နှစ်ခြင်းခံချင်သူတွေအတွက် မေးခွန်းများ
နှစ်ခြင်းခံမယ့်သူတွေနဲ့ နိဂုံးချုပ် ဆွေးနွေးမှု
ယေဟောဝါသက်သေတွေရဲ့ တိုက်နယ်အစည်းအဝေးနဲ့ ခရိုင်အစည်းအဝေးတွေမှာ နှစ်ခြင်းပေးလေ့ရှိတယ်။ နှစ်ခြင်းဟောပြောချက်ရဲ့ နိဂုံးမှာ ဟောပြောသူက နှစ်ခြင်းခံမယ့်သူတွေကို မတ်တတ်ရပ်စေပြီး အောက်ပါမေးခွန်းနှစ်ခုကို အသံကျယ်ကျယ်နဲ့ ရှင်းလင်းပြတ်သားစွာ ဖြေဆိုဖို့ တောင်းဆိုပါလိမ့်မယ်–
၁။ ယေရှုခရစ်ကတစ်ဆင့် ဘုရားသခင် ပြင်ဆင်ပေးတဲ့ ကယ်တင်ခြင်းနည်းလမ်းကို လက်ခံပြီး သင့်ရဲ့အပြစ်တွေကို နောင်တယူကာ သင့်ကိုယ်ကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီလား။
၂။ သင့်ရဲ့ နှစ်ခြင်းဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းနေတဲ့ ယေဟောဝါသက်သေတစ်ဦးအဖြစ် သင့်ကို သတ်မှတ်ဖော်ပြကြောင်း နားလည်သဘောပေါက်ပါသလား။
အဲဒီမေးခွန်းတွေကို အခိုင်အမာ ဖြေကြားခြင်းက နှစ်ခြင်းခံမယ့်သူတွေဟာ ရွေးဖိုးကို ယုံကြည်ကြောင်း၊ ယေဟောဝါဆီ ကိုယ့်ကိုယ်ကိုယ် အကြွင်းမဲ့ ဆက်ကပ်အပ်နှံထားကြောင်း “လူသိရှင်ကြား ကြေညာ” တာဖြစ်တယ်။ (ရော. ၁၀:၉၊ ၁၀) ဒါကြောင့် နှစ်ခြင်းခံမယ့်သူတွေဟာ ကိုယ်ပိုင်ခံယူချက်အတိုင်း ဖြေဆိုနိုင်ဖို့ အဲဒီမေးခွန်းတွေကို ဆုတောင်းပြီး ကြိုတင်စဉ်းစားထားဖို့ လိုပါလိမ့်မယ်။
ယေဟောဝါတစ်ပါးတည်းကို ဝတ်ပြုကိုးကွယ်ပါ့မယ်၊ အလိုတော်ဆောင်ခြင်းကို ဘဝမှာ အရေးကြီးဆုံး ဖြစ်စေပါ့မယ်လို့ ယေဟောဝါဆီ ဆုတောင်း၊ ဆက်ကပ်အပ်နှံပြီးပြီလား။
အခွင့်အရေးရတာနဲ့ နှစ်ခြင်းခံသင့်တယ်လို့ အခု သင် အပြည့်အဝ ယုံကြည်စိတ်ချပြီလား။
နှစ်ခြင်းအတွက် ဘယ်အဝတ်အစားက သင့်လျော်သလဲ။ (၁ တိ. ၂:၉၊ ၁၀။ ယော. ၁၅:၁၉။ ဖိ. ၁:၁၀)
“ဘုရားသခင်ကို ကြည်ညို” ကြောင်း ပြဖို့ “ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှုရှိရှိ” ဝတ်ဆင်သင့်တယ်။ ဒါကြောင့် နှစ်ခြင်းခံမယ့်သူတွေဟာ ဖော်လွန်းတဲ့ ရေကူးဝတ်စုံ၊ စာတန်း၊ ဆောင်ပုဒ်ပါတဲ့ အဝတ်အစားတွေ ဝတ်မှာ မဟုတ်ဘူး။ သန့်ရှင်းသပ်ရပ်၊ နှစ်သက်ဖွယ်ကောင်းပြီး အချိန်အခါနဲ့ လိုက်ဖက်စွာ ဝတ်ဆင်သင့်တယ်။
လူတစ်ယောက်ဟာ နှစ်ခြင်းခံချိန်မှာ ဘယ်လို ပြုမူသင့်သလဲ။ (လု. ၃:၂၁၊ ၂၂)
ယေရှုရဲ့နှစ်ခြင်းဟာ ဒီနေ့ခေတ် ခရစ်ယာန်နှစ်ခြင်းအတွက် စံနမူနာ ဖြစ်တယ်။ နှစ်ခြင်းဟာ အရေးကြီးတဲ့အဆင့် ဖြစ်တာကို နားလည်ကြောင်း ယေရှုရဲ့ သဘောထားနဲ့ လုပ်ရပ်တွေမှာ ပေါ်လွင်တယ်။ နှစ်ခြင်းခံတဲ့နေရာဟာ နောက်ပြောင်ရမယ့်၊ ဆော့ရမယ့်၊ ရေကူးရမယ့်၊ အချိန်အခါရဲ့ လေးနက်မှုကို အာရုံလွဲစေမယ့် တခြားအပြုအမူတွေ ပြုမူရမယ့်နေရာ မဟုတ်ပါဘူး။ ခရစ်ယာန်လူသစ်တစ်ယောက်ဟာ အောင်ပွဲခံတဲ့ပုံမျိုး ပြုမူမှာ မဟုတ်ပါဘူး။ နှစ်ခြင်းခံချိန်ဟာ ပျော်ရွှင်ဖွယ် အချိန်အခါ ဖြစ်ပေမဲ့ သိက္ခာရှိရှိ ဖြစ်သင့်တယ်။
ပုံမှန် အစည်းအဝေး တက်ခြင်း၊ အသင်းတော်နဲ့ ပူးပေါင်းခြင်းက ယေဟောဝါဆီ ဆက်ကပ်အပ်နှံခြင်းနဲ့အညီ အသက်ရှင်နိုင်အောင် ဘယ်လို ကူညီပေးမလဲ။
နှစ်ခြင်းခံပြီးနောက် ကိုယ်ပိုင်လေ့လာမှု ဇယားကောင်း ဆက်ထားဖို့၊ အမှုဆောင်လုပ်ငန်းမှာ ပုံမှန်ပါဝင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
အသင်းတော် အကြီးအကဲတွေအတွက် ညွှန်ကြားချက်များ
နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူတစ်ယောက်ဟာ နှစ်ခြင်းခံချင်တဲ့ ဆန္ဒအကြောင်း အသိပေးလာတဲ့အခါ ဒီစာအုပ် စာမျက်နှာ ၁၈၅-၂၀၇ မှာပါတဲ့ “နှစ်ခြင်းခံချင်သူတွေအတွက် မေးခွန်းများ” ကို အသေအချာ ပြန်သုံးသပ်ဖို့ သူ့ကို အားပေးသင့်တယ်။ စာမျက်နှာ ၁၈၂ မှာပါတဲ့ “နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူအတွက် အမှာစကား” ကို အာရုံစိုက်ဖတ်ရှုဖို့ ညွှန်ပေးသင့်တယ်။ အဲဒီမှာ အကြီးအကဲတွေနဲ့ ဆွေးနွေးဖို့ ဘယ်လို ပြင်ဆင်နိုင်တယ်ဆိုတာ ရှင်းပြထားတယ်။ အဲဒီမှာ ဖော်ပြထားတဲ့အတိုင်း နှစ်ခြင်းခံမယ့်သူဟာ ကိုယ်ပိုင်မှတ်စုကို အသုံးပြုနိုင်ပြီး ဆွေးနွေးချိန်အတွင်း ဒီစာအုပ်ကို ဖွင့်ထားနိုင်တယ်။ ဒါပေမဲ့ အကြီးအကဲတွေနဲ့ မတွေ့ဆုံခင် မေးခွန်းတွေကို တစ်ယောက်ယောက်နဲ့ ဆွေးနွေးထားဖို့ မလိုပါဘူး။
နှစ်ခြင်းခံလိုသူဟာ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးကို အသိပေးသင့်တယ်။ နှစ်ခြင်းခံဖို့ တောင်းဆိုသူဟာ “နှစ်ခြင်းခံချင်သူတွေအတွက် မေးခွန်းများ” ကို အချိန်ယူသုံးသပ်ပြီးနောက် အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးက အလိုတော်ဆောင်ဖို့ ယေဟောဝါဆီ နှစ်ကိုယ်ကြား ဆက်ကပ်အပ်နှံပြီးပြီလားဆိုတာကို မေးပါလိမ့်မယ်။ ဆက်ကပ်အပ်နှံပြီးပြီဆိုရင် “နှစ်ခြင်းခံချင်သူတွေအတွက် မေးခွန်းများ” ကို ပြန်ဆွေးနွေးဖို့ အကြီးအကဲနှစ်ယောက်ကို အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးက စီစဉ်ပေးပါလိမ့်မယ်။ အပိုင်း တစ်ပိုင်းစီကို အကြီးအကဲ တစ်ယောက်စီက ကိုင်တွယ်ပါလိမ့်မယ်။ ဆွေးနွေးမှုတွေကို အစည်းအဝေးကြီး ရက်စွဲ ကြေညာချက် ထွက်တဲ့အထိ စောင့်ဖို့ မလိုပါဘူး။
အပိုင်းနှစ်ပိုင်းကို နှစ်ကြိမ် ခွဲသုံးသပ်နိုင်ပြီး တစ်ပိုင်းကို တစ်နာရီလောက် ကြာနိုင်တယ်။ လိုအပ်ရင် အဲဒီထက် ပိုကြာနိုင်တယ်။ အပိုင်းတိုင်းကို ဆုတောင်းခြင်းနဲ့စပြီး ဆုတောင်းခြင်းနဲ့ နိဂုံးချုပ်သင့်တယ်။ နှစ်ခြင်းခံမယ့်သူရော၊ အကြီးအကဲပါ မေးခွန်းတွေကို သုံးသပ်တဲ့အခါ မလောသင့်ပါဘူး။ တာဝန်ကျတဲ့ အကြီးအကဲဟာ သူ့ရဲ့အချိန်ဇယားမှာ ဒီဆွေးနွေးမှုကို ဦးစားပေး လုပ်ဆောင်ပါလိမ့်မယ်။
မေးခွန်းတွေကို အုပ်စုလိုက် မဟုတ်ဘဲ နှစ်ခြင်းခံမယ့်သူ တစ်ဦးစီနဲ့ သီးသန့်သုံးသပ်တာ အကောင်းဆုံးပဲ။ မေးခွန်းတိုင်းကို နှစ်ခြင်းခံမယ့်သူ ဖြေတဲ့အခါ သူ့ရဲ့ နားလည်မှု အတိမ်အနက်ကို အကြီးအကဲတွေ ကောင်းကောင်း သိလာမှာဖြစ်ပြီး နှစ်ခြင်းခံဖို့ သူ အသင့်ဖြစ်,မဖြစ် အသေအချာ ဝေခွဲနိုင်ပါလိမ့်မယ်။ အဲဒီအပြင် နှစ်ခြင်းခံဖို့ တောင်းဆိုသူဟာ သူ့ဟာသူ ထုတ်ပြောလာတာတွေလည်း ရှိနိုင်တယ်။ လင်မယားဖြစ်ရင် ဒီအပိုင်းတွေကို အတူသုံးသပ်နိုင်တယ်။
နှစ်ခြင်းခံမယ့်သူဟာ ညီအစ်မဖြစ်တယ်ဆိုရင် ဆွေးနွေးမှုတွေကို နှစ်ယောက်တည်း ကြားနိုင်ပြီး အများမြင်နိုင်တဲ့နေရာမှာ ပြုလုပ်သင့်တယ်။ တစ်ယောက်ယောက်ကို ခေါ်သွားဖို့ လိုတယ်ဆိုရင် နောက်အပိုဒ်မှာ ဖော်ပြထားတဲ့အတိုင်း သုံးသပ်မယ့်အပိုင်းပေါ် မူတည်ပြီး အကြီးအကဲ ဒါမှမဟုတ် အသင်းတော်အမှုထမ်းကို ခေါ်သွားသင့်တယ်။
အကြီးအကဲ နည်းတဲ့ အသင်းတော်တွေမှာဆိုရင် ကောင်းကောင်း ဝေဖန်ပိုင်းခြားနိုင်စွမ်းတဲ့ အရည်အချင်းရှိ အသင်းတော် အမှုထမ်းတွေဟာ “အပိုင်း ၁– ခရစ်ယာန် ယုံကြည်ချက်များ” မှာ ဖော်ပြထားတဲ့ မေးခွန်းတွေကို နှစ်ခြင်းခံမယ့်သူတွေနဲ့ သုံးသပ်နိုင်တယ်။ “အပိုင်း ၂– ခရစ်ယာန် အသက်တာ” ကိုတော့ အကြီးအကဲတွေပဲ ဆွေးနွေးသင့်တယ်။ အသင်းတော်မှာ အရည်အချင်းရှိ ညီအစ်ကိုတွေ အလုံအလောက် မရှိဘူးဆိုရင် အနီးအနား အသင်းတော်ကနေ အကူအညီရဖို့ တိုက်နယ်ကြီးကြပ်မှူးကို ဆက်သွယ်နိုင်တယ်။
နှစ်ခြင်းခံမယ့်သူဟာ ကလေး ဖြစ်မယ်ဆိုရင် ယုံကြည်သူ မိဘ(တွေ) ရှိနေသင့်တယ်။ မိဘတွေ မလာနိုင်ဘူးဆိုရင် အကြီးအကဲနှစ်ယောက် (သုံးသပ်နေတဲ့ အပိုင်းပေါ် မူတည်ပြီး အကြီးအကဲတစ်ယောက်နဲ့ အသင်းတော် အမှုထမ်းတစ်ယောက်) ဟာ အပိုင်းတိုင်းမှာ ပါဝင်သင့်တယ်။
နှစ်ခြင်းခံချင်သူဟာ အခြေခံ ကျမ်းစာသွန်သင်ချက်တွေကို အတော်အတန် နားလည်မှန်း သေချာအောင် အကြီးအကဲတွေ လုပ်ဆောင်ပါလိမ့်မယ်။ အဲဒီအပြင် အမှန်တရားကို သူ အလွန်တန်ဖိုးထားသလား၊ ယေဟောဝါရဲ့ အဖွဲ့အစည်းအပေါ် တော်မှန်တဲ့ လေးစားမှု တင်ပြသလားဆိုတာကိုလည်း သူတို့ သေချာစေပါလိမ့်မယ်။ အခြေခံ ကျမ်းစာသွန်သင်ချက်တွေကို သူ နားမလည်ဘူးဆိုရင် နောက်တစ်ကြိမ်မှာ နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာတဲ့အထိ အကူအညီရအောင် အကြီးအကဲတွေ စီစဉ်ပေးပါလိမ့်မယ်။ တချို့ကိုကျတော့ အမှုဆောင်လုပ်ငန်း ဒါမှမဟုတ် အဖွဲ့အစည်း အစီအစဉ်တွေကို လက်အောက်ခံခြင်းနဲ့ပတ်သက်ပြီး ပိုလေးမြတ်လာအောင် အချိန်ပိုပေးဖို့ လိုအပ်နိုင်တယ်။ နှစ်ခြင်းခံဖို့ သူ တကယ်အသင့် ဖြစ်,မဖြစ် ကောင်းကောင်းပိုင်းဖြတ်နိုင်ဖို့ အပိုင်းတိုင်းကို အချိန်ဘယ်လောက်ပေးပြီး သုံးသပ်မယ်ဆိုတာ အကြီးအကဲတွေ အမြော်အမြင်ရှိရှိ ဆုံးဖြတ်ရမယ်။ တချို့မေးခွန်းတွေကို အချိန်ပိုပေးပြီး တချို့ကိုတော့ အချိန်သိပ်မပေးတာမျိုး ဖြစ်နိုင်ပေမဲ့ မေးခွန်းအားလုံးကို သုံးသပ်သင့်တယ်။
ဒီမေးခွန်းတွေကို သုံးသပ်ဖို့ တာဝန်ပေးခံရတဲ့ အကြီးအကဲတွေဟာ အပိုင်း နှစ်ကို သုံးသပ်ပြီးနောက် အတူတွေ့ဆုံပြီး သူ့ကို နှစ်ခြင်းပေးဖို့ လက်ခံသင့်,မသင့် ဆုံးဖြတ်ကြပါလိမ့်မယ်။ တစ်ဦးစီရဲ့ နောက်ခံ၊ အရည်အချင်းနဲ့ တခြားအခြေအနေတွေကို အကြီးအကဲတွေ ထည့်စဉ်းစားကြပါလိမ့်မယ်။ ယေဟောဝါဆီ စိတ်နှလုံး ပြောင်းလဲလာပြီး အခြေခံ ကျမ်းစာအမှန်တရားတွေကို နားလည်သဘောပေါက်,မပေါက် အကြီးအကဲတွေ သိချင်ကြတယ်။ သင်တို့ရဲ့ မေတ္တာပါပါ ဖေးမမှုကြောင့် နှစ်ခြင်းခံသူတွေဟာ သတင်းကောင်းရဲ့ အမှုဆောင်တွေအဖြစ် အရေးကြီးတဲ့တာဝန်ကို ပြီးမြောက်စေဖို့ ကောင်းကောင်း အသင့်ပြင်ပေးခံရကြပါလိမ့်မယ်။
အဲဒီနောက် တာဝန်ရထားတဲ့ အကြီးအကဲ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးက သူနဲ့တွေ့ဆုံပြီး နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီ,မမီ အသိပေးပါလိမ့်မယ်။ အရည်အချင်း ပြည့်မီတယ်ဆိုရင် စာမျက်နှာ ၂၀၆-၂၀၇ မှာပါတဲ့ “နှစ်ခြင်းခံမယ့်သူတွေနဲ့ နိဂုံးချုပ်ဆွေးနွေးမှု” ကို သူနဲ့ အကြီးအကဲတွေ သုံးသပ်သင့်တယ်။ နှစ်ခြင်းခံမယ့်သူဟာ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်နဲ့ လေ့လာလို့ မပြီးသေးဘူးဆိုရင် နှစ်ခြင်းခံပြီးနောက် ဆက်လေ့လာဖို့ အကြီးအကဲတွေ အားပေးသင့်တယ်။ နှစ်ခြင်းခံတဲ့ ရက်စွဲကို သူ့နာမည်နဲ့ ပြုလုပ်ထားတဲ့ အသင်းတော် ကြေညာသူမှတ်တမ်းမှာ ထည့်သွင်းမှာ ဖြစ်ကြောင်း နှစ်ခြင်းခံမယ့်သူကို ပြောပြပါ။ အဲဒီအချက်အလက်ကို အကြီးအကဲတွေ တောင်းရတာဟာ အဖွဲ့အစည်းက ကမ္ဘာတစ်ဝန်း ယေဟောဝါသက်သေတွေရဲ့ ဘာသာရေး လုပ်ဆောင်မှုတွေကို ကြည့်ရှုပေးနိုင်ဖို့၊ သူ့အနေနဲ့ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ ပါဝင်ပြီး ဘုရားရေးရာ ထောက်မမှုတွေ ရနိုင်ဖို့ပဲဆိုတာ အသိပေးပါ။ အဲဒီအပြင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို jw.org မှာပါတဲ့ ယေဟောဝါသက်သေများရဲ့ ကမ္ဘာချီ အချက်အလက် ကာကွယ်ရေး ပေါ်လစီနဲ့အညီ ကိုင်တွယ်သွားမှာ ဖြစ်ကြောင်း ကြေညာသူအသစ်တွေကို အကြီးအကဲတွေ အသိပေးနိုင်တယ်။ ဒီဆွေးနွေးမှုဟာ ဆယ်မိနစ် ဒါမှမဟုတ် ဆယ်မိနစ်အောက်သာ ကြာသင့်တယ်။
နှစ်ခြင်းခံပြီး တစ်နှစ်ပြည့်တဲ့အခါ အကြီးအကဲနှစ်ယောက်က ကြေညာသူကို တွေ့ဆုံအားပေးပြီး အထောက်အကူပြု အကြံပြုချက်တွေ ပေးသင့်တယ်။ အကြီးအကဲတစ်ယောက်ဟာ သူ့ရဲ့ အုပ်စုကြီးကြပ်မှူး ဖြစ်သင့်တယ်။ လူသစ်ဟာ ကလေး ဖြစ်တယ်ဆိုရင် ယုံကြည်သူမိဘ(တွေ) ရှိနေသင့်တယ်။ ဒီအစည်းအဝေးဟာ နွေးထွေးမှုရှိပြီး အားပေးမှု ဖြစ်စေသင့်တယ်။ အကြီးအကဲတွေဟာ သူ့ရဲ့ ဘုရားရေးရာ တိုးတက်မှုအကြောင်း ဆွေးနွေးကြပါလိမ့်မယ်။ ကိုယ်ပိုင်လေ့လာမှု၊ နေ့စဉ်ကျမ်းစာ ဖတ်ရှုမှု၊ အပတ်စဉ် မိသားစု ဝတ်ပြုမှု၊ ပုံမှန်အစည်းအဝေး တက်ရောက်ခြင်းနဲ့ ပါဝင်ခြင်း၊ အပတ်စဉ် အမှုဆောင်လုပ်ငန်းတွေမှာ အလေ့အထကောင်းရှိနေအောင် လက်တွေ့ကျ အကြံပြုချက်တွေ ပေးပါလိမ့်မယ်။ (ဧ. ၅:၁၅၊ ၁၆) သူဟာ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်နဲ့ လေ့လာလို့ မပြီးသေးဘူးဆိုရင် ဆက်လေ့လာနိုင်အောင် တစ်ယောက်ယောက် ကူညီပေးဖို့ အကြီးအကဲတွေ စီစဉ်ပေးသင့်တယ်။ သူ့ကို အကြီးအကဲတွေ မေတ္တာပါပါ၊ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပေးသင့်တယ်။ အများအားဖြင့် အကြံပြုဆုံးမတာ တစ်ချက်၊ နှစ်ချက်လောက်ဆိုရင် လုံလောက်ပါပြီ။