ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၀/၁၅ စာ. ၁၇-၂၂
  • ချစ်ခြင်းမေတ္တာ (အဂါးပေး)—အဘယ်အရာမဟုတ်၍ အဘယ်အရာဖြစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချစ်ခြင်းမေတ္တာ (အဂါးပေး)—အဘယ်အရာမဟုတ်၍ အဘယ်အရာဖြစ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချစ်ခြင်းမေတ္တာမဟုတ်သည့်အရာများ
  • ချစ်ခြင်းမေတ္တာမဟုတ်သော အခြားအရာများ
  • ချစ်ခြင်းမေတ္တာ ဖြစ်သောအရာများ
  • “မေတ္တာတရား၌ ကျင်လည်ကြလော့”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်ခံလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ချစ်ခြင်းမေတ္တာ​—အဖိုးတန် အရည်အသွေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • သင့်ကိုချစ်တော်မူသော ဘုရားသခင်အား ချစ်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၀/၁၅ စာ. ၁၇-၂၂

ချစ်ခြင်းမေတ္တာ (အဂါးပေး)—အဘယ်အရာမဟုတ်၍ အဘယ်အရာဖြစ်

“သင်တို့သည် . . . ညီရင်းအစ်ကိုသဘောထားကို ချစ်ခြင်းမေတ္တာဖြင့်လည်းကောင်း ထပ်လောင်းဖြည့်စွက်ပေး . . . ကြလော့။” —၂ ပေတရု ၁:၅၊ ၇၊ သက။

၁ (က) သမ္မာကျမ်းစာသည် အဘယ်အရည်အချင်းကို အထူးထင်ရှားစေသနည်း။ (ခ) အဘယ်ဂရိစကားလုံးလေးလုံးကို “ချစ်ခြင်းမေတ္တာ” ဟူ၍ အများအားဖြင့်ပြန်ဆိုပြီး ၁ ယောဟန် ၄:၈ တွင်ကိုးကားထားသည်ကား အဘယ်အမျိုးအစား ဖြစ်သနည်း။

ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာ၌ အထူးထင်ရှားစေသည့် အရည်အချင်း သို့မဟုတ် အကျင့်သီလတစ်ခုမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ ခရစ်ယာန်ကျမ်းစာစောင်များကို ဦးစွာရေးသားခဲ့သည့် မူရင်းဂရိစကားတွင် “ချစ်ခြင်း” ဟူ၍ ဘာသာပြန်ဆိုသည့်စကားလုံး လေးလုံးရှိပါသည်။ ယခုကျွန်ုပ်တို့သိလိုကြသည့် ချစ်ခြင်းမေတ္တာသည် (ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် မတွေ့ရသော) လိင်ဆိုင်ရာဆွဲဆောင်မှုပေါ်အခြေခံသည့် အီရော့စ်မဟုတ်; သွေးသားတော်စပ်မှုကို အခြေပြု၍ပေါ်လာသော ခံစားချက်ဖြစ်သည့် စတောဂျီလည်းမဟုတ်; အရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့် တစ်ဦးကိုတစ်ဦး ရိုသေလေးစားခြင်းကိုအခြေပြုသော ခင်မင်ရင်းနှီးမှုဖြစ်သည့် ဖီလီယာလည်း မဟုတ်ပါ။ ယင်းတို့အစား အဂါးပေး—ကိုယ်ကျိုးစွန့်မေတ္တာနှင့် ဆင်တူသည့် မူဝါဒကိုအခြေခံသောချစ်ခြင်း ဖြစ်၍ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏” ဟုတမန်တော်ယောဟန် ဖော်ပြခဲ့သောမေတ္တာဖြစ်သည်။—၁ ယောဟန် ၄:၈။

၂။ ချစ်ခြင်းမေတ္တာ (အဂါးပေး) အကြောင်း အဘယ်သို့ ကောင်းစွာပြောဆိုထားသနည်း။

၂ ဤချစ်ခြင်းမေတ္တာ (အဂါးပေး) အကြောင်း ပါမောက္ခဝီလျမ်ဘားကလေးက သူ၏ဓမ္မသစ်ကျမ်း စကားလုံးများတွင်ပြောထားသည်–“အဂါးပေးသည်စိတ်နှင့်ဆိုင်သည်–[ဖီလီယာနည်းတူ] ကျွန်ုပ်တို့နှလုံးထဲ အလိုအလျောက်ပေါ်လာတတ်သည့် စိတ်လှုပ်ရှားမှုမျိုးမျှမဟုတ်; ကျွန်ုပ်တို့တမင်ကျင့်ယူရသည့် မူဖြစ်ပါသည်။ အဂါးပေးသည် စိတ်ဓာတ်နှင့် အဓိကသက်ဆိုင်သည်။ ယင်းသည် အောင်နိုင်ခြင်း၊ အောင်ပွဲခံခြင်း၊ ဖြစ်ထွန်းမှုတစ်ရပ်ဖြစ်သည်။ မိမိရန်သူကို မည်သူမျှ အလိုအလျောက် ချစ်လိမ့်မည်မဟုတ်။ ရန်သူကိုချစ်ခြင်းသည် မိမိ၏ပင်ကိုစရိုက်၊ စိတ်လှုပ်ရှားမှုများကို အောင်နိုင်ခြင်းဖြစ်သည်။ ဤအဂါးပေး . . . သည် ချစ်စရာမကောင်း၍ ကိုယ်မနှစ်သက်သူများကို ချစ်နိုင်သည့်အစွမ်းရှိခြင်းဖြစ်သည်။”

၃။ ချစ်ခြင်းမေတ္တာကို ယေရှုခရစ်နှင့်ပေါလုတို့သည် မည်သို့အလေးအနက်ဖော်ပြသနည်း။

၃ မှန်ပေသည်။ ယေဟောဝါဘုရားသခင်၏ စစ်မှန်သောဝတ်ပြုရေးကို အခြားဝတ်ပြုမှုအားလုံးတို့နှင့် ခြားနားစေသည့်အရာများတွင် ဤသို့သောချစ်ခြင်းမေတ္တာကို အလေးအနက်ဖော်ပြခြင်းပါဝင်သည်။ အကြီးမြတ်ဆုံး အမိန့်တော်နှစ်ခု–“‘သင်၏ဘုရားသခင်ယေဟောဝါကို စိတ်နှလုံး၊ အသက်ဝိညာဉ်၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိအကြွင်းမဲ့ ချစ်လော့’ . . . ပထမပညတ် . . . မှတစ်ပါး ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’ ဟူသော ဒုတိယပညတ် . . . တို့ထက် သာ၍ကြီးမြတ်သောပညတ်မရှိ” ကြောင်း ယေရှုခရစ်မှန်ကန်စွာ မိန့်တော်မူခဲ့ပြီ။ (မာကု ၁၂:၂၉-၃၁၊ ကဘ) ၁ ကောရိန္သု အခန်းကြီး ၁၃ တွင် တမန်တော်ပေါလုသည် ချစ်ခြင်းမေတ္တာကို ထပ်တူအလေးအနက်ထားပါသည်။ ချစ်ခြင်းမေတ္တာသည် အဓိကမရှိမဖြစ်သော အရည်အချင်းဖြစ်ကြောင်း အလေးအနက်ဖော်ပြပြီးနောက် “ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါး တည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း” ဟူ၍နိဂုံးချုပ်ခဲ့သည်။ (၁ ကောရိန္သု ၁၃:၁၃) ချစ်ခြင်းမေတ္တာသည် ယေရှု၏တပည့်နောက်လိုက်များအား ခွဲခြားသိမြင်စေမည့်အမှတ်အသားဖြစ်လိမ့်မည်ဟု ကိုယ်တော်မှန်ကန်စွာ မိန့်တော်မူခဲ့ပြီ။—ယောဟန် ၁၃:၃၅။

ချစ်ခြင်းမေတ္တာမဟုတ်သည့်အရာများ

၄။ ၁ ကောရိန္သု ၁၃:၄-၈ တွင် ချစ်ခြင်းမေတ္တာနှင့်စပ်လျဉ်း၍ အဖျက်သဘောနှင့် အပြုသဘောဆိုင်ရာ အချက်မည်မျှကို ပေါလုတင်ပြထားသနည်း။

၄ ချစ်ခြင်းမေတ္တာသည် အဘယ်အရာဖြစ်သည်ထက် အဘယ်အရာမဟုတ်ကြောင်း တင်ပြခြင်းသည် ပိုလွယ်ကူသည့်အချက်ကို တင်ပြခဲ့ပြီ။ ယင်းသည် မှန်ပေသည်။ အကြောင်းမှာ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ တမန်တော်ပေါလုရေးခဲ့သည့် ၁ ကောရိန္သု ၁၃ အခန်းငယ် ၄ မှ ၈ (ကဘ) တွင် ချစ်ခြင်းမေတ္တာသည် အဘယ်အရာများမဟုတ်ကြောင်း ကိုးချက်နှင့် အဘယ်အရာများဖြစ်ကြောင်း ခုနစ်ချက် ဖော်ပြပါသည်။

၅။ “မနာလိုခြင်း” ကို မည်သို့အနက်ဖွင့်ဆိုထားပြီး ကျမ်းစာစောင်များတွင် ယင်းကို အပြုသဘောဖြင့် မည်သို့အသုံးပြုထားသနည်း။

၅ မေတ္တာသည် အဘယ်အရာမဟုတ်ကြောင်း ပေါလုပထမဦးဆုံးတင်ပြသည့်အချက်မှာ “မနာလိုခြင်းမရှိ” ဟူ၍ဖြစ်သည်။ ယင်းကို အနည်းငယ်ရှင်းပြရန်လိုသည်။ အကြောင်းမူကား၊ မနာလိုခြင်း၏အသွင်အပြင်တွင် အပြုသဘောနှင့် အပျက်သဘောပါဝင်သည်။ “မနာလိုခြင်း” ကို စွယ်စုံကျမ်းတစ်စောင်က “ယှဉ်ပြိုင်မခံခြင်း” နှင့် “အကြွင်းမဲ့စိတ်နှလုံးဖြင့် ဆည်းကပ်ဝတ်ပြုခြင်းကို ကြပ်တည်းစွာပြုစေလို” သည်ဟူ၍ အဓိပ္ပာယ်ဖွင့်ထားပါသည်။ ယင်းကြောင့် ထွက်မြောက်ရာ ၃၄:၁၄ (ကဘ) တွင် “ဝန်တိုအမည်ရှိတော်မူသော ယေဟောဝါသည် ဝန်တိုသောဘုရား ဖြစ်တော်မူသောကြောင့် အခြားသောဘုရားကို သင်သည် ပျပ်ဝပ်ကိုးကွယ်ခြင်း မပြုရ” ဟုမောရှေဆိုသည်။ ထွက်မြောက်ရာ ၂၀:၅ (ကဘ) တွင်ယေဟောဝါက “သင်၏ဘုရားသခင် ငါယေဟောဝါသည် အကြွင်းမဲ့စိတ်နှလုံးဖြင့် ဆည်းကပ်ဝတ်ပြုခြင်းကို ကြပ်တည်းစွာပြုစေလိုသောဘုရားဖြစ်၏” ဟုမိန့်တော်မူသည်။ ထပ်တူသဘောမျိုးဖြင့် တမန်တော်ပေါလုက “ဘုရားရေးရာ ဝန်တိုစိတ်ဖြင့် သင်တို့ကို ငါဝန်တိုသည်” ဟုရေးသားခဲ့ခြင်းဖြစ်သည်။—၂ ကောရိန္သု ၁၁:၂၊ ကဘ။

၆။ အဘယ်ကျမ်းစာဆိုင်ရာဥပမာများက ချစ်ခြင်းမေတ္တာသည် အဘယ်ကြောင့် “ဝန်မတို” ကြောင်း တင်ပြသနည်း။

၆ သို့ရာတွင် အများအားဖြင့်ဆိုလျှင် “ဝန်တိုခြင်း” သည် မကောင်းသောအဓိပ္ပာယ်သက်ရောက်သည့်အတွက် ယင်းကို ဂလာတိ ၅:၂၀ ပါဇာတိပကတိအကျင့်တို့အဝင် ထည့်ထားပါသည်။ မှန်ပေသည်။ ဤကဲ့သို့သောဝန်တိုခြင်းသည် အတ္တဆန်၍ မုန်းတီးခြင်းကို ဖြစ်ပွားစေရာ မုန်တီးခြင်းသည် ချစ်ခြင်းနှင့် ဆန့်ကျင်ပါသည်။ ဝန်တိုခြင်းကြောင့် ကာဣနသည် အာဗေလကိုသတ်ပစ်သည်အထိ မုန်းခဲ့၍ ယောသပ်၏ ဖတူမိကွဲအစ်ကိုဆယ်ယောက်တို့သည် သူ့အားရှင်းပစ်လိုသည့်တိုင် မုန်းတီးစေခဲ့သည်။ အာဟပ်မင်းသည် နာဗုတ်၏စပျစ်ဥယျာဉ်ကို မနာလိုဝန်တိုသကဲ့သို့ ချစ်ခြင်းမေတ္တာသည် သူတစ်ပါး၏စည်းစိမ်ဥစ္စာ သို့မဟုတ် အခွင့်အရေးများကို မနာလိုဝန်တိုခြင်းမရှိပါ။—၃ ဓမ္မရာဇဝင် ၂၁:၁-၁၉။

၇။ (က) ဝါကြွားခြင်းကို ယေဟောဝါနှစ်မြို့တော်မမူကြောင်း အဘယ်အဖြစ်အပျက်က တင်ပြသနည်း။ (ခ) ချစ်ခြင်းမေတ္တာသည် ဆင်ခြင်မှုကင်းမဲ့သည်ထိ အဘယ်ကြောင့် မဝါကြွားသနည်း။

၇ ထပ်ဆင့်၍ ပေါလုက ချစ်ခြင်းမေတ္တာသည် “ဝါကြွားခြင်းမရှိ” ဟုပြောသည်။ ဝါကြွားခြင်းသည် ချစ်ခြင်းမေတ္တာကင်းမဲ့ကြောင်း ဖော်ပြပါသည်။ အကြောင်းမူကား ဝါကြွားခြင်းသည် သူတစ်ပါးထက် မိမိကိုယ်ကို အဆင့်မြင့်စေပါသည်။ နေဗုခဒ်နေဇာမင်းကြီးသည် ဝါကြွားခဲ့သောအခါ သူ့အား ယေဟောဝါနှိမ့်ချခဲ့ပုံကိုထောက်၍ ကိုယ်တော်သည် ဝါကြွားသူများကို နှစ်သက်တော်မမူကြောင်း ဖော်ပြတော်မူသည်။ (ဒံယေလ ၄:၃၀-၃၅) မိမိ၏အောင်မြင်မှုများ သို့မဟုတ် ပိုင်ဆိုင်ရာတို့ကို အားရနှစ်သက်မှုပိုလွန်းသည့်အတွက် ဆင်ခြင်မှုကင်းမဲ့စွာ ဝါကြွားတတ်ကြသည်။ အချို့သူတို့သည် ခရစ်ယာန်ဓမ္မအမှုတွင် မိမိတို့၏အောင်မြင်မှုကို ဝါကြွားတတ်ကြသည်။ အခြားသူများမူကား ဒေါ်လာ ၅၀,၀၀၀ တန်ကားသစ်တစ်စီး ဝယ်လိုက်ကြောင်းကို မိတ်ဆွေတို့အား ဖုန်းဆက်၍ပြောကိုပြောခဲ့သည့် အကြီးအကဲတစ်ဦးနှင့်တူနေပေမည်။ ယင်းသို့ပြုမူခြင်းတို့သည် မေတ္တာမဲ့သည်။ အကြောင်းမူကား လူကြွား၏စကားကို နားထောင်နေသူတို့ထက် သူ့အား သာစေသည့်အတွက် ဖြစ်ပါသည်။

၈။ (က) မာန်မာနရှိသူများကို ယေဟောဝါမည်သို့သဘောထားသနည်း။ (ခ) ချစ်ခြင်းမေတ္တာသည် အဘယ်ကြောင့် ထိုသို့မပြုသနည်း။

၈ ထိုနောက် ချစ်ခြင်းမေတ္တာသည် “မာန်မာနမရှိ” ဟုဆိုထားသည်။ မာန်မာနရှိသူ သို့မဟုတ် ထောင်လွှားစော်ကားသူသည် မေတ္တာကင်းမဲ့စွာ သူတစ်ပါးထက် မိမိကိုယ်ကို ချီးမြှင့်တတ်သည်။ ဤကဲ့သို့သောစိတ်နေသဘောထားသည် အမှန်ပင်ပညာမဲ့သည်။ အကြောင်းမူကား “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။” (ယာကုပ် ၄:၆) ချစ်ခြင်းမေတ္တာသည် ယင်းလမ်းစဉ်နှင့် ဆန့်ကျင်ပြီး အခြားသူတို့အား ကိုယ်ထက်သာသည်ဟု ယူမှတ်တတ်သည်။ ဖိလိပ္ပိ ၂:၂၊ ၃ တွင်ပေါလုက “သင်တို့သည် အချင်းချင်းချစ်ကြ၍ စိတ်မကွဲပြားဘဲ တစ်လုံးတစ်ဝတည်း ကြံစည်ခြင်းနှင့်တကွ သဘောတညီတညွတ်တည်းရှိသောအားဖြင့် ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့။ ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့” ဟုရေးသားခဲ့သည်။ ဤစိတ်နေသဘောထားက သူတစ်ပါးအား သက်သောင့်သက်သာ ရှိစေသည်။ ထောင်လွှားစော်ကားသောသူမူကား ပြိုင်ဆိုင်သည့်အတွက် သူတစ်ပါးအား စိတ်ကသိကအောက်ဖြစ်စေသည်။

၉။ ချစ်ခြင်းမေတ္တာသည် အဘယ်ကြောင့် မလျောက်ပတ်စွာမကျင့်သနည်း။

၉ ချစ်ခြင်းမေတ္တာသည် “မလျောက်ပတ်စွာ မကျင့်တတ်” ဟုပေါလု ထပ်မံပြောဆိုသေးသည်။ အဘိဓာန်က “မလျောက်ပတ်” ကို “အလွန်မတော်လျော်သော သို့မဟုတ် အမူအကျင့် သို့မဟုတ် အကျင့်သီလကောင်းကို စော်ကားခြင်း” ဟုအနက်ဖွင့်သည်။ မလျောက်ပတ်စွာ (မေတ္တာကင်းမဲ့စွာ) ကျင့်သူသည် သူတစ်ပါး၏ခံစားချက်များကို ဥပေက္ခာပြုသည်။ ဘာသာပြန်ကျမ်းများစွာက ဂရိစကားလုံးကို “ရိုင်းပျသည်” ဟုပြန်ဆိုသည်။ ဤကဲ့သို့သောသူသည် လျောက်ပတ်၍ချေငံသည်ဟု သတ်မှတ်ထားရာကို မထီမဲ့မြင်ပြုပါသည်။ သူတစ်ပါးကို ထောက်ထားညှာတာတတ်သူသည် ရိုင်းပျသည့်၊ သို့မဟုတ် မလျောက်ပတ်၍ မနှစ်မြို့ဖွယ်ဖြစ်ရုံမက စိတ်ထိခိုက်စေမည့် အရာအားလုံးကို ရှောင်ကြဉ်မည်မှာသေချာပါသည်။

ချစ်ခြင်းမေတ္တာမဟုတ်သော အခြားအရာများ

၁၀။ ချစ်ခြင်းမေတ္တာသည် အဘယ်နည်းဖြင့် ကိုယ်အကျိုးကိုမရှာသနည်း။

၁၀ ကိုယ့်အကျိုးနှင့် သူတစ်ပါးအကျိုး ရွေးချယ်စရာအကြောင်း ပေါ်လာလျှင် ချစ်ခြင်းမေတ္တာသည် “ကိုယ်အကျိုးကိုမရှာတတ်” ဟူ၍ ထပ်ဆင့်ဖော်ပြသည်။ အခြားတစ်နေရာတွင် တမန်တော်က “ကိုယ်အသားကို မုန်းသောသူ တစ်ယောက်မျှ မရှိ။ . . . မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏” ဟုဆိုသည်။ (ဧဖက် ၅:၂၉) သို့သော် သူတစ်ပါးအကျိုးနှင့် မိမိ၏အကျိုး ယှဉ်ပြိုင်လာလျှင် မည်သည့်ကျမ်းစာမူမျှ မပတ်သက်သည့်အခါ လောတနှင့် အာဗြဟံ ဆက်ဆံခဲ့သကဲ့သို့ အခြားသူအား မေတ္တာရှိရှိ အရင်ရွေးချယ်ခွင့်ပေးသင့်သည်။—ကမ္ဘာဦး ၁၃:၈-၁၁။

၁၁။ ချစ်ခြင်းမေတ္တာသည် ဒေါသအမျက်မထွက်တတ် အဓိပ္ပာယ်ကား အဘယ်နည်း။

၁၁ ချစ်ခြင်းမေတ္တာသည် ချက်ချင်း စိတ်ထိခိုက်တတ်သည် မဟုတ်ပါ။ ယင်းကြောင့် ပေါလုက ချစ်ခြင်းမေတ္တာသည် “ဒေါသအမျက် မထွက်တတ်” ဟုဆိုသည်။ အထိမခံ ရွှေပန်းကန်မဟုတ်ပါ။ ချုပ်တည်းခြင်းကို ကျင့်သုံးပါသည်။ အထူးသဖြင့် လင်မယားတို့သည် စိတ်တိုစွာဖြင့် တစ်ဦးကိုတစ်ဦး အော်ဟစ်ငေါက်ငေါ်ခြင်းကို ရှောင်ကြဉ်ခြင်းအားဖြင့် ဤသြဝါဒကို နှလုံးပိုက်ကျုံးသင့်သည်။ လွယ်ကူစွာ အမျက်ထွက်နိုင်သည့် အခြေအနေများရှိသည့်အတွက် တိမောသေအား ပေါလု ဩဝါဒပေးရန်လိုခဲ့ခြင်းဖြစ်သည်–“သခင်ဘုရား၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ၊ ဆုံးမသြဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူ ဖြစ်ရမည်”—မှန်သည်၊ ဒေါသအမျက်မထွက်တတ်—“ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။” —၂ တိမောသေ ၂:၂၄၊ ၂၅။

၁၂။ (က) ချစ်ခြင်းမေတ္တာသည် အဘယ်နည်းဖြင့် နစ်နာမှုကိုအရေးမယူတတ်သနည်း။ (ခ) နစ်နာမှုကိုအရေးယူခြင်းသည် အဘယ်ကြောင့် ပညာမဲ့သနည်း။

၁၂ ချစ်ခြင်းမေတ္တာ မဟုတ်သည့်အရာများအကြောင်းကို ဆက်လက်တင်ပြရာတွင် ပေါလုက “မေတ္တာသည် . . . နစ်နာမှုကိုအရေးမယူတတ်” ဟုဆုံးမပါသည်။ ဤသို့ဆိုသဖြင့် မေတ္တာသည် နစ်နာမှုကို သတိမပြုတတ်ဟု ဆိုလိုနေခြင်းမဟုတ်။ ကျွန်ုပ်တို့သည် ကြီးလေးသောနစ်နာမှုခံရလျှင် မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ယေရှုတင်ပြတော်မူခဲ့သည်။ (မဿဲ ၁၈:၁၅-၁၇) သို့သော် ချစ်ခြင်းမေတ္တာသည် ဆက်၍စိတ်နာကြည်းပြီး မှတ်ထားတေးထားရန် ခွင့်မပြုပါ။ နစ်နာမှုကို အရေးမယူခြင်း မည်သည်ကား ခွင့်လွှတ်၍ ကျမ်းစာနည်းအရ ကိုင်တွယ်ဖြေရှင်းပြီးသည်နှင့် ယင်းကိစ္စကို မေ့ပျောက်လိုက်ရန်ဖြစ်သည်။ မှန်ပါသည်။ ပြစ်မှားမှုကို ထပ်ခါတလဲ ပြန်တွေးတော၍ နစ်နာမှုကို တေးထားခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ထိုးနှက်နှိပ်စက်ပြီး စိတ်အဆင်းရဲ မခံစေပါနှင့်!

၁၃။ မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိ အဓိပ္ပာယ်ကား အဘယ်နည်း။ ချစ်ခြင်းမေတ္တာသည် အဘယ်ကြောင့် ထိုသို့မပြုသနည်း။

၁၃ ထိုထက်ကား ချစ်ခြင်းမေတ္တာသည် “မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်” ဟူ၍ မှာကြားထားပါသည်။ အဓမ္မမှုနှင့် အပြာဆိုင်ရာစာပေ၊ ရုပ်ရှင်နှင့် တီဗွီအစီအစဉ်များကို လူကြိုက်များခြင်းကိုထောက်၍ ဤလောကသည် မတရားမှု၌ ဝမ်းမြောက်တတ်ကြောင်း ထင်ရှားသည်။ ဘုရားသခင်၏ဖြောင့်မတ်သောမူများကိုလည်းကောင်း၊ သူတစ်ပါး၏အကျိုးကိုလည်းကောင်း ငဲ့ကွက်မှုမရှိသည့်အတွက် ဤသို့ဝမ်းမြောက်ခြင်းသည် အတ္တဆန်ပါသည်။ ဤသို့အတ္တဆန်ဆန် ဝမ်းမြောက်ခြင်းရှိရှိသမျှသည် ဇာတိပကတိ၌ မျိုးကြဲခြင်းဖြစ်၍ အချိန်တန်လျှင် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။—ဂလာတိ ၆:၈။

၁၄။ ချစ်ခြင်းမေတ္တာသည် ဖောက်ပြန်ခြင်းနှင့်ကင်းလွတ်သည်ဟု အဘယ်ကြောင့် စိတ်ချစွာပြောနိုင်သနည်း။

၁၄ နောက်ဆုံးအနေနှင့် ချစ်ခြင်းမေတ္တာမပြုတတ်သည်ကား “မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်” သည်ဖြစ်၏။ ချစ်ခြင်းမေတ္တာသည် ဖောက်ပြန်ခြင်း၊ ပျောက်ကွယ်ခြင်းနှင့် ကင်းလွတ်ရသည့်အကြောင်းတစ်ခုမှာ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သောကြောင့်လည်းကောင်း၊ “ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော” ဘုရင် ဖြစ်သောကြောင့်လည်းကောင်း ဖြစ်သတည်း။ (၁ တိမောသေ ၁:၁၇) ကျွန်ုပ်တို့အပေါ် ယေဟောဝါ၏မေတ္တာတော်သည် ဘယ်တော့မျှဖောက်ပြန်မည်မဟုတ်ကြောင်း ရောမ ၈:၃၈၊ ၃၉ က အာမခံပါသည်–“သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည် ငါတို့သခင် ယေရှုခရစ်အားဖြင့် ခံရသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်။” ထို့အပြင် ချစ်ခြင်းမေတ္တာသည် လိုလျက်နေသည်မရှိသောကြောင့် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်ပါသည်။ ချစ်ခြင်းမေတ္တာသည် မည်သည့်အချိန်အခါ၊ မည်သည့်စိန်ခေါ်ချက်ကိုမဆို ရင်ဆိုင်နိုင်ပါသည်။

ချစ်ခြင်းမေတ္တာ ဖြစ်သောအရာများ

၁၅။ ချစ်ခြင်းမေတ္တာ၏ အပြုသဘောပါအရည်အသွေးများတွင် စိတ်ရှည်ခြင်းကို ပေါလုအဘယ်ကြောင့် ဦးဆုံးဖော်ပြသနည်း။

၁၅ ယခု ချစ်ခြင်းမေတ္တာဖြစ်သော အရာများကို အပြုသဘောအရ တင်ပြရာတွင် ပေါလုက “မေတ္တာသည် စိတ်ရှည်တတ်၏” ဟူ၍ စတင်ဖော်ပြသည်။ တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းဖြစ်သည့် စိတ်ရှည်ခြင်းမရှိလျှင် ခရစ်ယာန်ပေါင်းသင်းမှုကဲ့သို့သောအရာ မရှိနိုင်ဟူ၍ ဆိုခဲ့ဖူးပြီ။ ဤသို့ဖြစ်ရခြင်းမှာ မစုံလင်သော ကျွန်ုပ်တို့အားလုံးတို့၏ မစုံလင်မှုများနှင့် ချို့ယွင်းချက်တို့သည် သူတစ်ပါးကိုစုံစမ်းစရာ ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် အဘယ်အရာဖြစ်ခြင်းကိုတင်ပြရာတွင် ဤအချက်ကို တမန်တော်ပေါလု ရှေးဦးစွာဖော်ပြထားခြင်းသည်မှာအံဩစရာမဟုတ်ပေ!

၁၆။ အဘယ်နည်းများဖြင့် မိသားစုအဝင်ဖြစ်သူတို့သည် တစ်ဦးကိုတစ်ဦး ကြင်နာမှုပြနိုင်သနည်း။

၁၆ ချစ်ခြင်းမေတ္တာသည် “ကျေးဇူးပြု [ကြင်နာ၊ ကဘ] တတ်သည်” ဟူ၍လည်း ပေါလုတင်ပြပါသည်။ ဆိုလိုသည်ကား ချစ်ခြင်းမေတ္တာသည် အခြားသူများကို အကူအညီပေးတတ်သည်၊ အမြော်အမြင်ရှိသည်၊ ထောက်ထားစာနာတတ်သည်။ ကြင်နာမှုသည် ကိစ္စကြီးကြီးငယ်ငယ်တို့တွင် ထင်ရှားပါသည်။ ကိုယ်နှင့်စပ်ဆိုင်သောစိတ်ရှိ ရှမာရိအမျိုးသားသည် ဓားပြများတိုက်ခိုက်ခြင်း ခံခဲ့ရသူကို အမှန်ကြင်နာမှုပြခဲ့ပါသည်။ (လုကာ ၁၀:၃၀-၃၇) ချစ်ခြင်းမေတ္တာသည် “ကျေးဇူးပြု၍” ဟုပြောဆိုရန် ဝန်မလေးပါ။ “မုန့်ကမ်းလိုက်ပါ” ဟုပြောခြင်းသည် အမိန့်ပေးခြင်းဖြစ်သည်။ ထိုစကားအရှေ့ “ကျေးဇူးပြု၍” ဟုဆိုခြင်းဖြင့် တောင်းဆိုချက်ဖြစ်စေသည်။ ၁ ပေတရု ၃:၇ တွင် “ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ အသက်ရှင်ခြင်းကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသောသူချင်းကဲ့သို့ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူကို ပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစု” ပါဟူသော ဩဝါဒကို ဂရုပြုချိန်၌ လင်ယောက်ျားများသည် ဇနီးများကို ကြင်နာနေပါသည်။ ဇနီးများသည် မိမိလင်ယောက်ျားများကို “အလွန်ရိုသေ” သောအခါ သူတို့အား ကြင်နာနေပါသည်။ (ဧဖက် ၅:၃၃၊ ကဘ) “အဘတို့ ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ကိုမွေးမြူကြလော့” ဟုဧဖက် ၆:၄ တွင်ဆုံးမထားသည့်အတိုင်း ဖခင်များ လိုက်လျှောက်သောအခါ သားသမီးများကို ကြင်နာနေပါသည်။

၁၇။ ချစ်ခြင်းမေတ္တာသည် အဘယ်နည်းနှစ်မျိုးဖြင့် သမ္မာတရား၌ ဝမ်းမြောက်သနည်း။

၁၇ ချစ်ခြင်းမေတ္တာသည် မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိဘဲ “သမ္မာတရား၌ ဝမ်းမြောက်တတ်၏။” ချစ်ခြင်းမေတ္တာနှင့်သမ္မာတရားသည် ယှဉ်တွဲနေသည်—ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသည် တစ်ကြိမ်တည်းတွင်လည်း ကိုယ်တော်သည် “သမ္မာတရား၏ဘုရား” ဖြစ်တော်မူ၏။ (ဆာလံ ၃၁:၅၊ ကဘ) သမ္မာတရားအနိုင်ယူ၍ မုသာကို ဖော်ထုတ်သည့်အခါ ချစ်ခြင်းမေတ္တာသည် ဝမ်းမြောက်၏; ယနေ့ ယေဟောဝါအားကိုးကွယ်သူအရေအတွက် အကြီးအကျယ်တိုးများနေရခြင်းတွင် ယင်းသည် အကြောင်းတစ်ခုဖြစ်ပါသည်။ သို့ရာတွင် သမ္မာတရားသည် မတရားသောအမှုနှင့် ဆန့်ကျင်သည့်အတွက် ချစ်ခြင်းမေတ္တာသည် တရားသောအမှု၌ ဝမ်းမြောက်သည်ဟူ၍လည်း ဖော်ပြနိုင်ပေမည်။ မဟာဗာဗုလုန် ပြိုလဲပျက်စီးချိန်တွင် ယေဟောဝါအားကိုးကွယ်သူများသည် ဝမ်းမြောက်ရွှင်လန်းကြရန် မိန့်မှာခံခဲ့ရသကဲ့သို့ ချစ်ခြင်းမေတ္တာသည် ဖြောင့်မတ်ခြင်းတရား အောင်ပွဲခံရာ၌ ဝမ်းမြောက်တတ်သည်။—ဗျာဒိတ် ၁၈:၂၀။

၁၈။ ချစ်ခြင်းမေတ္တာသည် အဘယ်သဘောဖြင့် ခပ်သိမ်းသောအရာကို ဖုံးအုပ်သနည်း။

၁၈ ချစ်ခြင်းမေတ္တာသည် “ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏” ဟူ၍လည်း ပေါလုပြောပါသေးသည်။ နိုင်ငံတော်ကြားညှပ် တင်ပြသကဲ့သို့ ချစ်ခြင်းမေတ္တာသည် အရာခပ်သိမ်းကို ဖုံးအုပ်တတ်သည့်သဘောရှိသည်။ လူဆိုးပြုလေ့ရှိသည်နည်းတူ ညီအစ်ကိုတစ်ဦးကို “အပြစ်တင်” မည်မဟုတ်။ (ဆာလံ ၅၀:၂၀၊ သမ; သု. ၁၀:၁၂; ၁၇:၉) မှန်ပေသည်။ ဤသဘောတရားမှာ “ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏” ဟူ၍ဆိုသော ၁ ပေတရု ၄:၈ နှင့်ကိုက်ညီပါသည်။ သို့သော် သစ္စာရှိခြင်းသည် ယေဟောဝါကိုလည်းကောင်း၊ ခရစ်ယာန်အသင်းတော်ကိုလည်းကောင်း ကြီးမားသောပြစ်မှားခြင်းကိုကား ဖုံးအုပ်ထားမည်မဟုတ်ပါ။

၁၉။ ချစ်ခြင်းမေတ္တာသည် အဘယ်နည်းဖြင့် ခပ်သိမ်းသောအရာကို ယုံတတ်သနည်း။

၁၉ ချစ်ခြင်းမေတ္တာသည် “ခပ်သိမ်းသောအရာကို ယုံတတ်၏။” ချစ်ခြင်းမေတ္တာသည် အပြုသဘောပါသည်။ အဖျက်သဘောမရှိပါ။ ယင်းကြောင့် ချစ်ခြင်းမေတ္တာသည် ယုံလွယ်သည်ဟု ဆိုလိုသည်မဟုတ်။ စိတ်လှုပ်ရှားမှုဖြစ်စေသောစကားများကို ချက်ချင်းမယုံတတ်ပါ။ သို့သော် ဘုရားသခင်ကိုယုံကြည်သူတစ်ဦးဖြစ်ရန် ယုံကြည်လိုစိတ် ရှိရမည်။ ထိုကြောင့် ချစ်ခြင်းမေတ္တာသည် မယုံသင်္ကာမဖြစ်၊ မတော်လျော်သော အပြစ်ရှာခြင်းမရှိပါ။ ဘုရားမရှိဟု ဘူးခံတတ်သော ဘုရားမဲ့ဝါဒီကဲ့သို့ မယုံနိုင်ပါဟူ၍ ငြင်းဆန်မနေ။ ကျွန်ုပ်တို့ဘယ်ကလာသည်၊ ဘာကြောင့် ဤတွင် ရှိနေသည်၊ နောင်တွင် ဘာဖြစ်မည်ကို မသိနိုင်ဟု အခိုင်အမာဆိုသူ မသိဝါဒီတစ်ဦးနည်းတူလည်း မဟုတ်ပါ။ ယင်းအကြောင်းအရာများနှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့ကို စိတ်ချယုံကြည်စေသည်။ ချစ်ခြင်းမေတ္တာသည် ယုံကြည်စိတ်ချတတ်၍ အလွန်အမင်းမသင်္ကာဖြစ်တတ်သည် မဟုတ်သောကြောင့် ယုံကြည်ရန် အသင့်ရှိပါသည်။

၂၀။ ချစ်ခြင်းမေတ္တာသည် မျှော်လင့်ခြင်းနှင့် မည်သို့ဆက်စပ်နေသနည်း။

၂၀ ချစ်ခြင်းမေတ္တာသည် “ခပ်သိမ်းသောအရာကို မျှော်လင့်တတ်” ကြောင်း တမန်တော်ပေါလု ထပ်ဆင့်အာမခံသည်။ ချစ်ခြင်းမေတ္တာသည် အဖျက်သဘောမရှိ အပြုသဘောပါသောကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ကတိထားတော်မူသမျှကို အခိုင်အမာမျှော်လင့်စွဲလမ်းတတ်သည်။ “လယ်ထွန်းသောသူသည် မျှော်လင့်လျက် ထွန်စေခြင်းငှာလည်းကောင်း၊ မျှော်လင့်လျက် စပါးနင်းနယ်သောသူသည် မျှော်လင့်သည်အတိုင်း ရ” သင့်သည်ဟု ကျွန်ုပ်တို့အားပြောဆိုထားပါသည်။ (၁ ကောရိန္သု ၉:၁၀) ချစ်ခြင်းမေတ္တာသည် ယုံကြည်စိတ်ချတတ်သည်နည်းတူပင် မျှော်လင့်တတ်၏။ အကောင်းဆုံးဖြစ်လာလိမ့်မည်ဟု အမြဲမျှော်လင့်နေပါသည်။

၂၁။ ချစ်ခြင်းမေတ္တာသည် သည်းခံနိုင်ကြောင်း အဘယ်ကျမ်းဆိုင်ရာအာမခံချက် ရှိသနည်း။

၂၁ နောက်ဆုံးအနေနှင့် ချစ်ခြင်းမေတ္တာသည် “ခပ်သိမ်းသောအရာကို သည်းခံတတ်၏” ဟူ၍စိတ်ချစေသည်။ ၁ ကောရိန္သု ၁၀:၁၃ တွင် “လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်” ဟုတမန်တော်ပေါလု ပြောထားသည့်အတွက် ထိုသို့ပြုနိုင်ခြင်းဖြစ်သည်။ ဟေဗြဲ ၁၂:၂၊ ၃ တွင် ကျွန်ုပ်တို့ သတိပေးခံရသည့်အတိုင်း ခံနိုင်ရည်ရှိသူတို့တွင် အဓိကပုံသက်သေ ယေရှုခရစ်နှင့်တကွ ကျမ်းစာပါ ဘုရားသခင့်ကျေးကျွန်မြောက်မြားစွာတို့ကို ကြည့်မျှော်ကြရန် ချစ်ခြင်းမေတ္တာက တိုက်တွန်းပါလိမ့်မည်။

၂၂။ ဘုရားသခင်၏သားသမီးများအနေနှင့် အဘယ်ထူးခြားသာလွန်သည့်အရည်အချင်းကို တင်ပြနေရန် ကျွန်ုပ်တို့အမြဲဂရုစိုက်သင့်သနည်း။

၂၂ ချစ်ခြင်းမေတ္တာ (အဂါးပေး) သည် အဘယ်အရာမဟုတ်၍ အဘယ်အရာဖြစ်သည့် နှစ်မျိုးနှစ်တန်စလုံးအတိုင်း ယေဟောဝါခရစ်ယာန်သက်သေများအနေနှင့် အဓိကမွေးမြူရမည့် အရည်အချင်း အမှန်ဖြစ်ပါသည်။ ဘုရားသခင့်သားသမီးများအနေနှင့် ဘုရားသခင့်ဝိညာဉ်တော်ဆိုင်ရာ ဤအသီးကိုသီးပွင့်နိုင်ရန် အမြဲကြိုးစားကြစို့လေ။ ယင်းသို့ပြုခြင်းသည် ဘုရားသခင်နှင့်တူပေသည်။ အကြောင်းမူကား “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။”

သင်မှတ်မိသလော

◻ ယေရှုခရစ်နှင့်ပေါလုတို့သည် ချစ်ခြင်းမေတ္တာ၏ ထူးခြားသာလွန်မှုကို မည်သို့တင်ပြခဲ့သနည်း။

◻ အဘယ်သဘောမျိုးဖြင့် ချစ်ခြင်းမေတ္တာသည် မနာလိုခြင်း မရှိသနည်း။

◻ ချစ်ခြင်းမေတ္တာသည် မည်သို့ ‘ခပ်သိမ်းသောအရာကို ဖုံးအုပ်’ သနည်း။

◻ ချစ်ခြင်းမေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။

◻ ချစ်ခြင်းမေတ္တာသည် အဘယ်နည်းနှစ်မျိုးဖြင့် သမ္မာတရား၌ ဝမ်းမြောက်သနည်း။

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်]

ချစ်ခြင်းမေတ္တာ (အဂါးပေး)

အဘယ်အရာမဟုတ် အဘယ်အရာဖြစ်

၁။ မနာလိုခြင်း ၁။ စိတ်ရှည်ခြင်း

၂။ ဝါကြွားခြင်းမရှိ ၂။ ကြင်နာခြင်း

၃။ မာန်မာနမရှိ ၃။ သမ္မာတရား၌ဝမ်းမြောက်ခြင်း

၄။ မလျောက်ပတ်စွာ ကျင့်တတ် ၄။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏

၅။ ကိုယ်အကျိုးကို ရှာတတ် ၅။ ခပ်သိမ်းသောအရာကို ယုံတတ်၏

၆။ ဒေါသအမျက် ထွက်တတ် ၆။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏

၇။ အပြစ်ရှိသည်ဟု ထင်တတ် ၇။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏

၈။ မတရားသောအမှု၌ ဝမ်းမြောက်တတ်

၉။ ဖောက်ပြန်ခြင်းနှင့် အစဉ်ကင်းလွတ်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဝါကြွားခြင်းကြောင့် နေဗုခဒ်နေဇာကို ယေဟောဝါ နှိမ့်ချတော်မူခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ