ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • cl အခန်း ၆ စာ. ၅၇-၆၆
  • အဖျက်စွမ်းအားတန်ခိုး—‘ယေဟောဝါသည် စစ်သူရဲဖြစ်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖျက်စွမ်းအားတန်ခိုး—‘ယေဟောဝါသည် စစ်သူရဲဖြစ်’
  • ယေဟောဝါထံ ချဉ်းကပ်လော့
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူ့ပဋိပက္ခများ ဘုရားသခင့်စစ်မှုနှင့်ဆန့်ကျင်
  • ငြိမ်သက်ခြင်း၏ဘုရားသခင်သည် အဘယ်ကြောင့် မဖြစ်မနေစစ်ဆင်နွှဲခဲ့ရ
  • ဆိုးညစ်မှုကိုပယ်ရှားရန် ဘုရားသခင်အရေးယူဆောင်ရွက်
  • နာမတော်အတွက် စစ်တိုက်ခြင်း
  • မိမိ၏လူမျိုးအတွက် စစ်တိုက်ခြင်း
  • “စစ်သူရဲ” ထံချဉ်းကပ်လော့
  • မှန်သောဘုရားသခင်ကား အဘယ်သူနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ယေဟောဝါ—စစ်မှန်၍ အသက်ရှင်တော်မူထသောဘုရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ‘မြဲမြံစွာရပ်၍ ယေဟောဝါ၏ ကယ်တင်တော်မူခြင်းကို ကြည့်ရှုလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဖန်ဆင်းရှင်က ကျွန်ုပ်တို့အကျိုးအတွက် မိမိကိုယ်ကို ထင်ရှားသိသာစေခြင်း!
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
နောက်ထပ် ကြည့်ပါ
ယေဟောဝါထံ ချဉ်းကပ်လော့
cl အခန်း ၆ စာ. ၅၇-၆၆
မောက်မာတဲ့ဖာရောနဲ့ သူ့စစ်တပ်ကို ပင်လယ်နီမှာ ယေဟောဝါဘုရား ဖျက်ဆီးပစ်ခဲ့

အခန်း ၆

အဖျက်စွမ်းအားတန်ခိုး—‘ယေဟောဝါသည် စစ်သူရဲဖြစ်’

၁-၃။ (က) ဣသရေလလူမျိုးသည် အီဂျစ်တို့၏ အဘယ်ခြိမ်းခြောက်မှုကို ခံခဲ့ရသနည်း။ (ခ) ယေဟောဝါသည် မိမိလူမျိုးအတွက် မည်သို့တိုက်ခိုက်ပေးခဲ့သနည်း။

ဣသရေလလူမျိုးတို့သည် ချောက်ကမ်းပါးများနှင့် မဖြတ်ကူးနိုင်သောပင်လယ်စပ်ကြားတွင် ပိတ်မိနေသည်။ ညှာတာမှုမရှိ ရက်ရက်စက်စက်သတ်ဖြတ်တတ်သည့် အီဂျစ်စစ်တပ်သည် သူတို့ကို အစတုံးချေမှုန်းပစ်ရန် အပြင်းလိုက်လာနေသည်။a သို့တိုင် မောရှေက ဘုရားသခင့်လူတို့အား ဆက်မျှော်လင့်နေရန် တိုက်တွန်းခဲ့၏။ “သင်တို့ဘက်၌ ထာဝရဘုရားသည် စစ်တိုက်တော်မူလိမ့်မည်” ဟု သူတို့ကို အားပေးခဲ့သည်။—ထွက်မြောက်ရာ ၁၄:၁၄။

၂ သို့နှင့်ပင် မောရှေသည် ယေဟောဝါအား အကူအညီတောင်းခဲ့ပုံရှိရာ ဘုရားသခင်က ဤသို့တုံ့ပြန်ခဲ့သည်– “အဘယ်ကြောင့်ငါ့ကိုအော်ဟစ်သနည်း။ . . . သင်မူကား လှံတံကိုချီပြီးလျှင် ပင်လယ်ပေါ်မှာလက်ကိုဆန့်၍ ပင်လယ်ရေကိုခွဲလော့။” (ထွက်မြောက်ရာ ၁၄:၁၅၊ ၁၆) အဖြစ်အပျက်များကို ပုံဖော်ကြည့်ပါ။ ယေဟောဝါသည် ချက်ချင်းပင် မိမိ၏ကောင်းကင်တမန်ကို အမိန့်ပေးလိုက်ရာ မိုးတိမ်တိုင်သည် ဣသရေလတို့ရှေ့မှရွှေ့၍ နောက်ကျောသို့ရောက်သွား၏၊ ဖြစ်နိုင်ဖွယ်ရှိသည်မှာ နံရံတစ်ခုကဲ့သို့ဖြန့်လိုက်ကာ အီဂျစ်တို့၏တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။ (ထွက်မြောက်ရာ ၁၄:၁၉၊ ၂၀; ဆာလံ ၁၀၅:၃၉) မောရှေသည် မိမိ၏လက်ကိုဆန့်လိုက်သည်။ အားကြီးသောလေတိုက်သဖြင့် ပင်လယ်ရေသည် ကွဲပြတ်သွားသည်။ ရေထုသည် တစ်နည်းနည်းဖြင့် ခဲသွားရာ နံရံများပမာမတ်မတ်ဖြစ်သွားကာ လူတစ်မျိုးလုံး ဝင်ဆံ့ဖြတ်လျှောက်သွားနိုင်ရန် လမ်းပွင့်လာလေသည်။—ထွက်မြောက်ရာ ၁၄:၂၁; ၁၅:၈။

၃ ဤအစွမ်းပြမှုကို တွေ့ကြုံလိုက်ရာ ဖာရောသည် မိမိ၏စစ်သည်များကို တပ်ဆုတ်ရန် အမိန့်ပေးသင့်၏။ ယင်းအစား မောက်မာသောဖာရောသည် စစ်ချီရန် အမိန့်ပေးခဲ့သည်။ (ထွက်မြောက်ရာ ၁၄:၂၃) အီဂျစ်တို့သည် လိုက်လံဖမ်းဆီးခြင်းငှာ ပင်လယ်ကြမ်းပြင်သို့ အပူတပြင်းဆင်းသွားကြသည်၊ သို့သော် သူတို့၏စစ်ရထားဘီးများသည် ပြုတ်ထွက်ကုန်ကြရာ သူတို့၏စီးနင်းတိုက်ခိုက်မှုမှာ ဖရိုဖရဲဖြစ်သွားလေသည်။ ဣသရေလလူမျိုးသည် ကမ်းတစ်ဖက်တွင် လုံလုံခြုံခြုံရောက်ရှိပြီးနောက်တွင် မောရှေကို ယေဟောဝါဤသို့မိန့်တော်မူသည်– “ပင်လယ်ရေသည် အဲဂုတ္တုလူများ၊ ရထားများ၊ မြင်းစီးသူရဲများတို့အပေါ်သို့ပြန်စေခြင်းငှာ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့။” ထိုအခါ ရေနံရံများ ပြိုကျသွားရာ ဖာရောနှင့် သူ၏လူအလုံးအရင်းကို နစ်မြှုပ်သင်္ဂြိုဟ်လိုက်လေသည်!—ထွက်မြောက်ရာ ၁၄:၂၄-၂၈; ဆာလံ ၁၃၆:၁၅။

ယေဟောဝါသည် ပင်လယ်နီတွင် “စစ်သူရဲ” ဖြစ်တော်မူကြောင်း သက်သေထူခဲ့

၄။ (က) ယေဟောဝါသည် ပင်လယ်နီတွင် မည်သူဖြစ်ကြောင်း သက်သေထူတော်မူခဲ့သနည်း။ (ခ) ယေဟောဝါ၏ ဤသို့သရုပ်ဖော်ခဲ့ချက်ကို အချို့က မည်သို့တုံ့ပြန်လိမ့်မည်နည်း။

၄ ပင်လယ်နီ၌ ဣသရေလလူမျိုး ကယ်လွှတ်ခံခဲ့ရခြင်းသည် လူသားတို့နှင့် ဘုရားသခင်ဆက်ဆံခဲ့ပုံသမိုင်းတွင် အလွန်ထူးကဲသောဖြစ်ရပ်တစ်ခုဖြစ်သည်။ ထိုအရပ်တွင် ယေဟောဝါသည် “စစ်သူရဲ” ဖြစ်တော်မူကြောင်း သက်သေထူခဲ့သည်။ (ထွက်မြောက်ရာ ၁၅:၃) သို့သော် ယေဟောဝါအား ဤသို့ပုံဖော်ခြင်းကို သင်မည်သို့တုံ့ပြန်သနည်း။ ဝန်ခံရမည်ကား စစ်မှုသည် လူသားတို့ကို နာကျင်မှု၊ စိတ်ဆင်းရဲမှုများစွာ ခံစားစေခဲ့ပြီ။ အဖျက်စွမ်းအားတန်ခိုးကို ဘုရားသခင်အသုံးပြုခဲ့ခြင်းက ကိုယ်တော်ထံချဉ်းကပ်စေရန် သင့်ကိုလှုံ့ဆော်မည့်အစား ဟန့်တားခဲ့ပုံရှိသလော။

လူ့ပဋိပက္ခများ ဘုရားသခင့်စစ်မှုနှင့်ဆန့်ကျင်

၅၊ ၆။ (က) ဘုရားသခင်အား “ဗိုလ်ခြေအရှင်ထာဝရဘုရား” ဟု အဘယ်ကြောင့် ဆီလျော်စွာခေါ်ဆိုသနည်း။ (ခ) ဘုရားသခင်၏စစ်မှုသည် လူတို့၏စစ်ပွဲနှင့် မည်သို့ကွာခြားသနည်း။

၅ ဘုရားသခင်အား “ဗိုလ်ခြေအရှင်ထာဝရဘုရား” ဟု ဟေဗြဲကျမ်းစောင်တွင် အကြိမ်ပေါင်းသုံးရာနီးပါးနှင့် ခရစ်ယာန်ဂရိကျမ်းစောင်တွင်နှစ်ကြိမ်တိုင် ဘွဲ့နာမပေးထားသည်။ (၁ ဓမ္မရာဇဝင် ၁:၁၁) ယေဟောဝါသည် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် ကြီးမားလှသောကောင်းကင်တမန်တပ်မဟာကို ကြီးမှူးတော်မူသည်။ (ယောရှု ၅:၁၃-၁၅; ၃ ဓမ္မရာဇဝင် ၂၂:၁၉) ဤတပ်မဟာ၏ ဖျက်ဆီးနိုင်စွမ်းမှာ အံ့သြမိန်းမောဖွယ်ဖြစ်သည်။ (ဟေရှာယ ၃၇:၃၆) လူများကို ဖျက်ဆီးခြင်းသည် တွေးကောင်းသည့်အရာ မဟုတ်ချေ။ သို့သော် ဘုရားသခင်၏စစ်မှုသည် သဘောထားသေးသိမ်သော လူ့တိုက်ပွဲများနှင့်မတူကြောင်း ကျွန်ုပ်တို့သတိရထားကြရမည်။ စစ်နှင့် နိုင်ငံရေးခေါင်းဆောင်များက မြင့်မြတ်သောရည်ရွယ်ချက်ဖြင့် သူတို့ကျူးကျော်တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုပေမည်။ သို့သော် လူ့စစ်ပွဲများသည် အမြဲတမ်းပင် လောဘနှင့် တစ်ကိုယ်ကောင်းဆန်မှုတို့ကြောင့် ဖြစ်ပွားခဲ့၏။

၆ ယေဟောဝါမူကား အရမ်းကာရောပြုတော်မမူ။ တရားဟောရာ ၃၂:၄၊ [သမ္မာ] တွင် ဤသို့ဖော်ပြသည်– “ကိုယ်တော်သည် ကျောက်ဖြစ်တော်မူ၏။ အမှုတော်သည် စုံလင်ပေ၏။ နည်းလမ်းတော်ရှိသမျှသည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်တော်မူ၏။” သမ္မာကျမ်းစာက ဒေါသအိုးပေါက်ကွဲခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် အကြမ်းဖက်ခြင်းတို့ကို ပြစ်တင်ရှုတ်ချထားသည်။ (ကမ္ဘာဦး ၄၉:၇; ဆာလံ ၁၁:၅) သို့ဖြစ်၍ ယေဟောဝါသည် အကြောင်းမဲ့ ဘယ်တော့မျှစီရင်တော်မမူချေ။ ကိုယ်တော်သည် မိမိ၏အဖျက်စွမ်းအားကို အသုံးပြုခဲသည်၊ မတတ်သာသည့်အဆုံးမှသာ အသုံးပြုတော်မူ၏။ ကိုယ်တော်၏ပရောဖက် ယေဇကျေလမှတစ်ဆင့် မိန့်တော်မူသကဲ့သို့ပင်ဖြစ်သည်– “မတရားသောသူသည် မိမိအကျင့်တို့ကိုရှောင်၍ အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည် အနည်းငယ်သောပျော်မွေ့ခြင်းရှိသလော။”—ယေဇကျေလ ၁၈:၂၃။

၇၊ ၈။ (က) ယောဘသည် မိမိ၏ဒုက္ခဝေဒနာနှင့်ပတ်သက်၍ မည်သို့တလွဲကောက်ချက်ချခဲ့သနည်း။ (ခ) ယင်းနှင့်ပတ်သက်၍ ယောဘ၏ဆင်ခြင်သုံးသပ်မှုကို ဧလိဟု မည်သို့တည့်မတ်ပေးခဲ့သနည်း။ (ဂ) ယောဘ၏အတွေ့အကြုံမှ အဘယ်သင်ခန်းစာရနိုင်သနည်း။

၇ သို့ဆိုလျှင် ယေဟောဝါသည် အဖျက်စွမ်းအားကို အဘယ်ကြောင့်အသုံးပြုတော်မူသနည်း။ မဖြေဆိုမီ ဖြောင့်မတ်သောသူယောဘကို ကျွန်ုပ်တို့ ပြန်သတိရပေမည်။ ယောဘအပါအဝင်—အမှန်အားဖြင့် မည်သူမဆို—သည် စမ်းသပ်ခံရလျှင် ဆက်လက်တည်ကြည်မည်မဟုတ်ဟု စာတန်စိန်ခေါ်ခဲ့သည်။ ယောဘ၏တည်ကြည်မှုကို စာတန်အား စမ်းသပ်စေ၍ အဆိုပါစိန်ခေါ်ချက်ကို ယေဟောဝါအဖြေပေးခဲ့သည်။ ရလဒ်အနေဖြင့် ယောဘသည် ဖျားနာခဲ့ရုံမက စည်းစိမ်ဥစ္စာနှင့် သားသမီးများကိုပါ ဆုံးရှုံးလိုက်ရသည်။ (ယောဘ ၁:၁–၂:၈) ပတ်သက်နေသည့် အကြောင်းရင်းများကို မသိဘဲ ယောဘက မိမိဒုက္ခဝေဒနာခံစားရခြင်းသည် ဘုရားသခင် မတရားသဖြင့် အပြစ်ပေးခြင်းဖြစ်သည်ဟု တလွဲကောက်ချက်ချခဲ့၏။ မိမိကို အဘယ်ကြောင့် “စက်ကွင်း” အဖြစ်၊ “ရန်သူ” ကဲ့သို့သတ်မှတ်ရသနည်းဟု ဘုရားသခင်အား သူမေးမြန်းခဲ့သည်။—ယောဘ ၇:၂၀; ၁၃:၂၄၊ သမ္မာ။

၈ ဧလိဟုအမည်ရှိ လူငယ်တစ်ဦးက “‘ငါသည် ဘုရားသခင်ထက်သာ၍ဖြောင့်မတ်၏’ ဟု သင်ပြော” ပြီဟုဆို၍ ယောဘဆင်ခြင်ပုံမှားကြောင်း ဖော်ပြခဲ့၏။ (ယောဘ ၃၅:၂) မှန်ပါသည်၊ ဘုရားသခင်ထက် ကျွန်ုပ်တို့ ပိုသိသည်ဟု တွေးတောခြင်း သို့မဟုတ် ကိုယ်တော်သည် သမာသမတ်မရှိဘဲပြုတော်မူပြီဟု ယူမှတ်ခြင်းက ပညာမဲ့ပေသည်။ “ဒုစရိုက်သည် ဘုရားသခင်နှင့်လည်းကောင်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်လည်းကောင်း ဝေးပါစေ” ဟုဧလိဟုကကြွေးကြော်ခဲ့သည်။ နောက်ပိုင်းတွင် သူကဤသို့ဆိုသည်– “အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်လည်းကောင်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်လည်းကောင်း ထူးဆန်းတော်မူ၏။ အဘယ်သူကိုမျှ ညှဉ်းဆဲတော်မမူ။” (ယောဘ ၃၄:၁၀; ၃၆:၂၂၊ ၂၃; ၃၇:၂၃) ဘုရားသခင်စစ်တိုက်သောအခါ ထိုသို့ပြုရန် အကြောင်းကောင်းရှိ၍သာဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။ ယင်းကို စိတ်စွဲမှတ်ထားလျက် ငြိမ်သက်ခြင်း၏ဘုရားသခင်သည် တစ်ခါတစ်ရံ အဘယ်ကြောင့် စစ်သူရဲတစ်ဦး၏အခန်းကဏ္ဍကို ယူဆောင်ရသည့် အကြောင်းရင်းအချို့ကို ကျွန်ုပ်တို့စိစစ်ကြည့်ကြပါစို့။—၁ ကောရိန္သု ၁၄:၃၃။

ငြိမ်သက်ခြင်း၏ဘုရားသခင်သည် အဘယ်ကြောင့် မဖြစ်မနေစစ်ဆင်နွှဲခဲ့ရ

၉။ ငြိမ်သက်ခြင်း၏ဘုရားသခင်သည် အဘယ်ကြောင့် စစ်ပြိုင်တော်မူသနည်း။

၉ ဘုရားသခင်အား “စစ်သူရဲ” အဖြစ် ချီးမွမ်းပြီးနောက် မောရှေ ဤသို့ကြွေးကြော်ခဲ့သည်– “အိုထာဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော . . . ကိုယ်တော်နှင့် အဘယ်ဘုရားတူပါသနည်း။” (ထွက်မြောက်ရာ ၁၅:၁၁) ပရောဖက်ဟဗက္ကုတ်လည်း ထပ်တူရေးသားခဲ့သည်– “ကိုယ်တော်သည် ဒုစရိုက်ကိုကြည့်ရှုတော်မမူ။ သန့်ရှင်းသောမျက်စိ ရှိတော်မူ၏။ အဓမ္မအမှုကိုကြည့်ရှု၍ နေတော်မမူတတ်ပါ။” (ဟဗက္ကုတ် ၁:၁၃) ယေဟောဝါသည် မေတ္တာရှင်ဘုရားသခင်ဖြစ်တော်မူသော်လည်း ကိုယ်တော်သည် သန့်ရှင်း၊ ဖြောင့်မတ်၍ တရားမျှတတော်မူသောဘုရားသခင်လည်း ဖြစ်တော်မူသည်။ တစ်ခါတစ်ရံ ယင်းသို့သောအရည်အသွေးများက ကိုယ်တော့်အား မိမိ၏အဖျက်စွမ်းအားကို မဖြစ်မနေအသုံးပြုစေ၏။ (ဟေရှာယ ၅၉:၁၅-၁၉; လုကာ ၁၈:၇) သို့ဖြစ်၍ ဘုရားသခင်စစ်ပြိုင်တော်မူသောအခါ ကိုယ်တော်၏သန့်ရှင်းခြင်းအသရေကို မပျက်စေပါ။ ယင်းအစား ကိုယ်တော်သည် သန့်ရှင်းတော်မူသောကြောင့် စစ်တိုက်တော်မူ၏။—ထွက်မြောက်ရာ ၃၉:၃၀။

၁၀။ (က) ဘုရားသခင်သည် မည်သည့်အချိန်၌ မည်သို့ ဦးဆုံးစစ်ဆင်နွှဲရန်အကြောင်း ပေါ်ပေါက်လာခဲ့သနည်း။ (ခ) ကမ္ဘာဦး ၃:၁၅ ၌ တင်ကူးဖော်ပြထားသည့်ရန်ငြိုးကို မည်သို့အားဖြင့်သာ ပြေငြိမ်းစေနိုင်မည်နည်း၊ ဖြောင့်မတ်သောလူသားတို့အတွက် အဘယ်အကျိုးကျေးဇူးများရှိမည်နည်း။

၁၀ ပထမလူသားမောင်နှံ၊ အာဒံနှင့် ဧဝတို့ ဘုရားသခင်အား ပုန်ကန်ပြီးနောက် ပေါ်ပေါက်လာသောအခြေအနေကို သုံးသပ်ကြည့်ပါ။ (ကမ္ဘာဦး ၃:၁-၆) သူတို့၏မဖြောင့်မတ်မှုကို ကိုယ်တော်သည်းခံခွင့်ပြုခဲ့လျှင် စကြဝဠာပိုင်သအုပ်စိုးရှင်အဖြစ် ကိုယ်တော်၏နေရာကို မခိုင်မာစေရာကျပေလိမ့်မည်။ ကိုယ်တော်သည် ဖြောင့်မတ်သောဘုရားသခင်တစ်ပါးအဖြစ် သူတို့ကို မလွှဲမရှောင်သာ သေမိန့်ပေးလိုက်သည်။ (ရောမ ၆:၂၃) သမ္မာကျမ်းစာ၏ ဦးဆုံးပရောဖက်ပြုချက်တွင် မိမိ၏ကျေးကျွန်များနှင့် “မြွေ၊” စာတန်၏နောက်လိုက်များစပ်ကြား ရန်ငြိုးရှိလိမ့်မည်ဟု ကိုယ်တော်တင်ကူးမိန့်တော်မူခဲ့သည်။ (ဗျာဒိတ် ၁၂:၉; ကမ္ဘာဦး ၃:၁၅) နောက်ဆုံးတွင် စာတန်ကို ချေမှုန်းခြင်းဖြင့်သာ ဤရန်ငြိုးပြေငြိမ်းသွားနိုင်သည်။ (ရောမ ၁၆:၂၀) သို့သော် ထိုတရားစီရင်ချက်သည် ဖြောင့်မတ်သောလူသားတို့အတွက် များစွာသောကောင်းချီးမင်္ဂလာဖြစ်ပေလိမ့်မည်၊ ကမ္ဘာမြေပေါ်မှ စာတန့်သြဇာကိုပယ်ရှားပစ်ပြီး တစ်ကမ္ဘာလုံးတွင် ပရဒိသုဖြစ်စေရန် လမ်းဖွင့်ပေးပေမည်။ (မဿဲ ၁၉:၂၈) ထိုအချိန်အထိ စာတန့်ဘက်သားတို့သည် ဘုရားသခင့်လူတို့၏ ကာယရေးနှင့် ဝိညာဉ်ရေးအကျိုးစီးပွားကို အမြဲခြိမ်းခြောက်နေပေလိမ့်မည်။ ယေဟောဝါသည် အခါအားလျော်စွာ ကြားဝင်ဆောင်ရွက်ရပေလိမ့်မည်။

ဆိုးညစ်မှုကိုပယ်ရှားရန် ဘုရားသခင်အရေးယူဆောင်ရွက်

၁၁။ ကမ္ဘာချီရေလွှမ်းမိုးဘေးကို ဘုရားသခင် အဘယ်ကြောင့် ကျရောက်စေခဲ့သနည်း။

၁၁ နောဧအချိန်က ရေလွှမ်းမိုးဘေးသည် ယင်းသို့သောကြားဝင်ဆောင်ရွက်မှုတစ်ရပ်ဖြစ်သည်။ ကမ္ဘာဦး ၆:၁၁၊ ၁၂ က ဤသို့ဆိုသည်– “ထိုအခါ မြေကြီးသည် ဘုရားသခင်ရှေ့မှာပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖောက်ပြန်ခြင်းသို့ရောက်ကြပြီ။” ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် နောက်ဆုံးကျန်ကြွင်းသည့် ကိုယ်ကျင့်တရားကောင်းမှုအနည်းအကျဉ်းကို လူဆိုးများကဝါးမျိုဖျက်ဆီးခွင့် ပေးပါမည်လော။ ပေးမည်မဟုတ်ပေ။ ယေဟောဝါသည် အကြမ်းဖက်မှုနှင့် အကျင့်ယိုယွင်းမှုဘက်သို့ စိတ်တိမ်းညွတ်သူတို့ကို ကမ္ဘာမြေပေါ်မှ ဖယ်ရှားပစ်ရန် ကမ္ဘာချီရေလွှမ်းမိုးဘေးကျရောက်စေဖို့ တာဝန်ရှိကြောင်း ခံစားခဲ့ရသည်။

၁၂။ (က) အာဗြဟံ၏ “မျိုးနွယ်တော်” နှင့်ပတ်သက်၍ အဘယ်အရာကို ယေဟောဝါတင်ကူးမိန့်တော်မူခဲ့သနည်း။ (ခ) အာမောရိလူတို့ကို အဘယ်ကြောင့် အမျိုးဖြုတ်အဆုံးစီရင်ခဲ့သနည်း။

၁၂ ခါနာန်လူမျိုးကို ဘုရားသခင်တရားစီရင်ခဲ့ခြင်း၌ အလားတူပင်ဖြစ်သည်။ အာဗြဟံမှ ဆင်းသက်လာမည့် “မျိုးနွယ်တော်” [ကဘ] အားဖြင့် ကမ္ဘာပေါ်ရှိ လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံစားရလိမ့်မည်ဟု ယေဟောဝါဖော်ပြခဲ့၏။ ထိုရည်ရွယ်ချက်နှင့်အညီ ဘုရားသခင်သည် အာမောရိလူတို့နေထိုင်သည့်ပြည်ဖြစ်သော ခါနာန်ပြည်ကို အာဗြဟံ၏သားစဉ်မြေးဆက်အား ပေးမည်ဟု အမိန့်ချခဲ့သည်။ ဘုရားသခင်သည် ဤလူမျိုးတို့ကို သူတို့၏ပြည်မှ အတင်းအကျပ်နှင်ထုတ်ခြင်းသည် မည်သို့တရားမျှတနိုင်မည်နည်း။ ဤနှင်ထုတ်ခြင်းသည် “အာမောရိအမျိုးသားတို့၏ ဒုစရိုက်အပြစ် . . . မစုံလင်” မီ နောင်အနှစ် ၄၀၀ ခန့်တိုင် ဖြစ်ပျက်လိမ့်ဦးမည်မဟုတ်သေးကြောင်း ယေဟောဝါတင်ကူးမိန့်တော်မူခဲ့သည်။b (ကမ္ဘာဦး ၁၂:၁-၃; ၁၃:၁၄၊ ၁၅; ၁၅:၁၃၊ ၁၆; ၂၂:၁၈) ထိုကာလအတွင်းတွင် အာမောရိလူတို့သည် အကျင့်ယိုယွင်းသည်ထက် ယိုယွင်းလာကြလေသည်။ ထို့ကြောင့် ခါနာန်ပြည်သည် ရုပ်တုကိုးကွယ်၍ အသွေးသွန်းကာ ယုတ်ညံ့သောလိင်ဆိုင်ရာအကျင့်များ ကျင့်သည့်ပြည်ဖြစ်လာလေ၏။ (ထွက်မြောက်ရာ ၂၃:၂၄; ၃၄:၁၂၊ ၁၃; တောလည်ရာ ၃၃:၅၂) ထိုပြည်သားတို့သည် ကလေးများကိုပင် မီးရှို့ပူဇော်ခဲ့ကြသည်။ သန့်ရှင်းသောဘုရားသခင်သည် မိမိလူမျိုးကို ထိုသို့သောဆိုးညစ်မှုများ ကြုံတွေ့စေလိုပါမည်လော။ မဖြစ်နိုင်ပေ! ကိုယ်တော် ဤသို့မိန့်တော်မူခဲ့သည်– “သူတို့ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသောအပြစ်ကြောင့် ငါဆုံးမ၍ ထိုပြည်သည် မိမိသားတို့ကို အော့အန်လိမ့်မည်။” (ဝတ်ပြုရာ ၁၈:၂၁-၂၅) သို့သော် ယေဟောဝါသည် ချင့်ချိန်ဝေဖန်မှုမရှိဘဲ လူတို့ကို သတ်ဖြတ်ခဲ့သည်မဟုတ်ပေ။ ရာခပ်နှင့် ဂိဗောင်မြို့သားတို့ကဲ့သို့သော စိတ်ထားမှန်ရှိသူတို့ကိုမူ အသက်ချမ်းသာပေးတော်မူခဲ့သည်။—ယောရှု ၆:၂၅; ၉:၃-၂၇။

နာမတော်အတွက် စစ်တိုက်ခြင်း

၁၃၊ ၁၄။ (က) ယေဟောဝါသည် နာမတော်အား အဘယ်ကြောင့်ရိုသေလေးမြတ်ခြင်း ရှိစေခဲ့သနည်း။ (ခ) မိမိနာမတော်အား ပြစ်တင်ရှုတ်ချခြင်းကို ယေဟောဝါ မည်သို့ကင်းရှင်းစေခဲ့သနည်း။

၁၃ ယေဟောဝါသည် သန့်ရှင်းတော်မူသောကြောင့် ကိုယ်တော်၏နာမတော်သည်လည်း သန့်ရှင်းတော်မူ၏။ (ဝတ်ပြုရာ ၂၂:၃၂) ယေရှုက တပည့်တော်များကို ဤသို့ဆုတောင်းရန် သွန်သင်ပေးခဲ့သည်– “ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။” (မဿဲ ၆:၉) ဧဒင်တွင်ပုန်ကန်မှုက ဘုရားသခင့်နာမတော်ကို မရိုမသေပြုရာကျပြီး ဘုရားသခင်၏ဂုဏ်သတင်းနှင့် အုပ်ချုပ်ပုံနည်းလမ်းကို ဒွိဟဖြစ်စေခဲ့သည်။ ယေဟောဝါသည် ထိုသို့သော အသရေရှုတ်ချမှု၊ ပုန်ကန်မှုမျိုးကို အရေးမယူဘဲ ဘယ်တော့မျှလျစ်လျူရှုထားနိုင်တော်မူမည်မဟုတ်ချေ။ ဘုရားသခင်သည် နာမတော်ကို ပြစ်တင်ရှုတ်ချမှု ကင်းရှင်းစေရန် တာဝန်ရှိသည်။—ဟေရှာယ ၄၈:၁၁။

၁၄ ဣသရေလလူမျိုးကို တစ်ဖန်ပြန်သုံးသပ်ကြည့်ပါ။ သူတို့သည် အီဂျစ်ပြည်တွင် ကျွန်ဖြစ်နေသရွေ့ကာလပတ်လုံး အာဗြဟံ၏မျိုးနွယ်တော်အားဖြင့် ကမ္ဘာတစ်ဝန်းရှိ မိသားစုအပေါင်း ကောင်းချီးမင်္ဂလာခံစားရမည်ဟူသော ဘုရားသခင့်ကတိတော်သည် အဓိပ္ပာယ်မဲ့ပုံရှိမည်။ သို့သော် ယေဟောဝါသည် သူတို့ကို လွတ်မြောက်စေပြီး လူမျိုးတစ်မျိုးအဖြစ် တည်ထောင်လိုက်ခြင်းအားဖြင့် နာမတော်ကို ပြစ်တင်ရှုတ်ချစရာအကြောင်း ကင်းရှင်းစေခဲ့သည်။ သို့နှင့် ပရောဖက်ဒံယေလသည် ဆုတောင်းစဉ် ဤသို့အမှတ်ရခဲ့သည်– “တန်ခိုးကြီးသောလက်တော်ဖြင့် ကိုယ်တော်၏လူတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်၍ . . . အသရေတော်ကို ထင်ရှားစေတော်မူ . . . ပြီ။”—ဒံယေလ ၉:၁၅။

၁၅။ ယေဟောဝါသည် ဗာဗုလုန်၌ ချုပ်နှောင်ခံရခြင်းမှ ဂျူးတို့ကို အဘယ်ကြောင့်ကယ်လွှတ်ပေးတော်မူသနည်း။

၁၅ စိတ်ဝင်စားစရာကား ယေဟောဝါသည် နာမတော်အတွက် တစ်ဖန် ထပ်အရေးယူဆောင်ရွက်ဖို့ ဂျူးတို့လိုအပ်ခဲ့ချိန်၌ ဒံယေလထိုသို့ဆုတောင်းခဲ့၏။ ဤတစ်ကြိမ်တွင် မနာခံသောဂျူးများသည် ဗာဗုလုန်၌ ချုပ်နှောင်ခံနေကြရသည်။ သူတို့၏မြို့တော် ယေရုရှလင်သည် ပျက်စီးယိုယွင်းနေ၏။ ဂျူးလူမျိုးကို သူတို့၏မွေးရပ်ဌာနေသို့ ပြန်ရောက်စေလျှင် ယေဟောဝါ၏နာမတော်ဘုန်း ထင်ရှားလိမ့်မည်ဖြစ်ကြောင်း ဒံယေလသိထားသည်။ သို့နှင့် ဒံယေလက ဤသို့ဆုတောင်းခဲ့သည်– “အိုဘုရားရှင် အပြစ်ကိုလွှတ်တော်မူပါ။ အိုဘုရားရှင် နားထောင်၍ပြုတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်အတွက် ဖင့်နွှဲတော်မမူပါနှင့်။ ကိုယ်တော်၏မြို့၊ ကိုယ်တော်၏လူစုသည် နာမတော်ဖြင့်သမုတ်ခြင်းရှိပါသည်။”—ဒံယေလ ၉:၁၈၊ ၁၉။

မိမိ၏လူမျိုးအတွက် စစ်တိုက်ခြင်း

၁၆။ ယေဟောဝါသည် နာမတော်အား ကာကွယ်ပေးခြင်းကို စိတ်ဝင်စားတော်မူသောကြောင့် ကိုယ်တော်သည် ခံစားမှုမဲ့ပြီး ကိုယ်ကျိုးသာရှာသည်ဟု မဆိုလိုကြောင်း ရှင်းပြပါ။

၁၆ ယေဟောဝါသည် နာမတော်အား ကာကွယ်ပေးခြင်းကို စိတ်ဝင်စားတော်မူသောကြောင့် ကိုယ်တော်သည် ချစ်ခင်ကြင်နာမှုမရှိ၊ ကိုယ်ကျိုးသာရှာသည်ဟု ဆိုလိုသလော။ မဆိုလိုပါ၊ အကြောင်းမှာ ကိုယ်တော်၏သန့်ရှင်းမှု၊ တရားမျှတမှုနှင့်အညီ စီရင်တော်မူခြင်းအားဖြင့် လူမျိုးတော်ကို ကာကွယ်ပေးတော်မူ၏။ ကမ္ဘာဦးအခန်းကြီး ၁၄ ကိုသုံးသပ်ကြည့်ပါ။ ထိုတွင် အာဗြဟံ၏တူလောတနှင့် သူ၏မိသားစုကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျူးကျော်လာသောရှင်ဘုရင်လေးပါးအကြောင်း ကျွန်ုပ်တို့ဖတ်ရှုရသည်။ ဘုရားသခင့်အကူအညီဖြင့် အာဗြဟံသည် အပြတ်အသတ်သာလွန်သော စစ်သည်ဗိုလ်ပါတို့ကို အကြီးအကျယ်စစ်ရှုံးစေခဲ့သည်! ဤအောင်ပွဲခံမှတ်တမ်းတင်ချက်သည် “ထာဝရဘုရားစစ်တိုက်စာ” ၌ ဦးဆုံးမှတ်တမ်းတင်ချက်ဖြစ်ခဲ့ပေမည်၊ ထိုစာစောင်တွင် သမ္မာကျမ်းစာ၌ မှတ်တမ်းမတင်ထားသော အခြားတိုက်ပွဲအချို့ကိုလည်း မှတ်တမ်းတင်ခဲ့ပေမည်။ (တောလည်ရာ ၂၁:၁၄) အခြားအောင်ပွဲ အမြောက်အမြားရှိဦးမည်။

၁၇။ ခါနာန်ပြည်ထဲဝင်ပြီးနောက် ဣသရေလလူမျိုးအတွက် ယေဟောဝါစစ်တိုက်ပေးတော်မူကြောင်း အဘယ်အရာကဖော်ပြသနည်း။ ဥပမာများပေးပါ။

၁၇ ဣသရေလလူမျိုးသည် ခါနာန်ပြည်ထဲ မဝင်မီကလေးတွင် သူတို့ကို မောရှေဤသို့အာမခံခဲ့သည်– “သင်တို့ရှေ့မှာကြွတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် . . . အဲဂုတ္တုပြည်၌ . . . သင်တို့အဖို့ပြုတော်မူသကဲ့သို့ သင်တို့ဘက်၌စစ်ကူတော်မူမည်။” (တရားဟောရာ ၁:၃၀၊ ၃၁; ၂၀:၁) မောရှေအရာကိုဆက်ခံသူ ယောရှုမှစ၍ တရားသူကြီးများခေတ်တစ်လျှောက်နှင့် သစ္စာရှိယုဒရှင်ဘုရင်များလက်ထက်တိုင်အောင် ယေဟောဝါသည် မိမိလူမျိုးအတွက် အမှန်ပင် စစ်တိုက်ပေးခဲ့ပြီး မိမိရန်သူတို့အပေါ် ရင်သပ်ရှုမောဖွယ် အောင်ပွဲများစွာခံစေခဲ့သည်။—ယောရှု ၁၀:၁-၁၄; တရားသူကြီး ၄:၁၂-၁၇; ၂ ဓမ္မရာဇဝင် ၅:၁၇-၂၁။

၁၈။ (က) ယေဟောဝါသည် ပြောင်းလဲတော်မမူသည့်အတွက် အဘယ်ကြောင့် ကျေးဇူးတင်နိုင်သနည်း။ (ခ) ကမ္ဘာဦး ၃:၁၅ တွင် ဖော်ပြထားသည့် ရန်ငြိုးသည် အထွတ်အထိပ်ရောက်သောအခါ အဘယ်အရာဖြစ်ပျက်လိမ့်မည်နည်း။

၁၈ ယေဟောဝါသည် ပြောင်းလဲတော်မမူချေ; ဤကမ္ဘာဂြိုဟ်ကို ငြိမ်းချမ်းသာယာသော ပရဒိသုဖြစ်စေရန် ကိုယ်တော့်ရည်ရွယ်တော်မူချက်သည်လည်း ပြောင်းလဲခြင်းမရှိချေ။ (ကမ္ဘာဦး ၁:၂၇၊ ၂၈) ဘုရားသခင်သည် ဆိုးယုတ်မှုကို ရွံမုန်းဆဲဖြစ်သည်။ တစ်ကြိမ်တည်းတွင် ကိုယ်တော်သည် မိမိလူတို့ကို အလွန်ချစ်တော်မူပြီး မကြာမီ သူတို့၏အကျိုးအတွက် အရေးယူဆောင်ရွက်တော်မူလိမ့်မည်။ (ဆာလံ ၁၁:၇) အမှန်မှာ မဝေးတော့သည့်အနာဂတ်၌ ကမ္ဘာဦး ၃:၁၅ တွင် ဖော်ပြထားသော ရန်ငြိုး၏ ထူးခြားကြီးကျယ်သော အလှည့်အပြောင်းတစ်ခုကို တွေ့မြင်ရတော့မည်။ ယေဟောဝါ၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိစေပြီး လူမျိုးတော်ကို ကာကွယ်ရန် ကိုယ်တော်သည် “စစ်သူရဲ” တစ်ဖန်ထပ်ဖြစ်တော်မူမည်။—ဇာခရိ ၁၄:၃; ဗျာဒိတ် ၁၆:၁၄၊ ၁၆။

၁၉။ (က) အဖျက်စွမ်းအားကို ဘုရားသခင်အသုံးပြုတော်မူခြင်းက ကိုယ်တော့်ထံ ကျွန်ုပ်တို့ကို အဘယ်ကြောင့်ချဉ်းကပ်စေကြောင်း သရုပ်ဖော်ပြပါ။ (ခ) တိုက်ခိုက်ဖို့ ဘုရားသခင်အသင့်ရှိခြင်းက ကျွန်ုပ်တို့အပေါ် အဘယ်အကျိုးသက်ရောက်သင့်သနည်း။

၁၉ ဥပမာတစ်ရပ်ကို သုံးသပ်ကြည့်ပါ– လူတစ်ဦး၏မိသားစုကို ဆိုးရွားသောတိရစ္ဆာန်တစ်ကောင် တိုက်ခိုက်နေသဖြင့် ထိုသူသည် သားရဲကို တိုက်ခိုက်သတ်ဖြတ်လိုက်သည်ဆိုပါစို့။ ဤသို့ပြုလုပ်ခဲ့သောကြောင့် သူ၏ဇနီးနှင့် သားသမီးများက သူ့ကိုစက်ဆုပ်ရွံရှာသွားကြမည်လော။ ထိုသို့ဖြစ်မည့်အစား သူ၏ကိုယ်ကျိုးမဲ့မေတ္တာကို သူတို့တန်ဖိုးထားကြပေလိမ့်မည်။ အလားတူပင် ဘုရားသခင်သည် ကိုယ်တော်၏အဖျက်စွမ်းအားကို အသုံးပြုသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော့်ထံမှ တွန့်ဆုတ်မသွားသင့်ချေ။ ကျွန်ုပ်တို့ကိုကာကွယ်ပေးရန် တိုက်ခိုက်ဖို့ ကိုယ်တော်အသင့်ရှိခြင်းက ကိုယ်တော်အပေါ် ကျွန်ုပ်တို့၏မေတ္တာကို တိုးပွားများပြားလာစေသင့်၏။ ထို့အပြင် ကိုယ်တော်၏အတိုင်းအဆမဲ့တန်ခိုးတော်ကို ကျွန်ုပ်တို့ ပိုမိုလေးမြတ်လာသင့်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် “ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကိုလျောက်ပတ်စွာဝတ်ပြု” နိုင်ကြမည်ဖြစ်သည်။—ဟေဗြဲ ၁၂:၂၈။

“စစ်သူရဲ” ထံချဉ်းကပ်လော့

၂၀။ ကျွန်ုပ်တို့ အပြည့်အဝနားမလည်သော ဘုရားသခင်၏စစ်မှုနှင့်ပတ်သက်သည့် သမ္မာကျမ်းစာမှတ်တမ်းများကို ဖတ်ရှုကြသောအခါ မည်သို့တုံ့ပြန်သင့်သနည်း၊ အဘယ်ကြောင့်နည်း။

၂၀ မှန်ပါသည်၊ သမ္မာကျမ်းစာက ဘုရားသခင်၏စစ်မှုနှင့်ပတ်သက်၍ ယေဟောဝါ၏ဆုံးဖြတ်ချက်အားလုံးကို အသေးစိတ်ရှင်းပြမထားချေ။ သို့သော် ဤအချက်ကို ကျွန်ုပ်တို့ အမြဲစိတ်ချနိုင်၏– ယေဟောဝါသည် ဘယ်သောအခါမျှ မတရားသော၊ အရမ်းကာရော သို့မဟုတ် ရက်စက်စွာ ဖျက်ဆီးနိုင်စွမ်းကို အသုံးပြုမည်မဟုတ်ပေ။ မကြာခဏပင် သမ္မာကျမ်းစာမှတ်တမ်းတစ်ခု၏ ရှေ့နောက်စကားများ၊ သို့မဟုတ် နောက်ခံသတင်းအချက်အလက်အချို့ကို သုံးသပ်ကြည့်ခြင်းဖြင့် အကြောင်းစုံကိုမြင်နိုင်စေသည်။ (သုတ္တံ ၁၈:၁၃) အသေးစိတ်အချက်အလက်အားလုံးကို ကျွန်ုပ်တို့မရရှိထားလင့်ကစား ယေဟောဝါအကြောင်း ပိုမိုသိရှိလာပြီး ကိုယ်တော်၏တန်ဖိုးရှိသော အရည်အသွေးများကို စဉ်းစားဆင်ခြင်ရုံဖြင့်ပင် ပေါ်ပေါက်လာနိုင်သမျှသော သံသယများကို ပြေပျောက်သွားစေနိုင်သည်။ ထိုသို့ပြုလုပ်သောအခါ ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်အား ယုံကြည်ကိုးစားရန်အကြောင်း မြောက်မြားစွာရှိကြောင်း တွေ့မြင်လာကြသည်။—ယောဘ ၃၄:၁၂။

၂၁။ ယေဟောဝါသည် တစ်ခါတစ်ရံ “စစ်သူရဲ” ဖြစ်တော်မူသော်လည်း စိတ်ရင်းခံကား အသို့နည်း။

၂၁ ယေဟောဝါသည် အခြေအနေတောင်းဆိုလျှင် “စစ်သူရဲ” ဖြစ်တော်မူသော်လည်း ကိုယ်တော်သည် စစ်တိုက်ရန်ဝါသနာပါသည်ဟု မဆိုလိုပေ။ ကောင်းကင်ရထားတော်ဆိုင်ရာ ယေဇကျေလ၏ရူပါရုံတွင် ယေဟောဝါအား ရန်သူများကို တိုက်ခိုက်ရန် အသင့်ရှိသောပုဂ္ဂိုလ်အဖြစ် သရုပ်ဖော်ထားသည်။ သို့တိုင် ငြိမ်သက်ခြင်း၏အထိမ်းအမှတ်ဖြစ်သောသက်တံသည် ဘုရားသခင်အား ဝိုင်းရံထားသည်ကို ယေဇကျေလတွေ့မြင်ခဲ့သည်။ (ကမ္ဘာဦး ၉:၁၃; ယေဇကျေလ ၁:၂၈; ဗျာဒိတ် ၄:၃) ယေဟောဝါသည် အေးချမ်း၍ ငြိမ်သက်သည်မှာ ရှင်းနေသည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုတမန်တော်ယောဟန်က ရေးသားခဲ့သည်။ (၁ ယောဟန် ၄:၈) ယေဟောဝါ၏အရည်အသွေးအားလုံးသည် စုံလင်မျှတစွာရှိပေသည်။ သို့ဖြစ်၍ ဤမျှတန်ခိုးကြီးငြား မေတ္တာရှိတော်မူသောဘုရားသခင်ထံ ကျွန်ုပ်တို့ ချဉ်းကပ်နိုင်သည့်အတွက် တကယ့်အခွင့်ထူးပင်!

a ဂျူးသမိုင်းဆရာဂျိုစီဖတ်စ်အရ ဟေဗြဲလူမျိုးတို့ကို “စစ်ရထား ၆၀၀ နှင့်အတူ မြင်းစီးသူရဲ ၅၀,၀၀၀၊ များပြားလှသောခြေလျင်စစ်သည် ၂၀၀,၀၀၀ ဖြင့် လိုက်လံခဲ့ကြသည်” ဟု ဆိုသည်။—ဂျူးတို့၏ရှေးဟောင်းနှောင်းဖြစ်များ၊ အတွဲ ၂၊ ၃၂၄ [၁၅၊ ၃]။

b ရှင်းနေသည်ကား “အာမောရိ” ဟူသောဤအသုံးအနှုန်းတွင် ခါနာန်ပြည်သားအားလုံးပါဝင်၏။—တရားဟောရာ ၁:၆-၈၊ ၁၉-၂၁၊ ၂၇; ယောရှု ၂၄:၁၅၊ ၁၈။

တွေးတောဆင်ခြင်ရန်မေးခွန်းများ

  • ၄ ဓမ္မရာဇဝင် ၆:၈-၁၇ ဘုရားသခင်သည် “ဗိုလ်ခြေတို့၏အရှင်ထာဝရဘုရား” ဖြစ်သောကြောင့် စိတ်သောကရောက်သည့်ကာလများတွင် ကျွန်ုပ်တို့အတွက် မည်သို့အားပေးမှုဖြစ်နိုင်သနည်း။

  • ယေဇကျေလ ၃၃:၁၀-၂၀ အဖျက်စွမ်းအားတန်ခိုးကို ယေဟောဝါအသုံးမပြုမီ ပညတ်တော်ကိုချိုးဖောက်သူတို့အား အဘယ်အခွင့်အရေးကို သနားကြင်နာစွာ ကမ်းလှမ်းတော်မူသနည်း။

  • ၂ သက်သာလောနိတ် ၁:၆-၁၀ လူဆိုးတို့ကို များမကြာမီဖျက်ဆီးခြင်းက ဘုရားသခင်အပေါ် သစ္စာရှိသူကျေးကျွန်များအတွက် အဘယ်စိတ်သက်သာမှုရစေမည်နည်း။

  • ၂ ပေတရု ၂:၄-၁၃ ယေဟောဝါ၏အဖျက်စွမ်းအားတန်ခိုးကို ကိုယ်တော်အား အဘယ်အရာက အသုံးပြုစေသနည်း၊ ၎င်းမှ လူသားအပေါင်း အဘယ်သင်ခန်းစာရသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ