ကျွန်ုပ်တို့၏အချိန်နှင့်စပ်လျဉ်း၍ သင်နိုးကြားနေသလော
အန္တရာယ် ကိုနိုးကြားနေခြင်းက သေရေး၊ ရှင်ရေးကိုဖြစ်စေနိုင်သည်။ ယင်းကို မီးတောင်ကျွန်းစုနှစ်စုတွင် ဖြစ်ပျက်ခဲ့ရာနှင့် သရုပ်ဖော်ပြနိုင်ပေသည်။
ကာရစ်ဘီယံကျွန်းတစ်ကျွန်းဖြစ်သော မာတီနစ်ရှိ ပီလီမီးတောင်သည် ၁၉၀၂၊ မေလ ၈ ရက်၌ ပေါက်ကွဲခဲ့ရာ ၂၀ ရာစုတွင် အများဆုံးသေစေခဲ့သည့် မီးတောင်ဖြစ်သည်။ ယင်းက တောင်ခြေရင်းရှိ စိန့်ပီရဲမြို့၏လူဦးရေ ၃၀,၀၀၀ နီးပါးကို သေစေခဲ့၏။
၁၉၉၁၊ ဇွန်လ၌ ပင်နာတူဘိုမီးတောင်ပေါက်ကွဲခြင်းသည် ဤရာစု၏အကြီးမားဆုံး ရုတ်ခြည်းပေါက်ကွဲခြင်း ဖြစ်နိုင်ခြေရှိ၏။ ယင်းသည် ဖိလစ်ပိုင်၏ လူဦးရေအများဆုံးနေရာ၌ ဖြစ်ပွားခဲ့ရာ လူပေါင်း ၉၀၀ ခန့်ကို သေကျေစေခဲ့သည်။ သို့သော် ဤအကြိမ်တွင် ထောင်ပေါင်းများစွာကို အသက်ဘေးမှလွတ်မြောက်စေသည့် အချက်နှစ်ချက်ရှိသည်– (၁) အန္တရာယ်နှင့်စပ်လျဉ်း၍ နိုးကြားနေခြင်း (၂) သတိပေးချက်များနှင့်အညီပြုမူဖို့ အသင့်ရှိခြင်း။
လျော်ကန်စွာပြုခြင်းက အသက်ကိုကယ်ဆယ်ခဲ့
ပင်နာတူဘိုမီးတောင်သည် နှစ်ပေါင်းရာနှင့်ချီ၍မြုံနေခဲ့ပြီး ၁၉၉၁၊ ဧပြီလတွင် ပေါက်ကွဲမှုဖြစ်လုဆဲ လက္ခဏာများကို စတင်ပြသ၏။ မီးတောင်လုံးချွန်မှ အခိုးအငွေ့နှင့် ဆာလဖာဒိုင်အောက်ဆိုဒ် စတင်၍ထွက်လာခဲ့သည်။ ဒေသခံတို့သည် မြေကြီးတုန်ခါမှုများကို ဆက်တိုက်ခံစားခဲ့ကြရ၍ နိမိတ်မကောင်းသော ချော်ရည်အတုံးအခဲကြီးသည် တောင်ပေါ်မှာ စတင်ခုံးတက်လာသည်ကို တွေ့မြင်လိုက်ကြရသည်။ ဖိလစ်ပိုင်မီးတောင်ပညာနှင့် ငလျင်ပညာအဖွဲ့မှ သိပ္ပံပညာရှင်များသည် သတိရှိရှိစောင့်ကြည့်နေကြပြီး အချိန်တန်သော် အနီးအနားရှိမြို့ရွာများတွင်နေထိုင်သူ ၃၅,၀၀၀ ကိုရွှေ့ခိုင်းပါက ပညာရှိရာကျမည်ဟုအရာရှိများကို ယုံကြည်စေနိုင်ခဲ့သည်။
လူတို့သည် မိမိတို့၏နေအိမ်များကို အကြောင်းမဲ့စွန့်ခွာမသွားလိုကြမည်မှာ မှန်သော်လည်း မီးတောင်ပေါက်ကွဲခြင်းဘေးများကို ကွင်းကွင်းကွက်ကွက်ဖော်ပြသည့်ဗီဒီယို ကြည့်ခဲ့ကြရပြီးနောက် မဆိုင်းမတွထွက်ခွာကြလေတော့သည်။ လူအုပ်စုကြီးအစုအဝေးကြီးသည် အချိန်မီပင်ထွက်ခွာခဲ့ကြ၏။ အကြောင်းမှာ နှစ်ရက်အကြာတွင်ပင် လေထုထဲသို့ချော်ပြာများကို ကုဗမိုင်နှစ်မိုင်အထိ မှုတ်ထုတ်ခဲ့သည့် ကြီးမားသောပေါက်ကွဲမှုကြီးတစ်ခုဖြစ်ခဲ့သည်။ ထိုနောက် စီးဆင်းလာသောရွှံ့နွံထုက ရာပေါင်းများစွာသောသူတို့ကို သေကျေပျက်စီးစေခဲ့သည်။ သို့သော် လူတို့သည် ဘေးအန္တရာယ်ကိုသတိမူရန် နှိုးဆော်ခံခဲ့ရပြီး သတိပေးချက်နှင့်အညီ ပြုမူဆောင်ရွက်ခဲ့ကြခြင်းကြောင့် ထောင်နှင့်ချီ၍ အသက်ချမ်းသာရခဲ့ကြဟန်ရှိသည်။
လူတို့ကြောင့်ဖြစ်သောဘေးဆိုးမှ လွတ်မြောက်ခြင်း
ကျွန်ုပ်တို့ခေတ်သက္ကရာဇ်၏ ပထမရာစုနှစ်၌ ယေရုရှလင်မြို့သူမြို့သားတို့သည်လည်း မိမိတို့၏အိုးအိမ်များကို စွန့်ပစ်ထားရစ်ခဲ့သင့်၊ မသင့် ဆုံးဖြတ်ခဲ့ကြရ၏။ စီ.အီး. ၆၆ ခုနှစ်တွင် ထိုမြို့မှထွက်ပြေးခဲ့ကြသူတို့သည် အခြားနေထိုင်သူများနှင့် စီ.အီး. ၇၀ တွင်ကျင်းပမည့် ပသခါပွဲအတွက် ယေရုရှလင်မြို့သို့ရောက်လာကြသည့် ထောင်နှင့်ချီသောဂျူးများအပေါ်ကျရောက်ခဲ့သည့် ပျက်စီးခြင်းဘေးမှ လွတ်မြောက်ခဲ့ကြသည်။ ရောမစစ်တပ်က လွတ်မြောက်ဖို့အခွင့်အလမ်းမှန်သမျှကို ဖြတ်တောက်လိုက်သောအခါ ပသခါပွဲအတွက် လူပေါင်းတစ်သန်းကျော်သည် ထိုမြို့ထဲတွင်ရှိနေသည်။ ငတ်မွတ်ခေါင်းပါးခြင်း၊ အာဏာလုခြင်းနှင့် ရောမတို့၏သနားညှာတာမှုကင်းမဲ့သော တိုက်ခိုက်မှုများက တစ်သန်းကျော်သောသူတို့၏အသက်ကို ခြွေယူခဲ့သည်။
ရောမနိုင်ငံကို ဂျူးတို့ပုန်ကန်မှုသည် ဘေးဆိုးဖြင့် အဆုံးသတ်မည်ဟူသောအကြောင်းကို မကြေညာဘဲမနေခဲ့ပါ။ လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်ကတည်းက ယေရုရှလင်မြို့သည် ဝိုင်းရံခံရမည့်အကြောင်း ယေရှုခရစ်တင်ကြိုဟောခဲ့၏။ ကိုယ်တော်က ဤသို့မိန့်တော်မူခဲ့၏– “ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည်ပျက်စီးခြင်းသို့ရောက်လုသည်ကို သိမှတ်ကြလော့။ ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ တောရွာမှာရှိသောသူတို့သည် မြို့ထဲသို့မဝင်ကြစေနှင့်။” (လုကာ ၂၁:၂၀၊ ၂၁) ထိုညွှန်ကြားချက်များမှာ ရှင်းလင်းပြတ်သားပြီး ယေရှု၏နောက်တော်လိုက်များသည် ယင်းတို့ကို အလေးအနက်ထားခဲ့ကြသည်။
လေးရာစုမှ စီစရီအာမြို့နေ သမိုင်းဆရာယူစီဗီယပ်စ်က ယုဒရှိခရစ်ယာန်အားလုံးသည် ယေရှု၏သတိပေးချက်နှင့်အညီပြုမူခဲ့ကြကြောင်း မှတ်တမ်းတင်ထားသည်။ စီ.အီး. ၆၆ တွင် ရောမတို့သည် ယေရုရှလင်မြို့အား ဦးဆုံးဝိုင်းရံခဲ့မှုကို ဆုတ်ခွာသွားသောအခါ ဂျူးခရစ်ယာန်များစွာတို့သည် ရောမတို့၏ပေရိနယ်တွင်ရှိသော တစ်ပါးအမျိုးသားတို့၏ပဲလ္လမြို့၌ အခြေချခဲ့ကြ၏။ သူတို့၏ခေတ်နှင့်စပ်လျဉ်း၍ နိုးကြားပြီး ယေရှု၏သတိပေးချက်နှင့်အညီ ပြုမူခဲ့ကြခြင်းအားဖြင့် သူတို့သည် “လူ့သမိုင်းတစ်လျှောက် ကြောက်စရာအကောင်းဆုံးဝိုင်းရံမှုတစ်ခု” အဖြစ်ဖော်ပြခံရသည့်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။
ယနေ့ အလားတူသတိဝီရိယ ရှိဖို့လိုသည်။ ထိုမျှမက တိကျပြတ်သားစွာ ပြုမူဆောင်ရွက်မှုရှိရမည်။ ယင်းတို့ အဘယ်ကြောင့်လိုအပ်ရကြောင်း နောက်ဆောင်းပါးက ရှင်းပြပါမည်။
[Picture Credit Line on page 3]
Godo-Foto, West Stock