နှစ်ခြင်းခံချင်သူတွေအတွက် မေးခွန်းများ
အပိုင်း ၁။ ခရစ်ယာန် ယုံကြည်ချက်များ
သင်ဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာရာကနေ အမှန်တရားကို သိရှိလာတယ်။ သိရှိလာတဲ့အရာတွေက ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်း ရှိဖို့ သင့်ကို ကူညီပေးခဲ့မှာ သေချာတယ်။ အဲဒီအပြင် ဘုရားနိုင်ငံတော်အောက် မြေကြီးပရဒိသုမှာ အနာဂတ်အသက်တာနဲ့ ကောင်းချီးတွေ ရဖို့ မျှော်လင့်ချက် ရှိလာမှာလည်း သေချာတယ်။ ကျမ်းစာကို အခိုင်အမာ ယုံကြည်လာတယ်။ ခရစ်ယာန် အသင်းတော်နဲ့ ပေါင်းသင်းခြင်းကနေလည်း ကောင်းချီးများစွာ ခံစားနေရတယ်။ ဒီနေ့ခေတ် လူမျိုးတော်နဲ့ ယေဟောဝါ ဘယ်လို ဆက်ဆံနေတယ်ဆိုတာ သင် သိရှိခဲ့ရပြီ။—ဇာ. ၈:၂၃။
အခု နှစ်ခြင်းအတွက် အသင့်ပြင်နေချိန်မှာ အခြေခံ ခရစ်ယာန် ယုံကြည်ချက်တွေကို အသင်းတော် အကြီးအကဲတွေနဲ့ ပြန်သုံးသပ်ခြင်းကနေ အကျိုးရရှိပါလိမ့်မယ်။ (ဟီ. ၆:၁-၃) ယေဟောဝါအကြောင်း သိလာဖို့ သင့်ရဲ့ ကြိုးစားအားထုတ်မှုကို ဘုရား ဆက်ကောင်းချီးပေးပြီး ကတိပေးထားတဲ့ ဆုလာဘ်နဲ့ ဆုချပါစေ။—ယော. ၁၇:၃။
၁။ ဘာကြောင့် နှစ်ခြင်းခံချင်သလဲ။
၂။ ယေဟောဝါက ဘယ်သူလဲ။
• ‘အထက်ကောင်းကင်နဲ့ အောက်အရပ်မြေကြီးပေါ်မှာ ယေဟောဝါဟာ စစ်မှန်တဲ့ ဘုရားသခင်ပဲ။ ကိုယ်တော့်လို ဘုရားမျိုး မရှိဘူး။’—တရား. ၄:၃၉။
• “ယေဟောဝါလို့ နာမည်ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင် ဖြစ်မှန်း လူတွေ သိကြပါစေ။”—ဆာ. ၈၃:၁၈။
၃။ ဘုရားသခင့် ကိုယ်ပိုင်နာမည်ကို သုံးဖို့ ဘာကြောင့် အရေးကြီးသလဲ။
• “ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်းရမယ်– ‘ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။’”—မ. ၆:၉။
• “ယေဟောဝါရဲ့ နာမည်ကိုခေါ်ပြီး ဆုတောင်းသူတိုင်း ကယ်တင်ခံရမယ်။”—ရော. ၁၀:၁၃။
၄။ ယေဟောဝါနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လို အသုံးအနှုန်းတွေ သုံးနှုန်းထားသလဲ။
• “ကမ္ဘာမြေရဲ့ အစွန်အဖျားတွေကို ဖန်ဆင်းတဲ့အရှင် ငါယေဟောဝါဟာ ထာဝစဉ်တည်တဲ့ ဘုရားသခင်ပဲ။”—ဟေရှာ. ၄၀:၂၈။
• “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ။”—မ. ၆:၉။
• “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်လို့ပဲ။”—၁ ယော. ၄:၈။
၅။ ယေဟောဝါဘုရားကို သင် ဘာပေးဆက်နိုင်သလဲ။
• “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်ပါ။”—မာ. ၁၂:၃၀။
• “ယေဟောဝါဘုရားကို ကိုးကွယ်ရမယ်။ ကိုယ်တော်တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်။”—လု. ၄:၈။
၆။ ယေဟောဝါအပေါ် ဘာကြောင့် သစ္စာစောင့်သိချင်သလဲ။
• “ငါ့သား၊ ဉာဏ်ပညာရှိပါ။ ငါ့စိတ်ကို ရွှင်လန်းစေပါ။ ဒါမှ ငါ့ကို ကဲ့ရဲ့နေတဲ့သူကို ငါချေပနိုင်မယ်။”—ပညာ. ၂၇:၁၁။
၇။ ဘယ်သူ့ဆီ သင် ဆုတောင်းသလဲ။ ဘယ်သူ့နာမည်ကတစ်ဆင့် ဆုတောင်းသလဲ။
• “ကျွန်တော် [ယေရှု] မှန်တာကို ပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ အဖဘုရားက ခင်ဗျားတို့ တောင်းသမျှ ကျွန်တော့်နာမည်ကို ထောက်ပြီး ပေးသနားလိမ့်မယ်။”—ယော. ၁၆:၂၃။
၈။ သင် ဆုတောင်းနိုင်တဲ့ အရာတချို့က ဘာတွေလဲ။
• “ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်းရမယ်– ‘ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။ နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ။ ဒီနေ့အတွက် ကျွန်တော်တို့ လိုအပ်တဲ့ အစားအစာကို ပေးသနားပါ။ သူတစ်ပါးရဲ့ အပြစ်ကြွေးတွေကို ကျွန်တော်တို့ ခွင့်လွှတ်သလို ကျွန်တော်တို့ရဲ့ အပြစ်ကြွေးတွေကိုလည်း ခွင့်လွှတ်ပေးပါ။ သွေးဆောင်မှုနောက် ပါမသွားအောင် ကူညီပြီး ဆိုးညစ်သူရဲ့ လက်ကနေ ကယ်တင်ပေးပါ။’”—မ. ၆:၉-၁၃။
• “အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်ဆိုတာ စိတ်ချတယ်။”—၁ ယော. ၅:၁၄။
၉။ လူတစ်ယောက်ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ နားမထောင်တာမျိုး ဘာကြောင့် ဖြစ်နိုင်သလဲ။
• “ယေဟောဝါကို သူတို့ အော်ဟစ်အကူအညီတောင်းပေမဲ့ [သူတို့ရဲ့ ဆိုးညစ်တဲ့ အကျင့်တွေကြောင့်] ဘုရားက ပြန်ဖြေမှာ မဟုတ်ဘူး။”—မိ. ၃:၄။
• “ယေဟောဝါက ဖြောင့်မတ်သူတွေကို ကြည့်ရှုနေတယ်။ သူတို့ တိုးလျှိုးအသနားခံတာကို နားထောင်နေတယ်။ မကောင်းမှုပြုသူတွေကိုတော့ ယေဟောဝါ မျက်နှာလွှဲတယ်။”—၁ ပေ. ၃:၁၂။
၁၀။ ယေရှုခရစ်ဆိုတာ ဘယ်သူလဲ။
• “ရှိမုန်ပေတရုက ‘သခင်ဟာ ခရစ်တော်ပဲ။ အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ သားပါ’ လို့ ပြန်ဖြေတယ်။”—မ. ၁၆:၁၆။
၁၁။ ယေရှု ကမ္ဘာပေါ် ဘာကြောင့် လာခဲ့သလဲ။
• “လူသား [ဟာ] သူတစ်ပါးကို စေခိုင်းဖို့ လာတာ မဟုတ်ဘူး။ သူတစ်ပါးအစေကိုခံပြီး လူအများအတွက် ရွေးဖိုးအဖြစ် အသက်ကိုပေးဖို့ ရောက်လာတာ။”—မ. ၂၀:၂၈။
• “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို တခြားမြို့ရွာတွေမှာလည်း ဟောရဦးမယ်။ အဲဒီအတွက် ကျွန်တော့် [ယေရှု] ကို စေလွှတ်လိုက်တာ။”—လု. ၄:၄၃။
၁၂။ ယေရှုရဲ့ ရွေးဖိုးပူဇော်သက္ကာအတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။
• “လူအားလုံးအတွက် အသေခံတဲ့သူဟာ ခရစ်တော်ပဲ။ ဒါကြောင့် အသက်ရှင်နေသူတွေဟာ ကိုယ့်အတွက် အသက်မရှင်တော့ဘဲ ကိုယ့်အတွက် အသေခံပြီး အသက်ပြန်ရှင်လာတဲ့ ခရစ်တော်အတွက် အသက်ရှင်သင့်တယ်။”—၂ ကော. ၅:၁၅။
၁၃။ ယေရှုမှာ ဘာအခွင့်အာဏာ ရှိသလဲ။
• “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာရှိသမျှကို ကျွန်တော့်ကို ပေးထားပြီ။”—မ. ၂၈:၁၈။
• “ဘုရားသခင်က သူ့ကို သာလွန်မြင့်မြတ်တဲ့ အနေအထားရောက်အောင် ချီးမြှောက်ပြီး ဘွဲ့နာမတကာထက် ကြီးမြတ်တဲ့ ဘွဲ့နာမကို ပေးသနားလိုက်ပြီ။”—ဖိ. ၂:၉။
၁၄။ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ယေရှု ခန့်အပ်ထားတဲ့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ဖြစ်တယ်လို့ ယုံကြည်ပါသလား။
• “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်ဟာ တကယ်တော့ ဘယ်သူလဲ။ အိမ်သူအိမ်သားတွေကို အချိန်တန်ရင် အစားအစာ ဝေပေးဖို့ သူ့ကို သခင် ခန့်အပ်ထားတယ်။”—မ. ၂၄:၄၅။
၁၅။ သန့်ရှင်းသော စွမ်းအားတော်ဟာ ပုဂ္ဂိုလ်တစ်ပါးလား။
• “ကောင်းကင်တမန်က ‘ခင်ဗျားအပေါ် သန့်ရှင်းသော စွမ်းအားတော် သက်ရောက်ပြီး အမြင့်ဆုံးအရှင်ရဲ့ တန်ခိုးတော် လွှမ်းမိုးလိမ့်မယ်။ ဒါကြောင့် မွေးလာမယ့် ကလေးဟာ သန့်ရှင်းတဲ့သူ၊ ဘုရားသခင်ရဲ့ သားလို့ အခေါ်ခံရလိမ့်မယ်။’”—လု. ၁:၃၅။
• “ခင်ဗျားတို့ အပြစ်သားတွေတောင် ကိုယ့်သားသမီးကို ကောင်းတာတွေ ပေးတတ်ရင် ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားက တောင်းတဲ့သူတွေကို သန့်ရှင်းသော စွမ်းအားတော် ပိုလို့တောင် ပေးမှာ မဟုတ်လား။”—လု. ၁၁:၁၃။
၁၆။ သန့်ရှင်းသော စွမ်းအားတော်ကို ယေဟောဝါ ဘယ်လို အသုံးပြုသလဲ။
• “ယေဟောဝါက ကောင်းကင်ကို နှုတ်တော်ထွက်စကားနဲ့၊ ကောင်းကင်မှာရှိတဲ့ အရာအားလုံးကို နှုတ်တော်ထွက်လေနဲ့ ဖန်ဆင်းတယ်။”—ဆာ. ၃၃:၆။
• “ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုးရပြီး . . . ကမ္ဘာမြေအစွန်အဖျားအထိ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်။”—တ. ၁:၈။
• “ကျမ်းစာပရောဖက်ပြုချက်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ အယူအဆကို အခြေခံပြီး ပေါ်ပေါက်လာတာ မဟုတ်[ဘူး]။ . . . ပရောဖက်ပြုချက်ဆိုတာ လူ့အလိုအတိုင်း ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ လူတွေက သန့်ရှင်းသော စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုကို ခံရလို့ ဘုရားသခင်ဆီက လာတဲ့ စကားတွေကို ပြန်ဟောတာ ဖြစ်တယ်။”—၂ ပေ. ၁:၂၀၊ ၂၁။
၁၇။ ဘုရားသခင့် နိုင်ငံတော်ဆိုတာ ဘာလဲ။
• “အဲဒီဘုရင်တွေလက်ထက်မှာ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။ အဲဒီနိုင်ငံဟာ တခြားလူတွေလက်ထဲ ရောက်မှာ မဟုတ်ဘူး။ အထက်မှာ ပြောခဲ့တဲ့ နိုင်ငံအားလုံးကို ခြေမွှဖျက်ဆီးလိမ့်မယ်။ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်။”—ဒံ. ၂:၄၄။
၁၈။ ဘုရားသခင့်နိုင်ငံတော်က သင့်ကို ဘယ်လို အကျိုးပြုမလဲ။
• “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သူတို့ သေဆုံးရတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းတာ၊ အော်ဟစ်တာ၊ နာကျင်တာတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်က ဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာ. ၂၁:၄။
၁၉။ နိုင်ငံတော်ကောင်းချီးတွေ မကြာခင် ရရှိတော့မယ်ဆိုတာ ဘယ်လို သိရသလဲ။
• “တပည့်တွေချည်းပဲ လာပြီး ‘သခင်၊ ကျွန်တော်တို့ကို ပြောပြပါ။ အဲဒါတွေ ဘယ်တော့ဖြစ်မှာလဲ။ သခင် ရောက်ရှိနေပြီ၊ လောကစနစ်နိဂုံးပိုင်းကို ရောက်နေပြီဆိုတဲ့ နိမိတ်ဟာ ဘာလဲ’ လို့ မေးကြတယ်။ အဲဒီအခါ ယေရှု အခုလို ပြောတယ်– ‘. . . လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။ အစာခေါင်းပါးတာ၊ ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။ လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော် သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံး ရောက်လာလိမ့်မယ်။’”—မ. ၂၄:၃၊ ၄၊ ၇၊ ၁၄။
• “နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်။ . . . ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ ဝါကြွားသူ၊ မောက်မာသူ၊ ဘုရားကို စော်ကားပြောဆိုသူ၊ မိဘစကား နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ ချစ်ခင်တွယ်တာစိတ် မရှိသူ၊ ညှိနှိုင်းလို့မရသူ၊ သွားပုပ်လေလွင့်ပြောသူ၊ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ရာကို မုန်းတီးသူ၊ သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို ချစ်တာထက် အပျော်အပါးကို ပိုနှစ်သက်သူ၊ ဘုရားတရား ကြည်ညိုဟန်ရှိပေမဲ့ တရားကို လက်တွေ့မကျင့်သူတွေ ဖြစ်ကြလိမ့်မယ်။”—၂ တိ. ၃:၁-၅။
၂၀။ နိုင်ငံတော်ဟာ သင့်အတွက် အရေးကြီးကြောင်း သင် ဘယ်လို ပြနေသလဲ။
• “ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အမြဲ ဦးစားထားကြပါ။”—မ. ၆:၃၃။
• “ယေရှုက ‘ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်။ ဒုက္ခသစ်တိုင်ကို ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲလိုက်ရမယ်။’”—မ. ၁၆:၂၄။
၂၁။ စာတန်နဲ့ နတ်ဆိုးတွေက ဘယ်သူတွေလဲ။
• “ခင်ဗျားတို့ရဲ့ အဖဟာ မာရ်နတ်ပဲ။ . . . သူဟာ အစကတည်းက လူ့အသက်သတ်တဲ့သူပဲ။”—ယော. ၈:၄၄။
• “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသူ၊ မာရ်နတ် စာတန်လို့ ခေါ်တဲ့ ရှေးမြွေဟောင်း၊ နဂါးကြီးဟာ မြေကြီးပေါ် ပစ်ချခံရတယ်။ သူနဲ့အတူ သူ့ရဲ့ ကောင်းကင်တမန်တွေလည်း ပစ်ချခံရတယ်။”—ဗျာ. ၁၂:၉။
၂၂။ ယေဟောဝါနဲ့ ဝတ်ပြုကိုးကွယ်သူတွေကို စာတန် ဘယ်လို စွပ်စွဲနေသလဲ။
• “မိန်းမက ‘ဥယျာဉ်ထဲမှာရှိတဲ့ အပင်တွေရဲ့ အသီးကို ကျွန်မတို့ စားလို့ရပါတယ်။ ဥယျာဉ်ထဲက အပင်တစ်ပင်ရဲ့ အသီးကိုတော့ “မစားနဲ့၊ မထိနဲ့။ စားမယ်၊ ထိမယ်ဆိုရင် သေရမယ်” ဆိုပြီး ဘုရားသခင် မှာထားတယ်’ လို့ ပြန်ဖြေတယ်။ မြွေကလည်း ‘မင်းတို့ လုံးဝ သေမှာမဟုတ်ဘူး။ တကယ်တော့ အဲဒီအသီးကို စားတဲ့နေ့မှာပဲ မျက်စိပွင့် လာမယ်၊ အကောင်းအဆိုးကို သိလာပြီး ဘုရားလို ဖြစ်လာမယ်ဆိုတာ ဘုရားသခင် သိတယ်’ လို့ ပြောတယ်။”—က. ၃:၂-၅။
• “စာတန်က ယေဟောဝါကို ‘အသက်အတွက် အသက်ဆိုသလိုပေါ့။ လူတွေဟာ အသက်ဆက်ရှင်ဖို့ ကိုယ်ပိုင်ဆိုင်သမျှကို ပေးမှာပဲ။’”—ယောဘ ၂:၄။
၂၃။ စာတန့်စွပ်စွဲချက်တွေ မှားမှန်း ဘယ်လို သက်သေထူနိုင်သလဲ။
• ‘ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုပါ။’—၁ ရာ. ၂၈:၉။
• “သေတဲ့အထိ ကျုပ်ရဲ့ သမာဓိကို မစွန့်ဘူး။”—ယောဘ ၂၇:၅။
၂၄။ လူတွေ ဘာကြောင့် သေတာလဲ။
• “အပြစ်ဟာ လူတစ်ယောက်ကြောင့် လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်။”—ရော. ၅:၁၂။
၂၅။ လူသေတွေ ဘယ်လို အခြေအနေမှာ ရှိနေသလဲ။
• “အသက်ရှင်နေသူက သေရမှာကို သိတယ်။ သေလွန်သူကတော့ ဘာမှမသိဘူး။”—ဒေ. ၉:၅။
၂၆။ သေလွန်သွားသူအတွက် ဘာမျှော်လင့်ချက် ရှိသလဲ။
• ‘ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာမယ်။’—တ. ၂၄:၁၅။
၂၇။ ယေရှုနဲ့အတူ အုပ်ချုပ်ဖို့ ကောင်းကင်ကို ဘယ်နှယောက် သွားမလဲ။
• “ကျွန်တော် ကြည့်လိုက်တဲ့အခါ ဇိအုန်တောင်ပေါ်မှာ သိုးသငယ် ရပ်နေတာကို မြင်တယ်။ သူ့နာမည်နဲ့ အဖဘုရားရဲ့ နာမည်ကို နဖူးပေါ်မှာရေးထားတဲ့သူ ၁၄၄,၀၀၀ လည်း သူနဲ့အတူ ရှိနေတယ်။”—ဗျာ. ၁၄:၁။