အပိုင်း ၁၄
ဘုရားသခင်သည် မိမိပရောဖက်များမှတစ်ဆင့် မိန့်ဆို
တရားစီရင်ချက်များ၊ စစ်မှန်သောဝတ်ပြုရေးနှင့် မေရှိယကြွလာမည့် မျှော်လင့်ချက်နှင့် ပတ်သက်သည့်သတင်းများ ကြေညာရန် ပရောဖက်များကို ယေဟောဝါခန့်အပ်ထားသည်
အစ္စရေးနှင့်ယုဒဘုရင်များခေတ်တွင် အထူးတာဝန်ရထားသော အမျိုးသားအုပ်စုရှိသည်။ ၎င်းတို့မှာ ပရောဖက်များပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ကြေညာချက်များကို ကြားပြောရသူများဖြစ်ပြီး သာမန်ထက်ထူးကဲသောယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိရှိသူများဖြစ်သည်။ ဘုရားသခင့်ပရောဖက်များ ကြေညာသော အရေးကြီးအကြောင်းအရာလေးခုအကြောင်း သုံးသပ်ကြည့်ပါ။
၁။ ဂျေရုဆလင်မြို့ ပျက်စီးခြင်း။ ဘုရားသခင်၏ပရောဖက်များ၊ အထူးသဖြင့် ဟေရှာယနှင့်ယေရမိသည် ဂျေရုဆလင်မြို့ ဖျက်ဆီးခံရကာ လူသူဆိတ်ညံမည့်အကြောင်းကို ကြာမြင့်စွာကပင် စတင်သတိပေးခဲ့သည်။ ထိုမြို့ကို ဘုရားသခင် အဘယ်ကြောင့်အမျက်ထွက်ကြောင်း သူတို့ပြတ်သားစွာဖော်ပြခဲ့ကြသည်။ ဂျေရုဆလင်မြို့သားတို့က မိမိတို့သည် ယေဟောဝါကို ကိုယ်စားပြုသည်ဟု ဆိုကြသော်လည်း ယင်းသို့မဟုတ်ကြောင်း သူတို့၏လုပ်ရပ်က သက်သေထူသည်။ အကြောင်းမှာ သူတို့သည် မှားယွင်းသောဝတ်ပြုရေးဓလေ့များ၊ အကျင့်ယိုယွင်းမှုနှင့် အကြမ်းဖက်မှုများတွင် ပါဝင်နေသောကြောင့်ဖြစ်သည်။—၄ ဓမ္မရာဇဝင် ၂၁:၁၀-၁၅; ဟေရှာယ ၃:၁-၈၊ ၁၆-၂၆; ယေရမိ ၂:၁–၃:၁၃။
၂။ စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်ထူထောင်ခြင်း။ နှစ်ပေါင်း ၇၀ ပြည်နှင်ခံရပြီးနောက် ဘုရားသခင့်လူမျိုးသည် ဗာဗုလုန်မှ လွတ်မြောက်လာကြလိမ့်မည်။ သူတို့သည် လူသူကင်းမဲ့နေသည့် နေရင်းပြည်သို့ ပြန်လာကြပြီး ဂျေရုဆလင်တွင် ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်ကို ပြန်လည်တည်ဆောက်ကြလိမ့်မည်။ (ယေရမိ ၄၆:၂၇; အာမုတ် ၉:၁၃-၁၅) ဗာဗုလုန်လူတို့ကို အောင်နိုင်မည့်သူ၏အမည်မှာ ကုရုဖြစ်ပြီး သူသည် ဘုရားသခင့်လူမျိုးအား စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်ထူထောင်ခွင့်ပြုမည်ဖြစ်ကြောင်း နှစ်ပေါင်း ၂၀၀ ခန့်ကြို၍ ဟေရှာယ ဟောခဲ့သည်။ ဟေရှာယသည် ကုရုအသုံးပြုမည့် ထူးခြားလှသည့် စစ်ဗျူဟာအကြောင်းကိုပင် အသေးစိတ်ဖော်ပြခဲ့သည်။—ဟေရှာယ ၄၄:၂၄–၄၅:၃။
၃။ မေရှိယကြွလာခြင်းနှင့် ကိုယ်တော်ကြုံတွေ့မည့်အမှုများ။ မေရှိယသည် ဗက်လင်[ဘက်သလီဟင်]မြို့တွင် ဖွားမြင်လိမ့်မည်။ (မိက္ခာ ၅:၂) ကိုယ်တော်သည် မြည်းကလေးကိုစီးပြီး ဂျေရုဆလင်မြို့တွင်းသို့ ဝင်လာမည်ဖြစ်ပြီး အလွန်နှိမ့်ချမှုရှိသူဖြစ်မည်။ (ဇာခရိ ၉:၉) ကိုယ်တော်သည် နူးညံ့ညင်သာပြီး ကြင်နာတတ်သူဖြစ်သော်လည်း လူကြိုက်များမည်မဟုတ်။ လူများစွာသည် ကိုယ်တော်ကို ငြင်းပယ်ကြလိမ့်မည်။ (ဟေရှာယ ၄၂:၁-၃; ၅၃:၁၊ ၃) ကိုယ်တော်သည် ရက်စက်စွာ အသတ်ခံရမည်။ သို့သော် ယင်းသည် မေရှိယ၏ဇာတ်သိမ်းခန်းလော။ မဟုတ်ပါ။ အကြောင်းမှာ ကိုယ်တော်၏ရွေးနုတ်ဖိုးဖြင့် လူများစွာ၏အပြစ်များ ခွင့်လွှတ်ခံရနိုင်မည်ဖြစ်သောကြောင့်ပင်။ (ဟေရှာယ ၅၃:၄၊ ၅၊ ၉-၁၂) ကိုယ်တော်ရှင်ပြန်ထမြောက်မှသာ ထိုအမှု ပြီးမြောက်နိုင်ပါလိမ့်မည်။
၄။ ကမ္ဘာမြေအပေါ် မေရှိယ၏အုပ်ချုပ်မှု။ မစုံလင်သောလူသားများသည် မိမိတို့ဘာသာ ငြိမ်းချမ်းစွာမအုပ်ချုပ်နိုင်သော်လည်း မေရှိယဘုရင်သည် ငြိမ်သက်ခြင်းအရှင်ဟု အခေါ်ခံရပါလိမ့်မည်။ (ဟေရှာယ ၉:၆၊ ၇; ယေရမိ ၁၀:၂၃) ကိုယ်တော်၏အုပ်ချုပ်မှုအောက်တွင် လူသားအားလုံးသည် လူလူချင်းသာမက တိရစ္ဆာန်အားလုံးနှင့်ပင် ငြိမ်းချမ်းမှုရှိလိမ့်မည်။ (ဟေရှာယ ၁၁:၃-၇) ဖျားနာမှုများ ရှိတော့မည်မဟုတ်။ (ဟေရှာယ ၃၃:၂၄) သေခြင်းပင် ထာဝစဉ်ပပျောက်သွားမည်။ (ဟေရှာယ ၂၅:၈) သေလွန်သွားသူတို့သည် မေရှိယ၏အုပ်ချုပ်မှုအတွင်း မြေကြီးပေါ် အသက်ပြန်ရှင်လာကြလိမ့်မည်။—ဒံယေလ ၁၂:၁၃။
—ဟေရှာယ၊ ယေရမိ၊ ဒံယေလ၊ အာမုတ်၊ မိက္ခာနှင့် ဇာခရိကျမ်းကို အခြေခံသည်။