အာရုံစိုက်မှုက သူတို့၏အသက်ကို ကယ်တင်ခဲ့
ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်တွင် ဗဟိုပြုသော ဂျူးအစီအစဉ်စနစ် ဆုံးခန်းတိုင်တော့မည်ဖြစ်ကြောင်း ယေရှုခရစ် ကြိုသတိပေးခဲ့၏။ အဆုံးတိုင်မည့် ရက်စွဲကိုမူ ကိုယ်တော် မဖော်ပြခဲ့ပါ။ သို့သော် ပျက်စီးခြင်းသို့ ဦးတည်စေသည့် အဖြစ်အပျက်များကို ကိုယ်တော်ဖော်ပြခဲ့သည်။ သတိနှင့်စောင့်နေကြရန်နှင့် အန္တရာယ်နယ်မြေအတွင်းမှထွက်ခွာရန် တပည့်များအား ကိုယ်တော်တိုက်တွန်းခဲ့သည်။
ယေရှု ဤသို့မိန့်တော်မူခဲ့၏– “ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ ထိုမြို့သည် ပျက်စီးခြင်းသို့ရောက်လုသည်ကို သိမှတ်ကြလော့။” ကိုယ်တော် ဤသို့လည်း မိန့်တော်မူခဲ့သည်– “ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင် . . . ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။” ပစ္စည်းဥစ္စာများကို သိမ်းဆည်းရန် အိမ်သို့မပြန်ကြဖို့ တပည့်တော်များအား ယေရှုတိုက်တွန်းခဲ့သည်။ အသက်ရှင်လွတ်မြောက်ရန် အရေးတကြီးထွက်ပြေးခဲ့ကြရသည်။—လုကာ ၂၁:၂၀၊ ၂၁; မဿဲ ၂၄:၁၅၊ ၁၆။
စီ.အီး. ၆၆ တွင် စက်စ်တီးယပ်စ် ဂဲလပ်စ်သည် ကြာညောင်းနေပြီဖြစ်သည့် ပုန်ကန်ထကြွမှုကို နှိမ်နင်းရန် ရောမစစ်တပ်ကိုဦးဆောင်ကာ ယေရုရှလင်မြို့ကို တိုက်ခိုက်ခဲ့သည်။ သူသည် မြို့ထဲသို့ပင်ဝင်ကာ ဗိမာန်တော်ကို ဝိုင်းရံခဲ့သည်။ မြို့ထဲတွင် ရုန်းရင်းဆန်ခတ်မှုများ ပြည့်နေခဲ့သည်။ သတိနှင့်စောင့်နေကြသူများသည် ဘေးဆိုးကြီး ကျရောက်တော့မည်ဖြစ်ကြောင်း သိမြင်နိုင်ခဲ့ကြသည်။ သို့သော် ထွက်ပြေးနိုင်ပါမည်လော။ မမျှော်လင့်ဘဲ စက်စ်တီးယပ်စ် ဂဲလပ်စ်သည် သူ၏စစ်တပ်ကို ပြန်ရုပ်သိမ်းခဲ့သည်။ ဂျူးတော်လှန်ရေးသမားများသည် သူတို့ကို လိုက်လံတိုက်ခိုက်ခဲ့ကြသည်။ ယခုသည် ယေရုရှလင်မြို့နှင့် ယုဒနယ်တစ်ဝန်းမှ ထွက်ပြေးရန်အချိန်ဖြစ်ခဲ့သည်!
နောက်နှစ်တွင် ဗက်စပါဆီယန်နှင့် သူ၏သားတိတုဦးဆောင်သော ရောမစစ်တပ် ပြန်လည်ရောက်ရှိလာခဲ့သည်။ တစ်နိုင်ငံလုံးသည် စစ်တွင် စုံးစုံးမြုပ်ခဲ့သည်။ စီ.အီး. ၇၀ အစောပိုင်းတွင် ရောမတို့သည် ယေရုရှလင်မြို့ပတ်ပတ်လည်တွင် တုတ်ချွန်ခံတပ်ကို တည်ဆောက်ခဲ့သည်။ ထွက်ပေါက်အားလုံး ပိတ်သွားပြီဖြစ်သည်။ (လုကာ ၁၉:၄၃၊ ၄၄) မြို့တွင်းရှိ အုပ်စုငယ်များ အချင်းချင်းသတ်ဖြတ်ခဲ့ကြသည်။ ကျန်လူများသည် ရောမတို့၏ သတ်ဖြတ်ခြင်း၊ သုံ့ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ကြသည်။ မြို့တော်နှင့် ယင်း၏ဝတ်ပြုရာအိမ်တော်သည် လုံးလုံးဖျက်ဆီးခံခဲ့ရသည်။ ပထမရာစု ဂျူးသမိုင်းဆရာ ဂျိုစီဖတ်စ်၏အဆိုအရ ဂျူးတစ်သန်းကျော် ဘေးဆိုးကြုံတွေ့ကာ သေဆုံးခဲ့သည်။ ဝတ်ပြုရာအိမ်တော်ကို နောက်ဘယ်တော့မျှ ပြန်မဆောက်ခဲ့တော့ပါ။
စီ.အီး. ၇၀ အထိ ယေရုရှလင်မြို့၌ ခရစ်ယာန်များ ဆက်ရှိနေခဲ့ကြမည်ဆိုလျှင် သူတို့လည်း ထိုတွင်ရှိသောအခြားသူများနှင့်အတူ အသတ်ခံရ သို့မဟုတ် ကျွန်အဖြစ် ဖမ်းဆီးခံခဲ့ရပေမည်။ သို့ရာတွင် ခရစ်ယာန်များသည် ဘုရားသခင့် သတိပေးချက်ကို လိုက်နာခဲ့ကြပြီး ယေရုရှလင်နှင့် ယုဒပြည်တစ်ဝန်းမှ ယော်ဒန်မြစ်အရှေ့ဘက်ရှိ တောင်တန်းများသို့ ထွက်ပြေးခဲ့ကြကြောင်း ရှေးသမိုင်းမှတ်တမ်းက ဖော်ပြသည်။ အချို့သူတို့သည် ပေရိယနယ်၊ ပဲလ္လဒေသတွင် အခြေချခဲ့ကြသည်။ သူတို့သည် ယုဒပြည်ကို စွန့်ခွာခဲ့ကြပြီး ပြန်လှည့်မလာကြတော့ပါ။ ယေရှု၏သတိပေးချက်ကို လိုက်နာခြင်းကြောင့် အသက်ဘေးမှ သူတို့လွတ်မြောက်ခဲ့ကြသည်။
ခိုင်လုံသောရင်းမြစ်မှလာသည့် သတိပေးချက်များကို သင်အလေးအနက်ထားပါသလော
သတိပေးချက်အမျိုးမျိုးကို ကြားရပြီး တကယ်ဖြစ်မလာသည့်အခါ လူများသည် သတိပေးချက်မှန်သမျှကို ပေါ့ပေါ့တန်တန် သဘောထားတတ်ကြသည်။ သို့ရာတွင် သတိပေးချက်များကို နာခံလိုက်လျှောက်ခြင်းသည် အသက်ဘေးမှ လွတ်မြောက်စေနိုင်သည်။
၁၉၇၅ ခုနှစ်တွင် တရုတ်ပြည်၌ မြေငလျင်လှုပ်မည်ဟု သတိပေးခဲ့သည်။ အာဏာပိုင်များက လုပ်ဆောင်စရာများ လုပ်ခဲ့သည်။ လူများလည်း အလိုက်သင့်တုံ့ပြန်ခဲ့ကြသည်။ လူထောင်ပေါင်းများစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
၁၉၉၁၊ ဧပြီလတွင် ဖိလစ်ပိုင်နိုင်ငံ ပင်နာတူဘိုမီးတောင် ဆင်ခြေလျှောတွင် နေထိုင်သောရွာသားများအား မီးတောင်မှ မီးခိုးများနှင့် ပြာများမှုတ်ထုတ်နေကြောင်း သတိပေးခဲ့သည်။ ဖိလစ်ပိုင်မီးတောင်ပညာနှင့် ငလျင်ပညာအဖွဲ့မှ သိပ္ပံပညာရှင်များသည် အခြေအနေကို နှစ်လလုံးလုံး အနီးကပ်စောင့်ကြည့်ပြီးနောက် အန္တရာယ်ကျရောက်တော့မည်ဖြစ်ကြောင်း သတိပေးခဲ့ကြသည်။ ချက်ချင်းပင် ထိုဒေသမှ သောင်းနှင့်ချီသောသူများ ထွက်ပြေးခဲ့ကြသည်။ ဇွန်လ ၁၅ ရက်နံနက်စောစောတွင် ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ ထုထည် နှစ်ကုဗမိုင်ကျော်သော မီးတောင်ပြာမှုန်ထုကြီးသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီးနောက် အနီးအနားဒေသများသို့ ပြန်ကျခဲ့သည်။ သတိပေးချက်ကို အာရုံစိုက်ခြင်းကြောင့် ထောင်နှင့်ချီသောသူတို့သည် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။
လက်ရှိအစီအစဉ်စနစ်အဆုံးနှင့်ပတ်သက်၍ သမ္မာကျမ်းစာတွင် သတိပေးထားသည်။ ယခု ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလတွင် အသက်ရှင်နေကြသည်။ အဆုံးနီးလာသည်နှင့်အမျှ သင်သည် သတိနှင့်ဆက်စောင့်နေပါသလော။ အန္တရာယ်နယ်မြေမှ ထွက်ရန် သင်လုပ်ဆောင်နေပါသလော။ အခြားသူများလည်း ထိုသို့လုပ်ဆောင်ရန် အရေးတကြီးဖြင့် သတိပေးနေပါသလော။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ပင်နာတူဘိုမီးတောင်မှ မီးတောင်ပြာမှုန်များမှုတ်ထုတ်ချိန်တွင် သတိပေးချက်ကို အာရုံစိုက်သူများစွာတို့သည် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြ
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
စီ.အီး. ၇၀၊ ယေရုရှလင်မြို့ ဖျက်ဆီးခံရချိန်တွင် ယေရှု၏သတိပေးချက်ကို လိုက်နာသောခရစ်ယာန်များသည် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြ