အခန်း တစ်ဆယ့်ခုနစ်
ဘုရားတရား ဆည်းကပ်မြှုပ်နှံခြင်းကို အိမ်တွင်း၌ လက်တွေ့ကျင့်ဆောင်ခြင်း
၁။ ဘုရားသခင့် နှုတ်ကပါဌ်တော်မှ လမ်းညွှန်ချက်အတိုင်း ကျင့်သုံးခြင်းက အိမ်ထောင်သည်ဘဝအပေါ် အဘယ်သို့ အကျိုးသက်ရောက်မှု ရှိသနည်း။
ယေဟောဝါသည် အိမ်ထောင်မင်္ဂလာကို အစပြုသောအရှင် ဖြစ်တော်မူသည့်ပြင် ကိုယ်တော့် နှုတ်ကပါဌ်တော်သည်လည်း မိသားစုများအတွက် အကောင်းတကာ့ အကောင်းဆုံးလမ်းညွှန် ပေးထား၏။ ၎င်းလမ်းညွှန်အတိုင်း ကျင့်သုံးခြင်း၏ ရလဒ်တစ်ခုအနေနှင့် များစွာသောသူတို့သည် အောင်မြင်သော အိမ်ထောင်သည်ဘဝကို တည်ဆောက်နိုင်ခဲ့ကြပြီ။ နှစ်ဦးသဘောတူ ပေါင်းသင်းနေထိုင်ခဲ့ကြသူ အချို့တို့သည် ၎င်းတို့၏ အိမ်ထောင်ကို တရားဝင် မှတ်ပုံတင်သည်အထိ တိုးတက်ခဲ့ကြသည်မှာ ချီးကျူးဖွယ်ကောင်းသည်။ အခြားသူတို့မူကား အိမ်ထောင်ပြင်ပ ဖိုမဆက်ဆံခြင်းကို ရပ်စဲလိုက်ကြသည်။ သားမယားတို့ကို မတော်မတရား ဆက်ဆံခဲ့ကြသည့် ကြမ်းတမ်းသူတို့လည်း ကြင်နာ နူးညံ့ သိမ်မွေ့သည့်သဘော တင်ပြတတ်လာကြသည်။
၂။ ခရစ်ယာန် မိသားစုဘဝ၌ အဘယ်အရာများ အကျုံးဝင်ပတ်သက်လျက် ရှိသနည်း။
၂ ခရစ်ယာန် မိသားစုဘဝ၌ အိမ်ထောင်ရေး တည်တံ့မှုကို မည်သို့ရှုမြင်သည်၊ မိသားစုအတွင်း၌ တာဝန်ဝတ္တရား ကျေပွန်ရေးအတွက် အဘယ်အရာများ လုပ်ဆောင်သည်၊ အိမ်သားများကို မည်သို့ဆက်ဆံသည် အစရှိသည့်အရာများစွာ အကျုံးဝင် ပတ်သက်လျက်ရှိသည်။ (ဧဖက် ၅:၃၃–၆:၄) မိသားစုဘဝနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဆိုထားသည်ကို သိရှိသော်ငြားလည်း သမ္မာကျမ်းစာ၏ အကြံဉာဏ်ပေးချက်ကို ကျင့်သုံးခြင်းသည် သီးခြားကဏ္ဍတစ်ရပ် ဖြစ်ပေသည်။ ဘုရားသခင့် ပညတ်တော်များကို ရှောင်တိမ်းခြင်းအတွက် ယေရှု၏ ပြစ်တင်ရှုတ်ချခြင်း ခံခဲ့ရသူတို့ကဲ့သို့ မည်သူမျှ ဖြစ်လိုကြမည်မဟုတ်။ ထိုသူတို့က ဘာသာရေး ဆည်းကပ်မြှုပ်နှံခြင်း ပြုရုံလောက်နှင့် လုံလောက်ပြီဟု မှားယွင်းစွာ ဆင်ခြင်ကြသည်။ (မဿဲ ၁၅:၄-၉) ကျွန်ုပ်တို့သည် ဘုရားတရား ဆည်းကပ်မြှုပ်နှံခြင်း ပြုရုံမျှပြုပြီး မိမိတို့၏ အိမ်ထောင်အတွင်း၌ ကျင့်သုံးရန် ပျက်ကွက်သူများ မဖြစ်လိုကြပေ။ ယင်းအစား “ကြီးစွာသော အကျိုးစီးပွား” ဖြစ်သည့် စစ်မှန်သော ဘုရားတရား ဆည်းကပ်မြှုပ်နှံခြင်းကို တင်ပြလိုကြသည်။—၁ တိမောသေ ၅:၄; ၆:၆; ၂ တိမောသေ ၃:၅။
အိမ်ထောင်သည်ဘဝ မည်မျှကြာရှည် တည်တံ့မည်နည်း
၃။ (က) အိမ်ထောင်သည်ဘဝ အများအပြား မည်သို့ ဖြစ်နေကြသနည်း။ သို့သော် ကျွန်ုပ်တို့၏ သန္နိဋ္ဌာန် မည်သို့ဖြစ်သင့်သနည်း။ (ခ) သင့်ကျမ်းစာကို အသုံးပြု၍ ဤစာပိုဒ်အောက်ရှိ မေးခွန်းများကို ဖြေဆိုပါ။
၃ အိမ်ထောင်ရေးနှောင်ကြိုးသည် တိုး၍တိုး၍ အထိမခံ ကွဲလွယ်ပြတ်လွယ် ဖြစ်လာပြီ။ နှစ်နှင့်ချီ၍ ပေါင်းသင်းခဲ့ကြသည့် မောင်နှံအချို့တို့သည် လင်မယားကွာရှင်း၍ အခြားတစ်ဦးဦးနှင့် အိမ်ထောင်ပြုရန် ဆုံးဖြတ်လာကြသည်။ မင်္ဂလာဆောင်ပြီး၍ မကြာမီမှာပင် ကွဲသွားကြသည့် လူငယ်မောင်နှံများ အကြောင်းသည်လည်း ရိုး၍မဆန်းတော့ပေ။ အခြားသူများ အဘယ်အရာလုပ်လုပ် ကျွန်ုပ်တို့သည် ယေဟောဝါ၏စိတ်တော်နှင့် တွေ့လိုသည့်ဆန္ဒ ရှိသင့်ပေသည်။ ထို့ကြောင့် အိမ်ထောင်ရေး တည်တံ့မှုနှင့်စပ်လျဉ်း၍ ဘုရားသခင့် နှုတ်ကပါဌ်တော်က မည်သို့ဆိုထားသည်ကို သိရှိရန် အောက်ပါမေးခွန်းများနှင့် ကျမ်းချက်များကို ဆင်ခြင်သုံးသပ်ကြပါစို့။
ယောက်ျားနှင့်မိန်းမ လက်ထပ်ကြပြီဆိုလျှင် မည်မျှကြာကြာ ပေါင်းသင်းရန် မျှော်လင့်ကြရမည်နည်း။ (မာကု ၁၀:၆-၉; ရောမ ၇:၂၊ ၃)
ဘုရားသခင့် ရှေ့မှောက်တွင် နောက်အိမ်ထောင်ပြုခွင့်ရှိသည့် တရားဝင် ကွာရှင်းမှုအတွက် တစ်ခုတည်းသော အခြေခံ အကြောင်းရင်းကား အဘယ်နည်း။ (မဿဲ ၅:၃၁၊ ၃၂; ၁၉:၃-၉)
နှုတ်ကပါဌ်တော်က ခွင့်မပြုသည့် ကွာရှင်းမှုများကို ယေဟောဝါ မည်သို့ သဘောထားတော်မူသနည်း။ (မာလခိ ၂:၁၃-၁၆)
အိမ်ထောင်ရေး ပြဿနာများ ဖြေရှင်းနည်းအဖြစ် လင်မယားခွဲနေခြင်းကို သမ္မာကျမ်းစာက ထောက်ခံပါသလော။ (၁ ကောရိန္သု ၇:၁၀-၁၃)
မည်သို့သော အခြေအနေမျိုးတွင် လင်မယားခွဲနေရန် ခိုင်လုံသည့်အကြောင်း ရှိသနည်း။ (ဆာလံ ၁၁:၅; လုကာ ၄:၈; ၁ တိမောသေ ၅:၈)
၄။ အချို့အိမ်ထောင်များ အဘယ်ကြောင့် တည်တံ့ခိုင်မြဲကြသနည်း။
၄ အချို့ အိမ်ထောင်များသည် အောင်မြင်၍ ခိုင်မြဲတည်တံ့ကြသည်။ အဘယ်ကြောင့်နည်း။ အိမ်ထောင်ပြုရန် နှစ်ဦးနှစ်ဖက်စလုံး ရင့်ကျက်သည့်အရွယ်ရောက်အောင် စောင့်ဆိုင်းခြင်းသည် အရေးကြီးသည့် အကြောင်းခံတစ်ရပ်ဖြစ်သည်။ သို့သော် မိမိ စိတ်ဝင်စားရာများကို စိတ်ဝင်စားပြီး ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ဆွေးနွေး တိုင်ပင်၍ရသည့် အိမ်ထောင်ဖက်ကို ရှာတွေ့ခြင်းသည်လည်း အရေးကြီးပေသည်။ သို့သော်၊ ပို၍ အရေးကြီးသည်မှာ ယေဟောဝါကိုချစ်၍ ပြဿနာများ ကိုင်တွယ်ဖြေရှင်းရန်အတွက် ကိုယ်တော့် နှုတ်ကပါဌ်တော်ကို အခြေခံအဖြစ် အလေးထားတတ်သည့် အိမ်ထောင်ဖက်ကို ရှာတွေ့ခြင်းပင်ဖြစ်သည်။ (ဆာလံ ၁၁၉:၉၇၊ ၁၀၄; ၂ တိမောသေ ၃:၁၆၊ ၁၇) ထိုသို့သောပုဂ္ဂိုလ်သည် အခြေအနေ မဟန်လျှင် ခွဲနေနိုင်သည်၊ သို့မဟုတ် ကွာရှင်းနိုင်သည် ဟူသည့်သဘောထားမျိုး ရှိမည်မဟုတ်။ သူသည် မိမိအိမ်ထောင်ဖက်၏ ချွတ်ယွင်းချက်များကို အကြောင်းပြ၍ မိမိ၏ တာဝန်ဝတ္တရားကို ရှောင်လွှဲမည်မဟုတ်။ သို့ပြုမည့်အစား၊ ဘဝပြဿနာများကို မရှောင်မလွှဲ ရင်ဆိုင်၍ လက်တွေ့ကျသည့် ဖြေရှင်းနည်းများကို ရှာဖွေမည်ဖြစ်သည်။
၅။ (က) ယေဟောဝါအပေါ် သစ္စာစောင့်သိခြင်းသည် အိမ်ထောင်သည်ဘဝနှင့် မည်သို့ ပတ်သက်မှုရှိသနည်း။ (ခ) အခက်အခဲ ရင်ဆိုင်ရသည့်တိုင်အောင် ယေဟောဝါ၏ စံများကို ဆုပ်ကိုင်ထားခြင်းမှ အဘယ် အကျိုးကျေးဇူးများ ရရှိနိုင်သနည်း။
၅ ကျွန်ုပ်တို့ ဒုက္ခရောက်သည့်အခါ ယေဟောဝါ၏ နည်းလမ်းတော်များကို စွန့်ပစ်မည်ဟု စာတန်က အခိုင်အမာဆို၏။ (ယောဘ ၂:၄၊ ၅; သုတ္တံ ၂၇:၁၁) သို့သော် မယုံကြည်သော အိမ်ထောင်ဖက်၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရကြသည့် ယေဟောဝါသက်သေ အများစုသည် ၎င်းတို့၏လက်ထပ်ကျမ်းကျိန်ခြင်းကို မစွန့်လွှတ်ခဲ့ကြချေ။ ယေဟောဝါနှင့် ကိုယ်တော့်ပညတ်တော်များကို ဆက်လက်၍ သစ္စာစောင့်သိကြသည်။ (မဿဲ ၅:၃၇) အပတ်တကုတ် ကြိုးပမ်းခဲ့သူအချို့သည် နှစ်ချီ၍ ဆန့်ကျင်ခံရပြီးနောက် ၎င်းတို့၏ အိမ်ထောင်ဖက်များ ယေဟောဝါအား အတူတကွ ဝတ်ပြုသူများ ဖြစ်လာသည်ကို တွေ့ရသဖြင့် ဝမ်းမြောက်ရွှင်လန်း ခဲ့ရကြသည်။ (၁ ပေတရု ၃:၁၊ ၂) ပြောင်းလဲခြင်း အရိပ်အယောင်မပြသည့် အိမ်ထောင်ဖက်ရှိသော၊ သို့မဟုတ် ယေဟောဝါကို ဝတ်ပြုသည့်အတွက်ကြောင့် အိမ်ထောင်ဖက်ဖြစ်သူ၏ စွန့်ပစ်ခြင်းခံရသော ခရစ်ယာန်များသည်လည်း ဘုရားရေးရာ ဆည်းကပ်မြှုပ်နှံခြင်းကို အိမ်တွင်း၌ ကျင့်သုံးခြင်းအတွက် ကောင်းချီးရရှိမည်ဖြစ်ကြောင်း သိရှိကြသည်။—ဆာလံ ၅၅:၂၂; ၁၄၅:၁၆။
တာဝန်ကိုယ်စီ ထမ်းရွက်ခြင်း
၆။ အောင်မြင်သော အိမ်ထောင်ဖြစ်စေရန် အဘယ် အစီအစဉ်ကို အသိအမှတ် ပြုရမည်နည်း။
၆ အောင်မြင်သော အိမ်ထောင်တစ်ခုဖြစ်ရန် အတူတကွ ပေါင်းသင်းနေထိုင်ရုံမျှနှင့် မလုံလောက်သည်မှာ ဆိုဖွယ်မရှိ။ အိမ်ထောင်ဖက် တစ်ဦးစီအတွက် အခြေခံလိုအပ်ချက်မှာ ယေဟောဝါ၏ ဦးစီးမှုအစီအစဉ်ကို အသိအမှတ်ပြုခြင်းပင်ဖြစ်သည်။ ဤသို့ပြုလျှင် အစီအစဉ် စနစ်တကျရှိပြီး အိမ်တွင် စိတ်ချလုံခြုံသည့်သဘော ဖြစ်ပေါ်စေသည်။ ၁ ကောရိန္သု ၁၁:၃ တွင် “ယောက်ျား၏ခေါင်းကား ခရစ်တော် ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျား ဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကိုလည်းကောင်း သင်တို့သိမှတ်စေခြင်းငှာ ငါအလိုရှိ၏” ဟူ၍ ကျွန်ုပ်တို့ ဖတ်ရသည်။
၇။ မိသားစု၌ ဦးစီးမှုကို မည်သို့ ကျင့်သုံးသင့်သနည်း။
၇ ထိုကျမ်းချက်၌ အဘယ်အချက်ကို ဦးဆုံးဖော်ပြထားသည်ကို သင်သတိပြုမိသလော။ မှန်ပါသည်၊ ယောက်ျားတိုင်းတွင် နာခံရမည့် ဦးခေါင်း၊ ခရစ်တော် ရှိခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လင်ယောက်ျားဖြစ်သူသည် ယေရှု၏ အရည်အသွေးများကို ထင်ဟပ်စေသည့်နည်းဖြင့် ဦးစီးမှုကို ကျင့်သုံးသင့်သည်ဟူ၍ဖြစ်သည်။ ခရစ်တော်သည် ယေဟောဝါအား ကျိုးနွံနာခံ၏၊ အသင်းတော်ကို နှစ်နှစ်ကာကာ ချစ်၍ ကျွေးမွေးပြုစု၏။ (၁ တိမောသေ ၃:၁၅) ကိုယ်တော်သည် “ထိုအသင်းတော် အဖို့အလိုငှာ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။” ယေရှုသည် မာနကြီးသူ၊ မစာနာတတ်သူ မဟုတ်ဘဲ “နူးညံ့သိမ်မွေ့ နှိမ့်ချသော စိတ်သဘောရှိ၏။” ကိုယ်တော်၏ ဦးစီးမှုအောက် ရောက်လာသူတို့သည် ‘သူတို့၏စိုးလ် လန်းဆန်းမှု ရကြ၏။’ လင်ယောက်ျားတစ်ဦးသည် ဤနည်းဖြင့် မိသားစုကို ဆက်ဆံသည့်အခါ သူသည် ခရစ်တော်၏ အုပ်စိုးခြင်းကို ဝန်ခံကြောင်းပြ၏။ သို့ဖြစ်လျှင် ခရစ်ယာန် ဇနီးသည်တစ်ဦးသည် ခင်ပွန်းဖြစ်သူနှင့် ပူးပေါင်းလုပ်ဆောင်၍ သူ၏ဦးစီးမှုကို နာခံခြင်းဖြင့် အကျိုးကျေးဇူးနှင့် လန်းဆန်းမှု ရရှိကြပေမည်။—ဧဖက် ၅:၂၅-၃၃; မဿဲ ၁၁:၂၈၊ ၂၉; သုတ္တံ ၃၁:၁၀၊ ၂၈။
၈။ (က) ခရစ်ယာန် နည်းလမ်းများသည် အချို့ အိမ်ထောင်များတွင် လိုချင်သော ရလဒ်များ ဖြစ်ထွန်းခြင်းမရှိဟု အဘယ်ကြောင့် ထင်မှတ်ရသနည်း။ (ခ) ယင်းသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရပါက ကျွန်ုပ်တို့ အဘယ်အရာ လုပ်သင့်သနည်း။
၈ သို့ပင်ငြားလည်း ပြဿနာများ ပေါ်ပေါက်လာပေမည်။ မိသားစုထဲမှ တစ်ယောက်ယောက်က သမ္မာကျမ်းစာ အခြေခံမူများအတိုင်း မကျင့်သုံးမီကတည်းက အခြားသူများ၏ အမိန့်ပေးညွှန်ကြားခြင်းကို မခံလိုသည့်သဘော အနည်းနှင့်အများ ရှိနေပေမည်။ ကြင်နာစွာ တောင်းဆိုခြင်း၊ ချစ်ခင်စွာ ပြုမူပြောဆိုပုံပင် အကျိုးမထင်သယောင် ဖြစ်နိုင်သည်။ “စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ငေါ်ခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်းတို့ကို” ပယ်ရှားရန် ကျမ်းစာက ဆိုထားကြောင်း ကျွန်ုပ်တို့ သိကြ၏။ (ဧဖက် ၄:၃၁) သို့သော် အချို့သူတို့သည် ဒေါသနှင့် အော်ဟစ်ငေါက်ငမ်းခြင်းမှတစ်ပါး အခြားနည်းလမ်းများကို နားလည်ပုံမရပါက မည်သို့ပြုသင့်သနည်း။ ယေရှုသည် ခြိမ်းခြောက်ခြင်း၊ ကဲ့ရဲ့ခြင်း ပြုသူတို့နည်းတူ ပြုတော်မမူဘဲ ခမည်းတော်ကိုသာ အားကိုးအားထားပြုတော်မူ၏။ (၁ ပေတရု ၂:၂၂၊ ၂၃) ထို့ကြောင့် အိမ်တွင် သည်းခံရခက်သော အခြေအနေများ ပေါ်လာသည့်အခါ၌ လောကလမ်းစဉ် လိုက်မည့်အစား ယေဟောဝါထံ အကူအညီ တောင်းလျှောက်ခြင်းအားဖြင့် ဘုရားတရား ဆည်းကပ်မြှုပ်နှံခြင်းကို ကျင့်သုံးကြောင်း သက်သေပြပါလေ။—သုတ္တံ ၃:၅-၇။
၉။ ခရစ်ယာန် လင်ယောက်ျားအများသည် အပြစ်ရှာမည့်အစား အဘယ်အရာ ပြုလုပ်တတ်လာကြသနည်း။
၉ ပြောင်းလဲမှုများသည် မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လေ့ မရှိသော်လည်း စိတ်ရှည်ရှည်နှင့် ဝီရိယရှိရှိ လက်တွေ့ကျင့်သုံးသည့်အခါ သမ္မာကျမ်းစာ ဩဝါဒသည် အမှန်ပင် အကျိုးပြုပေသည်။ လင်ယောက်ျား များစွာတို့သည် အသင်းတော်နှင့် ခရစ်တော် မည်သို့ဆက်ဆံသည်ကို နားလည်သဘောပေါက်လာသည့်အခါ သူတို့၏အိမ်ထောင်ရေး စတင်တိုးတက်လာသည်ကို တွေ့မြင်ကြရသည်။ ထိုအသင်းတော်သည် စုံလင်သောလူသားများနှင့် ဖွဲ့စည်းထားသည်မဟုတ်ပါ။ သို့နှင့်ပင် ၎င်းကို ယေရှု ချစ်၍ မှန်ကန်သော စံနမူနာ ပြသည့်အပြင် တိုးတက်မှုရှိအောင် ကျမ်းစာကို အသုံးပြု၍ ကူညီပေးတော်မူ၏။ အသင်းတော်အတွက် မိမိအသက်ကိုပင် ပေးဆက်ခဲ့သည်။ (၁ ပေတရု ၂:၂၁) ကိုယ်တော်၏ စံနမူနာတော်သည် ခရစ်ယာန် လင်ယောက်ျား များစွာတို့အား အိမ်ထောင်ဦးစီးကောင်းဖြစ်အောင်၊ အိမ်ထောင် တိုးတက်ကောင်းမွန်ရေးအတွက် မေတ္တာဖြင့် ကူညီဖေးမတတ်အောင် အားပေးတိုက်တွန်းပေးခဲ့သည်။ ဤသို့ပြုခြင်းသည် အပြစ်ရှာခြင်း၊ သို့မဟုတ် စကားမပြောဘဲနေခြင်းထက် ပို၍ကောင်းသော အကျိုးရလဒ်များ ဖြစ်ထွန်းစေသည်။
၁၀။ (က) ခရစ်ယာန် ဖြစ်သည်ဟု ဆိုလျက်နှင့် ခင်ပွန်းသည်တစ်ဦး သို့မဟုတ် ဇနီးသည်တစ်ဦးသည် အခြားအိမ်သားများအား မည်သည့်နည်းများဖြင့် အခက်အခဲ တွေ့စေနိုင်သနည်း။ (ခ) အခြေအနေကို တိုးတက်ကောင်းမွန်လာစေရန် အဘယ်အရာ ပြုလုပ်နိုင်သနည်း။
၁၀ လင်ယောက်ျားတစ်ဦးသည် မိသားစု၏ စိတ်လှုပ်ရှားမှုဆိုင်ရာ လိုအပ်ချက်များကို ကောင်းစွာမသိဘဲနေလျှင်၊ သို့မဟုတ် မိသားစုလိုက် ကျမ်းစာဆွေးနွေးခြင်းနှင့် အခြားသော လုပ်ဆောင်မှုများအတွက် အစီအစဉ်ပြုလုပ်ရန် ဦးမဆောင်လျှင် မည်သို့ပြုမည်နည်း။ သို့တည်းမဟုတ် ဇနီးသည်တစ်ဦးသည် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘုရားရေးရာ ကျိုးနွံနာခံခြင်း မရှိလျှင်ကော မည်သို့ပြုမည်နည်း။ ပြဿနာများကို မိသားစုလိုက် လေးလေးစားစား တိုင်ပင်ဆွေးနွေးခြင်းအားဖြင့် ကောင်းကျိုးရလဒ်များကို အချို့သူတို့ ရရှိခဲ့ကြသည်။ (ကမ္ဘာဦး ၂၁:၁၀-၁၂; သုတ္တံ ၁၅:၂၂) ရလဒ်များသည် မျှော်မှန်းသလောက် အားရစရာ မကောင်းသည့်တိုင်အောင် ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် မိမိတို့၏ အသက်တာတွင် ဘုရားသခင့် ဝိညာဉ်တော်အသီး သီးပွင့်ခြင်းအားဖြင့်လည်းကောင်း၊ အိမ်သူအိမ်သားချင်းကို မေတ္တာရှေ့ထား၍ ထောက်ထားစာနာမှု ပြခြင်းအားဖြင့်လည်းကောင်း အိမ်တွင်းအခြေအနေကို တိုးတက်ကောင်းမွန်အောင် ထောက်ကူပေးနိုင်ကြပေသည်။ (ဂလာတိ ၅:၂၂၊ ၂၃) တစ်ဖက်သားက တစ်စုံတစ်ရာပြုလုပ်ရန် လက်ပိုက်စောင့်နေခြင်းဖြင့်မဟုတ်ဘဲ မိမိတို့အပိုင်းက ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ခြင်းအားဖြင့်သာ တိုးတက်မှု ရရှိမည်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားတရား ဆည်းကပ်မြှုပ်နှံခြင်းကို လက်တွေ့ကျင့်ဆောင်လျက်ရှိကြောင်း တင်ပြကြသည်။—ကောလောသဲ ၃:၁၈-၂၁။
အဖြေရမည့်နေရာ
၁၁၊ ၁၂။ အောင်မြင်သော မိသားစုဘဝ တည်ဆောက်နိုင်ရန် အထောက်အကူအဖြစ် အဘယ်အရာကို ယေဟောဝါ ပြင်ဆင်ပေးတော်မူသနည်း။
၁၁ မိသားစု အရေးကိစ္စများအတွက် လူတို့ အကြံဉာဏ် တောင်းခံသည့်နေရာ များစွာရှိသည်။ သို့သော် ဘုရားသခင့် နှုတ်ကပါဌ်တော်တွင် အကောင်းတကာ့ အကောင်းဆုံး အကြံဉာဏ် ပါရှိကြောင်း ကျွန်ုပ်တို့ သိရှိထားသည့်အပြင် ၎င်းအကြံဉာဏ်အတိုင်း ကျင့်သုံးနိုင်အောင် မျက်မြင်ရ အဖွဲ့အစည်းတော်မှတစ်ဆင့် ဘုရားသခင်ကူညီပေးသည့်အတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ကြသည်။ ထိုအကူအညီမှ သင် အကျိုးကျေးဇူး အပြည့်အဝ ခံစားလျက်ရှိသလော။—ဆာလံ ၁၁၉:၁၂၉၊ ၁၃၀: မိက္ခာ ၄:၂။
၁၂ အသင်းတော် အစည်းအဝေးများ တက်ရောက်ခြင်းအပြင် မိသားစု ကျမ်းစာသင်အံမှုအတွက် ပုံမှန်အချိန်များ ပေးသလော။ ဤသို့ပြုသော မိသားစုများသည် ကိုးကွယ်ဝတ်ပြုမှုတွင် တစ်စည်းတစ်လုံးတည်းဖြစ်ရေး ရည်မှန်းချက် အောင်မြင်စေရန် ကြိုးပမ်းနိုင်ကြသည်။ မိမိတို့၏ အခြေအနေနှင့်အညီ ဘုရားသခင့် နှုတ်ကပါဌ်တော်ကို လက်တွေ့ကျင့်သုံးသွားသည်နှင့်အမျှ သူတို့၏ မိသားစုဘဝသည် ပြည့်ဝသာယာလာမည်ဖြစ်သည်။—တရားဟောရာ ၁၁:၁၈-၂၁။
၁၃။ (က) မိသားစု အရေးကိစ္စများနှင့် စပ်လျဉ်း၍ မေးစရာ မေးခွန်းများ ရှိပါက လိုအပ်သည့် အကူအညီကို မည်သည့်နေရာ၌ အများအားဖြင့် တွေ့ရှိနိုင်သနည်း။ (ခ) ကျွန်ုပ်တို့ ချသမျှ ဆုံးဖြတ်ချက်အားလုံးတွင် အဘယ်အရာ ထင်ဟပ်နေသင့်သနည်း။
၁၃ မိသားစု ကိစ္စများနှင့် စပ်လျဉ်း၍ သင်၌ မေးစရာမေးခွန်းများ ရှိပေမည်။ သာဓကအနေဖြင့် သားဆက်ခြားခြင်းကို မည်သို့ဆိုမည်နည်း။ ကိုယ်ဝန်ဖျက်ချခြင်း မှန်ကန်သည့်အခါ ရှိသလော။ သားသမီးတစ်ယောက်က ဝိညာဉ်ရေးရာများကို စိတ်ဝင်စားမှု မပြသလောက်ဖြစ်လျှင် မိသားစု ကိုးကွယ်ဝတ်ပြုမှုတွင် မည်မျှအထိ ပါဝင်စေသင့်သနည်း။ ဤကဲ့သို့သောမေးခွန်း အတော်များများကို ယေဟောဝါသက်သေများ ထုတ်ဝေသည့် စာပေများတွင် ဆွေးနွေးတင်ပြပြီးဖြစ်သည်။ မာတိကာများ အပါအဝင် ကျမ်းစာလေ့လာမှု အထောက်အကူများကို သုံးတတ်အောင် သင်ယူပြီး အဖြေများကို ရှာဖွေပါ။ မာတိကာ၌ ညွှန်းထားသည့် စာပေများ မရှိပါက နိုင်ငံတော်ခန်းမရှိ စာကြည့်တိုက်တွင် ရှာကြည့်ပါ။ သို့တည်းမဟုတ် သင့်ကွန်ပျူတာမှတစ်ဆင့် ၎င်းစာပေများကို ဖတ်ရှုနိုင်ဖွယ်ရှိသည်။ သင့်မေးခွန်းများကို ပါရမီရင့်ကျက်သည့် ခရစ်ယာန် အမျိုးသား၊ အမျိုးသမီးများနှင့်လည်း တိုင်ပင်ဆွေးနွေးနိုင်သည်။ သို့သော်၊ မေးခွန်းတိုင်းအတွက် အဘယ်အရာ လုပ်သင့်သည်၊ အဘယ်အရာ မလုပ်သင့် ဟူသော ရှင်းလင်းသည့် အဖြေရရန် အမြဲတမ်း မမျှော်လင့်ပါနှင့်။ အများအားဖြင့် တစ်ဦးချင်း အနေနှင့်ဖြစ်စေ၊ လင်မယား စုံတွဲအနေနှင့်ဖြစ်စေ သင် ကိုယ်တိုင် ဆုံးဖြတ်ရမည်ဖြစ်သည်။ ၎င်းနောက် ဘုရားတရား ဆည်းကပ်မြှုပ်နှံခြင်းကို လူတောသူတော၌သာမက အိမ်တွင်း၌လည်း လက်တွေ့ကျင့်ဆောင်ကြောင်း ထင်ဟပ်စေသည့် ဆုံးဖြတ်ချက်များကို ချပါလေ။—ရောမ ၁၄:၁၉; ဧဖက် ၅:၁၀။
ပြန်လည်သုံးသပ်ဆွေးနွေးခြင်း
• ယေဟောဝါအပေါ် သစ္စာစောင့်သိခြင်းတွင် မိမိ၏ အိမ်ထောင်ဖက်အပေါ် သစ္စာရှိခြင်း မည်သို့ ပါဝင်ပတ်သက်သနည်း။
• မိသားစု ပြဿနာများကြောင့် ဖိစီးမှုဒဏ် ခံရသည့်အခါ၌ ဘုရားသခင် နှစ်သက်ရာကို လုပ်ဆောင်နိုင်ရန် အဘယ်အရာက ကူညီပေးမည်နည်း။
• မိသားစုထဲမှ အခြားသူများက ချို့တဲ့ပျက်ကွက်ကြသည့်တိုင်အောင် အခြေအနေ တိုးတက်ကောင်းမွန်လာစေရန် ကျွန်ုပ်တို့ အဘယ်အရာ ပြုလုပ်နိုင်သနည်း။