သင်ခန်းစာ ၅၄
ယေဟောဝါ ယောနကို စိတ်ရှည်
နိနဝေမြို့က အဆီးရီးယားပြည်သားတွေဟာ သိပ်ဆိုးသွမ်းတယ်။ ယေဟောဝါက ပရောဖက်ယောနကို နိနဝေမြို့ဆီ သွားခိုင်းပြီး အဲဒီမြို့သားတွေ လမ်းစဉ်ပြောင်းဖို့ သတိပေးခိုင်းတယ်။ ဒါပေမဲ့ ယောနဟာ တာရှိပြည်သွားမယ့် သင်္ဘောပေါ်တက်သွားပြီး တခြားဘက် ထွက်ပြေးတယ်။
ပင်လယ်ထဲရောက်တော့ လေပြင်းမုန်တိုင်း တိုက်ခတ်လာလို့ သင်္ဘောသားတွေ ကြောက်ကြောက်နဲ့ သူတို့ရဲ့ ဘုရားတွေဆီ ဆုတောင်းပြီး ‘ဘာလို့ ဒီလိုဖြစ်တာလဲ’ လို့ မေးကြတယ်။ နောက်ဆုံး ယောနက ‘ကျွန်တော့်အပြစ်ပါ။ ယေဟောဝါ ခိုင်းတာမလုပ်ဘဲ ထွက်ပြေးလာတာ။ ကျွန်တော့်ကို ပင်လယ်ထဲပစ်ချလိုက်ရင် မုန်တိုင်းစဲသွားလိမ့်မယ်’ တဲ့။ သင်္ဘောသားတွေဟာ ယောနကို ပစ်မချချင်ပေမဲ့ ယောနက ပစ်ချခိုင်းတယ်။ သူ့ကိုပစ်ချလိုက်တာနဲ့ မုန်တိုင်းရပ်သွားတယ်။
ယောနဟာ သေတော့မယ်လို့ တွေးမိတယ်။ ပင်လယ်ကြမ်းပြင်ဆီ တဖြည်းဖြည်း နစ်သွားချိန်မှာ ယေဟောဝါကို ဆုတောင်းတယ်။ ဒါနဲ့ ယေဟောဝါလည်း ငါးအကြီးကြီးတစ်ကောင် လွှတ်လိုက်တယ်။ ငါးကြီးက ယောနကို မျိုချလိုက်တယ်။ ငါးကြီးဗိုက်ထဲကနေ ‘ကိုယ်တော့်စကား အမြဲနားထောင်ပါ့မယ်’ လို့ ယောန ကတိပေးတယ်။ ယေဟောဝါဟာ ယောနကို ငါးကြီးဗိုက်ထဲမှာ သုံးရက်ထားပြီး ကုန်းပေါ် ပြန်အန်ထုတ်စေတယ်။
ယေဟောဝါက ယောနကို ကယ်ပေးလိုက်လို့ နိနဝေမြို့ကို သွားဖို့မလိုတော့ဘူးလား။ မဟုတ်ဘူး။ အဲဒီကို သွားဖို့ ယောနကို ယေဟောဝါ ထပ်ပြောပြန်တယ်။ ဒီတစ်ခါတော့ ယောန နားထောင်ခဲ့တယ်။ အဲဒီကိုသွားပြီး ‘နောက်ရက် ၄၀ ကြာရင် နိနဝေမြို့ ပျက်စီးလိမ့်မယ်’ လို့ သူကြေညာတယ်။ အံ့ဩစရာက ဆိုးသွမ်းတဲ့ နိနဝေမြို့သားတွေဟာ နောင်တရပြီး ပြောင်းလဲလာကြတယ်။ နိနဝေဘုရင်က ပြည်သားတွေကို ‘ဘုရားဆီ ဆုတောင်းကြ။ ငါတို့ နောင်တယူရင် မဖျက်ဆီးဘဲ နေလေမလား’ လို့ ပြောတယ်။ လူတွေ နောင်တယူပြောင်းလဲတာကို ယေဟောဝါမြင်တော့ နိနဝေမြို့ကို မဖျက်ဆီးတော့ဘူး။
မြို့ကိုမဖျက်ဆီးတော့ ယောန စိတ်ဆိုးသွားတယ်။ စဉ်းစားကြည့်ပါဦး– ယေဟောဝါက ယောနကို စိတ်ရှည်ပြီး သနားကြင်နာမှု ပြခဲ့ပေမဲ့ ယောနကတော့ နိနဝေမြို့သားတွေအပေါ် မကြင်နာဘူး။ မြို့ပြင်ကိုသွားပြီး ဘူးပင်အောက်မှာ မျက်နှာစူပုတ်ပုတ်နဲ့ ထိုင်နေတယ်။ ဘူးပင်သေသွားတော့ စိတ်ဆိုးပြန်တယ်။ ဒါနဲ့ ယေဟောဝါက ‘မင်းဟာ နိနဝေမြို့သားတွေထက် ဘူးပင်ကို ပိုဂရုစိုက်တာပဲ။ သူတို့ကို ငါ သနားကြင်နာလို့ မဖျက်ဆီးတာ’ လို့ပြောတယ်။ ဘာသင်ခန်းစာရသလဲ။ နိနဝေမြို့သားတွေဟာ ဘယ်အပင်ထက်မဆို ပိုတန်ဖိုးရှိပါတယ်။
‘ယေဟောဝါ စိတ်ရှည်ရတဲ့ အကြောင်းရင်းက ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ လူအားလုံးကို နောင်တရစေချင်လို့ပါ။’—၂ ပေတရု ၃:၉