ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • od အခန်း ၄ စာ. ၂၄-၂၉
  • အသင်းတော် ဖွဲ့စည်းပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသင်းတော် ဖွဲ့စည်းပုံ
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့် နည်းလမ်းအတိုင်း ဖွဲ့စည်းထား
  • တမန်တော်များ ချမှတ်တဲ့ပုံစံကို ဒီနေ့ခေတ် အသင်းတော်များ လိုက်လျှောက်နေ
  • ဘာသာရေး ကော်ပိုရေးရှင်းများရဲ့ အခန်းကဏ္ဍ
  • ဌာနခွဲ ဖွဲ့စည်းပုံ
  • အသင်းတော်သည် တည်ဆောက်ခြင်းရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အသင်းတော်သည် ယေဟောဝါကို ချီးမွမ်းစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • သိုးတော်စုကို ထိန်းကျောင်းတဲ့ ကြီးကြပ်မှူးများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ‘ငြိမ်သက်ခြင်းအရှင် ဘုရားသခင်’ ရဲ့အမှုတော်ဆောင်ဖို့ ဖွဲ့စည်းခြင်း
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
od အခန်း ၄ စာ. ၂၄-၂၉

အခန်း ၄

အသင်းတော် ဖွဲ့စည်းပုံ

ကောရိန္သု ပထမစာစောင်မှာ ဘုရားသခင်နဲ့ပတ်သက်တဲ့ အရေးကြီး အမှန်တရားတစ်ခုကို တမန်တော် ပေါလု ဖော်ပြခဲ့တယ်။ “ဘုရားသခင်ဟာ စည်းစနစ် မရှိတဲ့ ဘုရား မဟုတ်ဘူး၊ ငြိမ်သက်ခြင်း လိုလားတဲ့ ဘုရားသခင်ပဲ” လို့ ပေါလု ပြောတယ်။ အသင်းတော် အစည်းအဝေးတွေနဲ့ပတ်သက်ပြီးတော့လည်း “အရာရာကို နည်းလမ်းတကျ၊ စည်းစနစ်တကျ လုပ်ဆောင်ကြပါ” လို့ ဆက်ပြောတယ်။—၁ ကော. ၁၄:၃၃၊ ၄၀။

၂ အဲဒီစာရဲ့ အစပိုင်းမှာ ပေါလုက ကောရိန္သု အသင်းတော်မှာ ဖြစ်နေတဲ့ စိတ်ဝမ်းကွဲပြားမှုနဲ့ပတ်သက်ပြီး ဆုံးမထားတယ်။ “စကားတညီတညွတ်တည်း” ပြောဆိုဖို့၊ “တစ်စိတ်တစ်သဘောတည်း ဖြစ်ပြီး အကြွင်းမဲ့ စည်းလုံးနေကြ” ဖို့ ညီအစ်ကိုတွေကို ပေါလု တိုက်တွန်းတယ်။ (၁ ကော. ၁:၁၀၊ ၁၁) အဲဒီနောက် အသင်းတော်ရဲ့ စည်းလုံးမှုကို ထိခိုက်နေတဲ့ ကိစ္စအမျိုးမျိုးနဲ့ပတ်သက်ပြီး သွန်သင်ချက်ပေးတယ်။ လူ့ခန္ဓာကိုယ်ကို ဥပမာပေးပြီး စည်းလုံးဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း ပြောခဲ့တယ်။ ဘယ်လို အနေအထားမှာပဲ ရှိနေပါစေ ခရစ်ယာန် အသင်းတော်မှာ ရှိသူအားလုံးကို အချင်းချင်း မေတ္တာထား ဂရုစိုက်ဖို့ ပေါလု တိုက်တွန်းတယ်။ (၁ ကော. ၁၂:၁၂-၂၆) အသင်းတော်မှာ အချင်းချင်း အဲဒီလို စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်တယ်ဆိုတာက အသင်းတော်ကို စနစ်တကျ ဖွဲ့စည်းထားမယ်ဆိုတဲ့သဘော သက်ရောက်တယ်။

၃ ဒါပေမဲ့ ခရစ်ယာန် အသင်းတော်ကို ဘယ်လို ဖွဲ့စည်းထားသလဲ။ ဘယ်သူက ဖွဲ့စည်းမှာလဲ။ ဘယ်လို ဖွဲ့စည်းပုံမျိုး ရှိမလဲ။ ခန့်အပ်ခံ အနေအထားတွေမှာ ဘယ်သူတွေ အမှုဆောင်မလဲ။ အဲဒီမေးခွန်းတွေအတွက် ရှင်းလင်းတဲ့ အဖြေကို ကျမ်းစာမှာ တွေ့ရတယ်။—၁ ကော. ၄:၆။

ဘုရားသခင့် နည်းလမ်းအတိုင်း ဖွဲ့စည်းထား

၄ ခရစ်ယာန် အသင်းတော်ကို အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ တည်ထောင်ခဲ့တယ်။ ပထမရာစုခေတ် အသင်းတော်ကနေ ဘာသင်ယူနိုင်သလဲ။ အသင်းတော်ကို ဘုရားသခင့် နည်းလမ်းအတိုင်း၊ တစ်နည်းအားဖြင့် ဘုရားသခင့် (ဂရိ၊ သီအော့စ်) အုပ်ချုပ်မှု (ကရာတော့စ်) အောက်မှာ ဖွဲ့စည်းထားတယ်။ ၁ ပေတရု ၅:၁၀၊ ၁၁ မှာ အဲဒီဂရိစကားလုံးနှစ်လုံးကို သုံးထားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ နီးပါးက ဂျေရုဆလင်မှာ ဖြစ်ခဲ့တဲ့ ကျမ်းမှတ်တမ်းက ဘိသိက်ခံ ခရစ်ယာန် အသင်းတော်ကို တည်ထောင်သူဟာ ဘုရားသခင် ဖြစ်မှန်း အထင်အရှား ဖော်ပြတယ်။ (တ. ၂:၁-၄၇) အဲဒီအသင်းတော်ဟာ ဘုရားသခင့် အဆောက်အအုံ၊ အိမ်ထောင်စု ဖြစ်တယ်။ (၁ ကော. ၃:၉။ ဧ. ၂:၁၉) ဒီနေ့ခေတ် ခရစ်ယာန် အသင်းတော်ဟာ ပထမရာစုမှာ ချမှတ်ခဲ့တဲ့ ဖွဲ့စည်းလုပ်ဆောင်ပုံအတိုင်း လိုက်နာဆောင်ရွက်နေတယ်။

ဒီနေ့ခေတ် ခရစ်ယာန် အသင်းတော်ဟာ ပထမ ရာစုမှာ ချမှတ်ခဲ့တဲ့ ဖွဲ့စည်းလုပ်ဆောင်ပုံအတိုင်း လိုက်နာဆောင်ရွက်နေတယ်

၅ အစောပိုင်း အသင်းတော်ဟာ တပည့် ၁၂၀ နဲ့ အစပြုခဲ့တယ်။ ယောလ ၂:၂၈၊ ၂၉ ပြည့်စုံတဲ့အနေနဲ့ သူတို့ သန့်ရှင်းသော စွမ်းအားတော် သွန်းလောင်းခံရတယ်။ (တ. ၂:၁၆-၁၈) အဲဒီနေ့မှာပဲ နောက်ထပ် တပည့် ၃,၀၀၀ လောက် နှစ်ခြင်းခံပြီး ဘိသိက်ခံအသင်းတော်ထဲ ဝင်ရောက်လာတယ်။ သူတို့ဟာ ခရစ်တော်နဲ့ပတ်သက်တဲ့ တရားစကားကို လက်ခံပြီး “တမန်တော်တွေဆီကနေ သင်ယူတာ” ကို “ဆက်လုပ်ဆောင်” ခဲ့ကြတယ်။ အဲဒီနောက် “ယေဟောဝါက ကယ်တင်ခံရမယ့်သူ အရေအတွက်ကို နေ့တိုင်း တိုးများစေ” ခဲ့တယ်။—တ. ၂:၄၁၊ ၄၂၊ ၄၇။

၆ ဂျေရုဆလင်မြို့မှာ အသင်းတော် တိုးတက်လာလိုက်တာ ဂျေရုဆလင်မြို့ကို တပည့်တွေရဲ့ သွန်သင်ချက်နဲ့ ပြည့်စေပြီလို့ ဂျူးပုရောဟိတ်မင်း ညည်းညူရတဲ့အထိပဲ။ ဂျေရုဆလင်မြို့က တပည့်သစ်တွေထဲမှာ ဂျူးပုရောဟိတ်များစွာလည်း ပါဝင်တယ်။—တ. ၅:၂၇၊ ၂၈။ ၆:၇။

၇ “ခင်ဗျားတို့[ဟာ] . . . ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေအစွန်အဖျားအထိ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (တ. ၁:၈) သတေဖန် သေဆုံးပြီးနောက် ဂျေရုဆလင်မှာ နှိပ်စက်ညှဉ်းပန်းမှု အကြီးအကျယ် ဖြစ်လာတဲ့အတွက် တပည့်တွေဟာ ယေရှု ပြောတဲ့အတိုင်း ယုဒပြည်နဲ့ ရှမာရိပြည်တစ်လျှောက် ကွဲလွင့်သွားကြတယ်။ ဒါပေမဲ့ တပည့်တွေဟာ ဘယ်နေရာရောက်ရောက် သတင်းကောင်း ဆက်ဟောပြောတဲ့အတွက် တပည့်တွေ တိုးများလာတယ်။ အဲဒီထဲမှာ ရှမာရိလူတချို့တောင် ပါတယ်။ (တ. ၈:၁-၁၃) နောက်ပိုင်း၊ ဂျူးမဟုတ်သူတွေ၊ အရေဖျားမဖြတ်ထားသူတွေကိုပါ အောင်မြင်စွာ ဟောပြောနိုင်ခဲ့တယ်။ (တ. ၁၀:၁-၄၈) ဟောပြောခြင်းလုပ်ငန်းကြောင့် ဂျေရုဆလင်မြို့အပြင် တခြားမြို့တွေမှာလည်း တပည့်တွေ တိုးများလာပြီး အသင်းတော်သစ်တွေ ဖြစ်ပေါ်လာတယ်။—တ. ၁၁:၁၉-၂၁။ ၁၄:၂၁-၂၃။

၈ အသင်းတော်သစ်တိုင်းကို ဘုရားသခင့် နည်းလမ်းအတိုင်း ဖွဲ့စည်းထားမှန်း သေချာစေဖို့ ဘယ်အစီအစဉ်တွေ ပြုလုပ်ခဲ့သလဲ။ သိုးတော်စုကို ဂရုစိုက် စောင့်ရှောက်ဖို့ လက်ထောက်သိုးထိန်း အစီအစဉ်ကို ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုအားဖြင့် ပြုလုပ်ခဲ့တယ်။ ပေါလုနဲ့ ဗာနဗဟာ ပထမသာသနာပြုခရီးစဉ်အတွင်း သူတို့ လည်ပတ်တဲ့ အသင်းတော်တွေမှာ အကြီးအကဲတွေကို ခန့်အပ်ခဲ့တယ်။ (တ. ၁၄:၂၃) ဧဖက်မြို့က အသင်းတော် အကြီးအကဲတွေနဲ့ ပေါလု တွေ့ဆုံစည်းဝေးတဲ့အကြောင်း ကျမ်းရေးသူလုကာ ရေးသားတယ်။ “ဘုရားသခင်က သားတော်ရင်းရဲ့ သွေးနဲ့ ဝယ်ထားတဲ့ အသင်းတော်ကို ထိန်းကျောင်းဖို့ ခင်ဗျားတို့ကို ကြီးကြပ်မှူးတွေအဖြစ် သန့်ရှင်းသော စွမ်းအားတော်နဲ့ ခန့်အပ်ထားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သတိထားကြပါ။ သိုးတော်တစ်စုလုံးကိုလည်း ဂရုတစိုက် ထိန်းကျောင်းကြပါ” လို့ ပေါလု ပြောတယ်။ (တ. ၂၀:၁၇၊ ၂၈) ကျမ်းစာတောင်းဆိုချက်တွေကို ပြည့်မီတဲ့အတွက် သူတို့ဟာ အကြီးအကဲ ဖြစ်ဖို့ အရည်အချင်း ပြည့်မီကြတယ်။ (၁ တိ. ၃:၁-၇) ပေါလုရဲ့ လုပ်ဖော်ဆောင်ဖက် တိတုဟာ ခရိကျွန်းမှာရှိတဲ့ အသင်းတော်တွေမှာ အကြီးအကဲတွေ ခန့်အပ်ဖို့ အခွင့်အာဏာ ရရှိခဲ့တယ်။—တိ. ၁:၅။

၉ အသင်းတော်တွေ တိုးများလာတာနဲ့အမျှ ဂျေရုဆလင်မှာရှိတဲ့ တမန်တော်တွေနဲ့ အကြီးအကဲတွေဟာ ကြီးထွားလာတဲ့ ပထမရာစု အပြည်ပြည်ဆိုင်ရာ ခရစ်ယာန် အသင်းတော်ရဲ့ အဓိက ကြီးကြပ်မှူးတွေအဖြစ် ဆက်တာဝန်ယူကြတယ်။ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အမှုဆောင်ခဲ့ကြတယ်။

၁၀ ခရစ်ယာန် အသင်းတော်ဟာ ဘုရားသခင့် စွမ်းအားတော်နဲ့အညီ လုပ်ဆောင်ခြင်း၊ ယေရှုခရစ်ရဲ့ ဦးစီးမှုကို နာခံခြင်းအားဖြင့် စည်းစည်းလုံးလုံး ရှိနေနိုင်မယ်ဆိုပြီး ဧဖက် အသင်းတော်ဆီ ရေးတဲ့စာမှာ တမန်တော် ပေါလု ရှင်းပြတယ်။ အဲဒီအသင်းတော်မှာရှိတဲ့ ခရစ်ယာန်တွေကို နှိမ့်ချစိတ် မွေးဖို့၊ အားလုံးနဲ့ သင့်သင့်မြတ်မြတ် ဆက်ဆံခြင်းအားဖြင့် စည်းလုံးမှုကို ထိန်းသိမ်းဖို့ ပေါလု တိုက်တွန်းတယ်။ (ဧ. ၄:၁-၆) အဲဒီနောက် ဆာလံ ၆၈:၁၈ ကို ကိုးကားပြီး အသင်းတော်မှာ တမန်တော်၊ ပရောဖက်၊ သတင်းကောင်း ဟောပြောသူ၊ သိုးထိန်း၊ ဆရာအဖြစ် လိုအပ်သလို အမှုဆောင်ဖို့ ဘုရားရေးရာအရည်အချင်း ပြည့်မီတဲ့ အမျိုးသားတွေ ရှိနေတာဟာ ယေဟောဝါရဲ့ အစီအစဉ် ဖြစ်တယ်လို့ ပေါလု ရှင်းပြခဲ့တယ်။ ယေဟောဝါဆီက ဆုလက်ဆောင် ဖြစ်တဲ့ အဲဒီအမျိုးသားတွေဟာ ဘုရားသခင် နှစ်သက်တဲ့ ရင့်ကျက်မှုအဆင့် ရောက်နိုင်ဖို့ အသင်းတော်တစ်ခုလုံးကို တည်ဆောက်ပေးပါလိမ့်မယ်။—ဧ. ၄:၇-၁၆။

တမန်တော်များ ချမှတ်တဲ့ပုံစံကို ဒီနေ့ခေတ် အသင်းတော်များ လိုက်လျှောက်နေ

၁၁ ဒီနေ့ခေတ် ယေဟောဝါသက်သေ အသင်းတော်အားလုံးမှာ အလားတူပုံစံကို လိုက်လျှောက်နေတယ်။ အသင်းတော်တွေဟာ ဘိသိက်ခံတွေကို ဗဟိုပြုပြီး တည်ဆောက်ထားတဲ့ စည်းလုံးတဲ့ ကမ္ဘာချီအသင်းတော်အဖြစ် ဖွဲ့စည်းတည်ရှိတယ်။ (ဇာ. ၈:၂၃) အဲဒီလိုဖြစ်နိုင်အောင် ယေရှုခရစ် လုပ်ဆောင်ပေးတယ်။ ယေရှုဟာ ကတိပေးသွားတဲ့အတိုင်း ဘိသိက်ခံ တပည့်တွေနဲ့အတူ “လောကစနစ်နိဂုံးပိုင်းအထိ” သစ္စာစောင့်သိစွာ အတူရှိနေတယ်။ ကြီးထွားတိုးတက်နေတဲ့ အသင်းတော်ထဲ ရောက်ရှိလာသူတွေဟာ သတင်းကောင်းကို လက်ခံ၊ ကိုယ့်ဘဝကို ယေဟောဝါဆီ အကြွင်းမဲ့ ဆက်ကပ်အပ်နှံပြီး ယေရှုရဲ့ တပည့်တွေအဖြစ် နှစ်ခြင်းခံကြတယ်။ (မ. ၂၈:၁၉၊ ၂၀။ မာ. ၁:၁၄။ တ. ၂:၄၁) “သိုးထိန်းကောင်း” ယေရှုခရစ်ကို သိုးအုပ်တစ်ခုလုံးရဲ့ ဦးခေါင်းအဖြစ် အသိအမှတ် ပြုကြတယ်။ အဲဒီသိုးအုပ်မှာ ဘိသိက်ခံ ခရစ်ယာန်တွေရော “တခြားသိုး” တွေပါ ပါဝင်တယ်။ (ယော. ၁၀:၁၄၊ ၁၆။ ဧ. ၁:၂၂၊ ၂၃) “သိုးတစ်အုပ်” ဟာ ခရစ်တော်ရဲ့ ဦးစီးမှုကို သစ္စာရှိရှိ အသိအမှတ်ပြုခြင်း၊ ခရစ်တော် ခန့်အပ်တဲ့ အဖွဲ့အစည်းလမ်းကြောင်း ဖြစ်တဲ့ “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ကို လက်အောက်ခံခြင်းအားဖြင့် စည်းစည်းလုံးလုံး ဆက်ရှိနေတယ်။ ဒီနေ့ခေတ်မှာ အဲဒီလမ်းကြောင်းကို အပြည့်အဝ ဆက်ယုံကြည်ကိုးစားသွားကြပါစို့။—မ. ၂၄:၄၅။

ဘာသာရေး ကော်ပိုရေးရှင်းများရဲ့ အခန်းကဏ္ဍ

၁၂ အဖွဲ့အစည်းဟာ ကျမ်းစာအကြောင်းအရာတွေ အချိန်တန် ပြင်ဆင်ပေးနိုင်ဖို့၊ အဆုံးမရောက်ခင် နိုင်ငံတော် သတင်းကောင်း ဟောပြောနိုင်ဖို့ ကော်ပိုရေးရှင်းတချို့ကို ဖွဲ့စည်းတည်ထောင်တယ်။ တရားဝင်ကော်ပိုရေးရှင်းတွေကို နိုင်ငံအသီးသီးရဲ့ ဥပဒေနဲ့အညီ မှတ်ပုံတင်ထားတယ်။ အဲဒီကော်ပိုရေးရှင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြပြီး ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းကို အဆင်ပြေချောမွေ့စေတယ်။

ဌာနခွဲ ဖွဲ့စည်းပုံ

၁၃ ဌာနခွဲရုံးတစ်ခု တည်ထောင်တိုင်း အကြီးအကဲ သုံးယောက် ဒါမှမဟုတ် သုံးယောက်ထက်မကကို ဌာနခွဲကော်မတီဝင်တွေအဖြစ် အုပ်ချုပ်ရေးအဖွဲ့က ခန့်အပ်တယ်။ အဲဒီညီအစ်ကိုတွေဟာ ဌာနခွဲကြီးကြပ်မှုအောက်မှာရှိတဲ့ နိုင်ငံ ဒါမှမဟုတ် နိုင်ငံတွေရဲ့ လုပ်ဆောင်မှုကို ကြည့်ရှုပေးတယ်။ ဌာနခွဲကော်မတီဝင်တစ်ယောက်က ဌာနခွဲကော်မတီ ညှိနှိုင်းရေးမှူးအဖြစ် ထမ်းဆောင်တယ်။

၁၄ ဌာနခွဲတစ်ခုစီရဲ့ လက်အောက်မှာရှိတဲ့ ဒေသခံ အသင်းတော်တွေကို တိုက်နယ်တွေအဖြစ် ဖွဲ့စည်းထားတယ်။ နယ်မြေအနေအထား၊ ဘာသာစကားနဲ့ အသင်းတော် အရေအတွက်ပေါ် မူတည်ပြီး တိုက်နယ်အရွယ်အစား အမျိုးမျိုး ရှိတယ်။ တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်ဟာ တိုက်နယ်တစ်ခုစီမှာရှိတဲ့ အသင်းတော်တွေမှာ အမှုဆောင်ဖို့ ခန့်အပ်ခံရတယ်။ တာဝန်တွေ ဘယ်လို ထမ်းဆောင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး တိုက်နယ်ကြီးကြပ်မှူးကို ဌာနခွဲရုံးက ညွှန်ကြားပေးတယ်။

၁၅ အသင်းတော်တွေဟာ အားလုံးရဲ့ အကျိုးအတွက် ချမှတ်ထားတဲ့ အဖွဲ့အစည်း အစီအစဉ်တွေကို အသိအမှတ်ပြုတယ်။ ဌာနခွဲ၊ တိုက်နယ်၊ အသင်းတော်တွေမှာ ကြီးကြပ်တဲ့ အကြီးအကဲ ခန့်အပ်မှု အစီအစဉ်ကို လက်ခံတယ်။ ကျမ်းစာအကြောင်းအရာတွေ အချိန်တန် ရရှိဖို့ သစ္စာနဲ့ သတိပညာရှိကျွန်ကို မျှော်ကိုးတယ်။ ဒီနေ့ခေတ် သစ္စာရှိကျွန်ကလည်း ခရစ်တော်ရဲ့ ဦးစီးမှုကို တိတိကျကျ နာခံတယ်။ ကျမ်းစာမူတွေအတိုင်း လိုက်လျှောက်တယ်။ သန့်ရှင်းသော စွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို လိုက်နာတယ်။ ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံး ပူးပေါင်းလုပ်ဆောင်တဲ့အတွက် ပထမရာစုမှာလိုပဲ “အသင်းတော်တွေဟာ ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံလာပြီး ယုံကြည်သူအရေအတွက် တစ်နေ့တခြား တိုးများလာ” တဲ့ အကျိုးရလဒ်ကို ခံစားနေကြရတယ်။—တ. ၁၆:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ