“အခြားသောအမှုအရာထက်မက အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့”
“ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည်ဖြစ်သောကြောင့် . . . အခြားသောအမှုအရာ ထက်မက အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့။”—၁ ပေတရု ၄:၇၊ ၈။
တမန်တော်များနှင့်အတူရှိခဲ့သော နောက်ဆုံးနာရီအနည်းငယ်သည် အလွန်တန်ဖိုးရှိကြောင်း ယေရှုသိတော်မူ၏။ တမန်တော်များရှေ့တွင်ရှိသည့်အရာကို ကိုယ်တော်သိထားသည်။ သူတို့သည် ကြီးမားသောလုပ်ငန်းကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်၊ သို့သော် ကိုယ်တော်ကဲ့သို့ပင် သူတို့လည်း မုန်းတီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းတို့ ခံရကြမည်။ (ယောဟန် ၁၅:၁၈-၂၀) သူတို့နှင့်အတူရှိခဲ့သော ထိုနောက်ဆုံးညတွင် “အချင်းချင်း ချစ်ကြ” ရန် တစ်ကြိမ်ထက်မက ကိုယ်တော်သတိပေးခဲ့သည်။—ယောဟန် ၁၃:၃၄၊ ၃၅; ၁၅:၁၂၊ ၁၃၊ ၁၇။
၂ ထိုညတွင်ရှိခဲ့သော တမန်တော်ပေတရုသည် ဆိုလိုရင်းကို သဘောပေါက်ခဲ့သည်။ နှစ်များစွာ ကုန်လွန်ပြီးနောက် ယေရုရှလင်မြို့ မပျက်စီးမီအချိန်လေးတွင် ရေးသားခဲ့သော ပေတရု၏စာတွင် ချစ်ခြင်းမေတ္တာ၏ အရေးကြီးမှုကို အလေးပေးဖော်ပြခဲ့သည်။ ခရစ်ယာန်များကို သူဤသို့ဆုံးမခဲ့၏– “ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည်ဖြစ်သောကြောင့် . . . အခြားသောအမှုအရာထက်မက အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့။” (၁ ပေတရု ၄:၇၊ ၈) ပေတရု၏စကားများသည် ဤအစီအစဉ်စနစ်၏ “နောက်ဆုံးသောနေ့ရက်များ” အတွင်းအသက်ရှင်နေသူတို့အတွက် အထူးအဓိပ္ပာယ်ရှိသည်။ (၂ တိမောသေ ၃:၁၊ သမ္မာ) “အားကြီးသောချစ်ခြင်းမေတ္တာ” ဟူသည် အဘယ်နည်း။ ကျွန်ုပ်တို့သည် အခြားသူများအား ထိုသို့သောမေတ္တာကိုပြသရန် အဘယ်ကြောင့် အရေးကြီးသနည်း။ ယင်းမေတ္တာကို ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း။
“အားကြီးသောချစ်ခြင်းမေတ္တာ”—ယင်းကားအဘယ်နည်း
၃ မေတ္တာကို အလိုအလျောက်ပေါ်ထွက်လာသော ခံစားချက်တစ်ခုအဖြစ် လူအများစုက ယူမှတ်ကြသည်။ သို့သော် ထိုမေတ္တာမျိုးကို ပေတရု ပြောနေခြင်း မဟုတ်ပါ; အမွန်မြတ်ဆုံး မေတ္တာအကြောင်း ပြောနေခြင်းဖြစ်သည်။ ၁ ပေတရု ၄:၈ ပါ “မေတ္တာ” သည် ဂရိစကားလုံး အဂါးပေးမှ ပြန်ဆိုထားခြင်းဖြစ်သည်။ ထိုဝေါဟာရသည် မူဖြင့် ထိန်းကွပ်ခံရသည့် ကိုယ်ကျိုးစွန့်မေတ္တာကို ဆိုလိုသည်။ ကိုးကားဖော်ပြချက်တစ်ခုက ဤသို့ဆိုသည်– “အဂါးပေးမေတ္တာသည် အမိန့်ပေးခြင်းကို နာခံနိုင်သည့်အစွမ်းရှိသည်၊ အကြောင်းမှာ ယင်းသည် အဓိကအားဖြင့် စိတ်လှုပ်ရှားမှုတစ်ရပ်မဟုတ်ဘဲ လုပ်ဆောင်ခြင်းသို့ဦးတည်စေသော စိတ်ပိုင်းဖြတ်ချက်တစ်ခုဖြစ်သည်။” ကျွန်ုပ်တို့သည် ကိုယ်ကျိုးရှာတတ်သည့်ဉာဉ်ကို အမွေရရှိထားကြသောကြောင့် အချင်းချင်းချစ်ရမည်ဟူသည့် သတိပေးချက် လိုအပ်သည်၊ ဘုရားသခင်ရေးရာမူများ လမ်းညွှန်သည့်နည်းအတိုင်း ယင်းကိုတင်ပြကြသည်။—ကမ္ဘာဦး ၈:၂၁; ရောမ ၅:၁၂။
၄ ကျွန်ုပ်တို့သည် တာဝန်အရသာ အချင်းချင်းချစ်သင့်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ အဂါးပေးသည် နွေးထွေးမှု၊ စိတ်ခံစားမှုတို့ ကင်းမဲ့သည့်မေတ္တာမျိုး မဟုတ်ပါ။ ပေတရုက ကျွန်ုပ်တို့သည် “အချင်းချင်း အားကြီးသော [စာသားအရ၊ “ဆန့်ထုတ်ထားသော”] ချစ်ခြင်းမေတ္တာ” ရှိကြရမည်ဟု ဆိုခဲ့သည်။a (နိုင်ငံတော်ကြားညှပ်) သို့တိုင် ထိုသို့သောမေတ္တာပြရန် ကြိုးစားအားထုတ်မှုလိုသည်။ “အားကြီးသော” ဟူ၍ပြန်ဆိုထားသော ဂရိစကားလုံးနှင့်ပတ်သက်၍ ပညာရှင်တစ်ဦး ဤသို့ဆို၏– “အားကစားသမားတစ်ဦးသည် ပန်းဝင်ခါနီးတွင် နောက်ဆုံးအနေနှင့် အားကုန်စိုက်ထုတ်ကြိုးစားမှုကို သရုပ်ဖော်ပေးသည့်စကားဖြစ်သည်။”
၅ သို့ဖြစ်၍ မေတ္တာပြရန်လွယ်ကူသူများအပေါ်သာ သို့မဟုတ် ရွေးချယ်ထားသော လူအနည်းငယ်အပေါ်သာ မေတ္တာပြရန် ကန့်သတ်ထား၍မရပါ။ မေတ္တာပြရန် ခက်ခဲနိုင်သည့်အချိန်တွင်ပင် ခရစ်ယာန်မေတ္တာပြခြင်းဖြင့် ကျွန်ုပ်တို့၏နှလုံးကို “ဆန့်ထုတ်” ရမည်။ (၂ ကောရိန္သု ၆:၁၁-၁၃) အားကစားသမားတစ်ဦးက သူ၏စွမ်းရည်ကို ထက်မြက်နေစေရန် လေ့ကျင့်၊ အသုံးချနေရသကဲ့သို့ပင် ဤမေတ္တာမျိုးသည် ပြုစုပျိုးထောင်ပြီး အသုံးချနေရမည့်အရာဖြစ်သည်။ ကျွန်ုပ်တို့အချင်းချင်း ထိုသို့သောမေတ္တာရှိရန် အရေးကြီးသည်။ အဘယ်ကြောင့်နည်း။ အနည်းဆုံး အကြောင်းရင်းသုံးခုကြောင့်ဖြစ်သည်။
ကျွန်ုပ်တို့သည် အဘယ်ကြောင့် အချင်းချင်းချစ်သင့်သနည်း
၆ ဦးဆုံးအချက်မှာ “ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်” သောကြောင့်ဖြစ်သည်။ (၁ ယောဟန် ၄:၇) နှစ်လိုဖွယ် ဤအရည်အသွေး၏ မူလရင်းမြစ်ဖြစ်သော ယေဟောဝါသည် ကျွန်ုပ်တို့ကို ရှေးဦးစွာ ချစ်တော်မူ၏။ တမန်တော်ယောဟန် ဤသို့ဆို၏– “သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူသောအရာ၌ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။” (၁ ယောဟန် ၄:၉) ဘုရားသခင့်သားတော်သည် လူသားတစ်ဦးအနေဖြင့် ဓမ္မအမှုဆောင်ရွက်ကာ ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် အသေခံရန် “စေလွှတ်” ခံခဲ့ရသည်—ယင်းတို့အားလုံးသည် ‘ကျွန်ုပ်တို့ အသက်ရရန်’ အတွက် ဖြစ်သည်။ ဘုရားသခင်၏ အမြင့်မြတ်ဆုံးသော ဤမေတ္တာကို ကျွန်ုပ်တို့ မည်သို့ တုံ့ပြန်သင့်သနည်း။ ယောဟန် ဤသို့ဆို၏– “ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင် ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်။” (၁ ယောဟန် ၄:၁၁) ယောဟန်၏ ရေးသားချက်ကို သတိပြုပါ၊ “ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်”—သင့် ကိုမဟုတ်ဘဲ ငါတို့ကိုဟူ၍ ဖော်ပြထားသည်။ အဓိပ္ပာယ်မှာ ရှင်းနေပါသည်– ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဝတ်ပြုကိုးကွယ်သူချင်းများကို ချစ်တော်မူသောကြောင့် ကျွန်ုပ်တို့သည်လည်း သူတို့ကိုချစ်သင့်သည်။
၇ ဒုတိယအချက်မှာ “ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည်ဖြစ်သောကြောင့်” အကူအညီလိုနေသော ကျွန်ုပ်တို့၏ ညီအစ်ကိုများကို ကူညီပေးရန် ယခုအချိန်သည် အချင်းချင်းချစ်ဖို့ အထူးအရေးကြီးသောအချိန်ဖြစ်သည်။ (၁ ပေတရု ၄:၇) ကျွန်ုပ်တို့သည် “ခဲယဉ်းသောကာလ” တွင် အသက်ရှင်နေကြသည်။ (၂ တိမောသေ ၃:၁) ကမ္ဘာ့အခြေအနေများ၊ သဘာဝဘေးအန္တရာယ်များနှင့် ဆန့်ကျင်မှုများက ကျွန်ုပ်တို့ကို ခက်ခဲကျပ်တည်းစေသည်။ ခံရခက်သောအခြေအနေများအောက်တွင် ကျွန်ုပ်တို့သည် ယခင်ကထက် အချင်းချင်း ပို၍ရင်းနှီးချစ်ခင်ရန် လိုအပ်သည်။ အားကြီးသောချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ကို စည်းလုံးစေပြီး ‘အချင်းချင်း သတိပြုစေခြင်းငှာ” လှုံ့ဆော်ပေးမည်။—၁ ကောရိန္သု ၁၂:၂၅၊ ၂၆။
၈ တတိယအချက်မှာ ကျွန်ုပ်တို့သည် စာတန်၏အမြတ်ထုတ်ခြင်း မခံရရန် ‘[စာတန်]ကိုအခွင့်မပေး’ လိုကြသောကြောင့် အချင်းချင်းချစ်ရန် လိုအပ်သည်။ (ဧဖက် ၄:၂၇) စာတန်သည် ထိမိလဲစရာအဖြစ် ယုံကြည်သူချင်းများ၏ မစုံလင်မှုများ—အားနည်းချက်များ၊ အပြစ်အနာဆာများ၊ အမှားများ—ကို အသုံးပြုရန် အကင်းပါးသူဖြစ်သည်။ မဆင်မခြင်ပြောဆိုမှု သို့မဟုတ် ကြင်နာမှုမရှိသော လုပ်ရပ်တစ်ခုက ကျွန်ုပ်တို့ကို အသင်းတော်မှ ထွက်သွားစေသလော။ (သု. ၁၂:၁၈) အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာရှိမည်ဆိုလျှင် ထိုသို့ဖြစ်မည် မဟုတ်ပါ! အဆိုပါချစ်ခြင်းမေတ္တာက ဘုရားသခင့်အမှုတော်ကို “တညီတညွတ်တည်း” ငြိမ်သက်စည်းလုံးစွာ ထမ်းဆောင်နေရန် အထောက်အကူပြုသည်။—ဇေဖနိ ၃:၉။
အခြားသူများကို မေတ္တာပြနိုင်ပုံ
၉ မေတ္တာပြခြင်းကို အိမ်တွင်စတင်ရမည်။ အချင်းချင်းချစ်ခြင်းဖြင့် မိမိ၏တပည့်စစ်များဖြစ်ကြောင်း ခွဲခြားသိမြင်ခံရမည်ဟု ယေရှုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၃:၃၄၊ ၃၅) မေတ္တာကို အသင်းတော်တွင်သာမက မိသားစု—အိမ်ထောင်ဖက် အချင်းချင်း၊ မိဘနှင့် သားသမီးများကြား—တွင်လည်း ထင်ရှားပြရမည်။ မိသားစုဝင်များအား မေတ္တာခံစားစေရုံဖြင့် မလုံလောက်ပါ; အပြုသဘောဆောင်သောနည်းများဖြင့် မေတ္တာကို တင်ပြရန်လိုအပ်သည်။
၁၀ အိမ်ထောင်ဖက်များသည် အချင်းချင်းချစ်ကြောင်း မည်သို့တင်ပြနိုင်သနည်း။ ဇနီးကို မေတ္တာစစ်ဖြင့် ချစ်မြတ်နိုးသော ခင်ပွန်းတစ်ဦးသည် လူများရှေ့တွင်ဖြစ်စေ၊ လူကွယ်ရာတွင်ဖြစ်စေ ချစ်ခင်မြတ်နိုးကြောင်း စကားအားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ သူ့အားသိစေသည်။ ခင်ပွန်းသည် ဇနီး၏ဂုဏ်သိက္ခာကို လေးစားပြီး သူ၏အယူအဆများ၊ သဘောထားများ၊ ခံစားချက်များကို ထောက်ထားစာနာပေးသည်။ (၁ ပေတရု ၃:၇) မိမိအကျိုးထက် ဇနီးသည်၏အကျိုးကို ဦးစားပေးပြီး ရုပ်ပိုင်း၊ ဝိညာဉ်ရေးနှင့် စိတ်ပိုင်းဆိုင်ရာတို့ကို အတတ်နိုင်ဆုံး ကြည့်ရှုစောင့်ရှောက်ပေးသည်။ (ဧဖက် ၅:၂၅၊ ၂၈) ခင်ပွန်းကို အမှန်တကယ် ချစ်မြတ်နိုးသော ဇနီးတစ်ဦးသည် တစ်ခါတစ်ရံ မိမိမျှော်လင့်ထားသကဲ့သို့ ဖြစ်မလာသည့်တိုင် ခင်ပွန်းကို ‘အလွန်ရိုသေခြင်းရှိ’ မည်။ (ဧဖက် ၅:၂၂၊ ၃၃) သူသည် ခင်ပွန်းကို တရားလွန်တောင်းဆိုမည်မဟုတ်ဘဲ ဝိညာဉ်ရေးရာများကို အာရုံစိုက်လုပ်ဆောင်ရာတွင် ခင်ပွန်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ခင်ပွန်းအတွက် အထောက်အမနှင့် လက်အောက်ခံသူဖြစ်သည်။—ကမ္ဘာဦး ၂:၁၈; မဿဲ ၆:၃၃။
၁၁ မိဘတို့၊ သင်တို့၏သားသမီးများကို မည်သို့ မေတ္တာပြနိုင်သနည်း။ သူတို့အတွက် ရုပ်ပိုင်းဆိုင်ရာများကို ဖြည့်ဆည်းပေးရန် တလိုတလား ကြိုးစားလုပ်ဆောင်ခြင်းသည် သင့်မေတ္တာ၏ သက်သေသာဓကဖြစ်သည်။ (၁ တိမောသေ ၅:၈) သို့သော် ကလေးများသည် အစားအစာ၊ အဝတ်အစားနှင့် နေစရာတို့ထက်မက ပိုလိုအပ်သည်။ သူတို့သည် စစ်မှန်သောဘုရားသခင်ကို ချစ်မြတ်နိုးပြီး ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်သူများအဖြစ် ကြီးပြင်းလာစေရန် ဝိညာဉ်ရေးလေ့ကျင့်ပေးမှု လိုအပ်သည်။ (သု. ၂၂:၆) ထို့ကြောင့် ကျမ်းစာလေ့လာခြင်း၊ ဓမ္မအမှုတွင်ပါဝင်ခြင်း၊ ခရစ်ယာန် အစည်းအဝေးများ တက်ရောက်ခြင်းတို့ကို မိသားစုလိုက်လုပ်ဆောင်ရန် အချိန်သတ်မှတ်ထားဖို့လိုသည်။ (တရားဟောရာ ၆:၄-၇) ထိုလုပ်ဆောင်မှုများကို တစ်သမတ်တည်းလုပ်ဆောင်ရာတွင် အထူးသဖြင့် ဤခဲယဉ်းသောကာလတွင် အတော်အတန် ကိုယ်ကျိုးစွန့်ရန်လိုသည်။ သားသမီးများ၏ ဝိညာဉ်ရေး လိုအပ်ချက်များအတွက် သင်တို့၏ စိုးရိမ်မှုနှင့် ကြိုးစားအားထုတ်မှုတို့သည် သူတို့၏ထာဝရကောင်းကျိုးကို အမှန်စိတ်ဝင်စားကြောင်း တင်ပြသည့် မေတ္တာပါလုပ်ရပ်ဖြစ်သည်။—ယောဟန် ၁၇:၃။
၁၂ မိဘများသည် သားသမီးများ၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ကြည့်ရှုစောင့်ရှောက်ပေးခြင်းဖြင့်လည်း မေတ္တာပြရန် အရေးကြီးသည်။ ကလေးများသည် ထိခိုက်နာကျင်လွယ်သည်; သူတို့၏နူးညံ့သောနှလုံးသားသည် သင်တို့၏ချစ်မြတ်နိုးမှုခံရကြောင်း ယုံကြည်စိတ်ချရန် လိုအပ်သည်။ သူတို့ကို ချစ်ကြောင်းပြောပါ၊ ချစ်မြတ်နိုးမှုများ တင်ပြပါ၊ ထိုဖော်ပြချက်များက သူတို့သည် ချစ်စရာကောင်းကြောင်း၊ တန်ဖိုးရှိသူလေးများဖြစ်ကြောင်း စိတ်ချစေသည်။ လှိုက်လှဲမှုရှိပြီး မှန်ကန်သည့် ချီးမွမ်းစကားများပြောပါ၊ ယင်းက သူတို့၏ကြိုးစားအားထုတ်မှုများကို သင်တွေ့မြင်ပြီး တန်ဖိုးထားကြောင်း သူတို့ကိုသိစေသည်။ မေတ္တာဖြင့် ဆုံးမပါ၊ ထိုပဲ့ပြင်ပေးမှုက သူတို့ မည်ကဲ့သို့သော လူစားမျိုးဖြစ်လာမည်နှင့်ပတ်သက်၍ သင်စိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်သည်။ (ဧဖက် ၆:၄) အကျိုးဖြစ်ထွန်းစေသော ထိုမေတ္တာဖော်ပြချက် အားလုံးသည် ပျော်ရွှင်ပြီး ရင်းနှီးချစ်ခင်သောမိသားစုတစ်ခု တည်ဆောက်ရာတွင် အကူအညီဖြစ်စေကာ ဤနောက်ဆုံးသောနေ့ရက်များ၏ ဖိအားများကို ခုခံတွန်းလှန်ရန် သာ၍အသင့်ရှိစေသည်။
၁၃ မေတ္တာသည် အခြားသူတို့၏ အားနည်းချက်များကို လျစ်လျူရှုရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်။ မိမိ၏စာဖတ်သူများအား ပေတရု ဆုံးမစာ ရေးချိန်တွင် “အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာရှိရန်” အဘယ်ကြောင့် ဤမျှအရေးကြီးရသည့်အကြောင်းရင်းကို ဤသို့ဖော်ပြခဲ့သည်– “ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။” (၁ ပေတရု ၄:၈) အပြစ်များကို “ဖုံးအုပ်” သည်ဟုဆိုရာတွင် ကြီးလေးသည့်အပြစ်များကို ‘ဖုံးကွယ်’ ခြင်းမဟုတ်ပါ။ ထိုအပြစ်များကို အသင်းတော်ရှိ တာဝန်ရှိသူများထံ သတင်းပို့သင့်ပြီး ကိုင်တွယ်ဖြေရှင်းရသည်။ (ဝတ်ပြုရာ ၅:၁; သု. ၂၉:၂၄) ကြီးလေးသောအပြစ်ပြုသူများအား ဆက်၍အပြစ်ပြုစေရန် သို့မဟုတ် အပြစ်မဲ့သူများအား ထိခိုက်နာကျင်စေရန် ခွင့်ပြုထားခြင်းသည် ပို၍မေတ္တာမဲ့ရာရောက်ပြီး ကျမ်းစာနှင့် မကိုက်ညီပါ။—၁ ကောရိန္သု ၅:၁-၁၃။
၁၄ အများအားဖြင့် ယုံကြည်သူချင်းများ၏ အမှားများ၊ အပြစ်များသည် အသေးအဖွဲဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် စကားအားဖြင့် သို့မဟုတ် အပြုအမူအားဖြင့် မှားတတ်ကြပြီး တစ်ဦးကိုတစ်ဦး စိတ်ပျက်စေ၊ နာကျင်စေကြသည်။ (ယာကုပ် ၃:၂) ကျွန်ုပ်တို့သည် အခြားသူများ၏ အားနည်းချက်များကို ချက်ချင်း ကြေညာမောင်းခတ်သင့်သလော။ ယင်းသို့ပြုခြင်းက အသင်းတော်အတွင်း စိတ်သဘောထားကွဲလွဲမှုကိုသာ ဖြစ်စေသည်။ (ဧဖက် ၄:၁-၃) ကျွန်ုပ်တို့သည် မေတ္တာဖြင့် ထိန်းချုပ်ခံရပါက ယုံကြည်သူချင်းတစ်ဦး၏ ‘အသရေကို ရှုတ်ချ’ မည်မဟုတ်ပါ။ (ဆာလံ ၅၀:၂၀၊ သမ္မာ) နံရံပေါ်မှ အပြစ်အနာအဆာများကို အင်္ဂတေကိုင်ပြီး ဆေးသုတ်လိုက်သကဲ့သို့ပင် မေတ္တာသည် အခြားသူများ၏ အပြစ်အနာအဆာများကို ဖုံးအုပ်တတ်သည်။—သု. ၁၇:၉။
၁၅ မေတ္တာသည် အမှန်တကယ် အကူအညီလိုနေသူများကို ကူညီပေးရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးမည်။ နောက်ဆုံးသောနေ့ရက်များတွင် အခြေအနေများ ပိုဆိုးရွားလာသောကြောင့် ကျွန်ုပ်တို့၏ ယုံကြည်သူချင်းများသည် တစ်ခါတစ်ရံ ရုပ်ပစ္စည်းနှင့် ကာယရေးအကူအညီများ လိုအပ်ကြပေမည်။ (၁ ယောဟန် ၃:၁၇၊ ၁၈) ဥပမာ၊ ကျွန်ုပ်တို့အသင်းတော်မှ တစ်ဦးဦးသည် ငွေကြေး အလွန်ကျပ်တည်းနေသလော သို့မဟုတ် အလုပ်လက်မဲ့ဖြစ်နေသလော။ သို့ဖြစ်လျှင် ကျွန်ုပ်တို့၏အခြေအနေခွင့်ပြုသရွေ့ ရုပ်ပိုင်းဆိုင်ရာ အကူအညီအချို့ ပေးနိုင်ပါသည်။ (သု. ၃:၂၇၊ ၂၈; ယာကုပ် ၂:၁၄-၁၇) သက်ကြီးရွယ်အိုမုဆိုးမတစ်ဦး၏ အိမ်သည် ပြုပြင်စရာလိုနေသလော။ သို့ဖြစ်လျှင် အလုပ်တချို့အတွက် လျောက်ပတ်စွာ အစပြုကူညီပေးနိုင်ပါသည်။—ယာကုပ် ၁:၂၇။
၁၆ အခြားသူများအား ကျွန်ုပ်တို့မေတ္တာပြရာတွင် ကျွန်ုပ်တို့အနီးအနားဝန်းကျင်တွင် နေထိုင်သူတို့အတွက်သာ ကန့်သတ်မထားရပါ။ တစ်ခါတစ်ရံ မုန်တိုင်း၊ မြေငလျင်၊ ပြည်တွင်းမငြိမ်မသက်မှုဒဏ်တို့ကို ဆိုးရွားစွာခံစားရသည့် အခြားနိုင်ငံများရှိ ဘုရားသခင်၏ ကျေးကျွန်များအကြောင်း ကျွန်ုပ်တို့ ကြားရပေမည်။ သူတို့သည် အစားအစာ၊ အဝတ်အထည်နှင့် အခြားအသုံးအဆောင်များ အလွန်လိုအပ်နေကြပေမည်။ လူမျိုးခြား၊ အနွယ်ခြားဖြစ်ခြင်းသည် အရေးကိစ္စမဟုတ်ပါ။ ကျွန်ုပ်တို့သည် ‘ညီအစ်ကို အသင်းအပင်းတစ်ခုလုံးကို ချစ်ကြသည်။’ (၁ ပေတရု ၂:၁၇၊ ကဘ) ထို့ကြောင့် ပထမရာစုအသင်းတော်များကဲ့သို့ ကျွန်ုပ်တို့သည် အကူအညီပေးရန် ဖွဲ့စည်းထားသော ကယ်ဆယ်ရေးလုပ်ငန်းများကို ထောက်မကူညီပေးလိုစိတ် ပြင်းပြကြသည်။ (တမန်တော် ၁၁:၂၇-၃၀; ရောမ ၁၅:၂၆) အဆိုပါနည်းလမ်းအားလုံးဖြင့် ကျွန်ုပ်တို့မေတ္တာပြကြသည့်အခါ ဤနောက်ဆုံးသောနေ့ရက်များတွင် ကျွန်ုပ်တို့၏ စည်းလုံးမှုနှောင်ကြိုးကို ခိုင်မြဲစေကြသည်။—ကောလောသဲ ၃:၁၄။
၁၇ မေတ္တာက အခြားသူများအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောရန် လှုံ့ဆော်ပေးသည်။ ယေရှု၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ ကိုယ်တော်သည် အဘယ်ကြောင့် ဟောပြောသွန်သင်ခဲ့သနည်း။ လူအုပ်၏ သနားစဖွယ် ဝိညာဉ်ရေးအခြေအနေကြောင့် “သနားခြင်းစိတ်တော်ရှိ၍” ဖြစ်သည်။ (မာကု ၆:၃၄) ဝိညာဉ်ရေးအမှန်တရားအကြောင်း သွန်သင်ပေးကာ မျှော်လင့်ချက်ပေးသင့်သော မှားယွင်းသောဘာသာရေး ခေါင်းဆောင်များ၏ လျစ်လျူရှုမှုကို သူတို့ခံရကြပြီး လမ်းလွဲနေကြသည်။ ထို့ကြောင့် ယေရှုသည် နက်ရှိုင်းနွေးထွေးသောမေတ္တာ၊ ထောက်ထားစာနာမှုတို့၏ လှုံ့ဆော်မှုကြောင့် ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ဖြင့် လူများကို နှစ်သိမ့်ပေးခဲ့သည်။—လုကာ ၄:၁၆-၂၁၊ ၄၃။
၁၈ ယနေ့အချိန်တွင်လည်း လူများစွာသည် ဝိညာဉ်ရေးဘက်တွင် လျစ်လျူရှုခံရ၊ လမ်းလွဲနေကြပြီး မျှော်လင့်ချက်မဲ့နေကြသည်။ ယေရှုကဲ့သို့ ကျွန်ုပ်တို့လည်း စစ်မှန်သောဘုရားသခင်ကို မသိသေးသူများ၏ ဝိညာဉ်ရေးလိုအပ်ချက်များကို အကင်းပါးစွာ သိရှိမည်ဆိုလျှင် ဘုရားသခင့် နိုင်ငံတော်သတင်းကောင်းကို သူတို့အားဝေမျှဖို့ မေတ္တာနှင့် ထောက်ထားစာနာမှုက ကျွန်ုပ်တို့ကို လှုံ့ဆော်ပါလိမ့်မည်။ (မဿဲ ၆:၉၊ ၁၀; ၂၄:၁၄) ကျန်ရှိသောအချိန်သည် တိုတောင်းသောကြောင့် ဤအသက်ကယ်သတင်းတရားကို ယခင်ကထက် ပို၍အရေးတကြီးဟောပြောရမည်။—၁ တိမောသေ ၄:၁၆။
“ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လု” ပြီ
၁၉ ပေတရုက အချင်းချင်းမေတ္တာရှိရန် တိုက်တွန်းသည့်အခါ “ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည်ဖြစ်သောကြောင့်” ဟူသည့်စကားဖြင့် အစပြုခဲ့သည်။ (၁ ပေတရု ၄:၇) မကြာမီ ဤလောကစနစ်ဆိုးကို ဘုရားသခင်၏ ဖြောင့်မတ်သောကမ္ဘာသစ်က အစားထိုးတော့မည်။ (၂ ပေတရု ၃:၁၃) သို့ဖြစ်၍ မိမိတို့ကိုယ်ကို ကျေနပ်နေရမည့် အချိန်မဟုတ်ပါ။ ယေရှု ဤသို့သတိပေးခဲ့သည်– “သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လော[က]စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့်တွေ့ကြုံလိမ့်မည်။”—လုကာ ၂၁:၃၄၊ ၃၅။
၂၀ သို့ဖြစ်၍ ကျွန်ုပ်တို့၏ အချိန်ကာလရေစီးကြောင်းအခြေအနေကို သတိရှိရှိ “စောင့်နေကြ” စို့။ (မဿဲ ၂၄:၄၂) ကျွန်ုပ်တို့ကို အာရုံပျံ့လွင့်စေနိုင်သည့် စာတန်၏ သွေးဆောင်မှုမှန်သမျှကို ကာကွယ်ကြစို့။ အေးတိအေးစက်၊ မေတ္တာမဲ့သော ဤလောကကြောင့် အချင်းချင်းမေတ္တာပြခြင်းကို အတားအဆီး မဖြစ်ပါစေနှင့်။ ထို့ထက်ကား၊ စစ်မှန်သောဘုရားသခင်နှင့် ယခင်ကထက် ပို၍နီးကပ်စွာနေကြစို့၊ မကြာမီ ကိုယ်တော်၏ မေရှိယနိုင်ငံတော်သည် ကိုယ်တော်၏ ဘုန်းကျက်သရေပြည့်ဝသော ရည်ရွယ်ချက်ကို ဤကမ္ဘာပေါ်တွင် ပြည့်စုံစေမည်။—ဗျာ. ၂၁:၄၊ ၅။
[အောက်ခြေမှတ်ချက်]
a ၁ ပေတရု ၄:၈ ကို အခြားဘာသာပြန်ကျမ်းများက ကျွန်ုပ်တို့သည် အချင်းချင်း “ရိုးစင်းစွာ၊” “နက်နက်ရှိုင်းရှိုင်း၊” သို့မဟုတ် “စိတ်အားထက်သန်စွာ” ချစ်ရမည်ဟု ပြန်ဆိုထားကြ၏။
လေ့လာရန် မေးခွန်းများ
• ယေရှုသည် ခွဲခွာခါနီးအချိန်တွင် တပည့်များအား အဘယ်ဆုံးမစကား မိန့်တော်မူခဲ့သနည်း၊ ပေတရုသည် ဆိုလိုရင်းကို နားလည် သဘောပေါက်ခဲ့ကြောင်း အဘယ်အရာက ဖော်ပြသနည်း။ (ပိုဒ်. ၁-၂)
• “အားကြီးသော ချစ်ခြင်းမေတ္တာ” ကားအဘယ်နည်း။ (ပိုဒ်. ၃-၅)
• ကျွန်ုပ်တို့သည် အဘယ်ကြောင့် အချင်းချင်းချစ်သင့်သနည်း။ (ပိုဒ်. ၆-၈)
• အခြားသူများအား ချစ်ကြောင်း မည်သို့တင်ပြနိုင်သနည်း။ (ပိုဒ်. ၉-၁၈)
• မိမိကိုယ်ကို ကျေနပ်နေရမည့်အချိန် အဘယ်ကြောင့် မဟုတ်သနည်း၊ အဘယ်အရာပြုလုပ်ရန် စိတ်ဆုံးဖြတ်သင့်သနည်း။ (ပိုဒ်. ၁၉-၂၀)
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ရင်းနှီးချစ်ခင်သောမိသားစုသည် ဤနောက်ဆုံးသောနေ့ရက်များ၏ ဖိအားများကို ခံရပ်ရန် သာ၍အသင့်ရှိစေ
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
မေတ္တာသည် အမှန်တကယ်လိုအပ် နေသူများကို အကူအညီပေးရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေး
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
အခြားသူများအား ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဝေမျှခြင်းသည် မေတ္တာပါလုပ်ရပ်ဖြစ်