အခန်း ၃၀
“မေတ္တာတရား၌ ကျင်လည်ကြလော့”
၁-၃။ မေတ္တာပြရန် ယေဟောဝါ၏ပုံသက်သေကို ကျွန်ုပ်တို့တုပကြသောအခါ အဘယ်အကျိုးရလဒ်များ ရရှိသနည်း။
“ခံယူခြင်းထက် ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏။” (တမန်တော် ၂၀:၃၅၊ ကဘ) ကိုယ်ကျိုးစွန့်မေတ္တာပြရခြင်းသည် အားရကျေနပ်စရာဖြစ်၏ဟူသော အရေးပါအမှန်တရားကို ယေရှု၏အဆိုပါစကားများက အထူးထင်ရှားစေသည်။ မေတ္တာပြခံရခြင်းမှ ပျော်ရွှင်မှုများစွာရသည်မှန်သော်လည်း အခြားသူတို့ကို ပေးကမ်းခြင်း၊ သို့မဟုတ် မေတ္တာပြခြင်းမှ ပျော်ရွှင်မှုသာ၍ပင်ရရှိ၏။
၂ ယင်းကို ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်လောက် မည်သူမျှမသိရှိချေ။ ဤအပိုင်း၏ ရှေ့အခန်းများတွင် ကျွန်ုပ်တို့သိရှိခဲ့ကြရသည့်အတိုင်း ယေဟောဝါသည် မေတ္တာ၏အကောင်းမြတ်ဆုံးပြယုဂ်ဖြစ်သည်။ မည်သူမျှ ကိုယ်တော်ထက် သာ၍ကြီးမြတ်သောနည်းလမ်းများဖြင့် သို့မဟုတ် အချိန်ကြာမြင့်စွာ မေတ္တာမပြခဲ့ကြချေ။ ထို့ကြောင့် ယေဟောဝါအား “ပျော်ရွှင်သောဘုရားသခင်” ဟူ၍ခေါ်ဆိုခြင်းသည် အံ့အားသင့်စရာလော။—၁ တိမောသေ ၁:၁၁၊ ကဘ။
၃ ကျွန်ုပ်တို့၏မေတ္တာရှင်ဘုရားသခင်သည် ကိုယ်တော့်ကို တုပစေလို၏၊ အထူးသဖြင့် မေတ္တာပြသည့်ကိစ္စတွင်ဖြစ်သည်။ ဧဖက် ၅:၁၊ ၂ က ဤသို့မှာကြားသည်– “ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။ . . . မေတ္တာတရား၌ကျင်လည်ကြလော့။” မေတ္တာပြသည့် ယေဟောဝါ၏ပုံသက်သေကို ကျွန်ုပ်တို့တုပကြသောအခါ ပေးကမ်းခြင်းမှရရှိသည့် သာ၍ကြီးမားသောပျော်ရွှင်မှုကို ကျွန်ုပ်တို့ခံစားကြရ၏။ ထို့ပြင် ယေဟောဝါ၏စိတ်တော်နှင့်တွေ့ကြောင်း သိရသဖြင့် စိတ်ကျေနပ်မှုလည်းရရှိကြသည်၊ အကြောင်းမှာ ကိုယ်တော်၏နှုတ်ကပါဌ်တော်က “အချင်းချင်းချစ်ခြင်းမေတ္တာ” ရှိကြရန် တိုက်တွန်းထားသောကြောင့်ဖြစ်သည်။ (ရောမ ၁၃:၈) သို့သော် “မေတ္တာတရား၌ကျင်လည်” သင့်သည့် အခြားအကြောင်းရင်းများလည်းရှိသေးသည်။
မေတ္တာ အဘယ်ကြောင့် မရှိမဖြစ်လိုအပ်
၄၊ ၅။ ယုံကြည်သူချင်းတို့အား ကိုယ်ကျိုးစွန့်မေတ္တာပြရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၄ ယုံကြည်သူချင်းတို့ကို မေတ္တာပြရန် အဘယ်ကြောင့်အရေးကြီးသနည်း။ ရိုးရိုးလေးပြောရမည်ဆိုလျှင် မေတ္တာသည် စစ်မှန်သောခရစ်ယာန်၏ အနှစ်သာရပင်ဖြစ်၏။ မေတ္တာမရှိလျှင် ခရစ်ယာန်ချင်းတို့နှင့် ရင်းနှီးသောနှောင်ကြိုးရှိနိုင်မည်မဟုတ်၊ ထို့ပြင် သာ၍အရေးကြီးသည်မှာ ယေဟောဝါ၏ရှေ့တော်၌ ကျွန်ုပ်တို့သည် အဘယ်တန်ဖိုးမျှရှိမည်မဟုတ်။ ဤအမှန်တရားများကို ဘုရားသခင့်နှုတ်ကပါဌ်တော်က မည်သို့အလေးပေးဖော်ပြကြောင်း သုံးသပ်ကြည့်ပါ။
၅ ကိုယ်တော့်မြေကြီးအသက်တာ၏ နောက်ဆုံးညတွင် ယေရှုက မိမိ၏နောက်လိုက်များကို ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၄၊ ၃၅) “ငါသည် သင်တို့ကိုချစ်သည်နည်းတူ” ဟုဆိုသည့်အတိုင်း ယေရှုတင်ပြခဲ့သောမေတ္တာမျိုးကို ကျွန်ုပ်တို့ပြသကြရန်ဖြစ်သည်။ ယေရှုသည် ကိုယ်တိုင်၏လိုအပ်ရာများထက် အခြားသူတို့၏လိုအပ်ရာများနှင့် အကျိုးစီးပွားကို ရှေးဦးထားခြင်းဖြင့် ကိုယ်ကျိုးစွန့်မေတ္တာကို သာလွန်ကောင်းမွန်စွာဖော်ပြခဲ့ကြောင်း အခန်း ၂၉ တွင် ကျွန်ုပ်တို့သတိပြုမိခဲ့ပြီ။ ကျွန်ုပ်တို့လည်း တစ်ကိုယ်ကောင်းမဆန်သောမေတ္တာ တင်ပြကြရန်ဖြစ်ပြီး ယင်းကို အထင်အရှားဖော်ပြကြရမည်ဖြစ်ရာ ခရစ်ယာန်အသင်းတော်ပြင်ပရှိသူတို့ပင် ကျွန်ုပ်တို့၏မေတ္တာကို တွေ့မြင်ကြရမည်ဖြစ်သည်။ ညီအစ်ကိုချင်း ကိုယ်ကျိုးစွန့်မေတ္တာရှိခြင်းသည် ခရစ်တော်၏နောက်လိုက်အစစ်အမှန်ဖြစ်ခြင်း၏ အမှတ်သညာအမှန်ပင်ဖြစ်သည်။
၆၊ ၇။ (က) ယေဟောဝါ၏နှုတ်ကပါဌ်တော်က မေတ္တာပြခြင်းကို အလွန်တရာအရေးထားကြောင်း မည်သို့သိရသနည်း။ (ခ) ၁ ကောရိန္သု ၁၃:၄-၈ တွင် မှတ်တမ်းတင်ထားသော ပေါလု၏စကားများက မေတ္တာ၏အဘယ်အသွင်အပြင်အပေါ် အာရုံစူးစိုက်သနည်း။
၆ ကျွန်ုပ်တို့တွင် မေတ္တာမဲ့နေလျှင်ကော။ တမန်တော်ပေါလုက “ငါသည် . . . မေတ္တာမရှိလျှင် အသံမြည်သောတံပိုးခရာကဲ့သို့လည်းကောင်း၊ တီးသံကိုသာပေးတတ်သော လင်းကွင်းကဲ့သို့လည်းကောင်းဖြစ်၏” ဟုဆိုသည်။ (၁ ကောရိန္သု ၁၃:၁) လင်းကွင်းနှစ်ချပ်ကိုတီးခတ်လျှင် စူးရှသံကြားရ၏။ အသံမြည်သော ကြေးလေမှုတ်တူရိယာကော အသို့နည်း။ အခြားဘာသာပြန်ကျမ်းများက “ဆူညံသောမောင်း” သို့မဟုတ် “မြည်ဟည်းသောမောင်းသံ” ဟုဆိုသည်။ အမှန်ပင်ဆီလျော်သည့် ပုံဥပမာများပါတကား! မေတ္တာမရှိသူသည် ဆွဲဆောင်မှုဖြစ်မည့်အစား နှစ်လို့ဖွယ်မကောင်းသည့် ကျယ်လောင်ပြီး အသံကြောင်ထွက်သော တူရိယာတစ်ခုနှင့်တူ၏။ ထိုသို့သောပုဂ္ဂိုလ်မျိုးသည် အခြားသူတို့နှင့် ရင်းနှီးသောဆက်ဆံရေး မည်သို့ရှိနိုင်မည်နည်း။ ပေါလုက ဤသို့ပြောသေးသည်– ‘ငါသည် တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်လည်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်၏။’ (၁ ကောရိန္သု ၁၃:၂) စဉ်းစားကြည့်ပါလေ၊ မေတ္တာမဲ့သူသည် မည်သည့်လုပ်ဆောင်မှုများ လုပ်ခဲ့ပါစေ “အသုံးမကျသည့် ဘာမျှမဟုတ်သူ” သာဖြစ်၏! (အကျယ်ဖွင့်ဆိုသည့်သမ္မာကျမ်း) ယေဟောဝါ၏နှုတ်ကပါဌ်တော်က မေတ္တာပြခြင်းကို အလွန်တရာအရေးထားကြောင်း ထင်ရှားသည် မဟုတ်ပေလော။
၇ သို့သော် အခြားသူတို့နှင့် ကျွန်ုပ်တို့ဆက်ဆံရာတွင် ဤအရည်အသွေးကို မည်သို့တင်ပြနိုင်သနည်း။ ယင်းကို ဖြေဆိုရန် ၁ ကောရိန္သု ၁၃:၄-၈ တွင် တွေ့ရှိရသောပေါလု၏စကားများကို ဆန်းစစ်ကြည့်ကြပါစို့။ ဤအခန်းငယ်များတွင် ကျွန်ုပ်တို့အပေါ် ဘုရားသခင့်မေတ္တာ၊ သို့မဟုတ် ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏မေတ္တာကို အလေးပေးဖော်ပြထားနေခြင်း မဟုတ်ချေ။ ယင်းအစား တစ်ဦးကိုတစ်ဦး မည်သို့ မေတ္တာပြသင့်ကြောင်း ပေါလုရည်စူးနေခြင်းဖြစ်သည်။ မေတ္တာသည် အဘယ်အရာများဖြစ်၍ အဘယ်အရာများမဟုတ်ကြောင်း သူဖော်ပြခဲ့သည်။
မေတ္တာသည် အဘယ်အရာဖြစ်
၈။ အခြားသူတို့နှင့်အပြန်အလှန်ဆက်ဆံရာတွင် စိတ်ရှည်ခြင်းက ကျွန်ုပ်တို့ကို မည်သို့အကူအညီပေးနိုင်သနည်း။
၈ “မေတ္တာသည် စိတ်ရှည်တတ်၏။” စိတ်ရှည်ခြင်းဟူသည် တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းကိုဆိုလိုသည်။ (ကောလောသဲ ၃:၁၃) ထိုသို့သောစိတ်ရှည်ခြင်းမျိုး ကျွန်ုပ်တို့ လိုအပ်သည်မဟုတ်လော။ ကျွန်ုပ်တို့သည် ပခုံးချင်းယှဉ် အမှုထမ်းနေကြသော မစုံလင်သူများဖြစ်ကြရာ တစ်ချိန်မဟုတ်တစ်ချိန် ခရစ်ယာန်ညီအစ်ကိုချင်းများသည် ကျွန်ုပ်တို့ကို အမျက်ထွက်စေနိုင်ပြီး ကျွန်ုပ်တို့ကလည်း သူတို့ကိုအမျက်ထွက်စေနိုင်ပါသည်။ သို့သော် အခြားသူတို့နှင့် အပြန်အလှန်ဆက်ဆံရာတွင် အသင်းတော်၏ငြိမ်သက်ခြင်းကို မပြိုကွဲစေဘဲ အသေးအဖွဲပွန်းပဲ့ရာများနှင့် ခြစ်ရာများကို စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းက ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်ုပ်တို့ကို ထောက်ကူပေးနိုင်ပါသည်။
၉။ အခြားသူတို့အား သနားကြင်နာမှုကို အဘယ်နည်းများဖြင့် တင်ပြနိုင်ကြသနည်း။
၉ “မေတ္တာသည် . . . ကျေးဇူးပြုတတ် [“ကြင်နာ၊” ကဘ] ၏။” အကူအညီဖြစ်စေသောအပြုအမူတို့နှင့် ထောက်ထားစာနာမှုရှိသောစကားတို့ဖြင့် ကြင်နာမှုကိုပြသသည်။ မေတ္တာသည် အထူးသဖြင့် အကူအညီအများဆုံးလိုအပ်သူတို့အား ကြင်နာမှုပြရန်နည်းလမ်းများ ရှာဖွေစေသည်။ ဥပမာ၊ အိုမင်းသော ယုံကြည်သူချင်းတစ်ဦးသည် အထီးကျန်ဖြစ်နေ၍ သူ့ထံသွားလည်ပတ်ကာ အားပေးဖို့လိုအပ်နေပေမည်။ ကြင်ဖော်မဲ့မိခင်တစ်ဦး သို့မဟုတ် ဘာသာရေးမတူသူတို့နှင့် နေထိုင်ရသော ညီအစ်မတစ်ဦးသည် အကူအညီလိုအပ်နေပေမည်။ ဖျားနာနေသူ၊ သို့မဟုတ် အတိဒုက္ခကြုံတွေ့နေရသူတစ်ဦးသည် သစ္စာစောင့်သိသောမိတ်ဆွေတစ်ဦးထံမှ ကြင်နာသောစကားများ ကြားနာရဖို့လိုနေပေလိမ့်မည်။ (သုတ္တံ ၁၂:၂၅; ၁၇:၁၇) ဤသို့သောနည်းလမ်းများဖြင့် သနားကြင်နာမှုကို ကိုယ်တိုင်အစပြု တင်ပြကြသောအခါ ကျွန်ုပ်တို့၏မေတ္တာစစ်ကို တင်ပြရာကျသည်။—၂ ကောရိန္သု ၈:၈။
၁၀။ အမှန်တရားကို စွဲကိုင်၍ ပြောဆိုဖို့ မလွယ်ကူသည့်အခါ၌ပင် မေတ္တာက မည်သို့အထောက်အကူပြုသနည်း။
၁၀ “မေတ္တာသည် . . . သမ္မာ [“အမှန်၊” ကဘ] တရား၌ ဝမ်းမြောက်တတ်၏။” အခြားဘာသာပြန်ကျမ်းတစ်အုပ်က ဤသို့ဆိုသည်– “မေတ္တာသည် . . . အမှန်တရားဘက် ရွှင်လန်းစွာရပ်တည်တတ်၏။” မေတ္တာသည် အမှန်တရားဘက်ရပ်တည်ရန် လှုံ့ဆော်ပေး၍ “တစ်ယောက်နှင့်တစ်ယောက် မှန်သောစကားကိုပြော” ဆိုစေသည်။ (ဇာခရိ ၈:၁၆) ဥပမာ၊ ချစ်ရသူတစ်ဦးသည် ကြီးလေးသောအပြစ်ကို ကျူးလွန်သည်ဆိုပါစို့၊ ယေဟောဝါနှင့် အမှားပြုသူအား ချစ်သောမေတ္တာက ယင်းကို ဖုံးကွယ်ကာ ဆင်ခြေပေးမည်၊ သို့မဟုတ် အမှားကျူးလွန်ခြင်းနှင့်ပတ်သက်၍ လိမ်ညာပြောမည့်အစား ဘုရားသခင့်စံနှုန်းအတိုင်း တည်ကြည်စွာစွဲကိုင်ထားဖို့ ကူညီပေးမည်။ အခြေအနေမှန်ကို လက်ခံဖို့ အမှန်ပင်ခဲယဉ်းပေမည်။ သို့သော် ကျွန်ုပ်တို့ချစ်ရသူအား အကောင်းဆုံးအကျိုး ရရှိစေလိုသောကြောင့် သူ့ကို ဘုရားသခင်၏ မေတ္တာပါဆုံးမမှုခံစေလိုကာ တုံ့ပြန်စေလိုပေမည်။ (သုတ္တံ ၃:၁၁၊ ၁၂) မေတ္တာရှိခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် “အခါခပ်သိမ်းမှန်ရာကိုသာပြုလုပ်” လိုကြသည်။—ဟေဗြဲ ၁၃:၁၈၊ သတင်းကောင်း။
၁၁။ မေတ္တာသည် “ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်” သောကြောင့် ယုံကြည်သူချင်းတို့၏ ချွတ်ယွင်းချက်များနှင့်ပတ်သက်၍ မည်သို့ပြုသင့်သနည်း။
၁၁ “မေတ္တာသည် . . . ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။” စာသားအတိုင်းဆိုလျှင် “ယင်းက အရာအားလုံးကို ဖုံးအုပ်ပစ်သည်” ဟုအဓိပ္ပာယ်ရ၏။ ပေတရုပထမစောင် ၄:၈ က “ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏” ဟုဆိုသည်။ မှန်ပါသည်၊ မေတ္တာလွှမ်းမိုးခံရသူ ခရစ်ယာန်တစ်ဦးသည် ခရစ်ယာန်ညီအစ်ကိုချင်းများ၏ မစုံလင်မှုများနှင့် ချွတ်ယွင်းချက်များခပ်သိမ်းကို ဖော်ထုတ်ရန် စိတ်မပြင်းပြချေ။ အများအားဖြင့်ဆိုလျှင် ယုံကြည်သူချင်းတို့၏အမှားအယွင်းများ၊ ချွတ်ချော်မှုများမှာ အသေးအဖွဲသာဖြစ်ပြီး မေတ္တာဝတ်ရုံဖြင့် လွှမ်းခြုံဖုံးအုပ်နိုင်ပါသည်။—သုတ္တံ ၁၀:၁၂; ၁၇:၉။
တစ်ဦးအပေါ်တစ်ဦးထားရှိသည့်မေတ္တာက ယေဟောဝါ၏လူတို့ကို ခွဲခြားသိမြင်စေ
၁၂။ ဖိလေမုန်နှင့်ပတ်သက်၍ တမန်တော်ပေါလုသည် အကောင်းဆုံးကို ယုံကြည်မျှော်လင့်ကြောင်း မည်သို့ဖော်ပြခဲ့သနည်း၊ ပေါလု၏ပုံနမူနာမှ ကျွန်ုပ်တို့ အဘယ်အရာ သိရှိလာနိုင်သနည်း။
၁၂ “မေတ္တာသည် . . . ခပ်သိမ်းသောအရာကိုယုံတတ်၏။” မောဖက်ဘာသာပြန်ကျမ်းက မေတ္တာသည် “အကောင်းဆုံးကို ယုံကြည်မျှော်လင့်ရန် စိတ်ပြင်းပြ၏” ဟုဆိုသည်။ ကျွန်ုပ်တို့သည် ယုံကြည်သူချင်းတို့အပေါ် အလွန်အကျွံ မယုံသင်္ကာဖြစ်ကာ သူတို့၏သဘောထားတိုင်းကို သံသယဝင်မည်မဟုတ်ချေ။ မေတ္တာသည် ညီအစ်ကိုချင်းတို့နှင့်ပတ်သက်၍ “အကောင်းဆုံးကို ယုံကြည်” ပြီး သူတို့အား ယုံကြည်စိတ်ချရန် အထောက်အကူပြုသည်။a ဥပမာအနေနှင့် ဖိလေမုန်ထံ ပေါလုရေးသောစာကို သတိပြုပါ။ ပေါလုသည် ခရစ်ယာန်တစ်ဦးဖြစ်လာခဲ့သူ ကျွန်ပြေးသြနေသိမ် အိမ်ပြန်ရောက်လာသည့်အခါ ကြင်နာစွာကြိုဆိုလက်ခံရန် ဖိလေမုန်ကို အားပေး စာရေးခဲ့သည်။ ဖိလေမုန်အား နိုင်ထက်စီးနင်းခိုင်းစေမည့်အစား ပေါလုသည် မေတ္တာပေါ်အခြေခံ၍ တောင်းပန်ခဲ့သည်။ ဖိလေမုန်သည် မှန်ရာကိုပြုလုပ်လိမ့်မည်ဟု ယုံကြည်စိတ်ချစွာဖြင့် သူဤသို့ပြောဆိုသည်– “သင်သည် နားထောင်မည်ဟု ယုံမှားခြင်းမရှိသည်သာမက ငါပြောသည်ထက် သာ၍ပြုမည်ဟု အမှန်သိလျက် ငါရေးလိုက်ပါ၏။” (အခန်းငယ် ၂၁) မေတ္တာ၏လှုံ့ဆော်မှုကြောင့် ညီအစ်ကိုချင်းများအပေါ် ထိုသို့သောယုံကြည်စိတ်ချမှုတင်ပြသည့်အခါ သူတို့ဘက်မှ အကောင်းဆုံးကိုလုပ်ဆောင်စေရန် ဖြစ်စေသည်။
၁၃။ ကျွန်ုပ်တို့ညီအစ်ကိုများအတွက် အကောင်းဆုံးကို မျှော်လင့်ထားကြောင်း မည်သို့ဖော်ပြနိုင်သနည်း။
၁၃ “မေတ္တာသည် . . . ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။” မေတ္တာသည် ယုံကြည်စိတ်ချတတ်သည့်နည်းတူ မျှော်လင့်တတ်သည်။ မေတ္တာ၏စေ့ဆော်မှုကြောင့် ညီအစ်ကိုများအတွက် အကောင်းဆုံးကိုမျှော်လင့်သည်။ ဥပမာ၊ ညီအစ်ကိုတစ်ဦးသည် “သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိလျှင်” သူ့အား ပြန်တည့်မတ်ပြုပြင်ပေးဖို့ မေတ္တာပါသောကြိုးပမ်းအားထုတ်မှုများကို သူတုံ့ပြန်လိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ကြသည်။ (ဂလာတိ ၆:၁) ထို့ပြင် ယုံကြည်ခြင်းအားနည်းသူတို့သည် ပြန်အားရှိလာပါလိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ကြသည်။ ထိုသို့သောသူတို့ကို ကျွန်ုပ်တို့စိတ်ရှည်သည်းခံ၍ ယုံကြည်ခြင်းခိုင်ခံ့လာစေဖို့ အတတ်နိုင်ဆုံးကူညီပေးကြသည်။ (ရောမ ၁၅:၁; ၁ သက်သာလောနိတ် ၅:၁၄) မိမိချစ်ရသူတစ်ဦး လမ်းလွဲသွားလျှင်ပင် ယေရှု၏ပုံဥပမာထဲမှ သားမိုက်ကဲ့သို့ တစ်နေ့တစ်ချိန်တွင် သူသတိပြန်လည်လာပြီး ယေဟောဝါထံ ပြန်လာလိမ့်မည်ဟူသောမျှော်လင့်ချက်ကို ကျွန်ုပ်တို့ စွန့်လွှတ်မည်မဟုတ်ချေ။—လုကာ ၁၅:၁၇၊ ၁၈။
၁၄။ အသင်းတော်အတွင်း ကျွန်ုပ်တို့၏ခံနိုင်ရည်သည် အဘယ်နည်းများဖြင့်စမ်းသပ်ခံရမည်နည်း၊ မေတ္တာက ကျွန်ုပ်တို့ကို မည်သို့တုံ့ပြန်စေမည်နည်း။
၁၄ “မေတ္တာသည် . . . ခပ်သိမ်းသောအရာကို သည်းခံတတ် [“ခံနိုင်ရည်ရှိ၊” ကဘ] ၏။” စိတ်ပျက်စရာများ၊ အခက်အခဲများကြုံတွေ့ကြရသောအခါ ခံနိုင်ရည်က ကျွန်ုပ်တို့ကို ခိုင်ခိုင်မြဲမြဲရပ်တည်စေသည်။ ခံနိုင်ရည်စမ်းသပ်မှုများသည် အသင်းတော်ပြင်ပမှသာ လာသည်မဟုတ်ချေ။ တစ်ခါတစ်ရံ အတွင်းမှ ကျွန်ုပ်တို့ စမ်းသပ်ခံရကြပေမည်။ မစုံလင်မှုကြောင့် ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ရံဖန်ရံခါ စိတ်ပျက်စရာဖြစ်စေနိုင်သည်။ မဆင်မခြင်ပြောဆိုလိုက်သော စကားတစ်ခွန်းကြောင့် စိတ်ထိခိုက်သွားနိုင်သည်။ (သုတ္တံ ၁၂:၁၈) အသင်းတော်ကိစ္စတစ်ရပ်ကို ကိုင်တွယ်ပုံသည် ကျွန်ုပ်တို့ထင်သည့်အတိုင်း ဖြစ်ချင်မှဖြစ်မည်။ ရိုသေလေးစားခံရသောညီအစ်ကိုတစ်ဦး၏ အမူအကျင့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည့်အခါ ‘ခရစ်ယာန်တစ်ဦးဖြစ်ပြီး ဒီလိုလုပ်ရသလား’ ဟု ကျွန်ုပ်တို့တွေးမိကြပေမည်။ ဤသို့သောအခြေအနေမျိုး ရင်ဆိုင်နေကြရလျှင် အသင်းတော်မှနုတ်ထွက်ပြီး ယေဟောဝါအား မဝတ်ပြုတော့ဘဲနေမည်လော။ ကျွန်ုပ်တို့တွင် မေတ္တာရှိပါက ထိုသို့ပြုမည်မဟုတ်! မေတ္တာသည် ညီအစ်ကိုတစ်ဦး၏ ချွတ်ယွင်းချက်များကြောင့် ထိုသူထံ၌ဖြစ်စေ၊ အသင်းတော်တစ်ရပ်လုံး၌ဖြစ်စေ ကောင်းကွက်မမြင်နိုင်တော့သည့်အထိ မဖြစ်စေပါ။ ကျွန်ုပ်တို့တွင်ချစ်ခြင်းမေတ္တာရှိလျှင် အခြားမစုံလင်သူ လူသားတစ်ဦး အဘယ်အရာပင်ပြောဆိုလုပ်ကိုင်ပါစေ ဘုရားသခင်အား ဆက်လက်သစ္စာရှိပြီး အသင်းတော်ကို ထောက်ကူပေးနေမည်ဖြစ်သည်။—ဆာလံ ၁၁၉:၁၆၅။
မေတ္တာသည် အဘယ်အရာမဟုတ်
၁၅။ မနာလိုစိတ်ဟူသည်အဘယ်နည်း၊ ဤအဖျက်သဘောဆောင်သောစိတ်ထားကိုရှောင်ရန် မေတ္တာက ကျွန်ုပ်တို့ကို မည်သို့ကူညီပေးသနည်း။
၁၅ “မေတ္တာသည် . . . မနာလိုစိတ်မရှိ။” [သတင်းကောင်း] မနာလိုစိတ်က သူတစ်ပါးပိုင်ဆိုင်သည့်ပစ္စည်း၊ သူတို့၏ကောင်းချီး၊ သူတို့၏စွမ်းရည်တို့ကို ဝန်တိုလာစေနိုင်သည်။ ဤသို့သောမနာလိုဝန်တိုစိတ်သည် တစ်ကိုယ်ကောင်းဆန်၍ အဖျက်သဘောဆောင်သဖြင့် ၎င်းကိုမချုပ်တည်းပါက အသင်းတော်၏ငြိမ်သက်ခြင်းကို ဖြိုဖျက်ပစ်နိုင်သည်။ “ငြူစူစေချင်သောသဘော” ကို ခုခံတိုက်လှန်ရန် အဘယ်အရာက အကူအညီပေးမည်နည်း။ (ယာကုပ် ၄:၅) အဖြေကား မေတ္တာတည်း။ တန်ဖိုးရှိ ဤအရည်အသွေးက ဘဝတွင် ကျွန်ုပ်တို့ကိုယ်တိုင်၌မရှိသော အခွင့်အရေးအချို့ကို ရရှိထားသည့် အခြားသူများနှင့်အတူ ကျွန်ုပ်တို့အား ဝမ်းမြောက်စေသည်။ (ရောမ ၁၂:၁၅) ထူးခြားသောစွမ်းရည်တစ်ခုခုကြောင့်ဖြစ်စေ၊ ထူးချွန်သောအောင်မြင်မှုတစ်ခုခုကြောင့်ဖြစ်စေ တစ်ဦးတစ်ယောက် ချီးမွမ်းခံရသောအခါ မိမိအားထိုးနှက်မှုဟု မေတ္တာက ယူမှတ်စေမည်မဟုတ်ချေ။
၁၆။ ညီအစ်ကိုများကို ကျွန်ုပ်တို့အမှန်တကယ်ချစ်မည်ဆိုလျှင် ယေဟောဝါ၏အမှုတော်တွင် ကျွန်ုပ်တို့ပါဝင်ဆောင်ရွက်နေရာများအကြောင်း အဘယ်ကြောင့်ကြွားဝါမည်မဟုတ်သနည်း။
၁၆ “မေတ္တာသည် . . . ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။” မေတ္တာသည် ကျွန်ုပ်တို့၏အစွမ်းအစများ သို့မဟုတ် အောင်မြင်မှုများကို ကြွားလုံးထုတ်ခြင်းမှ ဟန့်တားပေးသည်။ ညီအစ်ကိုများကို ကျွန်ုပ်တို့အမှန်တကယ်ချစ်မည်ဆိုလျှင် ခရစ်ယာန်ဓမ္မအမှုတွင်ရရှိသော ကျွန်ုပ်တို့၏အောင်မြင်မှုများ၊ အသင်းတော်တွင်ရရှိသော အခွင့်အရေးများနှင့်ပတ်သက်၍ မည်သို့အမြဲတစေ ဝါကြွားနိုင်မည်နည်း။ ထိုသို့ဝါကြွားခြင်းသည် အခြားသူတို့ကို စိတ်အားလျော့စေနိုင်ပြီး နှိုင်းယှဉ်ခြင်းက ထိုသူတို့အား သိမ်ငယ်စိတ်ဝင်စေ၏။ မေတ္တာရှိလျှင် ကျွန်ုပ်တို့အား ဘုရားသခင်ပေးသည့်အခွင့်အရေးများနှင့်ပတ်သက်၍ ကြွားဝါမည်မဟုတ်။ (၁ ကောရိန္သု ၃:၅-၉) အမှန်မှာ မေတ္တာသည် “မာန်မာနမရှိ၊” ဘာသာပြန်ကျမ်းတစ်ခု ဖော်ပြသည့်အတိုင်း “မိမိ၏အရေးပါမှုကို အထင်အမြင်ကြီးစွာ အမြတ်တနိုးထား” မည်မဟုတ်။ မေတ္တာသည် ကိုယ့်ကိုယ်ကို အထင်ကြီးအမြင်ကြီးခြင်းမှ ကာကွယ်ပေးသည်။—ရောမ ၁၂:၃။
၁၇။ မေတ္တာသည် အခြားသူတို့အပေါ် အဘယ်ထောက်ထားစာနာမှုပြရန် လှုံ့ဆော်ပေးသနည်း၊ သို့ဖြင့် အဘယ်အမူအကျင့်မျိုးကို ကျွန်ုပ်တို့ ရှောင်ရှားမည်နည်း။
၁၇ “မေတ္တာသည် . . . မလျောက်ပတ်စွာမကျင့်တတ်။” မလျောက်ပတ်စွာကျင့်သူသည် လွန်စွာမတော်လျော်ပြုမူကျင့်ကြံသည်၊ သူတစ်ဖက်သားအား စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ဤသို့ပြုမူခြင်းသည် မေတ္တာမဲ့၏၊ အကြောင်းမှာ အခြားသူတို့၏ခံစားချက်များနှင့် အကျိုးကို လုံးဝမထောက်ထား၊ မစာနာကြောင်းတင်ပြသည်။ ယင်းနှင့်မတူ မေတ္တာသည် သနားကြင်နာ ရည်မွန်သဖြင့် အခြားသူတို့ကို ထောက်ထားစာနာမှုပြစေသည်။ မေတ္တာသည် အမူအကျင့်ကောင်းများ၊ ဘုရားရေးရာဆန်သောအပြုအမူများနှင့် ယုံကြည်သူချင်းတို့အား စာနာလေးစားမှုရှိစေသည်။ သို့ဖြင့် မေတ္တာသည် ခရစ်ယာန်ညီအစ်ကိုချင်းများကို အမှန်ပင် ထိတ်လန့်စေမည့်၊ ထိခိုက်နစ်နာစေမည့် ‘မတော်လျော်သောအပြုအမူ’ ကိုပြုမူစေမည်မဟုတ်ချေ။—ဧဖက် ၅:၃၊ ၄။
၁၈။ မေတ္တာရှိသူတစ်ဦးသည် အရာရာကို သူ့နည်းလမ်းအတိုင်းပြုလုပ်ရန် အဘယ်ကြောင့် မရမကတောင်းဆိုလိမ့်မည်မဟုတ်သနည်း။
၁၈ “မေတ္တာသည် . . . ကိုယ်အကျိုးကိုမရှာတတ်။” အခြားဘာသာပြန်ကျမ်းတစ်အုပ်က ဤသို့ဆိုသည်– “မေတ္တာသည် မိမိနည်းလမ်းအတိုင်းပြုလုပ်ရန် အတင်းအကျပ်တိုက်တွန်းမည်မဟုတ်။” မေတ္တာရှိသူတစ်ဦးသည် မိမိ၏ယူဆချက်များသာ အမြဲမှန်ကန်သည့်အလား အရာရာကို မိမိလမ်းစဉ်အတိုင်းပြုလုပ်ကြရန် မရမကတောင်းဆိုမည်မဟုတ်။ ရှုမြင်ချက်မတူသူတို့အပေါ် မိမိ၏စည်းရုံးသိမ်းသွင်းနိုင်စွမ်းကိုအသုံးပြု၍ သူတစ်ပါးကိုကြိုးဆွဲရန် ကြိုးစားမည်မဟုတ်ချေ။ ထိုသို့ခေါင်းမာခြင်းက မာနရှိကြောင်း ဖော်ပြပြီး သမ္မာကျမ်းစာအရ “မာနသည်ပျက်စီးခြင်းအရင် . . . ကျတတ်၏။” (သုတ္တံ ၁၆:၁၈) ညီအစ်ကိုတို့ကို ကျွန်ုပ်တို့အမှန်ပင်ချစ်မည်ဆိုလျှင် သူတို့၏ရှုမြင်ချက်များကို ကျွန်ုပ်တို့တန်ဖိုးထားလေးစားမည်၊ ဖြစ်နိုင်သည့်အခါတွင် အလျှော့ပေးလိုစိတ်ရှိကြောင်း ကျွန်ုပ်တို့တင်ပြကြပေလိမ့်မည်။ အလျှော့ပေးတတ်သည့်စိတ်ထားသည် “ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ” ဟူသော ပေါလု၏စကားနှင့် ကိုက်ညီပေသည်။—၁ ကောရိန္သု ၁၀:၂၄။
၁၉။ ကျွန်ုပ်တို့ကို အခြားသူတို့ကပြစ်မှားသောအခါ မေတ္တာသည် မည်သို့တုံ့ပြန်ရန် ကျွန်ုပ်တို့ကိုကူညီပေးသနည်း။
၁၉ “မေတ္တာသည် . . . ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟုမထင် [“ထိခိုက်မှုကို မှတ်မထား၊” ကဘ] တတ်။” မေတ္တာသည် အခြားသူတို့ ပြောဆိုပြုမူသည့်အရာကြောင့် အလွယ်တကူ အမျက်မထွက်တတ်ပါ။ မှန်ပါသည်၊ အခြားသူတို့က ကျွန်ုပ်တို့ကိုစော်ကားမော်ကားပြုလျှင် စိတ်ပျက်မိသည်မှာ သဘာဝပင်။ သို့သော် ဒေါသထွက်ထိုက်လျှင်ပင် မေတ္တာသည် အမျက်မပြေစေဘဲ မနေစေပါ။ (ဧဖက် ၄:၂၆၊ ၂၇) စိတ်နာကြည်းခဲ့ရသောစကားများ သို့မဟုတ် အပြုအမူများကို မမေ့ရလေအောင် စာရင်းစာအုပ်ထဲတွင် ပြုစုရေးသားထားသည့်အလား ကျွန်ုပ်တို့မှတ်တမ်းယူ ရေးချထားမည်မဟုတ်ချေ။ ထိုသို့ပြုမည့်အစား မေတ္တာသည် ကျွန်ုပ်တို့၏မေတ္တာရှင်ဘုရားသခင်ကို တုပရန် လှုံ့ဆော်ပေးပေလိမ့်မည်။ အခန်း ၂၆ တွင် ကျွန်ုပ်တို့ တွေ့ရှိခဲ့ရသည့်အတိုင်း ယေဟောဝါသည် ခွင့်လွှတ်ရန်အခြေခံအကြောင်းတရားရှိလျှင် ခွင့်လွှတ်တော်မူ၏။ ကျွန်ုပ်တို့ကို ကိုယ်တော်ခွင့်လွှတ်တော်မူသောအခါ ကိုယ်တော်သည် မမှတ်ထားတော့ချေ၊ ဆိုလိုသည်ကား အနာဂတ်တစ်ချိန်ချိန်တွင် ထိုအပြစ်များကိုပြန်ဖော်ရန် ကိုယ်တော်တေးမှတ်မထားချေ။ ယေဟောဝါသည် မိမိအား ထိခိုက်မှုကို မှတ်မထားသောကြောင့် ကျွန်ုပ်တို့ ကျေးဇူးတင်ရမည်မဟုတ်ပေလော။
၂၀။ ယုံကြည်သူချင်းတစ်ဦးသည် အပြစ်ကျူးလွန်မိ၍ အတိဒုက္ခကြုံနေရလျှင် ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။
၂၀ “မေတ္တာသည် . . . မတရားသောအမှု၌ဝမ်းမြောက်ခြင်းမရှိတတ်။” အခြားဘာသာပြန်ကျမ်းတစ်အုပ်တွင် ဤသို့ဖတ်ရသည်– “မေတ္တာသည် . . . သူတစ်ပါး အပြစ်ပြုမိသည့်အတွက် ကျိတ်၍နှစ်ထောင်းအားရခြင်းမရှိ။” မောဖက်ဘာသာပြန်ကျမ်းကမူ ဤသို့ဆိုသည်– “မေတ္တာသည် အခြားသူတို့အမှားပြုမိသောအခါ ဘယ်တော့မျှ ဝမ်းမြောက်ခြင်းမရှိ။” မေတ္တာသည် မဖြောင့်မတ်မှု၌ နှစ်ထောင်းအားရခြင်းမရှိချေ၊ သို့ဖြစ်၍ မည်သည့်အကျင့်ယိုယွင်းမှုကိုမဆို ကျွန်ုပ်တို့မမြင်ယောင်ဆောင်မည်မဟုတ်။ ယုံကြည်သူချင်းတစ်ဦးသည် အပြစ်သွေးဆောင်ရာသို့ လိုက်ပါသွားခဲ့ပြီး အတိဒုက္ခကြုံနေရလျှင် ကျွန်ုပ်တို့ မည်သို့တုံ့ပြန်မည်နည်း။ မေတ္တာက ‘ကောင်းတယ်! သူအဲ့ဒီလိုပဲခံထိုက်တယ်!’ ဟုအားရဝမ်းသာပြောဆိုရန် ခွင့်ပြုမည်မဟုတ်ချေ။ (သုတ္တံ ၁၇:၅) သို့သော် လမ်းမှားခဲ့သော ညီအစ်ကိုတစ်ဦးသည် ဝိညာဉ်ရေးကျဆင်းရာမှ ပြန်နာလန်ထူကာ အပြုသဘောပါပါ ပြန်ကြိုးစားနေသည်ဆိုလျှင် ကျွန်ုပ်တို့ ဝမ်းမြောက်ကြ၏။
“သာ၍မြတ်သောလမ်း”
၂၁-၂၃။ (က) “မေတ္တာသည် ထာဝစဉ်တည်၏” ဟုဆိုရာ၌ ပေါလု အဘယ်အရာကိုဆိုလိုသနည်း။ (ခ) နောက်ဆုံးအခန်းတွင် ကျွန်ုပ်တို့ အဘယ်အကြောင်းကို ဆင်ခြင်သုံးသပ်ကြမည်နည်း။
၂၁ “မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ် [“ထာဝစဉ်တည်၊” သတင်းကောင်း] ၏။” ထိုစကားများဖြင့် ပေါလုသည် အဘယ်အရာကိုဆိုလိုသနည်း။ ၎င်း၏ရှေ့နောက်စကားများတွင် တွေ့ရသည့်အတိုင်း သူသည် အစောပိုင်းခရစ်ယာန်များ၌ရှိခဲ့သော ဝိညာဉ်ဆုကျေးဇူးများကို ဆွေးနွေးနေခဲ့ခြင်းဖြစ်သည်။ ထိုဆုကျေးဇူးများက တည်ထောင်ခါစအသင်းတော်အပေါ် ဘုရားသခင်၏မျက်နှာသာတော်ရှိကြောင်း အမှတ်လက္ခဏာဖြစ်သည်။ သို့သော် ခရစ်ယာန်တိုင်း အနာရောဂါပျောက်ကင်းစေနိုင်သည်မဟုတ်၊ ပရောဖက်ပြုနိုင်သည်မဟုတ်၊ ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုနိုင်သည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ယင်းသည် အရေးမကြီးချေ; မည်သည့်နည်းဖြင့်မဆို ၎င်းအံ့ဖွယ်ဆုကျေးဇူးများသည် နောက်ဆုံးတွင် ရပ်စဲသွားရလိမ့်မည်။ သို့သော် အခြားတစ်စုံတစ်ခုမူ ကျန်ရှိနေမည်၊ ခရစ်ယာန်တိုင်း မွေးမြူနိုင်သည့်အရာဖြစ်သည်။ ၎င်းသည် အခြားမည်သည့် အံ့ဖွယ်ဆုကျေးဇူးထက်မဆို သာ၍ထူးခြားထင်ရှားပြီး သာ၍ကြံ့ကြံ့ခံနိုင်သည်။ အမှန်မှာ ပေါလုက ၎င်းကို “သာ၍မြတ်သောလမ်း” ဟူ၍ပင်ခေါ်ဆိုခဲ့၏။ (၁ ကောရိန္သု ၁၂:၃၁) ဤ “သာ၍မြတ်သောလမ်း” ကား အဘယ်နည်း။ ယင်းသည် မေတ္တာလမ်းစဉ်ပင်တည်း။
မေတ္တာသည် ညီအစ်ကိုများကို ယုံကြည်စိတ်ချကြောင်း ဖော်ပြစေ၏
၂၂ ပေါလုဖော်ပြခဲ့သော ခရစ်ယာန်မေတ္တာသည် “ထာဝစဉ်တည်” ရာ ဘယ်တော့မျှအဆုံးတိုင်မည်မဟုတ်ချေ။ ယနေ့ထိတိုင် ထိုကိုယ်ကျိုးစွန့်ညီအစ်ကိုချင်းမေတ္တာသည် ယေရှု၏စစ်မှန်သောခရစ်ယာန်များ၏ အမှတ်အသားဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူတို့၏ အသင်းတော်များတွင် ထိုသို့သောမေတ္တာကို ကျွန်ုပ်တို့ တွေ့မြင်နေကြရသည်မဟုတ်ပေလော။ အဆိုပါမေတ္တာသည် ထာဝစဉ်တည်လိမ့်မည်၊ အကြောင်းမှာ ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များအား ထာဝရအသက်ကို ကတိပြုထားသောကြောင့်ပင်။ (ဆာလံ ၃၇:၉-၁၁၊ ၂၉) ကျွန်ုပ်တို့သည် အတတ်နိုင်ဆုံး “မေတ္တာတရား၌ကျင်လည်” ရန်ဆက်လက်ကြိုးစားနိုင်ပါစေ။ ထိုသို့ပြုခြင်းဖြင့် ပေးကမ်းခြင်းမှရရှိသည့် သာ၍ကြီးမားသောပျော်ရွှင်မှုကို ကျွန်ုပ်တို့ ရရှိနိုင်၏။ ထိုမျှမက ကျွန်ုပ်တို့သည် မေတ္တာရှင် ယေဟောဝါဘုရားသခင်ကိုတုပပြီး ထာဝစဉ် ဆက်အသက်ရှင်သွားနိုင်ကာ ဆက်၍မေတ္တာပြသသွားနိုင်ကြ၏။
၂၃ မေတ္တာ၏အပိုင်းကဏ္ဍကို နိဂုံးချုပ်သည့် ဤအခန်းတွင် တစ်ဦးကိုတစ်ဦး မည်သို့မေတ္တာပြနိုင်ကြောင်း ကျွန်ုပ်တို့ ဆွေးနွေးတင်ပြခဲ့ပြီ။ သို့သော် ယေဟောဝါ၏မေတ္တာတော်အပြင် ကိုယ်တော်၏တန်ခိုးတော်၊ တရားမျှတမှုနှင့် ဉာဏ်ပညာတို့မှ ကျွန်ုပ်တို့အကျိုးများစွာခံစားနေရသည့်အတွက် ‘ယေဟောဝါကို တကယ်ချစ်ကြောင်း ငါဘယ်လိုပြသနိုင်မလဲ’ ဟူ၍မိမိကိုယ်ကိုမေးမြန်းသင့်သည်။ ထိုမေးခွန်းကို ကျွန်ုပ်တို့၏နောက်ဆုံးအခန်းတွင် ဆင်ခြင်သုံးသပ်ကြမည်။
a ခရစ်ယာန်မေတ္တာသည် အမှန်ပင်ယုံလွယ်လွန်းသည်မဟုတ်။ သမ္မာကျမ်းစာက ‘သင်တို့သည် သင်းခွဲခြင်း၊ မှားယွင်းခြင်းအကြောင်းကို ပြုတတ်သောသူတို့ကိုမှတ်၍ ရှောင်ကြလော့’ ဟုနှိုးဆော်ထားသည်။—ရောမ ၁၆:၁၇။