ဘုရားသခင့် အလိုတော်ဆောင်လျှင် ကျွန်ုပ်တို့ကို ဘယ်တော့မျှ စွန့်တော်မမူ
ဂရက်တာစမစ်ဒ် (Grete Schmidt) ပြောပြသည်
ကျွန်မသည် ၁၉၁၅ ခုနှစ်တွင် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်မြို့မှာ မွေးဖွားခဲ့သည်။ ပထမကမ္ဘာစစ်အရှိန်တက်ဆဲဖြစ်၍ ကျွန်မဖေဖေသည် ဩစတြီးယား–ဟန်ဂေရီတပ်မတော်နှင့်အတူ ရှေ့တန်းတွင် ရောက်နေသည်။ နောက်တစ်နှစ် ဖေဖေကွယ်လွန်ပြီးနောက် မေမေသည် ဆွေမျိုးများနေထိုင်ရာ ယူဂိုစလားဗီယားနိုင်ငံသို့ ကျွန်မကိုခေါ်၍ ပြန်သွားခဲ့သည်။
မေမေသည် နောက်အိမ်ထောင်မပြုဘဲ၊ အလုပ်ရှာလုပ်သောကြောင့် ကျွန်မကို ညီမဖြစ်သူထံ အပ်ထားခဲ့သည်။ ဒေါ်လေးသည် ယူဂိုစလားဗီးယားနိုင်ငံ မြောက်ပိုင်း၊ မာရီဘောမြို့မှ သုံးမိုင်အကွာလောက်တွင် ယာမြေတစ်ကွက်ပိုင်ဆိုင်သည်။ ထိုနေရာတွင် ကျွန်မနှစ်များစွာ ပျော်ပျော်နေခဲ့သည်။ မာရီဘောမြို့မှ မေမေပြန်လာနေကျ တနင်္ဂနွေနေ့တိုင်းကို မျှော်လင့်စောင့်စားခဲ့ရသည်။ တစ်ချိန်တည်း၌ အဖေကိုလည်း အကြီးအကျယ် တမ်းတသည့်စိတ် ဖြစ်ပေါ်ခဲ့သည်။
ဖခင်တစ်ပါးနှင့် ဆက်ဆံရေး
ကျွန်မအမျိုးတို့သည် ကာသိုလိပ်ဘာသာဝင်များဖြစ်ပြီး၊ ယင်းဘာသာတွင် ကောင်းကင်နှင့် ငရဲဘုံတို့သည် အရေးပါသော အယူအဆများဖြစ်နေသဖြင့် ကျွန်မစိတ်ရှုပ်ခဲ့သည်။ ကျွန်မသည် ကောင်းကင်ဘုံနှင့် ထိုက်တန်လောက်အောင် ကောင်းသည်ဟု ကိုယ့်ကိုယ်ကို မထင်သော်လည်း ငရဲဘုံသို့ ချခံရလောက်အောင် ဆိုးသူလည်းမဟုတ်ဟု ကျွန်မယူဆသည်။ ဤအကြောင်းကို အဖွားမှအစ ရွာရှိ ကျောင်းထိုင်ဘုန်းကြီးအဆုံး တွေ့သမျှလူတိုင်းကို ကျွန်မပြောပြသည်။
မေမေကတော့ ကျွန်မမေးခွန်းများကို အကြားရဆုံးသူပါ။ ထိုကြောင့် လအတန်ကြာသော် ကျွန်မကို မြို့မှရလာသည့် စလိုဗစ်ဘာသာဖြင့် ရိုက်နှိပ်ထားသော လူသေများ ဘယ်ရောက်နေသနည်း စာအုပ်ငယ်တစ်အုပ် ပေးခဲ့သည်။ ယင်းစာအုပ်ကို မေမေကိုယ်တိုင်မဖတ်ခဲ့သော်လည်း ကျွန်မလိုချင်တဲ့ အဖြေတွေတော့ ရကောင်းပါရဲ့ဟု မေမေတွေးခဲ့သည်။
ကျွန်မဘဝမှာ ယင်းစာအုပ်ငယ်ကို အခေါက်ခေါက်ဖတ်သလောက် ဘယ်စာအုပ်မှ မဖတ်ဖူးခဲ့ပါ။ ယင်းစာအုပ်ငယ်သည် ကျွန်မသိချင်သော အသက်ရှင်ခြင်း၊ သေခြင်းတို့နှင့် ပတ်သက်သော မေးခွန်းများ၏အဖြေများကို ပေးထားသည်သာမက ကောင်းကင်ဘုံရှင်ခမည်းတော်နှင့် ရင်းနှီးသော ဆက်ဆံရေး မည်သို့ဖွံ့ဖြိုးအောင် လုပ်ရမည်ကိုပါ ညန်ပြပေးခဲ့သည်။ ဘုရားကျောင်းရှေ့တွင် ဝေငှရန်ရည်ရွယ်ချက်ဖြင့် စာအုပ်ငယ် ငါးအုပ်မှာယူခဲ့သည်။
ကျွန်မတို့ရွာတွင် တနင်္ဂနွေနေ့မှာ အမျိုးသမီးများ ဘုရားကျောင်းတက် ဝတ်ပြုကြသော်လည်း အမျိုးသားများမူကား ကျောင်းပြင်၌ သူတို့နှစ်သက်ရာအကြောင်းများ၊ မွေးမြူရေး၊ စိုက်ပျိုးရေးအကြောင်းများ ဆွေးနွေးကြသည်။ သို့နှင့် ဘုန်းကြီးက ကျောင်းအတွင်း၌ အမျိုးသမီးများအား ဟောပြောနေစဉ် ကျွန်မက အပြင်၌ အမျိုးသားများအား ဟောပြောခဲ့၏။ ကျွန်မ ၁၅ နှစ်သာရှိသေးသဖြင့် ကျွန်မ၏လူငယ့်အားမာန်ကို သူတို့ နှစ်သက်သဘောကျပုံရသည်။ အကြောင်းမှာ စာအုပ်ငယ်ကိုငွေပေး ဝယ်ယူကြ၍ဖြစ်သည်။ ထိုအလှူငွေများဖြင့် စာအုပ်အသစ်ထပ်၍ မှာယူခဲ့သည်။
မကြာမီ ဘုန်းကြီးက ကျွန်မ၏လုပ်ရပ်ကို သိသွားသဖြင့် ကျွန်မဒေါ်လေးထံသွားရောက် ဆွေးနွေးသည်။ နောက်တနင်္ဂနွေနေ့တွင် တရားဟောစင်မှနေ၍ “ဆယ်ကျော်သက်ရွယ်လေးတစ်ယောက်ရဲ့ ယုံတမ်းစကားကို ယုံကြည်လောက်အောင် တို့ရွာသားတစ်ယောက်မှ မရိုးအ ပါဘူး” ဟူ၍ သတိပေးခဲ့သည်။ အကျိုးကတော့ ရွာသားတစ်ယောက်မကျန် ကျွန်မကို အတိုက်အခံလုပ်လာကြသည်။ ကျွန်မဒေါ်လေးကလည်း ရှက်လှသဖြင့် ကျွန်မကို ဆက်၍လက်မခံထားနိုင်တော့ကြောင်း မေမေအား အကြောင်းကြားခဲ့သည်။
တစ်ကောင်ကြွက် တစ်မျက်နှာ အားငယ်စိတ်ဖြစ်ပေါ်ခဲ့သော်လည်း ယေဟောဝါထံ ဆုတောင်းခြင်းဖြင့် စိတ်သက်သာမှုရပြီး ခွန်အားပြန်၍ ပြည့်ဝလာသည်။ မေမေနှင့် မာရီဘောမြို့ကို လိုက်သွားပြီး ပျော်ရွှင်စွာ အတူနေခဲ့သည်။ မေမေသည် ကျွန်မ၏ ဝိညာဏစိတ်ပါဝင်စားရာများကို အတူမဆက်ဆံခဲ့သော်လည်း ထိုမြို့တွင်ရှိသော အသင်းတော်လေး၌ စည်းဝေးတက်ရန် အခွင့်ပေးသည်။ ၁၉၃၁ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ဘုရားသခင်ထံ ကျွန်မ၏အပ်နှံခြင်းကို အထိမ်းအမှတ်တင်ပြခဲ့သည်။
ကျွန်မဝမ်းနည်းမဆုံးဖြစ်ရသည်မှာ မေမေကောက်ကာငင်ကာ ဖျားပြီးသီတင်းပတ်အနည်းငယ်အကြာမှာ ကွယ်လွန်သွားခြင်းဖြစ်သည်။ “မေမေ့ချစ်သမီးလေး ဂရေတီ၊ သမီးရဲ့ဘာသာမှာ မြဲမြဲဆည်းကပ်နေပါ။ အမှန်တရားဆိုတာ မေမေအသေအချာယုံကြည်တယ်” ဟူသော မေမေ၏ နောက်ဆုံးမှာကြားခဲ့သည့် စကားသည် ကျွန်မ၏မှတ်ဉာဏ်ထဲတွင် အက္ခရာထင်ကျန်ခဲ့သည်။ မေမေကွယ်လွန်ပြီးနောက် နာကျည်းဖွယ်ကောင်းသော အပယ်ခံ အားငယ်စိတ် ပေါ်လာပြန်သော်ငြားလည်း ကောင်းကင်ဘုံရှင်ခမည်းတော်နှင့် ထားရှိသော နှစ်ကိုယ်ကြားဆက်ဆံရေးက ကျွန်မကို ထောက်မခဲ့ပါသည်။
ကလေးမရှိသော ဇနီးမောင်နှံနှစ်ယောက်က ကျွန်မကိုခေါ်ယူပြီး ဇနီးဖြစ်သူ ဦးစီးသည့် အပ်ချုပ်ဆိုင်တွင် အလုပ်သင်အဖြစ် လုပ်ကိုင်သည်။ ရုပ်ပိုင်းအရကြည့်လျှင် ပြည့်စုံကုံလုံနေစေကာမူ ကျွန်မ၏နှလုံးမှာမူ အချိန်ပြည့်ဘုရားအမှုတော် ထမ်းဆောင်လိုသောဆန္ဒသာ အစဉ်ကိန်းအောင်းနေခဲ့သည်။ မာရီဘောမြို့ရှိ ကျွန်မတို့အသင်းတော်လေးတွင် အားလုံးက ဤအစီအစဉ်စနစ်၏ ကျန်ကြွင်းသောအချိန်သည် တစ်ခဏသာရှိတော့သည်ဟု ယုံကြည်ကြသည်။ (၁ ကောရိန္သု ၇:၂၉) ကျွန်မ၏အလုပ်သင်ဘဝ ပြီးဆုံးသည့်အချိန်တိုင်အောင် အရေးယူဆောင်ရွက်ခြင်းကို ရွှေ့ဆိုင်းထားပါရန် ယေဟောဝါထံ ကျွန်မတိတ်တစ်ဆိတ် ဆုတောင်းခဲ့သည်။ ၁၉၃၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် ထိုဘဝပြီးဆုံးသွားရာ နောက်တစ်နေ့မှစ၍ ရှေ့ဆောင်နိုင်ရန် ကျွန်မအိမ်မှထွက်ခဲ့လေသည်။ ကျွန်မ ၁၇ နှစ်အရွယ်သာ ရှိသေးသဖြင့် အရွယ်ကိုကြည့်ပြီး ညီအစ်ကိုအချို့က ကျွန်မကိုတားကြသည်။ သို့သော် ကျွန်မဆုံးဖြတ်ချက် ခိုင်ခိုင်ချပြီးပြီဖြစ်သည်။
စောစောပိုင်း ရှေ့ဆောင်နေ့ရက်များ
ကျွန်မပထမဦးဆုံး တာဝန်ထမ်းဆောင်ရသော နေရာမှာ မာရီဘောမြို့မှ မဝေးလှသော လူဦးရေ ၂၀၀၀၀၀ ခန့်ရှိသည့် ဇဂ္ဂရက်မြို့ဖြစ်သည်။ အသင်းတော်တွင် ကြေညာသူခြောက်ယောက်သာ ရှိသည်။ ယူဂိုစလားဗီးယားနိုင်ငံတွင် ပထမဦးဆုံး ရှေ့ဆောင်ဖြစ်သူ ညီအစ်ကို တူးဆက် (Tucek) နှင့်အတူ တာဝန်ထမ်းဆောင်ရာမှ ကျွန်မပညာများစွာ ရရှိခဲ့သည်။ နောက်ပိုင်းတွင် ကျွန်မတစ်ဦးတည်း တစ်နှစ်နီးပါး ရှေ့ဆောင်ခဲ့သည်။ သို့ရာတွင် ဂျာမနီပြည်မှ ရှေ့ဆောင်များ တစ်စတစ်စရောက်ရှိလာခဲ့ကြသည်။ ဂျာမနီပြည်တွင် နာဇီအစိုးရက ဟောပြောခြင်းလုပ်ငန်းကို မကြာမီက ပိတ်ပင်လိုက်၍ဖြစ်သည်။
ကျွန်မသည် ရှေ့ဆောင်ဇနီးမောင်နှံ့ တော်တော်များများအတွက် ဘာသာပြန် ဆောင်ရွက်ပေးခြင်းဖြင့် သူတို့ကို ကူညီပေးခဲ့သည်။ အဆိုပါ ပါရမီရင့်ကျက်သော ခရစ်ယာန်တို့နှင့် တွဲဖက်လုပ်ဆောင်ရခြင်းသည် ကျွန်မအတွက် အဖိုးအနဂ္ဃထိုက်သော အတွေ့အကြုံများ ရရှိခဲ့သည်။ ဗဟုသုတနှင့် ဉာဏ်ပဋိဘာန်အရာ၌ တိုးပွားခဲ့သည့်ပြင် နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းအခွင့်အရေးကို တန်ဖိုးထားသည့်စိတ်လည်း မပြတ်တိုးပွားခဲ့သည်။
အချိန်ကြာလာသောအခါ ကျွန်မတို့သည် ဘော်လ်ကန်ဒေသတွင် အမှုဆောင်သော ရှေ့ဆောင်၂၀ ပါဝင်သော အုပ်စုကြီးဖြစ်လာသည်။ ဘုရားသခင့်နှုတ်ကပတ်တော်ကို လူတကာသိစေလိုသော ကျွန်မတို့၏ ယေဘုယျအားထုတ်မှုက ကျွန်မတို့ကို အတူတကွစည်းလုံးစေခဲ့သည်။ ကျွန်မတို့အားလုံး ဘုရားလူမျိုးတော်ဘောင် အတွင်း၌သာတွေ့နိုင်သော စိတ်စေတနာ၏ လှုံ့ဆောင်ခြင်းခံရကြသည်။ ဤထူးခြားသော ‘စည်းလုံးမှုနှောင်ကြိုး’ တည်းဟူသော မေတ္တာသည် ထိုအုပ်စုမှ ယနေ့တိုင် အသက်ရှင်ကျန်နေဆဲ သူတို့တွင် ဆက်၍တည်ရှိနေသည်။—ကောလောသဲ ၃:၁၄။
ရှေ့ဆောင်ဘဝသည် အတွေ့အကြုံကြွယ်ဝပြီး မိုးသားတိမ်လိပ် အမျိုးမျိုးရှိသည်နည်းတူ အမျိုးမျိုးအဖုံဖုံ တွေ့ကြုံရသည်။ ယခင်က မရောက်ဖူးသော ဒေသများ၊ မသိဖူးသော လူမျိုးများမှစ၍ သူတို့၏ ဓလေ့ထုံးစံများ၊ လူနေမှုဘဝများတို့နှင့် အကျွမ်းတဝင်ဖြစ်ခွင့်ရသည့် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများဖြင့် ကျွန်မတို့ ကြွယ်ဝမှုခံစားကြသည်။ ထို့ပြင် ဧဖက် ၃:၂၀ ၌ ကျွန်ုပ်တို့အား ပေါလုစိတ်ချစေသည့်အတိုင်း သစ္စာရှိကျေးကျွန်အား ယေဟောဝါအဘယ်သို့ စောင့်ရှောက်သည်ကိုလည်း ကျွန်မတို့တွေ့ကြုံခဲ့ရသည်။ ထိုကျမ်းချက်တွင် ‘ငါတို့၌ ပြုပြင်သော တန်ခိုးတော်နှင့်အညီ ငါတို့ထင်မြင်တောင်းလျှောက်သမျှထက် ကြွယ်ဝစွာ သနားတော်မူ၏’ ဟုပါရှိသည်။
ဆွစ်ဇာလန်နိုင်ငံမှ ညီအစ်ကိုဟွနဂ္ဂါ ကျွန်မတို့ဆီလာလည်ပတ်ချိန်တွင် ကျွန်မတို့ဇဂ္ဂရက်မြို့ ပတ်ဝန်းကျင်ကျေးရွာများသို့ ၂၅ မိုင်လမ်းလျှောက်သွားရကြောင်း သတိပြုမိသောအခါ ဘုရားသခင့် စောင့်ရှောက်ခြင်း သိသာထင်ရှားခဲ့သည်။ ကျွန်မတို့ မြို့မှ ထွက်သည်နှင့် ဖိနပ်အောက်ခံခုံ အစားသက်သာစေရေးအတွက် ဖိနပ်ချွတ်၍ ပခုံးပေါ်ချိတ်လိုက်ကြသည်။ ဤသည်ကိုတွေ့သဖြင့် ကျွန်မတို့အတွက် စက်ဘီး ၁၂ စီးဝယ်ပေးခဲ့သည်။ နောက်ပိုင်းတွင် သူ့ပြောပြချက်အရ ပါသမျှငွေ အကုန်ဝယ်လိုက်ခြင်းဖြစ်သည်။ ထိုစက်ဘီးများသည် ကောင်းကင်ဘုံမှ ကျလာသော ဆုသဖွယ် ၂၅ နှစ်ကြာ အမှုဆောင်ကာလတစ်လျှောက် ကျွန်မတို့၏ သစ္စာရှိအဖေါ်များ ဖြစ်ခဲ့ကြသည်။
တစ်ခါက ကျွန်မနှင့်အတူ ဝီလီနှင့်အဲလစ်ဇဘက်ဝီလ်ကီတို့သည် ကရိုရှင်းရွာတစ်ရွာသို့ ရောက်ရှိပြီး ရွာစွန်မှစ၍ ရွာလယ်ခေါင်သို့ တစ်ယောက်စီခွဲကာ အမှုဆောင်ကြသည်။ မျက်နှာဖုံးတွင် ခရစ်တော်ပုံပါသော Righteous Ruler စာအုပ်ငယ်ကို ဝေငှကြသည်။ ဤနှစ်မတိုင်မီက ၁၉၃၄ ခုနှစ်တွင် ယူဂိုစလားဗီးယားရှင်ဘုရင် အလက်ဇန္ဒားလုပ်ကြံခံရ၍ သားတော်ပီတာနန်းမွေဆက်ခံခဲ့သည်။ သို့သော်လည်း ရွာသားတို့သည် ဆားဘီးယား (တောင်ပိုင်း ယူဂိုစလားဗီးယား) မှ ရှင်ဘုရင်အုပ်ချုပ်ရေးထက် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပို၍လိုလားနေကြသည်။
နှစ်နာရီလောက်ဟောပြောပြီးနောက် ရွာလယ်ကွက်လပ်တစ်နေရာမှ ကျယ်လောင်သော ဆူညံသံများ ကြားရသည်။ ထိုနေရာတွင် အမျိုးသားအမျိုးသမီး ၂၀ ခန့် ရှိအုပ်စုက ညီအစ်မဝီလ်ကီကို ဝိုင်းရံထားကြပြီး အချို့က တံစဉ်ကိုင်ထားပြီး အချို့က စာအုပ်ငယ်များကို မီးရှို့နေကြသည်ကို ကျွန်မတို့တွေ့လိုက်ရသည်။ ရွာသားများ၏ မယုံသင်္ကာဖြစ်မှုပြေပျောက်စေရန် ရှင်းပြနိုင်လောက်အောင် ထိုဘာသာစကားကို ညီအစ်မ ဝီလ်ကီသည် လည်လည်ဝယ်ဝယ်မပြောတတ်ပေ။
“ရပ်မိရပ်ဖတို့ရှင့် ရှင်တို့ဘာလုပ်နေကြပါသလဲ” ဟုကျွန်မအော်ပြောလိုက်သည်။
“ပီတာဘုရင်ကို တို့အလိုမရှိ” ဟူ၍ အားလုံးက တစ်သံတည်းပြန်ဖြေကြသည်။
“ကျွန်မတို့လည်း အလိုမရှိပါဘူး” ဟု ကျွန်မပြန်ပြောလိုက်သည်။
လူထုကအံ့ဩ၍ စာအုပ်၌ပါသော ရုပ်ပုံကို လက်ညှိုးထိုးပြီး “ဒီလိုဆိုရင် သူ့အတွက် ဘာလို့ဝါဒဖြန့်ပေးနေကြသလဲ” ဟုမေး၏။ ယေရှုခရစ်ကို ပီတာဘုရင်နဲ့ သူတို့မှားနေခြင်းဖြစ်သည်။
အထင်လွဲမှားမှုရှင်းသွားပြီးနောက် ရှင်ဘုရင်ယေရှုခရစ်အကြောင်း ကျကျနနသက်သေခံလိုက်ရသည်။ စာအုပ်ငယ်တွေကို မီးရှို့လိုက်သူများက အသစ်ပြန်ရချင်လာကြသည်။ ယေဟောဝါ၏လက်ရုံးတော် ကျွန်မတို့ကို ကာကွယ်ပေးခဲ့သည်ဟူသော ခံစားချက်၊ ဝမ်းမြောက်သော စိတ်အပြည့်နှင့် ထိုရွာမှ ထွက်ခွာခဲ့ကြသည်။
နောက်ပိုင်းတွင် ယူဂိုစလားဗီးယားအလယ်ပိုင်း ဘော့စ်နီးယားဒေသအတွင်းသို့ ဟောပြောခြင်းကို တိုးချဲ့ခဲ့သည်။ ထိုဒေသတွင် လူဦးရေထက်ဝက်ခန့်မှာ မူစလင်များဖြစ်ကြသဖြင့် ထုံးစံဓလေ့အသစ်အဆန်းများ၊ အယူသည်းမှုအများအပြားနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုရွာများ၌ အမျိုးသမီးစက်ဘီးစီးသည်ကို မတွေ့ဖူးကြသဖြင့် ကျွန်မတို့ရောက်ရှိခြင်းသည် သူတို့အဖို့ လှုပ်ရှားစရာ အထူးအဆန်းဖြစ်ခဲ့သည်။ ဘာသာရေးခေါင်းဆောင်တို့က စက်ဘီးနှင့် အမျိုးသမီးတစ်ယောက် ရွာကိုကံဆိုးမိုးမှောင် သယ်ဆောင်လာသည်ဟု ကောလဟာလဖြန့်ကြသည်။ ထိုသတင်းထွက်ပြီးနောက် ကျွန်မတို့စက်ဘီးကို ရွာပြင်၌ ထားခဲ့ပြီး ခြေလျင်ဖြင့် ရွာထဲဝင်ကြသည်။
ကျွန်မတို့၏ စာအုပ်စာတမ်းများကို ယခုပိတ်ပင်လိုက်ပြီဖြစ်ရာ ကျွန်မတို့ကို ရဲများမကြာခဏဖမ်းဆီးကြသည်။ အများအားဖြင့် ထိုခရိုင်မှ ထွက်သွားရန် အမိန့်ပေးလေ့ရှိသည်။ မိုင် ၃၀ မှ ၆၀ အထိဝေးသော နယ်စပ်ကို ရဲသားနှစ်ဦးလိုက်ပါတတ်သည်။ ကျွန်မတို့သည် စက်ဘီးကောင်းစွာ စီးနိုင်ပြီး အဝတ်အစား၊ စာအုပ်စာတမ်းများနှင့် ရေနံဆီမီးဖို သယ်ဆောင်လျက်ကယ် သူတို့နှင့် အမှီလိုက်၍ စီးနိုင်သည်ကို များစွာအံ့သြကြသည်။ ကျွန်မတို့ကို လိုက်စောင့်ရှောက်သော ရဲတို့သည် လမ်းခရီးတစ်လျှောက် စားသောက်ဆိုင်ရှာ၍ ကျွန်မတို့ကို တစ်ခုခုသောက်ရန် သို့မဟုတ် ထမင်းစားရန် ခေါ်ဖိတ်လေ့ရှိသည်။ ကျွန်မတို့၏ ထောက်ပံ့ကြေးမှာ ဤသို့ သုံးစွဲရန် အပိုအလျှံမရှိသဖြင့် ထိုသို့ဧည့်ခံပြုစုခြင်းအတွက် များစွာနှစ်သက်ပျော်ရွှင်ခဲ့ကြသည်။ ကျွန်မတို့ကလည်း အခွင့်အရေးရလျှင် ရသလို ကျွန်မတို့၏ မျှော်လင့်ချက်အကြောင်း ပြောပြသဖြင့် “တားမြစ်ပိတ်ပင်ထားသော” စာအုပ်စာတမ်းအချို့ကို သူတို့လက်ခံယူလေ့ရှိတတ်သည်။ များသောအားဖြင့် သူတို့နှင့် ရင်းနှီးပြေလည်စွာ နှုတ်ဆက်ခွဲခွာလေ့ရှိသည်။
ထိုနောက် ၁၉၃၆ ခုနှစ်ရောက်လာသည်။ ဆားဘီးယားဒေသ၌ ဟောပြောနေကြစဉ် စက်တင်ဘာလတွင် ဆွစ်ဇာလန်နိုင်ငံ၊ လူစန်းမြို့ (Lucerne) ၌ နိုင်ငံတကာစည်းဝေးပွဲကြီး ကျင်းပမည်ဆိုသော သတင်းကြားသိရသည်။ မာရီဘောမြို့မှ အထူးဘတ်စ်ကားတစ်စီး ထွက်ခွါမည်။ သို့သော် ကျွန်မတို့ ယခုရောက်နေသောနေရာမှ မိုင် ၄၅၀ ဝေးသည်။ စက်ဘီးနှင့်ဆိုလျှင် အဝေးကြီးနင်းရသည်။ သို့တစေ ကျွန်မတို့စပြီး ငွေစုကြရာ နှစ်ဝက်ကျော်လာသောအခါ ကျွန်မတို့ ထိုခရီးထွက်ခဲ့ကြသည်။
ယင်းခရီးစဉ်တွင် တည်းခိုခန်းအတွက် ငွေပေး၍ အခန်းငှားမည့်အစား ယာသမားများထံ သူတို့၏ မြက်ခြောက်စင်ပေါ် တစ်ညတာတည်းခိုခွင့်ပြုရန် ခွင့်တောင်းကြသည်။ နံနက်တွင် နွားနို့ရောင်းစရာရှိမရှိ စုံစမ်းသည်။ သို့သော် များသောအားဖြင့် ငွေမယူဘဲပေးသည့်ပြင် တစ်ခါတစ်ရံ ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားသော နံနက်စာပါ ကျွေးလိုက်သေးသည်။ ကျွန်မတို့ လူသားချင်း စာနာထောက်ထား ကြင်နာမှု များစွာခံစားခဲ့ရကြသည်။ ယင်းတို့သည် ကျွန်မတို့၏ ရှေ့ဆောင်ဘဝအမှတ်တရဖြစ်စရာများတွင် ပျော်စရာအဖြစ် ဆက်၍တည်ရှိနေသည်။
မာရီဘောမြို့မှ လူစန်းမြို့သို့ မထွက်ခွာမီ ဂျာမနီနိုင်ငံမှ ရှေ့ဆောင်များစွာ ထပ်ရောက်လာသည်။ သူတို့အနက် ဂျာမနီနိုင်ငံ မက်ဂျ်ဘတ်မြို့ရှိ ဗေသလအိမ်တော်တွင် ရှစ်နှစ်ကြာ အမှုထမ်းဆောင်ခဲ့သော အဲလ်ဖရက် ရှမစ်ဒ်လည်းပါသည်။ နောက်တစ်နှစ်တွင် ကျွန်မသည် သူ့ကြင်သူသက်ထား ဖြစ်လာခဲ့သည်။
ယူဂိုစလားဗီးယားနိုင်ငံမှ ရှေ့ဆောင်အားလုံးနီးပါး လူစန်းမြို့စည်းဝေးပွဲကြီးကို တက်ရာက်နိုင်ခဲ့ကြသည်။ ကျွန်မအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး လူစန်းမြို့၏ သာယာလှပမှုကြောင့် ရင်ထဲ၌ အမှတ်တရ မမေ့နိုင်စရာဖြစ်ခဲ့သည့်အပြင် ဆွစ်ညီအစ်ကိုများ၏မေတ္တာနှင့် ဂရုစိုက်စောင့်ရှောက်မှုကြောင့် နှစ်ထောင်းအားရဖြစ်ခဲ့ရသည်။ နှစ် ၂၀ ကြာသော် ထိုမြို့တွင် ကျွန်မရှေ့ဆောင်ရမည်ကို ထိုစဉ်က စိုးစဉ်းလေးမျှမတွေးမိခဲ့ပေ။
ကန့်သတ်ချုပ်ချယ်ခြင်းအောက်တွင် လုပ်ဆောင်ခြင်း
သာယာလှပသော ဆွစ်ဇာလန်နိုင်ငံမှ ယူဂိုစလားဗီးယားနိုင်ငံသို့ ပြန်လည်ရောက်ပြီးနောက် မကြာမီ တစ်ကယ့်နှိပ်စက်ညှဉ်းပန်းခြင်းကို စ၍ခံရတော့သည်။ ကျွန်မတို့အဖမ်းခံရပြီး ဘဲလ်ဂရိတ်မြို့ရှိ ဗဟိုထောင်ကြီးတွင် ချုပ်ထားခံခဲ့ရသည်။ ယူဂိုစလားဗီယားနိုင်ငံတွင် လုပ်ငန်းကို တာဝန်ယူနေရသော ညီအစ်ကိုက ကျွန်မတို့ကို တွေ့ခွင့်ပြုရန် တောင်းလျှောက်သော်လည်း ပယ်ချခြင်းခံရသည်။ သို့ရာတွင် သူသည် ထောင်မှူးတစ်ယောက်နှင့် စကားပြောရာတွင် ကျွန်မတို့ကြားနိုင်လောက်အောင် ကျယ်ကျယ်ပြောခဲ့သဖြင့် သူ၏အသံကိုယ်နှိုက်က ကျွန်မတို့အတွက် အကြီးအကျယ် အားတက်စရာဖြစ်ခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် ကျွန်မတို့ကို လက်ထိတ်ခတ်၍ ဟန်ဂေရီနယ်စပ်သို့ခေါ်သွားသည်။ ကျွန်မတို့၏စာအုပ်စာတမ်းများနှင့် ငွေများကို သိမ်းယူလိုက်သည်။ သို့နှင့် ဘူဒါပက်စ်မြို့သို့တစ်ပြားတစ်ချပ်မျှမပါဘဲ ရောက်ရှိသွားသော်လည်း ထောင်ထဲမှ အမှတ်တရလက်ဆောင်အဖြစ် တစ်ခေါင်းလုံးသန်းအပြည့်တော့ပါလာခဲ့သည်။ မကြာမီ အခြားရှေ့ဆောင်များနှင့်တွေ့ဆုံကြပြီး သူတို့နှင့်အတူတကွ ထိုမြို့တွင် ဟောပြောခဲ့ကြသည်။
တနင်္ဂလာနေ့တိုင်း ဘူဒါပက်စ်မြို့ရှိ ကျွန်မတို့ ရှေ့ဆောင်များသည် ရေနွေးငွေ့ဖြင့်ချွေးအောင်းပြီးလျှင် ပွတ်တိုက်နှိပ်နယ်ရေချိုးသည့် နေရာတွင် တွေ့ဆုံကြကာ ညီအစ်ကိုညီအစ်မများ သီးခြား နှိပ်နယ်နေစဉ် “ယုံကြည်သောအားဖြင့် အချင်းချင်းအားရသက်သာခြင်း” ရရှိသည်။ (ရောမ ၁:၁၂) ယခုကဲ့သို့ မှန်မှန်တွေ့ဆုံခြင်းအားဖြင့် တစ်ယောက်ယောက်ဖျားနာနေသလား၊ ထောင်ထဲရောက်နေသလား သိရှိအောင်အထောက်အကူ ဖြစ်စေသည်။
ခြောက်လကြာပြီးနောက် ပတ်ဝန်းကျင်အသစ်တွင် အသားကျခါစ ရှိသေးစဉ်တွင် ကျွန်မတို့၏ ဟန်ဂေရီပြည်ဝင်ခွင့်ဗီဇာ ရက်ကုန်ဆုံးသွားသည်။ ထိုကာလအတောအတွင်း အဲလ်ဖရက်နှင့် ကျွန်မတို့ လက်ထပ်လိုက်ကြသည်။ ယခု ဘူဂေးရီးယားနိုင်ငံဗီဇာလျှောက်ရန် ညန်ကြားချက်ရရှိသည်။ ထိုပြည်တွင်ရှိသော ရှေ့ဆောင်လင်မယားနှစ်ယောက်တို့သည် တိုင်းပြည်မှနှင်ထုတ်ခံလိုက်ရသဖြင့် မှာထားသော စာအုပ်ငယ်တစ်သောင်းသည် ဆိုဖီယာမြို့ရှိ ပုံနှိပ်တိုက်ကလေးတစ်တိုက်တွင် အသင့်ဖြစ်နေသည်။ ထိုမောင်နှံ့တို့၏ စာအုပ်စာတမ်းများကို လူရှေ့သူရှေ့ မီးရှို့ပစ်ခဲ့ကြသည်။ ထိုကြောင့် အဘယ်သို့သော ဆက်ဆံမှုမျိုးရင်ဆိုင်ရမည်ကို ကျွန်မတို့သိနှင့်နေပြီဖြစ်သည်။
နောက်ဆုံးတွင် သုံးလခွင့်ပြုသော ဘူဂေးရီးယားဗီဇာရရှိခဲ့သည်။ ယူဂိုစလားဗီယားနိုင်ငံကို ညဘက်တွင် ဖြတ်သန်းခဲ့ရာ တာဝန်ရှိညီအစ်ကိုတစ်ဦးက စာအုပ်ငယ်များ ဝယ်ယူရန် ငွေများနှင့်အတူ ကြိုတင်သတ်မှတ်ထားသော ဘူတာရုံတွင် လာရောက်တွေ့ဆုံသည်။ နောက်ဆုံး ဆိုဖီယာမြို့သို့ ချောချောမောမောရောက်ရှိပြီး သင့်တော်သောအခန်းတစ်ခန်းလည်း ရရှိသည်။
ဆိုဖီယာမြို့မှာ လူဦးရေ ၃၀၀၀၀၀ ခန့်ရှိသော ခေတ်မီမြို့ကြီးတစ်မြို့ဖြစ်သော်လည်း သက်သေခံတစ်ယောက်မျှ မရှိပေ။ ကျွန်မတို့ရောက်ပြီး နောက်တစ်ရက်တွင် ပုံနှိပ်တိုက်ကိုသွားသည်။ ကျွန်မတို့၏ စာအုပ်စာတမ်းများကို ပိတ်ပင်လိုက်ကြောင်း၊ ယင်းစာအုပ်ငယ်များ မှာထားသောလင်မယားတို့ကိုလည်း တိုင်းပြည်မှနှင်ထုတ်လိုက်ကြောင်းကို ပိုင်ရှင်ကကြားထားသဖြင့် ယင်းစာအုပ်ငယ်များကို ကျွန်မတို့လာရွေးခြင်းဖြစ်ကြောင်း သိရှိသောအခါ ကျွန်မတို့ကို တအားဖက်ထားလုမတတ်ဖြစ်သွားသည်။ စာအုပ်ငယ်များကို အိတ်များတွင် ထုတ်ပိုးပြီးနောက် ရဲသားများစွာကို ကျော်ဖြတ်၍ မောင်းလာခဲ့ရသည်။ ကျွန်မတို့ရင်ထဲမှ လျင်မြန်သောနှလုံးခုံသံကို သူတို့မကြားနိုင်ပါဟုပြောရခြင်းအတွက် ကျွန်မဝမ်းသာသည်။
ကျွန်မတို့၏ ပြဿနာနောက်တစ်ခုက ဤစာအုပ်ငယ်များကို ဘယ်နေရာမှာ သိမ်းဆည်းရမလဲ၊ ဤမျှများသော အရေအတွက်ကို သုံးလထဲနှင့် ဘယ်လိုဝေငှရမလဲ ဟူ၍ဖြစ်သည်။ ယင်းစာအုပ်ငယ်အပုံကိုကြည့်ပြီး ကျွန်မတစ်ကယ်ပင်ကြက်သီးမွေးညှင်းထခဲ့သည်။ ဤမျှများပြားသည်ကို တစ်ခါမှ မတွေ့ဖူးချေ။ သို့သော် ယေဟောဝါသည် ကျွန်မတို့ကို ကယ်မသနားသောအရှင်ဖြစ်ခဲ့ပြန်သည်။ ကျွန်မတို့ အကြီးအကျယ်အောင်မြင်ခဲ့သည်။ တစ်ရက်ကို ၁၄၀ အထိဝေငှနိုင်ခဲ့သည်။ ရက်သတ္တပတ်အနည်းငယ်အကြာတွင် ညီအစ်ကိုနှင့်ညီအစ်မဝီလ်ကီတို့ ကူညီဖို့ ရောက်လာကြသည်။
သို့သော် တစ်နေ့ကျတော့ အခြေအနေတိမ်းချော်လုမတတ်ဖြစ်သွားသည်။ စီးပွားရေးရပ်ကွက်တစ်ခုတွင် ကျွန်မဟောပြောနေစဉ် အိမ်ပေါက်ဝတိုင်းတွင် ဒေါက်တာမည်သူမည်ဝါဟု အမည်ပါရှိသော ကြေးနီပြား ချိတ်ဆွဲထားသည်။ နှစ်နာရီခန့်ကြာပြီးနောက် ကျွန်မကို မယုံသင်္ကာသည့်စိတ်နှင့် စစ်ဆေးမေးမြန်းသည့် လူကြီးလူကောင်းတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူက ဘယ်ရောက်နေသည်ကို သိသလားဟုကျွန်မကိုမေးသည်။
“ဒီအဆောက်အအုံဟာ ဘယ်လိုအဆောက်အအုံမျိုးဆိုတာ ကျွန်မအတိအကျမသိပါဘူး။ ဒါပေမယ့် ဂုဏ်သရေရှိ ဥပဒေအကျိုးဆောင်အားလုံး ဒီနေရာမှာစုပြီး ရုံးဖွင့်ထားတာတော့ ကျွန်မသတိထားမိတယ်” ဟု ကျွန်မပြန်ဖြေခဲ့သည်။
“ပြည်ထဲရေးဝန်ကြီးဌာနမှာ ရောက်နေတယ်” ဟု သူကဆို၏။
ကျွန်မနှလုံးသွေးရပ်လုမတတ် ဖြစ်သွားသော်လည်း ကျွန်မအေးဆေးတည်ငြိမ်စွာနှင့် “အိုး၊ ဒါကြောင့် ဒီလူကြီးလူကောင်းတွေအားလုံးက ကျွန်မကို ဒီလောက်ဖေါ်ဖေါ်ရွေရွေရှိကြတာကိုး” ဟု ပြန်ပြောခဲ့သည်။ ဤသို့ပြောလိုက်သည့်အတွက် သူ့သဘောထားပျော့ပြောင်းသွားပြီး ကျွန်မ၏နိုင်ငံကူးလက်မှတ်ကို သေချာစစ်ဆေးပြီးနောက် ပြန်ပေးလိုက်သည်။ ကျွန်မသက်ပြင်းတစ်ချက်ချလိုက်ပြီး ကာကွယ်စောင့်ရှောက်ပေးမှုအတွက် ယေဟောဝါအား ကျေးဇူးတင်စွာနှင့် ထိုနေရာမှ ထွက်ခွာခဲ့သည်။
နောက်ဆုံး၌ စာအုပ်ငယ်အားလုံး ဝေငှ၍ ပြီးစီးသွားသည်။ “နှင်းဆီမြေ” ဘူဂေးရီးယားနိုင်ငံမှ ထွက်ခွာရန်အချိန်လည်း ရောက်လာသည်။ ဤမျှဖေါ်ရွေလှသော ထိုပြည်သူတို့နှင့် ခွဲခွာရသည်မှာ စိတ်မကောင်းဖြစ်မိသော်လည်း သူတို့ကို သတိရအောက်မေ့သည့်စိတ်မှာ ကျွန်မတို့၏နှလုံးသားတွင် အစဉ်ကိန်းအောင်းတည်ရှိနေပါသည်။
ကျွန်မတို့သည် ဂျာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသောကြောင့် ယူဂိုစလားဗီးယားနိုင်ငံသို့ပြန်ဝင်နိုင်ခဲ့သော်လည်း ခဏတစ်ဖြုတ်သာ နေထိုင်ခွင့်ရခဲ့သည်။ နောက်တော့ အဖမ်းမခံရအောင် ညတိုင်း နေရာပြောင်းအိပ်ခဲ့ရသည်။ ဤအတိုင်း ခြောက်လခန့် နေခဲ့ရသည်။ ထိုနောက် ၁၉၃၈ ခုနှစ် ဒုတိယနှစ်ဝက်အတောအတွင်း ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့ရှိ အသင်းမကြီးရုံးမှ စာတစ်စောင်လက်ခံရရှိသည်။ စာထဲ၌ ဆွစ်ဇာလန်နိုင်ငံကို ဖြစ်သည့်နည်းနှင့် လာနိုင်အောင်ကြိုးစားရန် ညန်ကြားထားသည်။ ထိုအချိန်တွင် နာဇီတပ်မတော်သည် ဩစတြီးယားနိုင်ငံကို သိမ်းပိုက်ပြီးနှင့်ပေပြီ။ နိုင်ငံရေးဖိအားမှာလည်း တစ်နေ့တစ်ခြား ကြီးထွားလျက်ရှိသည်။ စင်စစ်ဆိုလျှင် ယူဂိုစလားဗီးယားအစိုးရက ဂျာမန်ရှေ့ဆောင်အချို့ကို နာဇီတို့လက်သို့ အပ်ပေးခဲ့ပြီးဖြစ်သည်။
သို့နှင့် ကျွန်မခင်ပွန်းနှင့် ကျွန်မတို့သည် ဆွစ်ဇာလန်သို့ တစ်လမ်းစီခွဲ၍ ထွက်ခွာကြသည်။ အဲလ်ဖရက်က အီတလီဘက်မှသွား၍ ကျွန်မကတော့ ဩစတြီးယားကိုဖြတ်၍ သွားသည်။ ကျွန်မတို့ပျော်ရွှင်စွာ ပြန်လည်ပေါင်းစည်းခဲ့ကြပြီး အသင်းမကြီးပိုင်ခြံ၊ ချန္နဲလပ်ဇ်တွင် အလုပ်လုပ်ရန် ခန့်အပ်ခံရသည်။ ထိုနောက် ဘန်းမြို့ရှိ ဗေသလအိမ်တော်တွင် ခန့်အပ်ခံရသည်။ ဤကား ကျွန်မအဖို့ လုံးလုံးလျားလျား အသစ်သောတွေ့ကြုံမှုဖြစ်လာသည်။ ယခုတော့ ဆွစ်နည်းဆွစ်ဟန်ဖြင့် အိမ်မှုထိမ်းသိမ်းတတ်ရန် သင်ယူရပြီး ယေဟောဝါ၏အဖွဲ့အစည်းတော်ကို ယခင်ကထက်ပို၍ တန်ဖိုးထားလေးစားလာခဲ့သည်။
ယေဟောဝါ၏ ထောက်ပံ့ခြင်းတန်ခိုး
ဒုတိယကမ္ဘာစစ်ကြီးနှင့် နောက်ပိုင်းကာလအတောအတွင်း ဗေသလတွင် အမှုထမ်းဆောင်ပြီးနောက် ၁၉၅၂ ခုနှစ်တွင် အဲလ်ဖရက်နှင့်ကျွန်မတို့သည် ကျွန်မတို့ဘဝကို ပုံစံသွင်းပေးခဲ့သော ရှေ့ဆောင်လုပ်ငန်းသို့ တစ်ဖန်ဝင်ရောက်ခဲ့သည်။ ကျွန်မတို့မှာ သားသမီးအရင်းအချာမရှိသော်လည်း နှစ်များတစ်လျှောက် အတောအတွင်း ကျွန်မတို့၏ ဝိညာဏသားသမီးများထံမှ မေတ္တာပြမှုအမျိုးမျိုး ခံစားခဲ့ရပါသည်။ ဥပမာအနေနှင့် ၁၉၇၅ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် အောက်ပါစာတိုလေးကို ရရှိခဲ့ပါသည်။
“ခေါင်းမာတဲ့ ဧဝံဂေလိအသင်းတော်အကြံပေးပုဂ္ဂိုလ်ဆီကို ပညာရှိဆံပင်ဖြူ လူကြီးတစ်ဦးသွားလည်ပတ်ပြီး ကျမ်းစာသင်တန်းကမ်းလှမ်းခဲ့တဲ့နေ့ကို ကျွန်တော်သတိရနေပါသည်။ ကျွန်တော်.မိသားစုနှင့် ကျွန်တော်တို့သည် သိုသိုသိပ်သိပ် နှိုင်းနှိုင်းချိန်ချိန်နှင့် လက်ခံလိုက်ပြီး ဗေရိမြို့သားများနည်းတူ အချက်တိုင်းကို ဆန်းစစ်ဝေဖန်သည်။ နောက်ဆုံး၌ သင်တို့သယ်ဆောင်လာသောအရာမှာ သမ္မာတရားဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။ . . . ယေဟောဝါဘုရားသခင်သည် အမှန်ပင် ကြင်နာသနားတတ်သော ခမည်းတော်ဖြစ်ပေသည်။ ကိုယ်တော်အား ကျွန်တော်တို့ ချီးမွမ်းဂုဏ်ပြုသည့်အပြင် ကိုယ်တော်၏ သနားကြင်နာခြင်းနှင့် ကရုဏာအားလုံးအတွက် ကျေးဇူးတော်ချီးမွမ်းကြသည်။ သို့သော်လည်း ချစ်လှစွာသော အဲလ်ဖရက်နှင့် ဂရေတယ်လ်၊ သင်တို့ဒုက္ခခံ၊ အပင်ပန်းခံ၍ စိတ်ရှည်ရှည်နှင့် ကူညီပေးမှုအတွက် သင်တို့ကိုလည်း နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုပါသည်။ ဤအတွက် သင်တို့အား ယေဟောဝါကြွယ်ဝစွာ ကောင်းချီးပေးပါစေ။ ကျွန်တော်တို့ကိုလည်း စွဲစွဲမြဲမြဲ ဇွဲရှိစေရန် ခွန်အားပေးတော်မူမည်ကို ရိုးသားစွာ မျှော်လင့်ပါသည်။”
၁၉၇၅ ခုနှစ်၊ နိုဝင်္ဘာလတွင် ကျွန်မခင်ပွန်းအဲလ်ဖရက်သည် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ ကျွန်မတို့ ၃၈ နှစ်ကြာ အတူတကွ ယေဟောဝါအား ဝတ်ပြုခဲ့ကြပြီး ရှေ့ဆောင်ခြင်း၏ နိမ့်ချည်တစ်ခါ၊ မြင့်ချည်တစ်လှည့် လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြသည်။ ယင်းသည် ကျွန်မတို့၏ ဆက်ဆံရေးကို အထူးရင်းနှီးစေခဲ့သည်။ သို့တစေ သူကွယ်လွန်သွားခြင်းနှင့်အတူ ရင်ထဲ၌ဟာတာတာ အပယ်ခံ အားငယ်စိတ်ပြန်ပြီးဖြစ်ပေါ်ခဲ့သည်။ သို့သော် ယေဟောဝါ၌ ခိုလှုံခြင်းအားဖြင့် ကျွန်မစိတ်သက်သာရာတစ်ဖန်ရရှိခဲ့ပါသည်။
ကောင်းကင်ဘုံရှင် ခမည်းတော်နှင့်ထားရှိသော ကျွန်မ၏ဆက်ဆံရေးက အချိန်ပြည့်လုပ်ငန်းတော်မှာ ၅၃ နှစ်မက တစ်လျှောက်လုံး ကျွန်မကို ထောက်ပံ့အားပေးခဲ့သည်။ ပြီးတော့ ကျွန်မ၏ခံစားမှုသည် ယေရှုခရစ်တော်၏ ခံစားမှုနှင့် ထပ်တူထပ်မျှဖြစ်နေမှာပါ။ “ငါသည် တစ်ကိုယ်တည်းနေသည်မဟုတ်။ ခမည်းတော်သည် ငါနှင့်အတူ ရှိတော်မူ၏။”—ယောဟန် ၁၆:၁၂။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
၁၉၃၇ ခုတွင်အဲလ်ဖရက်နှင့် ဖရီဒါတူးဆက် တို့သည်ယူဂူစလားဗီးယားတွင် ပစ္စည်းအပြည့်အစုံဖြင့် ရှေ့ဆောင်နေခြင်း