ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bhs အခန်း ၁၇ စာ. ၁၇၄-၁၈၄
  • ဆုတောင်းခြင်း အခွင့်ထူး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုတောင်းခြင်း အခွင့်ထူး
  • သမ္မာကျမ်းစာ သွန်သင်ရာများ
  • ကျမ်းစာသွန်သင်ရာ ဖတ်ပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါဆီ ဘာကြောင့် ဆုတောင်းရမလဲ
  • ဆုတောင်းချက်တွေကို ဘုရားနားထောင်အောင် ဘာလုပ်ရမလဲ
  • ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး မေးတတ်ကြတဲ့ မေးခွန်းတွေ
  • ဆုတောင်းချက်တွေကို ဘုရား အဖြေပေးပုံ
  • ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဆုတောင်းခြင်းမှတစ်ဆင့် မစမှု မည်သို့ရနိုင်ပုံ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဆုတောင်းခြင်း အခွင့်ထူးကို တန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ သွန်သင်ရာများ
bhs အခန်း ၁၇ စာ. ၁၇၄-၁၈၄

အခန်းဆယ့်ခုနစ်

ဆုတောင်းခြင်း အခွင့်ထူး

ကြယ်တွေစုံတဲ့ကောင်းကင်အောက် ဆုတောင်းနေတဲ့ အမျိုးသမီး

“မိုးမြေကို ဖန်ဆင်းတဲ့အရှင်” က ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ကြားချင်တယ်။—ဆာလံ ၁၁၅:၁၅

၁၊ ၂။ ဆုတောင်ခြင်းဟာ လက်ဆောင်မွန်ဖြစ်တယ်လို့ သင် ဘာကြောင့်ယူဆသလဲ။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာပြောထားတာကို ဘာကြောင့် သိဖို့လိုသလဲ။

စကြဝဠာကြီးနဲ့ နှိုင်းယှဉ်ကြည့်ရင် ကမ္ဘာမြေဟာ သေးသေးလေးပါ။ ယေဟောဝါက ကမ္ဘာမြေကို ကြည့်လိုက်တဲ့အခါ လူမျိုးအားလုံးဟာ ရေပုံးထဲက ရေစက်တစ်စက်လိုပါပဲ။ (ဆာလံ ၁၁၅:၁၅။ ဟေရှာယ ၄၀:၁၅) စကြဝဠာကြီးနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့ဟာ ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ ဆာလံ ၁၄၅:၁၈၊ ၁၉ မှာ “ယေဟောဝါဟာ ဆုတောင်းတဲ့သူတိုင်း၊ စိတ်ရင်းမှန်နဲ့ ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။ ကြောက်ရွံ့ရိုသေသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတယ်။ သူတို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ နားထောင်ပြီး ကယ်တင်တယ်” လို့ပြောတယ်။ တကယ့်အခွင့်ထူးကြီးကို ကျွန်တော်တို့ ပိုင်ဆိုင်ထားတာပဲ။ အနန္တတန်ခိုးရှင်၊ ဖန်ဆင်းရှင် ယေဟောဝါက ကျွန်တော်တို့ အနီးအပါးမှာ ရှိနေပြီး ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို နားထောင်ချင်တယ်။ ဆုတောင်ခြင်းဟာ အခွင့်ထူးပါပဲ၊ ကျွန်တော်တို့တစ်ယောက်စီကို ယေဟောဝါပေးထားတဲ့ လက်ဆောင်မွန်ပါပဲ။

၂ ဒါပေမဲ့ ယေဟောဝါနှစ်သက်တဲ့နည်းနဲ့ ဆုတောင်းမှ ကိုယ်တော် နားထောင်မယ်။ ဒါဆိုရင် ဘယ်လို ဆုတောင်းရမလဲ။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာပြောထားတာကို ကြည့်ရအောင်။

ယေဟောဝါဆီ ဘာကြောင့် ဆုတောင်းရမလဲ

၃။ ယေဟောဝါဆီ ဘာကြောင့် ဆုတောင်းရမလဲ။

၃ ယေဟောဝါက သူ့ကို ဆုတောင်းပြီး စကားပြောစေချင်တယ်။ ဒါကို ဘယ်လိုသိနိုင်သလဲ။ ဖိလိပ္ပိ ၄:၆၊ ၇ ကိုဖတ်ကြည့်ပါ။ လှိုက်လှဲတဲ့ အဲဒီဖိတ်ခေါ်ချက်အကြောင်း စဉ်းစားကြည့်ပါ။ စကြဝဠာအုပ်စိုးရှင်က သင့်ကို အလွန်စိတ်ဝင်စားတယ်၊ သင့်ခံစားချက်တွေ၊ အခက်အခဲတွေအကြောင်း ရင်ဖွင့်ပြောပြစေချင်တယ်။

၄။ ယေဟောဝါဆီ မှန်မှန်ဆုတောင်းတဲ့အခါ ကိုယ်တော်နဲ့ ရင်းနှီးမှုနှောင်ကြိုး ဘယ်လိုခိုင်မြဲလာမလဲ။

၄ ဆုတောင်းခြင်းက ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိအောင် ကျွန်တော်တို့ကို ကူညီပေးတယ်။ ကိုယ့်စိတ်ကူး၊ စိုးရိမ်သောက၊ ခံစားချက်တွေကို အချင်းချင်း ပုံမှန်ရင်ဖွင့်ပြောဆိုတဲ့အခါ မိတ်ဆွေနှောင်ကြိုး ပိုခိုင်မြဲလာတယ်။ ယေဟောဝါဆီ ဆုတောင်းတဲ့အခါလည်း အဲဒီအတိုင်းပါပဲ။ ဘုရားသခင်က သူ့ရဲ့စိတ်ကူးတွေ၊ ခံစားချက်တွေ၊ အနာဂတ်မှာ လုပ်ဆောင်မယ့်အရာတွေအကြောင်း ကျမ်းစာကတစ်ဆင့် သင့်ကို အသိပေးပြောပြတယ်။ သင်လည်း ရင်တွင်းခံစားချက်တွေကို ဘုရားဆီ ပုံမှန် ရင်ဖွင့်ပြောဆိုနိုင်တယ်။ ဒါဆိုရင် ယေဟောဝါနဲ့ ရင်းနှီးမှုနှောင်ကြိုး ပိုခိုင်မြဲလာပါလိမ့်မယ်။—ယာကုပ် ၄:၈။

ဆုတောင်းချက်တွေကို ဘုရားနားထောင်အောင် ဘာလုပ်ရမလဲ

၅။ ဆုတောင်းချက်တိုင်းကို ယေဟောဝါ နားမထောင်မှန်း ဘယ်လိုသိရသလဲ။

၅ ဆုတောင်းချက်တိုင်းကို ယေဟောဝါ နားထောင်သလား။ နားမထောင်ဘူး။ ယေဟောဝါက ပရောဖက်ဟေရှာယလက်ထက်မှာ အစ္စရေးတွေကို “[မင်းတို့] အကြိမ်ကြိမ် ဆုတောင်းရင်လည်း ငါနားမထောင်ဘူး။ မင်းတို့ရဲ့လက်တွေ သွေးစွန်းနေတာကိုး” လို့ပြောတယ်။ (ဟေရှာယ ၁:၁၅) ဒါကြောင့် ကျွန်တော်တို့ သတိမထားဘူးဆိုရင် ဘုရားသခင်နဲ့ အလှမ်းဝေးစေတဲ့အရာတွေ လုပ်မိနိုင်ပြီး ကျွန်တော်တို့ရဲ့ဆုတောင်းချက်ကို ဘုရား နားမထောင်တဲ့အဖြစ်မျိုး ရောက်သွားနိုင်တယ်။

၆။ ယုံကြည်ခြင်းရှိဖို့ ဘာကြောင့် အရေးကြီးသလဲ။ ယုံကြည်ခြင်းရှိကြောင်း ဘယ်လိုသက်သေပြမလဲ။

၆ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်စေချင်ရင် ကိုယ်တော့်ကို ယုံကြည်ရမယ်။ (မာကု ၁၁:၂၄) “ယုံကြည်ခြင်းမရှိရင် ဘုရားသခင်ရဲ့ စိတ်တော်နဲ့ မတွေ့နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မယ်ဆိုရင် ဘုရားသခင် တည်ရှိတယ်ဆိုတာ ယုံကြည်ရမယ်။ ဘုရားသခင်ဟာ မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို ဆုချတဲ့အရှင်ပဲဆိုတာကိုလည်း ယုံကြည်ရမယ်” လို့ တမန်တော်ပေါလု ပြောတယ်။ (ဟီဘရူး ၁၁:၆) ယုံကြည်တယ်လို့ ပြောရုံနဲ့ မလုံလောက်ဘူး။ ယေဟောဝါကို နေ့စဉ် နာခံခြင်းအားဖြင့် အဲဒီလိုယုံကြည်ကြောင်း သက်သေပြရမယ်။—ယာကုပ် ၂:၂၆ ကိုဖတ်ပါ။

၇။ (က) ယေဟောဝါဆီ ဆုတောင်းတဲ့အခါ ဘာကြောင့် နှိမ့်ချမှုရှိဖို့၊ လေးစားမှုပြဖို့ လိုသလဲ။ (ခ) ဆုတောင်းတဲ့အခါ စိတ်ရင်းမှန်ကြောင်း ဘယ်လိုပြနိုင်သလဲ။

၇ ယေဟောဝါဆီ ဆုတောင်းတဲ့အခါ နှိမ့်ချမှုရှိရမယ်၊ လေးစားမှုပြရမယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့ဟာ ဘုရင် ဒါမှမဟုတ် သမ္မတနဲ့ စကားပြောခွင့်ရရင် တလေးတစား ပြောဆိုမှာပဲ။ ယေဟောဝါဟာ အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်တဲ့အတွက် ကိုယ်တော်နဲ့ စကားပြောတဲ့အခါ ပိုပြီးတော့တောင် လေးစားမှုပြဖို့၊ နှိမ့်ချမှုရှိဖို့ လိုတယ် မဟုတ်လား။ (ကမ္ဘာဦး ၁၇:၁။ ဆာလံ ၁၃၈:၆) ယေဟောဝါဆီ ဆုတောင်းတဲ့အခါ အကြောင်းအရာတစ်မျိုးတည်းကို အထပ်ထပ်ရွတ်တာမျိုး မဟုတ်ဘဲ စိတ်ရင်းမှန်နဲ့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းသင့်တယ်။—မဿဲ ၆:၇၊ ၈။

၈။ တစ်ခုခုအတွက် ဆုတောင်းပြီးရင် ဘာလုပ်ဖို့လည်း လိုသလဲ။

၈ အဲဒီနောက် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်နဲ့အညီ အတတ်နိုင်ဆုံး ပြုမူနေထိုင်ရမယ်။ ဥပမာ၊ နေ့စဉ်လိုအပ်ရာတွေအတွက် ယေဟောဝါဆီ ဆုတောင်းမယ်ဆိုရင် ကိုယ် လုပ်နိုင်ရက်သားနဲ့ ယေဟောဝါပေးမှာပဲဆိုပြီး အပျင်းကြီးကြီး ထိုင်စောင့်နေလို့ မရဘူး။ အလုပ်ကြိုးစားရမယ်၊ အလုပ်မရွေးရဘူး။ (မဿဲ ၆:၁၁။ ၂ သက်သာလောနိတ် ၃:၁၀) မကောင်းတဲ့အကျင့်တစ်ခုကို ဖျောက်နိုင်အောင် ယေဟောဝါဆီ ဆုတောင်းတယ်ဆိုရင် အဲဒီအကျင့် လုပ်မိစေနိုင်တဲ့ အခြေအနေမှန်သမျှကို ရှောင်ရမယ်။ (ကောလောသဲ ၃:၅) ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး မေးတတ်ကြတဲ့ မေးခွန်းတချို့ကို သုံးသပ်ကြည့်ရအောင်။

ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး မေးတတ်ကြတဲ့ မေးခွန်းတွေ

၉။ ဘယ်သူ့ဆီ ဆုတောင်းရမလဲ။ ဆုတောင်းချက်နဲ့ပတ်သက်ပြီး ယောဟန် ၁၄:၆ ကနေ ဘာသိရသလဲ။

၉ ဘယ်သူ့ဆီ ဆုတောင်းရမလဲ။ ယေရှုက “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့အဖ” ဆီ ဆုတောင်းဖို့ နောက်လိုက်တွေကို သင်ပေးတယ်။ (မဿဲ ၆:၉) “ကျွန်တော်ဟာ လမ်းခရီး ဖြစ်တယ်။ အမှန်တရားလည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်။ ကျွန်တော့်ကို မဖြတ်သန်းဘဲ ဘယ်သူမှ အဖဘုရားဆီ မရောက်နိုင်ဘူး” လို့လည်း ပြောတယ်။ (ယောဟန် ၁၄:၆) ဒါကြောင့် ယေရှုကတစ်ဆင့် ယေဟောဝါဆီကိုပဲ ဆုတောင်းရမယ်။ ယေရှုကတစ်ဆင့် ဆုတောင်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ယေရှုကို ယေဟောဝါလွှဲအပ်ထားတဲ့ အနေအထားကို လေးစားမှုပြရမယ်ဆိုတဲ့ သဘောပဲ။ ယေရှုက အပြစ်နဲ့ သေခြင်းကနေ လူတွေကို ကယ်တင်ဖို့ မြေကြီးပေါ် ရောက်လာတဲ့အကြောင်း ကျွန်တော်တို့ သိခဲ့ရပြီ။ (ယောဟန် ၃:၁၆။ ရောမ ၅:၁၂) ယေရှုကို ပုရောဟိတ်မင်း၊ တရားသူကြီးအဖြစ်လည်း ယေဟောဝါ ခန့်အပ်ထားတယ်။—ယောဟန် ၅:၂၂။ ဟီဘရူး ၆:၂၀။

အခြေအနေအမျိုးမျိုးမှာ ဆုတောင်းနေကြ

အချိန်မရွေး ဆုတောင်းနိုင်တယ်

၁၀။ ဆုတောင်းတဲ့အခါ အထူးကိုယ်ဟန်အနေအထား ရှိဖို့လိုသလား။ ရှင်းပြပါ။

၁၀ ဆုတောင်းတဲ့အခါ အထူးကိုယ်ဟန်အနေအထား ရှိဖို့လိုသလား။ မလိုပါဘူး။ ဆုတောင်းတဲ့အခါ ဒူးထောက်ဖို့၊ ထိုင်ဖို့၊ ထဖို့ ယေဟောဝါ မတောင်းဆိုဘူး။ လေးစားမှုရှိတဲ့ ဘယ်အနေအထားမျိုးနဲ့မဆို ယေဟောဝါဆီ ဆုတောင်းနိုင်တယ်လို့ ကျမ်းစာသွန်သင်တယ်။ (၁ ရာဇဝင်ချုပ် ၁၇:၁၆။ နေဟမိ ၈:၆။ ဒံယေလ ၆:၁၀။ မာကု ၁၁:၂၅) ယေဟောဝါအတွက် အရေးကြီးဆုံးက ကိုယ်ဟန်အနေအထား မဟုတ်ဘဲ သဘောထားမှန်နဲ့ ဆုတောင်းတာ ဖြစ်တယ်။ အသံထွက်ပြီးတော့ဖြစ်စေ၊ စိတ်ထဲကနေဖြစ်စေ နေ့ရောညပါ အချိန်မရွေး ဆုတောင်းနိုင်တယ်။ ကျွန်တော်တို့ ဆုတောင်းတဲ့အခါ ဘယ်သူမှ မကြားရင်တောင် ယေဟောဝါ ကြားတယ်ဆိုတာ စိတ်ချနိုင်တယ်။—နေဟမိ ၂:၁-၆။

၁၁။ ဘယ်အရာတွေအတွက် ယေဟောဝါဆီ ဆုတောင်းနိုင်သလဲ။

၁၁ ဘာအတွက် ဆုတောင်းနိုင်သလဲ။ ယေဟောဝါ နှစ်သက်တဲ့အရာမှန်သမျှအတွက် ဆုတောင်းနိုင်တယ်။ “အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်ဆိုတာ စိတ်ချတယ်” လို့ ကျမ်းစာပြောတယ်။ (၁ ယောဟန် ၅:၁၄) ကိုယ်ရေးကိုယ်တာအတွက်ကော ဆုတောင်းနိုင်သလား။ ဆုတောင်းနိုင်ပါတယ်။ ယေဟောဝါဆီ ဆုတောင်းတာဟာ မိတ်ဆွေရင်းတစ်ယောက်နဲ့ စကားပြောသလို ဖြစ်ရမယ်။ စိတ်ထဲ၊ ရင်ထဲ ရှိသမျှ ယေဟောဝါကို ပြောပြနိုင်တယ်။ (ဆာလံ ၆၂:၈) မှန်ရာကို လုပ်နိုင်အောင် တန်ခိုးကြီးတဲ့စွမ်းအားတော် ပေးဖို့ ဆုတောင်းနိုင်တယ်။ (လုကာ ၁၁:၁၃) ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင် ဉာဏ်ပညာပေးဖို့၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်အောင် ခွန်အားပေးဖို့ ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ (ယာကုပ် ၁:၅) ကျွန်တော်တို့ရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးဖို့လည်း ဆုတောင်းနိုင်တယ်။ (ဧဖက် ၁:၃၊ ၇) မိသားစုဝင်တွေ၊ အသင်းတော်က ညီအစ်ကိုညီအစ်မတွေအပါအဝင် တခြားသူတွေအတွက်လည်း ဆုတောင်းပေးနိုင်တယ်။—တမန်တော် ၁၂:၅။ ကောလောသဲ ၄:၁၂။

၁၂။ ဆုတောင်းတဲ့အခါ ဘာကို အဓိကထားရမလဲ။

၁၂ ဆုတောင်းတဲ့အခါ ဘာကို အဓိကထားရမလဲ။ ယေဟောဝါနဲ့ အလိုတော်ကို အဓိကထားရမယ်။ ကျွန်တော်တို့အတွက် ဘုရား လုပ်ပေးခဲ့တာမှန်သမျှအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောနိုင်တယ်။ (၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃) ယေရှု မြေကြီးပေါ်ရှိတုန်းက တပည့်တွေကို သင်ပေးခဲ့တဲ့ ဆုတောင်းချက်ကနေ ဒီအချက်ကို သိနိုင်တယ်။ (မဿဲ ၆:၉-၁၃ ကိုဖတ်ပါ။) ဦးဆုံးအနေနဲ့၊ ဘုရားနာမည် သန့်ရှင်းမြင့်မြတ်ခြင်းရှိဖို့ ဆုတောင်းရမယ်။ အဲဒီနောက် နိုင်ငံတော်လာဖို့၊ ကမ္ဘာမြေပေါ် အလိုတော်ပြည့်စုံစေဖို့ ဆုတောင်းရမယ်လို့ ယေရှုပြောတယ်။ အဲဒါတွေကို အဓိကထား ဆုတောင်းပြီးနောက်မှ ကိုယ်လိုအပ်တာတွေကို တောင်းပါလို့ ယေရှုပြောတယ်။ ယေဟောဝါနဲ့ အလိုတော်ကို ဦးစားထားဆုတောင်းမယ်ဆိုရင် ကျွန်တော်တို့ ဘာကို အဓိကထားသလဲဆိုတာ ဖော်ပြရာရောက်တယ်။

၁၃။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေ ဘယ်လောက် ရှည်သင့်သလဲ။

၁၃ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေ ဘယ်လောက် ရှည်သင့်သလဲ။ ကျမ်းစာမှာ မပြောထားဘူး။ အခြေအနေပေါ် မူတည်နိုင်တယ်။ ဥပမာ၊ အစာမစားခင် တိုတိုတုတ်တုတ် ဆုတောင်းနိုင်တယ်။ ယေဟောဝါကို ကျေးဇူးတင်တဲ့အခါ၊ စိုးရိမ်ပူပန်မှုတွေကို ပြောပြတဲ့အခါမျိုးမှာတော့ အရှည်ကြီး ဆုတောင်းနိုင်တယ်။ (၁ ရှမွေလ ၁:၁၂၊ ၁၅) ကျွန်တော်တို့ဟာ ယေရှုခေတ်က လူတချို့လို လူအထင်ကြီးအောင် အရှည်ကြီး ဆုမတောင်းချင်ကြပါဘူး။ (လုကာ ၂၀:၄၆၊ ၄၇) အဲဒီလိုဆုတောင်းချက်မျိုးကို ယေဟောဝါ အထင်မကြီးဘူး။ ယေဟောဝါအတွက် အရေးကြီးတာက ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းတာ ဖြစ်တယ်။

၁၄။ ဘယ်နှစ်ကြိမ် ဆုတောင်းရမလဲ။ ဒီအချက်ကနေ ယေဟောဝါနဲ့ပတ်သက်ပြီး ဘာသိရသလဲ။

၁၄ ဘယ်နှစ်ကြိမ် ဆုတောင်းရမလဲ။ ယေဟောဝါက သူနဲ့ မှန်မှန်စကားပြောဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ထားတယ်။ “အမြဲဆုတောင်းနေကြပါ၊” “ဇွဲမလျှော့တမ်း ဆုတောင်းပါ၊” “အမြဲမပြတ် ဆုတောင်းနေကြပါ” လို့ ကျမ်းစာပြောတယ်။ (မဿဲ ၂၆:၄၁။ ရောမ ၁၂:၁၂။ ၁ သက်သာလောနိတ် ၅:၁၇) ယေဟောဝါက ကျွန်တော်တို့ဆုတောင်းတာကို နားထောင်ပေးဖို့ အမြဲအသင့်ရှိတယ်။ ဘုရားရဲ့မေတ္တာနဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ကြောင်း နေ့စဉ် ပြောပြနိုင်တယ်။ ဘုရားရဲ့ လမ်းညွှန်မှု၊ နှစ်သိမ့်မှုနဲ့ ခွန်အားရဖို့လည်း ဆုတောင်းနိုင်တယ်။ ဆုတောင်းခြင်းအခွင့်ထူးကို တကယ်တန်ဖိုးထားမယ်ဆိုရင် အခွင့်အရေးရရင် ရသလို ယေဟောဝါနဲ့ စကားပြောမှာ ဖြစ်တယ်။

၁၅။ ဆုတောင်းချက်အပြီးမှာ “အာမင်” လို့ ဘာကြောင့် ပြောရတာလဲ။

၁၅ ဆုတောင်းချက်အပြီးမှာ “အာမင်” လို့ ဘာကြောင့် ပြောရတာလဲ။ “အာမင်” ဆိုတဲ့စကားစုက “မှန်ပါတယ်၊” “ပြောတဲ့အတိုင်း ဖြစ်ပါစေ” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဆုတောင်းတဲ့အတိုင်း တကယ်ဖြစ်စေချင်တယ်၊ စိတ်ရင်းအတိုင်း ပြောနေတယ်ဆိုတာ ဖော်ပြတဲ့နည်း ဖြစ်တယ်။ (ဆာလံ ၄၁:၁၃) လူအများနဲ့ ဆုတောင်းပြီးသွားတဲ့အခါ ဆုတောင်းချက်ကို သဘောတူကြောင်း ပြတဲ့အနေနဲ့ “အာမင်” ဆိုပြီး စိတ်ထဲကဖြစ်စေ၊ အသံထွက်ပြီးတော့ဖြစ်စေ ပြောသင့်တယ်လို့ ကျမ်းစာသွန်သင်တယ်။—၁ ရာဇဝင်ချုပ် ၁၆:၃၆။ ၁ ကောရိန္သု ၁၄:၁၆။

ဆုတောင်းချက်တွေကို ဘုရား အဖြေပေးပုံ

၁၆။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ တကယ် အဖြေပေးသလား။ ရှင်းပြပါ။

၁၆ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ တကယ် အဖြေပေးသလား။ အဖြေပေးပါတယ်။ ကျမ်းစာမှာ ဘုရားသခင်ကို “ဆုတောင်းသံကို နားထောင်တဲ့အရှင်” လို့ ခေါ်ထားတယ်။ (ဆာလံ ၆၅:၂) လူသန်းပေါင်းများစွာ စိတ်ရင်းမှန်နဲ့ ဆုတောင်းတဲ့အခါ ယေဟောဝါ နားထောင်ပြီး နည်းအမျိုးမျိုးနဲ့ အဖြေပေးတယ်။

၁၇။ ယေဟောဝါက ကောင်းကင်တမန်တွေ၊ မြေကြီးပေါ်က ကျေးကျွန်တွေကို သုံးပြီး ဆုတောင်းချက်ကို ဘယ်လိုအဖြေပေးသလဲ။

၁၇ ယေဟောဝါက ကောင်းကင်တမန်တွေ၊ မြေကြီးပေါ်က ကျေးကျွန်တွေကို သုံးပြီး ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို အဖြေပေးတယ်။ (ဟီဘရူး ၁:၁၃၊ ၁၄) ကျမ်းစာကို နားလည်အောင် ကူညီပေးဖို့ ဆုတောင်းပြီးခါစမှာ ယေဟောဝါသက်သေတွေ ရောက်လာတယ်ဆိုတဲ့ တွေ့ကြုံမှုတွေ အများကြီးရှိတယ်။ မြေတစ်ပြင်လုံးမှာ “သတင်းကောင်း” ကြေညာတဲ့အခါ ကောင်းကင်တမန်တွေလည်း ပါတယ်လို့ ကျမ်းစာပြောတယ်။ (ဗျာဒိတ် ၁၄:၆ ကိုဖတ်ပါ။) ကျွန်တော်တို့ထဲက အများစုဟာ ပြဿနာတစ်ခု၊ လိုအပ်ရာတစ်ခုနဲ့ပတ်သက်လို့ ယေဟောဝါဆီ သတ်သတ်မှတ်မှတ် ဆုတောင်းပြီးနောက် ညီအစ်ကိုညီအစ်မတွေကတစ်ဆင့် လိုအပ်တဲ့အကူအညီ ရရှိခဲ့တယ်။—ပညာအလိမ္မာ ၁၂:၂၅။ ယာကုပ် ၂:၁၆။

အိုမင်းမစွမ်း ညီအစ်မကို ကူညီပေးနေတဲ့ ခရစ်ယာန်မောင်နှံစုံ

ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ညီအစ်ကိုညီအစ်မတွေကတစ်ဆင့် ယေဟောဝါ အဖြေပေးနိုင်တယ်

၁၈။ ယေဟောဝါက သန့်ရှင်းသောစွမ်းအားတော်နဲ့ ကျမ်းစာကိုသုံးပြီး ဆုတောင်းချက်တွေကို ဘယ်လိုအဖြေပေးသလဲ။

၁၈ သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ဆုတောင်းချက်တွေကို ယေဟောဝါ အဖြေပေးတဲ့အခါလည်း ရှိတယ်။ အခက်အခဲတစ်ခုကို ရင်ဆိုင်ဖြေရှင်းဖို့ ဆုတောင်းတဲ့အခါ သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် လမ်းညွှန်နိုင်တယ်၊ ခွန်အားပေးနိုင်တယ်။ (၂ ကောရိန္သု ၄:၇) ယေဟောဝါက ကျမ်းစာကတစ်ဆင့် ဆုတောင်းချက်တွေကို အဖြေပေးတယ်၊ ပညာရှိရှိ ဆုံးဖြတ်ချက်ချနိုင်ဖို့ ကူညီပေးတယ်။ ကျမ်းစာဖတ်တဲ့အခါ ကျွန်တော်တို့အတွက် အကူအညီဖြစ်စေတဲ့ ကျမ်းချက်တွေ ရှာတွေ့နိုင်တယ်။ အစည်းအဝေးမှာ ကျွန်တော်တို့ လိုအပ်တဲ့အရာကို မှတ်ချက်ပေးဖို့ တစ်ယောက်ယောက်ကို ယေဟောဝါ လှုံ့ဆော်ပေးနိုင်တယ်။ ကျမ်းစာထဲက အချက်တစ်ချက်ကို ကျွန်တော်တို့နဲ့ သုံးသပ်ဖို့ အသင်းတော်အကြီးအကဲကိုလည်း လှုံ့ဆော်ပေးနိုင်တယ်။—ဂလာတိ ၆:၁။

၁၉။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေမပေးဘူးလို့ ဘာကြောင့် ထင်မိနိုင်သလဲ။

၁၉ တစ်ခါတလေ၊ ‘ငါ့ဆုတောင်းချက်ကို ယေဟောဝါ ဘာလို့ အဖြေမပေးသေးတာလဲ’ ဆိုပြီး တွေးမိနိုင်တယ်။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ဘယ်အချိန်မှာ ဘယ်လိုအဖြေပေးရမယ်၊ ကျွန်တော်တို့ ဘာလိုအပ်တယ်ဆိုတာ ကိုယ်တော်သိထားမှန်း မမေ့ပါနဲ့။ အတော်ကြာကြာ ဆက်ဆုတောင်းဖို့လိုတဲ့အခါလည်း ရှိနိုင်တယ်။ ဒါဟာ ဆုတောင်းတဲ့အတိုင်း တကယ်ဖြစ်စေချင်မှန်း၊ ကိုယ်တော့်ကို တကယ်ယုံကြည်မှန်း ပြရာရောက်တယ်။ (လုကာ ၁၁:၅-၁၀) ကျွန်တော်တို့ မျှော်လင့်မထားတဲ့နည်းနဲ့ ယေဟောဝါ အဖြေပေးတဲ့အခါလည်း ရှိတယ်။ ဥပမာ၊ အခက်အခဲတစ်ခုနဲ့ပတ်သက်ပြီး ဆုတောင်းတဲ့အခါ အဲဒီအခက်အခဲကို ဖယ်ရှားပေးမယ့်အစား ခံရပ်နိုင်အောင် ကျွန်တော်တို့ကို အစွမ်းခွန်အား ပေးနိုင်တယ်။—ဖိလိပ္ပိ ၄:၁၃ ကိုဖတ်ပါ။

၂၀။ ယေဟောဝါဆီ ဘာကြောင့် မကြာခဏ ဆုတောင်းသင့်သလဲ။

၂၀ ယေဟောဝါဆီ ဆုတောင်းရတာဟာ တကယ့်ကို အခွင့်ထူးကြီးပါပဲ။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ကိုယ်တော် နားထောင်မယ်ဆိုတာ စိတ်ချနိုင်တယ်။ (ဆာလံ ၁၄၅:၁၈) လှိုက်လှိုက်လှဲလှဲနဲ့ မကြာခဏ ဆုတောင်းမယ်ဆိုရင် ယေဟောဝါနဲ့ ရင်းနှီးတဲ့နှောင်ကြိုး ခိုင်မြဲသည်ထက် ခိုင်မြဲလာမယ်။

အကျဉ်းချုပ်

အမှန်တရား ၁။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်ချင်တယ်

“ယေဟောဝါဟာ ဆုတောင်းတဲ့သူတိုင်း၊ စိတ်ရင်းမှန်နဲ့ ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။”—ဆာလံ ၁၄၅:၁၈

ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်စေချင်ရင် ဘာလုပ်ရမလဲ။

  • ဟီဘရူး ၁၁:၆

    ယုံကြည်ခြင်း ရှိရမယ်။

  • ဆာလံ ၁၃၈:၆

    နှိမ့်ချမှု၊ လေးစားမှု ရှိရမယ်။

  • ယာကုပ် ၂:၂၆

    ဆုတောင်းချက်နဲ့အညီ ပြုမူနေထိုင်ရမယ်။

  • မဿဲ ၆:၇၊ ၈

    ဆုတောင်းတဲ့အခါ စိတ်ရင်းမှန်ရမယ်၊ ရိုးသားမှုရှိရမယ်။ အကြောင်းအရာတစ်မျိုးတည်းကို အထပ်ထပ် မရွတ်ရဘူး။

  • ဟေရှာယ ၁:၁၅

    ဘုရားသခင့်အလိုတော်နဲ့အညီ အသက်ရှင် နေထိုင်ရမယ်။

အမှန်တရား ၂။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး မေးတတ်ကြတဲ့ မေးခွန်းများ

  • ဘယ်သူ့ဆီ ဆုတောင်းရမလဲ။

    မဿဲ ၆:၉။ ယောဟန် ၁၄:၆

  • ဆုတောင်းတဲ့အခါ အထူးကိုယ်ဟန်အနေအထားရှိဖို့ လိုသလား။

    ၁ ရာဇဝင်ချုပ် ၁၇:၁၆။ နေဟမိ ၈:၅၊ ၆။ ဒံယေလ ၆:၁၀။ မာကု ၁၁:၂၅

  • စိတ်ထဲက ဆုတောင်းတာကို ယေဟောဝါ ကြားသလား။

    နေဟမိ ၂:၁-၆

  • ဆုတောင်းချက်တွေ ဘယ်လောက် ရှည်သင့်သလဲ။

    ၁ ရှမွေလ ၁:၁၂၊ ၁၅။ လုကာ ၂၀:၄၆၊ ၄၇

  • ဘယ်နှစ်ကြိမ် ဆုတောင်းရမလဲ။

    ရောမ ၁၂:၁၂။ ၁ သက်သာလောနိတ် ၅:၁၇

  • ဆုတောင်းချက်အပြီးမှာ “အာမင်” လို့ ဘာကြောင့်ပြောရတာလဲ။

    ၁ ရာဇဝင်ချုပ် ၁၆:၃၆။ ၁ ကောရိန္သု ၁၄:၁၆

အမှန်တရား ၃။ ဘာအတွက် ဆုတောင်းနိုင်သလဲ

“အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်။” —၁ ယောဟန် ၅:၁၄

ဘယ်အရာတွေအတွက် ဆုတောင်းနိုင်သလဲ။

  • မဿဲ ၆:၉၊ ၁၀

    ယေဟောဝါရဲ့အလိုတော် ပြည့်စုံစေဖို့ ဆုတောင်းပါ။

  • ၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃

    ကျေးဇူးတင်ကြောင်း ဆုတောင်းပါ။

  • မဿဲ ၆:၁၁-၁၃

    စိုးရိမ်သောကတွေ၊ ကိုယ်လိုအပ်တာတွေအတွက် ဆုတောင်းပါ။

  • လုကာ ၁၁:၁၃

    သန့်ရှင်းသောစွမ်းအားတော် ရဖို့ ဆုတောင်းပါ။

  • ယာကုပ် ၁:၅

    ဆုံးဖြတ်ချက်ကောင်းချနိုင်အောင် ဉာဏ်ပညာပေးဖို့ ဆုတောင်းပါ။

  • ဖိလိပ္ပိ ၄:၁၃

    ခံနိုင်ရည်ရှိအောင် ခွန်အားပေးဖို့ ဆုတောင်းပါ။

  • ဧဖက် ၁:၃၊ ၇

    အပြစ်တွေ ခွင့်လွှတ်ပေးဖို့ ဆုတောင်းပါ။

  • တမန်တော် ၁၂:၅

    တခြားသူတွေအတွက် ဆုတောင်းပေးပါ။

အမှန်တရား ၄။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးတယ်

“ဆုတောင်းသံကို နားထောင်တဲ့အရှင်၊ ကိုယ်တော့်ဆီကို လူအမျိုးမျိုး လာကြပါလိမ့်မယ်။”—ဆာလံ ၆၅:၂

ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို အဖြေပေးသလဲ။

  • ပညာအလိမ္မာ ၁၂:၂၅။ ဗျာဒိတ် ၁၄:၆

    ကောင်းကင်တမန်တွေ၊ လူတွေကို သုံးပြီး ကျွန်တော်တို့ကို ယေဟောဝါ ကူညီပေးနိုင်တယ်။

  • ၂ ကောရိန္သု ၄:၇

    သန့်ရှင်းသောစွမ်းအားတော်ဟာ ကျွန်တော်တို့လိုအပ်တဲ့ အကူအညီတွေကို ပေးတယ်။

  • ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃

    ခံရပ်နိုင်ဖို့ လိုအပ်တဲ့ ခွန်အားနဲ့ စိတ်ငြိမ်သက်မှုကို ဘုရားပေးတယ်။

  • ဂလာတိ ၆:၁။ ၂ တိမောသေ ၃:၁၆၊ ၁၇

    ဘုရားသခင်က ကျမ်းစာနဲ့ အသင်းတော်ကတစ်ဆင့် ကျွန်တော်တို့ကို ဉာဏ်ပညာ ပေးတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ