ပေါလုသည် သူဖတ်ပြခဲ့သည့်အရာကို ရှင်းပြ၊ သက်သေပြပြီး သက်ဆိုင်ပုံကို ရှင်းပြခဲ့ကြောင်း လုကာက မှတ်တမ်းတင်ထားသည်။ ရလဒ်အနေနှင့် “ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ရောက်၍ ပေါလု၊ သိလတို့နှင့်ပေါင်းဖော်ကြ၏။”—တ. ၁၇:၁-၄။

သင့်ပရိသတ်တွင် မည်သူမည်ဝါရှိနေစေကာမူ ထိုကဲ့သို့သော ကျိုးကြောင်းဆင်ခြင်သည့်နည်းဖြင့်ချဉ်းကပ်ပုံသည် အကျိုးဖြစ်ထွန်းနိုင်ပါသည်။ ဆွေမျိုးသားချင်းများကို သင်သက်သေခံသည့်အခါ၊ အလုပ်ဖော်များ သို့မဟုတ် ကျောင်းနေဖက်များကို ဟောပြောသည့်အခါ၊ အများရှေ့သက်သေခံရာတွင် သူစိမ်းများနှင့်စကားပြောဆိုသည့်အခါ၊ ကျမ်းစာသင်အံမှုကျင်းပသည့်အခါ သို့မဟုတ် အသင်းတော်၌ဟောပြောချက်ပေးသည့်အခါတို့တွင် ယင်းသို့အကျိုးဖြစ်ထွန်းနိုင်ပါသည်။ ကျမ်းချက်ကိုသင်ဖတ်ရှုလိုက်သည့်အခါ သင့်အတွက် အဓိပ္ပာယ်သည်ရှင်းနေနိုင်သော်လည်း အခြားသူတစ်ဦးအတွက်မူ ထိုသို့ရှင်းချင်မှရှင်းမည်။ သင့်ရှင်းလင်းချက် သို့မဟုတ် သက်ဆိုင်ပုံရှင်းပြချက်သည် တစ်ယူသန်ဆန်သည့် ထင်မြင်ချက်ဖြစ်ပုံရှိမည်။ ကျမ်းချက်ထဲရှိ တစ်စုံတစ်ရာသောစကားလုံးများကို ရွေးထုတ်ကာ ရှင်းပြပေးခြင်းသည် အကူအညီဖြစ်စေမည်လော။ ဖြစ်နိုင်မည်ဆိုလျှင် အထက်အောက်ကျမ်းစကား သို့မဟုတ် ဤအကြောင်းနှင့်ဆက်စပ်သည့် နောက်ကျမ်းချက်တစ်ချက်မှ ထောက်ပံ့ပေးသောသာဓကကို တင်ပြပေးနိုင်မည်လော။ ပုံဥပမာတစ်ခုသည် သင်ပြောဆိုခဲ့ရာ၏ အကျိုးသင့်အကြောင်းသင့်ရှိမှုကို ပြပေးနိုင်မည်လော။ ကိစ္စရပ်အပေါ် ကျိုးကြောင်းဆင်ခြင်ရန် မေးခွန်းများက သင့်ပရိသတ်အား အကူအညီပေးနိုင်မည်လော။ ထိုကဲ့သို့သော ကျိုးကြောင်းဆင်ခြင်လျက်ချဉ်းကပ်ပုံသည် နှစ်သက်စွဲမှတ်စေပြီး အခြားသူများအား များစွာ စဉ်းစားလာစေသည်။

ယင်းကိုလုပ်ဆောင်နိုင်ပုံ

  • ဆွေးနွေးခန်းမည်သို့စတင်နိုင်ပုံကို ဆုံးဖြတ်သည့်အခါ သင့်နားထောင်နေသူများ၏ နောက်ခံနှင့်သဘောထားကို ထည့်တွက်စဉ်းစားပေးပါ။

  • တင်ပြချက်အမှားတိုင်းကို အငြင်းအခုံ မပြုပါနှင့်။

  • ယုံကြည်စိတ်ချမှုဖြင့် ပြောဆိုပါ၊ သို့သော် အဘယ်အရာယုံကြည်မည်ကို သင့်တွင် စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသကဲ့သို့ပင် အခြားသူများ၌လည်းရှိကြောင်း အသိအမှတ်ပြုပါ။

  • မေးခွန်းများကို လျင်မြန်စွာအဖြေပေးလိုက်မည့်အစား ကိစ္စရပ်အပေါ် ကျိုးကြောင်း ဆင်ခြင်ရန် မေးမြန်းလာသူကို အကူအညီပေးမည့် အခြားမေးခွန်းများ သို့မဟုတ် ပုံဥပမာများကို အသုံးပြုပါ။

  • အထက်အောက်စကား သို့မဟုတ် အခြား ကျမ်းချက်များက အဓိပ္ပာယ်ပေါ်အောင် မည်သို့အလင်းဖြာပေးပုံကို ပြသလျက် သော့ချက်စကားလုံးများကို ရှင်းပြပေးခြင်းဖြင့် သို့မဟုတ် ကျမ်းချက်သက်ဆိုင်ပုံကို ပြသရန် ပုံနမူနာတစ်ခုကိုအသုံးပြုခြင်းအားဖြင့် ကျမ်းချက်အား ကျိုးကြောင်းဆင်ခြင်ခြင်းကို အလေ့အကျင့်တစ်ခုဖြစ်စေပါ။

လေ့ကျင့်ခန်းများ– (၁) ခိုင်မာသောယူဆချက်များရှိသော တစ်စုံတစ်ယောက်ကို သက်သေခံပြီးသည့်နောက် ဆွေးနွေးခန်းအား ကိုင်တွယ်ဖြေရှင်းခဲ့သည့်နည်းကို ဆန်းစစ်ပါ။ အဘယ်သာဓကကို သင်တင်ပြခဲ့သနည်း။ အဘယ်ပုံဥပမာကို သင်ထည့်ပြောခဲ့သနည်း။ အဘယ်မေးခွန်းများကို သင်အသုံးပြုခဲ့သနည်း။ သူ၏နောက်ခံနှင့် ခံစားချက်များအတွက် ထောက်ထားစာနာမှု သင်မည်သို့ပြသခဲ့သနည်း။ ယင်းကို လယ်ကွင်းဓမ္မအမှု၌ မပြုလုပ်နိုင်ပါက နောက်ကြေညာသူတစ်ဦးနှင့်အတူ လေ့ကျင့်ခြင်းအစီအစဉ်တွင် ကြိုးစားကြည့်ပါ။ (၂) မှားယွင်းသောအရာတစ်ခုကို ပြုလုပ်ရန်ကြံစည်နေသူတစ်စုံတစ်ယောက် (သက်တူရွယ်တူတစ်ဦး သို့မဟုတ် ကလေးတစ်ဦး) နှင့်အတူ မည်သို့ကျိုးကြောင်းဆင်ခြင်ရမည်ကို အစမ်းလေ့ကျင့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ