ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wt အခန်း ၆ စာ. ၂၈-၃၃
  • ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ရကြသည့် အရေးကိစ္စ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ရကြသည့် အရေးကိစ္စ
  • စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမိုင်း၏ သက်သေထူချက်
  • ဘုရားသခင့်ကမ္ဘာသစ်အတွင်းသို့ အသက်ရှင်ကူးမြောက်ခြင်း
  • ၎င်းအရေးကိစ္စကို လူအချို့တို့ တုံ့ပြန်ကြပုံ
  • ကျွန်ုပ်တို့ကိုယ်တိုင်၏ အဖြေကား အဘယ်နည်း
  • ယေဟောဝါသည် ကျွန်ုပ်တို့၏ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အရေးကိစ္စဖြေရှင်းရန် အဘယ်ကြောင့်ဤမျှကြာညောင်းနေရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဒုက္ခဆင်းရဲကို ဘုရားသခင်အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ကြီးမားတဲ့ အရေးကိစ္စကို အာရုံစိုက်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
wt အခန်း ၆ စာ. ၂၈-၃၃

အခန်း ခြောက်

ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ရကြသည့် အရေးကိစ္စ

၁၊ ၂။ (က) ဧဒင်ဥယျာဉ်တွင် အဘယ် အရေးကိစ္စကို စာတန် ပေါ်ပေါက်စေခဲ့သနည်း။ (ခ) သူပြောသည့် စကားများအားဖြင့် ထိုအရေးကိစ္စကို မည်သို့ သွယ်ဝိုက် ရည်ညွှန်းခဲ့သနည်း။

လူသားများ ရင်ဆိုင်နေရသမျှတွင် အရေးအကြီးဆုံးသော အရေးကိစ္စ၌ သင် ပါဝင်ပတ်သက်လျက်ရှိသည်။ ဤအရေးကိစ္စတွင် သင်၏ရပ်တည်မှုက သင်၏ ထာဝရအနာဂတ်ကို အဆုံးအဖြတ် ပေးလိမ့်မည်။ ဧဒင်ဥယျာဉ်တွင် ပုန်ကန်မှု ဖြစ်ပွားချိန်၌ ဤအရေးကိစ္စ ပေါ်ပေါက်လာသည်။ ထိုအချိန်တွင် စာတန်က ဧဝအား “သင်တို့သည် ဥယျာဉ်၌ ရှိသမျှသော အပင်၏အသီးကို မစားရဟူ၍ ဘုရားသခင် မိန့်တော်မူသည်မှာ ဧကန်စင်စစ်လော” ဟုမေး၏။ မိန်းမက အပင်တစ်ပင်နှင့် ပတ်သက်၍ကား ဘုရားသခင်က “သင်တို့သည် မသေစေခြင်းငှာ . . . မစားဘဲ နေကြလော့” ဟုမိန့်တော်မူခဲ့ကြောင်း ပြန်ဆို၏။ ထိုအခါ စာတန်က ဧဝ၏အသက်ဖြစ်စေ၊ အာဒံ၏အသက်ဖြစ်စေ ဘုရားသခင်အား နာခံခြင်းအပေါ်၌ မူတည်ခြင်းမရှိကြောင်း ပြောဆိုလျက် ယေဟောဝါအား မုသားသုံးသည်ဟု တိုက်ရိုက်စွပ်စွဲလိုက်သည်။ ဘုရားသခင်သည် မိမိ၏ သတ္တဝါများအား ကောင်းသောအရာ တစ်စုံတစ်ခု—ဘဝတွင် မိမိတို့ကိုယ်ပိုင် စံများကို သတ်မှတ်ခြင်းစွမ်းရည်—ကိုမပေးဘဲ ထိန်ချန်ထားသည်ဟု စာတန်ကဆိုသည်။ “ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် အကောင်းအဆိုးကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင် သိတော်မူသည်” ဟု စာတန်က အခိုင်အမာဆို၏။—ကမ္ဘာဦး ၃:၁-၅၊ ကဘ။

၂ စင်စစ်ဆိုရလျှင် စာတန်က လူသားများသည် ဘုရားသခင့် ပညတ်ဥပဒေများကို နာခံမည့်အစား မိမိတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို မိမိတို့ဘာသာ ချမှတ်ခြင်းသည် ပို၍ကောင်းမည်ဟု ပြောခြင်းဖြစ်သည်။ ဤသို့ဖြင့် သူသည် ဘုရားသခင်၏ အုပ်ချုပ်ရေးနည်းလမ်းကို စိန်ခေါ်ခဲ့သည်။ ဤစိန်ခေါ်ချက်က ဘုရားသခင်၏ စကြဝဠာ အချုပ်အခြာအာဏာဖြစ်သည့် ကိုယ်တော်၏ အုပ်ချုပ်ပိုင်ခွင့်နှင့်ဆိုင်သော အရေးတကာ့ အရေးအကြီးဆုံး အရေးကိစ္စကို ပေါ်ပေါက်စေခဲ့သည်။ လူသားများအတွက် ယေဟောဝါ၏ အုပ်ချုပ်ရေးနည်းလမ်းသည် ပို၍ကောင်းသလော၊ ကိုယ်တော်နှင့်ကင်းကွာ၍ သီးခြားလွတ်လပ်သည့် အုပ်ချုပ်ရေးက ပို၍ကောင်းသလော ဟူသောမေးခွန်း ပေါ်ပေါက်လာခဲ့သည်။ ဤတွင် ယေဟောဝါအနေဖြင့် အာဒံနှင့်ဧဝကို ချက်ချင်းပင် ကွပ်မျက်ပစ်လိုက်နိုင်သော်လည်း အချုပ်အခြာ အာဏာနှင့်ဆိုင်သည့် အရေးကိစ္စကို စိတ်ကျေနပ်ဖွယ်ရာ ပြီးပြတ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူ့ဘောင်အဖွဲ့အစည်းကို အချိန်အတန်ကြာ ဖြစ်ပေါ်ထွန်းကားစေခြင်းအားဖြင့် မိမိနှင့် မိမိ၏ပညတ်ဥပဒေများမှ သီးခြားလွတ်လပ်စွာ နေခြင်းဖြင့် မည်သည့်ဆိုးကျိုးများ ဖြစ်ပေါ်တတ်သည်ကို ပြသနိုင်ပေသည်။

၃။ အဘယ် ဒုတိယကျသော အရေးကိစ္စကို စာတန် ပေါ်ပေါက်စေခဲ့သနည်း။

၃ ယေဟောဝါ၏ အုပ်ချုပ်ပိုင်ခွင့်ကို စာတန် ဆန့်ကျင်တိုက်ခိုက်ခြင်းသည် ဧဒင်ဥယျာဉ်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်လောက်နှင့် ပြီးမသွားခဲ့ချေ။ အခြားသူတို့ ယေဟောဝါအပေါ် ထားရှိသည့် သစ္စာစောင့်သိမှုကိုလည်း သူ သံသယ ဖြစ်စေခဲ့သည်။ ဤသည်က ဆက်နွှယ်မှုရှိသည့် ဒုတိယကျသော အရေးကိစ္စတစ်ခုကို ပေါ်ပေါက်လာစေသည်။ သူ၏စိန်ခေါ်ချက်သည် အာဒံနှင့်ဧဝတို့၏ သားမြေးများမှစ၍ ယေဟောဝါ၏ ချစ်လှစွာသော သားဦးပါမကျန် ဘုရားသခင်၏ ဝိညာဉ်သားများအားလုံး သိမ်းကျုံးပါဝင် ပတ်သက်သွားစေခဲ့သည်။ သာဓကအားဖြင့် ယောဘလက်ထက်၌ စာတန်က ယေဟောဝါအား ဝတ်ပြုသူတို့သည် ဘုရားသခင်နှင့် ကိုယ်တော်၏ အုပ်ချုပ်ပုံနည်းလမ်းကို နှစ်သက်၍ မဟုတ်ဘဲ ကိုယ်ကျိုးအတွက် ဝတ်ပြုနေကြခြင်းဖြစ်သည်ဟု စောဒကတက်ခဲ့သည်။ အခက်အခဲ တွေ့လာလျှင် ထိုသူတို့ရှိသမျှသည် အတ္တဆန္ဒကို လက်လျှော့ အရှုံးပေးလိမ့်မည်ဟု သူငြင်းချက်ထုတ်ခဲ့သည်။—ယောဘ ၂:၁-၆; ဗျာဒိတ် ၁၂:၁၀။

သမိုင်း၏ သက်သေထူချက်

၄၊ ၅။ လူသားများ မိမိတို့၏ ခြေလှမ်းများကို စီရင်ခြင်းနှင့်ပတ်သက်၍ သမိုင်းက အဘယ်အရာကို သက်သေထူသနည်း။

၄ အချုပ်အခြာ အာဏာတော်နှင့်ဆိုင်သော အရေးကိစ္စတွင် ပဓာနကျသည့် အချက်တစ်ချက်မှာ ဘုရားသခင်သည် လူသားများကို မိမိ၏ အုပ်ချုပ်မှုမှ သီးခြားလွတ်လပ်စွာ နေထိုင်၍ အောင်မြင်မှုရယူရန် မဖန်ဆင်းခဲ့ခြင်းပင်ဖြစ်သည်။ သူတို့၏ အကျိုးအလို့ငှာ မိမိ၏ ဖြောင့်မတ်သော ပညတ်ဥပဒေများကို မှီခိုနေရန် သူတို့ကို ကိုယ်တော် ဖန်ဆင်းတော်မူခဲ့၏။ ပရောဖက် ယေရမိက “အိုထာဝရဘုရား လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။ . . . အိုထာဝရဘုရား အကျွန်ုပ်ကို ဆုံးမတော်မူပါ” ဟူ၍ ဝန်ခံခဲ့သည်။ (ယေရမိ ၁၀:၂၃၊ ၂၄) ထို့ကြောင့် ဘုရားသခင့် နှုတ်ကပါဌ်တော်က “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်” ဟုတိုက်တွန်းထားသည်။ (သု. ၃:၅) ဘုရားသခင်သည် လူသတ္တဝါတို့အား အသက်ရှင်နေထိုင်နိုင်ဖို့ ရူပနိယာမတရားများကို လိုက်နာရန် ဖန်ဆင်းခဲ့သကဲ့သို့ ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်ဥပဒေများကိုလည်း ပြဋ္ဌာန်းတော်မူ၏။ ထိုပညတ်ဥပဒေများကို နာခံလိုက်လျှောက်ကြမည်ဆိုလျှင် သဟဇာတဖြစ်သော လူ့ဘောင်အဖွဲ့အစည်း မုချဖြစ်ထွန်းခဲ့ပေမည်။

၅ လူ့မိသားစုသည် ဘုရားသခင့် အုပ်ချုပ်မှုမပါဘဲနှင့် သူတို့ကိုသူတို့ ထိန်းကျောင်းနိုင်မည် မဟုတ်ကြောင်း ဘုရားသခင် သိတော်မူသည်မှာ ရှင်းနေပါသည်။ ဘုရားသခင့် အုပ်ချုပ်မှုမှ သီးခြားလွတ်လပ်စွာရပ်တည်ရေးအတွက် အချည်းနှီး ကြိုးပမ်းအားထုတ်သည့်အနေနှင့် လူသားတို့သည် ပုံစံကွဲပြားသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် ဘာသာရေးစနစ်များကို ထူထောင်ခဲ့ကြပြီ။ အဆိုပါ ကွဲပြားခြားနားမှုများသည် လူတို့အား အချင်းချင်း စဉ်ဆက်မပြတ် ပဋိပက္ခ ဖြစ်ပွားစေရာမှ အကြမ်းဖက်မှု၊ စစ်မက်နှင့် သေခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ပြီ။ လူသည် ‘မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုးခဲ့ကြပြီ။’ (ဒေသနာ ၈:၉) လူ့သမိုင်းတစ်လျှောက်တွင် ထိုအတိုင်းပင် ဖြစ်ပျက်ခဲ့သည်။ ဘုရားသခင့် နှုတ်ကပါဌ်တော်တွင် ကြိုဟောထားသည့်အတိုင်း ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့သည် ဆက်လက်၍ “ဆိုးယုတ်သည်ထက် ပိုမိုဆိုးယုတ်စွာ ပြုကျင့်” လျက်ရှိကြသည်။ (၂ တိမောသေ ၃:၁၃၊ သက) လွန်ခဲ့သည့် ၂၀ ရာစုနှစ်အတွင်း လူသားတို့သည် သိပ္ပံနှင့် စက်မှုလုပ်ငန်းဘက်၌ အောင်မြင်တိုးတက်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော်လည်း အဆိုးဆုံး ကပ်ဆိုးဘေးဆိုးများကိုပါ တွေ့ကြုံခဲ့ရကြသည်။ ယေရမိ ၁၀:၂၃ မှစကားများ မှန်ကန်ကြောင်း သက်သေသာဓက များစွာရှိသည်။ လူသားများသည် မိမိတို့၏ခြေလှမ်းများကို စီရင်ရန် ဖန်ဆင်းခြင်း မခံခဲ့ရပေ။

၆။ ဘုရားသခင်သည် မိမိထံမှ လူသားများ သီးခြားလွတ်လပ်မှု ရယူခြင်းကို များမကြာမီ မည်သို့ ဖြေရှင်းတော်မူမည်နည်း။

၆ ဘုရားသခင်ထံမှ သီးခြားလွတ်လပ်စွာ ရပ်တည်ခြင်း၏ ဝမ်းနည်းဖွယ်ကောင်းသော အဆိုပါ ရေရှည်ဆိုးကျိုးများက လူ့အုပ်ချုပ်ရေးသည် လုံးဝ အောင်မြင်မည်မဟုတ်ကြောင်း တစ်ကြိမ်တည်းနှင့် အပြီးအပြတ် ထင်ရှားစေခဲ့သည်။ ဘုရားသခင့် အုပ်ချုပ်ရေးသာလျှင် ပျော်ရွှင်မှု၊ စည်းလုံးမှု၊ ကျန်းမာမှုနှင့် အသက်ရှင်မှုသို့သွားရာ တစ်ခုတည်းသော လမ်းခရီးဖြစ်ပေသည်။ လူသားများအား လွတ်လပ်စွာ အုပ်ချုပ်ရန် ယေဟောဝါ၏ ခွင့်ပြုသည်းခံမှုသည် အဆုံးသို့ ရောက်လုနီးပြီဖြစ်ကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်က ဖော်ပြသည်။ (မဿဲ ၂၄:၃-၁၄; ၂ တိမောသေ ၃:၁-၅) များမကြာမီ၊ ကိုယ်တော်သည် မိမိ၏ အုပ်ချုပ်မှုအာဏာကို အခိုင်အမာဖြစ်စေရန် လူ့ရေးလူ့ရာများတွင် ဝင်ရောက်စွက်ဖက်တော့မည်ဖြစ်သည်။ သမ္မာကျမ်းစာ ပရောဖက်ပြုချက်က ဤသို့ဆို၏– “ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများ [ယခု တည်ရှိနေသော လူ့အုပ်ချုပ်ရေး အာဏာစက်များ] လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် [ကောင်းကင်ဘုံတွင်] တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့ မရောက်ရ [ကမ္ဘာမြေကြီးကို လူသားများ နောက်တစ်ဖန် ဘယ်တော့မျှ မအုပ်ချုပ်ရ] ဘဲ အထက်ဆိုခဲ့ပြီးသော [မျက်မှောက်ခေတ်] နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲ တည်လိမ့်မည်။”—ဒံယေလ ၂:၄၄၊ ၄၅။

ဘုရားသခင့်ကမ္ဘာသစ်အတွင်းသို့ အသက်ရှင်ကူးမြောက်ခြင်း

၇။ ဘုရားသခင့် အုပ်ချုပ်မှုက လူ့အုပ်ချုပ်မှုကို အဆုံးတိုင်စေသည့်အခါ၌ မည်သူတို့ အသက်ရှင် ကျန်ရစ်မည်နည်း။

၇ ဘုရားသခင့် အုပ်ချုပ်ရေးက လူ့အုပ်ချုပ်ရေးကို အဆုံးတိုင်စေသည့်အခါ၌ မည်သူတို့ အသက်ရှင် ကျန်ရစ်မည်နည်း။ “ဖြောင့်မတ်သောသူတို့ [ဘုရားသခင့် အုပ်ချုပ်ပိုင်ခွင့်ကို ထောက်ခံသူတို့] သည် ပြည်တော် [ကမ္ဘာမြေကြီး] ၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ အဓမ္မလူတို့ [ဘုရားသခင့် အုပ်ချုပ်ပိုင်ခွင့်ကို မထောက်ခံသူတို့] မူကား ပြည်တော်မှပယ်ရှင်းခြင်း . . . ကိုခံရကြလိမ့်မည်” ဟု သမ္မာကျမ်းစာက အဖြေပေးထား၏။ (သုတ္တံ ၂:၂၁၊ ၂၂) အလားတူစွာ ဆာလံဆရာကလည်း “ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ . . . ဖြောင့်မတ်သောသူတို့သည် ပြည်တော် [ကမ္ဘာမြေကြီး] ကိုအမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်” ဟူ၍ ဖော်ပြထား၏။—ဆာလံ ၃၇:၁၀၊ ၂၉။

၈။ ဘုရားသခင်သည် မိမိ၏အချုပ်အခြာ အာဏာတော်ကို မည်သို့ အပြည့်အဝ သင်္ကာယန ကင်းစေမည်နည်း။

၈ စာတန်၏စနစ် ဖျက်ဆီးခံရပြီးနောက် ဘုရားသခင်သည် မိမိ၏ ကမ္ဘာသစ်ကို အစပျိုးတော်မူမည်။ ထိုကမ္ဘာသစ်သည် အလွန်ဆိုးဝါးသည့် အကြမ်းဖက်မှု၊ စစ်မှု၊ ဆင်းရဲမွဲတေမှု၊ ဆင်းရဲဒုက္ခ၊ ဖျားနာမှုနှင့် လူသားများကို နှစ်ပေါင်းထောင်ချီ၍ ကျွန်ပြုလာခဲ့သည့် သေခြင်းတို့ကို လုံးလုံးလျားလျား ဖယ်ရှားပစ်မည်ဖြစ်သည်။ နာခံမှုရှိသော လူသားများအား ကြိုလင့်လျက်ရှိသည့် ကောင်းချီးများအကြောင်းကို သမ္မာကျမ်းစာက ဤသို့ လှပစွာ သီကုံးဖွဲ့ဆိုထားသည်– “ကိုယ်တော် [ဘုရားသခင်] သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်းလည်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ရှေးဟောင်းနှောင်းဖြစ်များသည်လည်း လွန်သွားလေပြီ။” (ဗျာဒိတ် ၂၁:၃၊ ၄၊ ကဘ) ဘုရားသခင်သည် ခရစ်တော် အုပ်ချုပ်သည့် ကောင်းကင်နိုင်ငံတော် အစိုးရအားဖြင့် ကျွန်ုပ်တို့၏ အချုပ်အခြာအာဏာပိုင်၊ ကျွန်ုပ်တို့၏အုပ်စိုးရှင် ဖြစ်ပိုင်ခွင့်ကို အပြည့်အဝ သင်္ကာယန ကင်းစေတော်မူမည် (လျော်ကန်သင့်မြတ်ကြောင်း၊ မှန်ကန်ကြောင်း သက်သေထူတော်မူမည်)။—ရောမ ၁၆:၂၀; ၂ ပေတရု ၃:၁၀-၁၃; ဗျာဒိတ် ၂၀:၁-၆။

၎င်းအရေးကိစ္စကို လူအချို့တို့ တုံ့ပြန်ကြပုံ

၉။ (က) ယေဟောဝါအား ကျေးဇူးသစ္စာ စောင့်သိခဲ့ကြသူတို့သည် ကိုယ်တော်၏ စကားတော်ကို မည်သို့ သဘောထားကြသနည်း။ (ခ) နောဧသည် သစ္စာစောင့်သိမှုကို မည်သို့ ပြခဲ့သနည်း။ သူ၏ စံနမူနာမှ ကျွန်ုပ်တို့ အဘယ်သို့ အကျိုးကျေးဇူး ရယူနိုင်သနည်း။

၉ သမိုင်းတစ်လျှောက် ယေဟောဝါအား အချုပ်အခြာ အာဏာပိုင်အဖြစ် ကျေးဇူးသစ္စာ စောင့်သိကြသည့် သစ္စာရှိ ယောက်ျားမိန်းမများ ရှိလာခဲ့သည်။ မိမိတို့၏အသက်သည် ကိုယ်တော့်စကားကို နားထောင်၍ နာခံလိုက်လျှောက်ခြင်းအပေါ် မူတည်ကြောင်း သူတို့သိကြသည်။ နောဧသည် ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ ထို့ကြောင့် ဘုရားသခင်က နောဧအား “သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်၌ ပေါ်လာပြီ။ သင်္ဘောကို ကိုယ်အဖို့ တည်လုပ်လော့” ဟုမိန့်တော်မူ၏။ နောဧသည်လည်း ယေဟောဝါ၏ ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့သည်။ ထိုခေတ်က အခြားသူတို့သည် သတိပေးနေသည့်ကြားမှ ဘာမျှထူးထူးခြားခြား ဖြစ်လာလိမ့်မည်မဟုတ် ဟူသည့်ပုံစံမျိုးနှင့် ဟန်မပျက် သွားလာနေထိုင်ခဲ့ကြသည်။ သို့သော် နောဧမူကား တစ်ဖက်၌ ဧရာမ သင်္ဘောကြီးကို တည်ဆောက်လျက် တစ်ဖက်၌ ယေဟောဝါ၏ ဖြောင့်မတ်သည့် နည်းလမ်းတော်များအကြောင်းကို လူတို့အား ဟောပြောကာ အလုပ်များနေခဲ့သည်။ “ဘုရားသခင် မိန့်မှာတော်မူသမျှအတိုင်း နောဧ ပြုလေ၏” ဟု မှတ်တမ်းက ဆက်လက်ဖော်ပြသည်။—ကမ္ဘာဦး ၆:၁၃-၂၂; ဟေဗြဲ ၁၁:၇; ၂ ပေတရု ၂:၅။

၁၀။ (က) အာဗြဟံနှင့် စာရာတို့သည် ယေဟောဝါ၏ အချုပ်အခြာ အာဏာတော်ကို မည်သို့ အားပေးထောက်ခံခဲ့ကြသနည်း။ (ခ) အာဗြဟံနှင့် စာရာတို့၏ စံနမူနာများမှ အဘယ်နည်းဖြင့် ကျွန်ုပ်တို့ အကျိုးရနိုင်သနည်း။

၁၀ အာဗြဟံနှင့် စာရာတို့လည်း ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကို ထောက်ခံအားပေး၍ မိန့်မှာတော်မူသမျှအတိုင်း လုပ်ဆောင်ရာ၌ စံပြကောင်းများဖြစ်ကြသည်။ သူတို့သည် ခါလဒဲလူမျိုးတို့၏ ကြီးပွားချမ်းသာသော မြို့တစ်မြို့ဖြစ်သည့် ဥရမြို့တွင် နေထိုင်ကြသည်။ သို့ရာတွင် ယေဟောဝါက အာဗြဟံအား သူမသိသော အခြားပြည်သို့သွားရန် အမိန့်ပေးသည့်အခါ သူသည် ‘ယေဟောဝါ မိန့်တော်မူသည်အတိုင်း ထွက်သွားလေ၏။’ စာရာသည် အိမ်နှင့်ယာနှင့် ဆွေမျိုးမိတ်သင်္ဂဟ အသိုင်းအဝိုင်းနှင့် ပြည့်စုံကုံလုံသော လူနေမှုဘဝမျိုးနှင့် နေထိုင်ခဲ့မည်မှာ ယုံမှားဖွယ်မရှိပေ။ သို့တစေ သူသည် ယေဟောဝါနှင့် ခင်ပွန်းသည်ကို ကျိုးနွံနာခံလျက် မည်သို့သော အခြေအနေရှိမည်ကို မသိသော်လည်း ခါနာန်ပြည်သို့ ထွက်သွားလေ၏။—ကမ္ဘာဦး ၁၁:၃၁–၁၂:၄; တမန်တော် ၇:၂-၄။

၁၁။ (က) မောရှေသည် အဘယ် အခြေအနေမျိုးတွင် ယေဟောဝါ၏ အချုပ်အခြာ အာဏာတော်ကို အားပေးထောက်ခံခဲ့သနည်း။ (ခ) မောရှေ၏ စံနမူနာသည် ကျွန်ုပ်တို့အား မည်သို့ အကျိုးပြုနိုင်သနည်း။

၁၁ မောရှေသည် ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကို ထောက်ခံခဲ့သူ နောက်တစ်ဦးဖြစ်သည်။ သူသည် အီဂျစ်ပြည့်ရှင် ဖာရောမင်းနှင့် မျက်နှာချင်းဆိုင်၍ ထိပ်တိုက်တွေ့ရသည့် အခက်ခဲဆုံးသော အခြေအနေမျိုး၌ ထိုသို့ပြုခဲ့ခြင်းဖြစ်သည်။ မောရှေသည် ကိုယ့်ကိုယ်ကို ယုံကြည်အားကိုး၍ ထိုသို့ပြုခဲ့ခြင်းမဟုတ်။ မိမိ၏ စကားပြောစွမ်းရည်ကိုပင် သံသယဝင်ခဲ့သူဖြစ်သည်။ သို့သော် ယေဟောဝါအား နာခံခဲ့သည်။ ယေဟောဝါ၏ ကျောထောက်နောက်ခံမှုနှင့် အစ်ကိုဖြစ်သူ အာရုန်၏ အကူအညီဖြင့် မောရှေသည် ခေါင်းမာသော ဖာရောမင်းအား ယေဟောဝါ၏ စကားတော်ကို ကြိမ်ဖန်များစွာ သွားရောက်ဆင့်ဆိုနိုင်ခဲ့သည်။ ဣသရေလ အမျိုးသားအချို့ပင် မောရှေအား ခက်ထန်ကြမ်းတမ်းစွာ ဝေဖန်ပုတ်ခတ်ခဲ့ကြသည်။ သို့သော်လည်း မောရှေသည် ယေဟောဝါ မိန့်မှာသမျှအတိုင်း သစ္စာရှိရှိ လုပ်ဆောင်ခဲ့သောကြောင့် သူ့အားဖြင့် ဣသရေလလူမျိုးသည် အီဂျစ်ပြည်မှ ကယ်လွတ်ခံရလေသည်။—ထွက်မြောက်ရာ ၇:၆; ၁၂:၅၀၊ ၅၁; ဟေဗြဲ ၁၁:၂၄-၂၇။

၁၂။ (က) ယေဟောဝါအား သစ္စာစောင့်သိခြင်း ဆိုရာ၌ ဘုရားသခင် အတိအကျ ရေးသားစေသည့် အရာများကို ကျင့်ဆောင်ခြင်းလောက်သာ မဟုတ်ကြောင်း အဘယ်အရာက ပြသနည်း။ (ခ) ဤကဲ့သို့သော သစ္စာစောင့်သိခြင်းကို သိရှိခြင်းက ၁ ယောဟန် ၂:၁၅ ကိုလက်တွေ့ကျင့်ဆောင်ရန် မည်သို့ ထောက်ကူနိုင်ဖွယ် ရှိသနည်း။

၁၂ ယေဟောဝါအား သစ္စာစောင့်သိသူတို့သည် ဘုရားသခင် အက္ခရာတင် ရေးသားစေသည့် ပညတ်တရားများကို လိုက်နာရုံနှင့် လုံလောက်ပြီဟု မယူဆခဲ့ကြချေ။ ပေါတိဖာ၏မယားက သူနှင့်ဖောက်ပြန်ရန် ယောသပ်အား မြှူဆွယ်သည့်အချိန်၌ ဘုရားသခင်ထံမှ သူ့အိမ်ရာပြစ်မှားခြင်းကို တားမြစ်သော ရေးသားထားသည့် ပညတ်ချက် မရှိသေးချေ။ သို့သော်လည်း ဧဒင်ဥယျာဉ်တွင် ယေဟောဝါ စတင်တည်ထောင်ခဲ့သည့် အိမ်ထောင်ရေး အစီအစဉ်ကို ယောသပ် သိရှိထားသည်။ အခြားလူတစ်ဦး၏ မိန်းမနှင့် လိင်ဆက်ဆံခြင်းသည် ဘုရားသခင် မနှစ်သက်သောအရာဖြစ်ကြောင်း ယောသပ် သိ၏။ သူသည် အီဂျစ်လူမျိုးကဲ့သို့ ပြုမူကျင့်ကြံရန် မိမိအား ဘုရားသခင် မည်သည့်အတိုင်းအတာအထိ ခွင့်ပြုလိမ့်မည်ကို စမ်းသပ်ကြည့်လိုစိတ် မရှိခဲ့ချေ။ လူသားများနှင့် ယေဟောဝါ ဆက်ဆံပုံများကို လေးလေးနက်နက် ဆင်ခြင်တွေးတော၍ သိမြင်လာသည့် ဘုရားသခင့် အလိုတော်အတိုင်း အသိစိတ်ရှိရှိ ကျင့်သုံးခြင်းအားဖြင့် ဘုရားသခင့် နည်းလမ်းတော်များကို အားပေးထောက်ခံခဲ့သည်။—ကမ္ဘာဦး ၃၉:၇-၁၂; ဆာလံ ၇၇:၁၁၊ ၁၂။

၁၃။ (က) ယောဘနှင့်ပတ်သက်၍ (ခ) ဟေဗြဲလူ သုံးဦးနှင့်ပတ်သက်၍ မာရ်နတ်သည် မုသာကောင်ဖြစ်ကြောင်း မည်သို့ ထင်ရှားခဲ့သနည်း။

၁၃ ယေဟောဝါအား တကယ်တမ်း သိကျွမ်းသူတို့သည် အပြင်းအထန် စမ်းသပ်ခံရလျှင်ပင် ကိုယ်တော်ထံတော်မှ ဖယ်ခွာသွားကြမည်မဟုတ်။ ယေဟောဝါ အမွှမ်းတင်သော ယောဘကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင်လျှင် များပြားလှသော ပစ္စည်းဥစ္စာ၊ သို့မဟုတ် ကျန်းမာရေး ဆုံးရှုံးခဲ့သော် ဘုရားသခင်ကို စွန့်ခွာသွားလိမ့်မည်ဟု စာတန်က စွပ်စွဲပြောဆိုခဲ့သည်။ သို့သော် ယောဘသည် အဘယ်ကြောင့် ဒုက္ခပင်လယ် ဝေနေရသည်ကို မသိရှိခဲ့သော်လည်း မာရ်နတ်ကို မုသာကောင်အဖြစ် သက်သေထူခဲ့သည်။ (ယောဘ ၂:၉၊ ၁၀) ရာစုနှစ်များစွာ ကြာပြီးနောက် စာတန်သည် မိမိ၏အဆိုကို ဆက်လက်၍ သက်သေထူရန် ကြိုးစားသည့်အနေနှင့် ဟေဗြဲလူငယ် သုံးဦးအား ရှင်ဘုရင် တည်ထားသည့် ရုပ်တုရှေ့တွင် ပျပ်ဝပ်ကိုးကွယ်ခြင်း မပြုလျှင် မီးလောင်တိုက်သွင်း၍ ကွပ်မျက်မည်ဟု ခြိမ်းခြောက်စေရန် အမျက်ဒေါသချောင်းချောင်း ထွက်နေသော ဗာဗုလုန်ရှင်ဘုရင်တစ်ပါးကို လှုံ့ဆော်ခဲ့သည်။ ရှင်ဘုရင်၏ အမိန့်တော်ကို နာခံခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းကို မြစ်တားသော ယေဟောဝါ၏ ပညတ်တော်ကို နာခံခြင်း နှစ်ရပ်စပ်ကြား အတင်းအကျပ် ရွေးချယ်ခိုင်းခြင်း ခံရသည့်အခါ၌ သူတို့သည် ယေဟောဝါကိုသာ ဝတ်ပြုသူများဖြစ်ကြောင်း၊ ကိုယ်တော်သာလျှင် သူတို့၏ အချုပ်အခြာ အာဏာပိုင်ဖြစ်ကြောင်း ခိုင်မာပြတ်သားစွာ ပြသခဲ့ကြသည်။ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းသည် သူတို့အဖို့ လက်ရှိအသက်ထက်ပင် အဖိုးထိုက်တန်လှသည်တကား!—ဒံယေလ ၃:၁၄-၁၈။

၁၄။ မစုံလင်သော လူသားများအနေနှင့် ကျွန်ုပ်တို့သည် အဘယ်သို့အားဖြင့် ယေဟောဝါအပေါ် အမှန်ပင် ကျေးဇူးသစ္စာ စောင့်သိနိုင်ကြသနည်း။

၁၄ လူတစ်ဦးသည် ယေဟောဝါကို သစ္စာစောင့်သိရန် စုံလင်ဖို့လိုသည်၊ သို့မဟုတ် အမှားပြုမိသူတစ်ဦးသည် အဖတ်ဆယ်မရအောင် ရှုံးနိမ့်သွားပြီဟူ၍ အထက်ပါ သာဓကများမှ ကောက်ချက်ချရမည်လော။ လုံးဝမဟုတ်ပါ။ မောရှေလည်း တစ်ခါတစ်ခါ ချွတ်ယွင်းပျက်ကွက်ခဲ့ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ယင်းအတွက် ယေဟောဝါ မနှစ်မြို့သော်လည်း မောရှေကို မငြင်းပယ်ခဲ့ချေ။ ယေရှုခရစ်၏ တမန်တော်များ၌လည်း အားနည်းချက်များ ကိုယ်စီရှိခဲ့ကြသည်။ ကျွန်ုပ်တို့ အမွေခံခဲ့ရသည့် မစုံလင်မှုကို ထည့်တွက်လျှင် ကိုယ်တော့်အလိုတော်ကို မည်သည့်နည်းနှင့်မျှ တမင်သက်သက် လျစ်လျူမရှုလျှင် ယေဟောဝါ ကျေနပ်တော်မူပါသည်။ အားနည်းမှုကြောင့် အပြစ်ပြုမိပါက စိတ်ရင်းမှန်ဖြင့် နောင်တရ၍ ၎င်းအမှားကို အကျင့်တစ်ခု ဖြစ်မသွားစေရန် အထူးအရေးကြီးသည်။ ဤနည်းအားဖြင့် ယေဟောဝါက ကောင်းသည်ဟု ဆိုသောအရာကိုချစ်ကြောင်း၊ မကောင်းဟု ဆိုသောအရာကိုမုန်းကြောင်း ကျွန်ုပ်တို့ ထင်ရှားစေကြသည်။ ယေရှု ပူဇော်သကာ၏ အပြစ်ဖြေနိုင်စွမ်း၌ ယုံကြည်ခြင်းအပေါ် အခြေပြု၍ ကျွန်ုပ်တို့သည် ဘုရားသခင့် ရှေ့တော်မှောက်တွင် စင်ကြယ်သော အနေအထား ရရှိနိုင်ပေသည်။—အာမုတ် ၅:၁၅: တမန်တော် ၃:၁၉: ဟေဗြဲ ၉:၁၄။

၁၅။ (က) လူသားအားလုံးအထဲမှ မည်သူသည် ဘုရားသခင်အပေါ် လုံးလုံးလျားလျား သမာဓိ စောင့်ထိန်းခဲ့သနည်း။ ဤအချက်က အဘယ်အရာကို သက်သေထူခဲ့သနည်း။ (ခ) ယေရှု၏ လုပ်ဆောင်ချက်မှ ကျွန်ုပ်တို့ မည်သို့အကူအညီ ရရှိသနည်း။

၁၅ သို့သော်လည်း ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကို လုံးလုံးလျားလျား နာခံခြင်းဟူသည်မှာ လူသားများ တကယ့်ကိုမစွမ်းဆောင်နိုင်သောအရာ ဖြစ်၏လော။ ဤမေးခွန်း၏အဖြေသည် နှစ်ပေါင်း ၄,၀၀၀ ခန့်မျှ “အထွတ်အမြတ် လျှို့ဝှက်ချက်” ပမာ ဖြစ်ခဲ့သည်။ (၁ တိမောသေ ၃:၁၆၊ ကဘ) အာဒံသည် စုံလင်စွာ ဖန်ဆင်းခံရသော်လည်း ဘုရားတရား ဆည်းကပ်မြှုပ်နှံခြင်း၌ စုံလင်သောစံပြ မဖြစ်ခဲ့ချေ။ သို့ဖြစ်လျှင် မည်သူဖြစ်နိုင်မည်နည်း။ အာဒံ၏ အပြစ်ရှိသည့် သားမြေးတစ်စုံတစ်ယောက်မျှ မဖြစ်နိုင်ချေ။ ယေရှုခရစ် တစ်ပါးတည်းသာ စုံလင်သောစံပြ ဖြစ်နိုင်၏။ (ဟေဗြဲ ၄:၁၅) အခြေအနေ တစ်ပန်းသာခဲ့သည့် အာဒံအနေဖြင့် ဆန္ဒရှိခဲ့မည်ဆိုလျှင် စုံလင်သော သမာဓိ စောင့်ထိန်းနိုင်ခဲ့မည်ဖြစ်ကြောင်း ယေရှု၏ စွမ်းဆောင်မှုများက သက်သေထူသည်။ ဘုရားသခင့် ဖန်ဆင်းခြင်း အမှုတော်တွင် အနာအဆာ ချွတ်ယွင်းချက် မရှိခဲ့ချေ။ ထို့ကြောင့် ဘုရားသခင့် ပညတ်ကို နာခံခြင်း၌သာမက စကြဝဠာ အချုပ်အခြာအာဏာပိုင် ယေဟောဝါအား ကိုယ်တိုင် ဆည်းကပ်မြှုပ်နှံခြင်းတွင်ပါ ကျွန်ုပ်တို့ တုပရမည့်စံပြမှာ ယေရှုခရစ်ပင် ဖြစ်ပေသည်။—တရားဟောရာ ၃၂:၄၊ ၅။

ကျွန်ုပ်တို့ကိုယ်တိုင်၏ အဖြေကား အဘယ်နည်း

၁၆။ ယေဟောဝါ၏ အချုပ်အခြာအာဏာတော်အပေါ် ထားရှိသည့် ကျွန်ုပ်တို့၏ စိတ်သဘောထားနှင့် ပတ်သက်၍ အဘယ်ကြောင့် အစဉ်မပြတ် သတိဝီရိယ ရှိနေရမည်နည်း။

၁၆ ကျွန်ုပ်တို့တစ်ဦးစီသည် ဤစကြဝဠာအချုပ်အခြာအာဏာဆိုင်ရာ အရေးကိစ္စကို ယနေ့ ရင်ဆိုင်နေရကြသည်။ ကျွန်ုပ်တို့သည် ယေဟောဝါဘက်၌ ရပ်တည်သည်ဟု အတိအလင်း ကြေညာထားမည်ဆိုပါက ကျွန်ုပ်တို့ကို စာတန် ပစ်မှတ်အဖြစ် ထားမည်ဖြစ်သည်။ အဘက်ဘက်မှ ဖိအားပေးမည့်အပြင် သူ၏ အစီအစဉ်စနစ်ဆိုး အဆုံးတိုင်သည့်အထိ ထိုသို့ဆက်၍ ပြုလုပ်သွားမည်ဖြစ်သည်။ ကျွန်ုပ်တို့ဘက်မှ အလစ်ပေး၍ မဖြစ်ပါ။ (၁ ပေတရု ၅:၈) ကျွန်ုပ်တို့၏ အပြုအမူ အနေအထိုင်က ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ဆိုင်ရာ မဟာ အရေးတော်ပုံကြီးနှင့်တကွ စမ်းသပ်ခြင်းအောက် ဘုရားသခင်အပေါ် သမာဓိစောင့်သိခြင်းဆိုင်ရာ ဒုတိယကျသော အရေးကိစ္စတွင် မည်သည့်ဘက်တွင် ရပ်တည်ကြောင်း ပြသသည်။ လောကတွင် ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေသောကြောင့် သစ္စာမဲ့သော အပြုအမူ အကျင့်အကြံကို အရေးမကြီးသောအရာအဖြစ် ကျွန်ုပ်တို့ သဘောမထားနိုင်ပါ။ သမာဓိစောင့်သိသည် ဆိုရာ၌ ဘဝကိစ္စရပ်တိုင်းတွင် ယေဟောဝါ၏ ဖြောင့်မတ်သော နည်းလမ်းတော်များကို လက်တွေ့ကျင့်သုံးရန် အားထုတ်ကြိုးပမ်းဖို့လိုသည်။

၁၇။ လိမ်လည်ခြင်း၊ ခိုးဝှက်ခြင်း၏မူလနှင့်ပတ်သက်သော မည်သည့်အချက်က ၎င်းတို့ကိုရှောင်ရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးသင့်သနည်း။

၁၇ ဥပမာအားဖြင့် “မုသာ၏အဘ” ဖြစ်သောစာတန်ကို ကျွန်ုပ်တို့ တုပ၍မဖြစ်။ (ယောဟန် ၈:၄၄) ကျွန်ုပ်တို့၏ ပြုမူဆက်ဆံမှုတိုင်းသည် ရိုးသားဖြောင့်မတ်ရပေမည်။ စာတန့်စနစ်တွင် လူငယ်လူရွယ်တို့သည် မိဘများပေါ်တွင် များသောအားဖြင့် ရိုးသားပွင့်လင်းမှု မရှိကြချေ။ ခရစ်ယာန် လူငယ်များမူကား ၎င်းကိုရှောင်ကြဉ်ကြ၏။ ဤသို့ဖြင့် ဘုရားသခင့် လူမျိုးတော်သည် စမ်းသပ်ခံရသည့်အခါ၌ သမာဓိကို စွန့်ပယ်မည်ဟူသော စာတန်၏စွပ်စွဲချက် မမှန်ကြောင်း သက်သေပြကြ၏။ (ယောဘ ၁:၉-၁၁: သု. ၆:၁၆-၁၉) ၎င်းအပြင် လူတစ်ဦးအား အမှန်တရားနှင့်ဆိုင်သော ဘုရားသခင်ဘက်တွင် မဟုတ်ဘဲ “မုသာ၏အဘ” ဘက်တွင်ရှိကြောင်း ထင်ရှားစေသည့် စီးပွားရေး အလေ့အထများလည်း ရှိသေးသည်။ ၎င်းအလေ့အထများကို ကျွန်ုပ်တို့ ရှောင်ရှားကြ၏။ (မိက္ခာ ၆:၁၁၊ ၁၂) အလားတူစွာ၊ လူတစ်ဦးသည် ဆင်းရဲနွမ်းပါး၍၊ သို့မဟုတ် အခိုးခံရသူသည် ချမ်းသာသူဖြစ်၍ဟူသောအချက်သည် ခိုးခြင်းအတွက် လက်ခံလောက်သော အကြောင်းပြချက် မဟုတ်ပေ။ (သု. ၆:၃၀၊ ၃၁; ၁ ပေတရု ၄:၁၅) ကျွန်ုပ်တို့ နေထိုင်ရာဒေသတွင် ခိုးခြင်းသည် လုပ်ရိုးလုပ်စဉ် အလေ့အထ ဖြစ်နေသည့်တိုင်အောင်၊ ခိုးယူသည့်ပစ္စည်းသည် အသေးအမွှား ဖြစ်သည့်တိုင်အောင် ဘုရားသခင့် ပညတ်ဥပဒေများနှင့် ဆန့်ကျင်လျက်ပင်ရှိသည်။—လုကာ ၁၆:၁၀: ရောမ ၁၂:၂; ဧဖက် ၄:၂၈။

၁၈။ (က) ခရစ်တော်၏ အနှစ်တစ်ထောင် အုပ်စိုးမှုအဆုံးတွင် လူသားအားလုံးအပေါ်သို့ အဘယ်စမ်းသပ်မှု သက်ရောက်လာမည်နည်း။ (ခ) မည်သည့်အကျင့်ကို ယခုကတည်းက မွေးမြူထားသင့်သနည်း။

၁၈ ခရစ်တော်၏ အနှစ်တစ်ထောင် အုပ်စိုးမှုအချိန်အတွင်း စာတန်နှင့် သူ၏နတ်ဆိုးတို့သည် တွင်းနက်ထဲ၌ ရှိနေမည်ဖြစ်ရာ လူသားတို့ကို ဩဇာညောင်းနိုင်မည် မဟုတ်တော့။ မည်မျှ စိတ်သက်သာရာပါတကား! သို့သော် အနှစ်တစ်ထောင်အကုန်တွင် သူတို့ ခေတ္တခဏ လွတ်လာကြမည်။ စာတန်နှင့် ၎င်း၏နောက်လိုက်တို့သည် ဘုရားသခင်အပေါ် သမာဓိစောင့်သိသည့် နဂိုအခြေအနေသို့ ပြန်ရောက်လာသူတို့ကို ဖိအားပေးလာကြမည်။ (ဗျာဒိတ် ၂၀:၇-၁၀) အကယ်၍ ထိုအချိန်တွင် အသက်ရှင်ခွင့် ရကြမည်ဆိုလျှင် ဤစကြဝဠာအချုပ်အခြာအာဏာဆိုင်ရာ အရေးကိစ္စနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ မည်သို့ တုံ့ပြန်ကြမည်နည်း။ ထိုအချိန်တွင် လူသားအားလုံးတို့သည် စုံလင်ကြမည်ဖြစ်ရာ သစ္စာမဲ့သော လုပ်ရပ်မှန်သမျှသည် တမင်သက်သက် လုပ်ဆောင်မှုသာဖြစ်သောကြောင့် ထာဝရဖျက်ဆီးခြင်း ခံရမည်ဖြစ်သည်။ နှုတ်ကပါဌ်တော်မှ တစ်ဆင့်ဖြစ်စေ၊ အဖွဲ့အစည်းတော်မှ တစ်ဆင့်ဖြစ်စေ ယေဟောဝါ ပေးလှာသမျှ မည်သည့် ညွှန်ကြားချက်ကိုမဆို နာခံတတ်သည့်အကျင့်ကို ယခုကတည်းက မွေးမြူရန် အရေးကြီးလှပေစွ! သို့ပြုခြင်းဖြင့် ကိုယ်တော်အား စကြဝဠာအချုပ်အခြာ အာဏာပိုင်အဖြစ် အမှန်တကယ် ဆည်းကပ်မြှုပ်နှံကြောင်း ကျွန်ုပ်တို့ ပြသကြ၏။

ပြန်လည်သုံးသပ်ဆွေးနွေးခြင်း

• ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ကြရမည့် မဟာ အရေးကိစ္စကြီးကား အဘယ်နည်း။ ကျွန်ုပ်တို့ မည်သို့ ပါဝင်ပတ်သက်ခဲ့သနည်း။

• ရှေးခေတ်များမှ ယောက်ျားမိန်းမတို့သည် ယေဟောဝါအား သမာဓိစောင့်သိမှု တင်ပြရာတွင် မည်သည့်နည်းများဖြင့် ထူးချွန်ကြသနည်း။

• ကျွန်ုပ်တို့၏ နေ့စဉ် အပြုအမူ အနေအထိုင်အားဖြင့် ယေဟောဝါအား ဂုဏ်တင်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ