ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၇/၁ စာ. ၂၂-၂၅
  • ကျွန်တော်တစ်ခါမျှ ဝမ်းမနည်းခဲ့သည့်ဘဝ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်တော်တစ်ခါမျှ ဝမ်းမနည်းခဲ့သည့်ဘဝ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမေ၏ကောင်းသောစံနမူနာ
  • အလုပ်အကိုင်နှင့် ဝိညာဉ်ရေးဘက်တိုးတက်မှု
  • ခဲယဉ်းသောကာလအတွင်း ဗေသလလုပ်ငန်း
  • စစ်ကာလအတွင်း ရှေ့ဆောင်ခြင်း
  • များစွာသောရွှင်လန်းဖွယ်အခွင့်အရေးများ
  • သင့်အတွက် ယင်းသည် အကောင်းဆုံးဘဝလုပ်ငန်း ဖြစ်နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အားလုံးကို ဖိတ်ခေါ်ပါသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • “ဘုရားသခင်၏အိမ်တော်” ကို တန်ဖိုးထား လေးစားစွာ ရှုမြင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေဟောဝါ၏လုပ်ငန်းတော်၌ ကြွယ်ဝသောဘဝ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၇/၁ စာ. ၂၂-၂၅

ကျွန်တော်တစ်ခါမျှ ဝမ်းမနည်းခဲ့သည့်ဘဝ

ပေါလ် အိုဘရစ်ထ်ပြောပြသည်

၁၉၁၂ ခုနှစ်၊ ကျွန်တော်ခြောက်နှစ်အရွယ်မှာ အမေဟာ သူမရဲ့ငါးယောက်မြောက် ကလေးကိုမွေးဖွားနေတုန်း သေဆုံးသွားပါတယ်။ နှစ်နှစ်လောက်ကြာပြီးတဲ့နောက်မှာ အိမ်မှုကိစ္စဆောင်ရွက်ပေးသူ ဘာတာ ဗိုင်ဘယ်လ်ဆိုတဲ့အမျိုးသမီးငယ်ဟာ ကျွန်တော်တို့မိသားစုကို ကြည့်ရှုစောင့်ရှောက်ပေးလာတယ်။ နောက်တစ်နှစ်မှာ အဖေသူမကိုလက်ထပ်လိုက်တော့ အမေတစ်ယောက်ပြန်ရတဲ့အတွက် ကျွန်တော်တို့ကလေးတွေ ပျော်ရွှင်ခဲ့ကြတာပေါ့။

ဆွစ်ဇလန်နိုင်ငံရဲ့ ဂျာမန်စကားပြောတဲ့ဒေသက ဘရွတ်ဂ်ဆိုတဲ့မြို့ငယ်လေးမှာ ကျွန်တော်တို့နေထိုင်ခဲ့ကြတယ်။ ဘာတာဟာ ခရစ်ယာန်စစ်ပီသပြီး သူမကို ကျွန်တော်သိပ်သဘောကျပါတယ်။ ၁၉၀၈ ခုနှစ်မှာ ကျမ်းစာကျောင်းသားများ (ယေဟောဝါသက်သေများ) ရဲ့စာအုပ်စာတမ်းတွေကို သူမစတင်လေ့လာပြီး သိရှိလာတဲ့အကြောင်းတွေကို တခြားသူတွေကိုဝေမျှပါတော့တယ်။

ဘာတာနဲ့ အဖေတို့လက်ထပ်ပြီးနောက် သိပ်မကြာခင် ၁၉၁၅ ခုနှစ်မှာ သူမနဲ့အတူ “ဖန်ဆင်းခြင်းဓာတ်ပုံ-ပြဇာတ်” ကိုကျွန်တော်သွားကြည့်ခဲ့တယ်။ ထက်သန်တဲ့အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားများအသင်းကတင်ဆက်တဲ့ အဲဒီရုပ်သေနဲ့ ရုပ်ရှင်ကကျွန်တော့်စိတ်နှလုံးထဲ စွဲကျန်သွားတော့တာပဲ။ တခြားသူတွေကိုလည်း စွဲမှတ်သွားစေခဲ့တယ်။ ဘရွတ်ဂ်မြို့မှာရှိတဲ့ ခန်းမပြည့်လျှံသွားလို့ ရဲတွေက တံခါးတွေပိတ်လိုက်ပြီး နောက်ထပ်ရောက်လာတဲ့သူတွေကို လှည့်ပြန်ခိုင်းရတဲ့အထိပါပဲ။ အဲဒီအခါ လူအတော်များများက လှေကားတစ်ခုနဲ့ ဖွင့်ထားတဲ့ပြတင်းပေါက်ကနေ ဝင်ဖို့ကြိုးစားကြပြီး တချို့ကဝင်နိုင်ခဲ့တယ်။

အမေ၏ကောင်းသောစံနမူနာ

အဲဒီအချိန်တုန်းက ဥရောပမှာပထမကမ္ဘာစစ်ဖြစ်နေပြီး လူတွေဟာ ရှေ့ရေးနဲ့ပတ်သက်လို့ စိုးရိမ်ကြောက်လန့်နေကြပါတယ်။ ဒါကြောင့် အမေလုပ်ခဲ့သလို နှစ်သိမ့်မှုပေးတဲ့ ဘုရားသခင့်နိုင်ငံတော်သတင်းကို တစ်အိမ်မှတစ်အိမ်ပြောပြရတာ မွန်မြတ်တဲ့အလုပ်တစ်ခုပါပဲ။ တစ်ခါတလေ ကျွန်တော့်ကိုခေါ်သွားတတ်တယ်၊ အဲလိုလိုက်သွားရတာကို ကျွန်တော်အရမ်းနှစ်ခြိုက်ပါတယ်။ နောက်ဆုံးတော့ ၁၉၁၈ ခုနှစ်မှာ အမေဟာ ရေမှာနှစ်ခြင်းခံယူပြီး ယေဟောဝါထံ သူမရဲ့ဆက်ကပ်အပ်နှံခြင်းကို တင်ပြခဲ့ပါတယ်။

အဖေဟာ အမေနှစ်ခြင်းခံတဲ့အချိန်အထိ သူမရဲ့ဝတ်ပြုမှုကို အနှောင့်အယှက်မပေးခဲ့ပေမဲ့ အဲဒီနောက်ပိုင်းကျတော့ စပြီးဆန့်ကျင်လာပါတယ်။ တစ်နေ့ကျတော့ သူမရဲ့ကျမ်းစာ စာပေတွေကို သိမ်းယူလိုက်ပြီး မီးဖိုထဲပစ်ထည့်လိုက်ပါတယ်။ ကျမ်းစာအုပ်တစ်အုပ်ထဲကိုပဲ အမေလှမ်းဆွဲလိုက်နိုင်တယ်။ ဒါပေမဲ့ သိပ်အံ့အားသင့်စရာကောင်းတာကို အမေလုပ်ခဲ့ပါတယ်။ အဖေ့ဆီသွားပြီး သူ့ကိုပွေ့ဖက်ထားလိုက်တယ်။ အဖေ့ကိုမကျေနပ်တဲ့ပုံ နည်းနည်းမှမပြခဲ့ပါဘူး။

အရမ်းအံ့သြစရာကောင်းတာက အဖေငြိမ်သက်သွားတာပါပဲ။ ဒါပေမဲ့ မကြာမကြာဆိုသလို ရုတ်တရက်ထဆန့်ကျင်တတ်ပြီး သူဒေါသပေါက်ကွဲတာကို ကျွန်တော်တို့သည်းခံရကြပါတယ်။

အလုပ်အကိုင်နှင့် ဝိညာဉ်ရေးဘက်တိုးတက်မှု

ကျွန်တော်ဟာ ဆံပင်ပြုပြင်သူတစ်ယောက်ဖြစ်ဖို့ အလုပ်ခွင်သင်တန်း သုံးနှစ်တက်ပြီးတဲ့နောက် ၁၉၂၄ ခုနှစ်မှာ အိမ်ကထွက်ပြီး ဆွစ်ဇလန်နိုင်ငံက ပြင်သစ်စကားပြောတဲ့ဒေသမှာ အလုပ်အကိုင်ရရှိခဲ့ပါတယ်။ အဲဒါကြောင့် ပြင်သစ်ဘာသာစကားကို တိုးပြီးသိနားလည်လာဖို့ အခွင့်အရေးရရှိစေခဲ့တာပေါ့။ အဲလိုပြောင်းရွှေ့သွားရခြင်းက ကျွန်တော့်ရဲ့ဝိညာဉ်ရေးတိုးတက်မှုကို အတော်အတန်အနှောင့်အယှက် ဖြစ်စေခဲ့ပေမဲ့ ကျမ်းစာသမ္မာတရားကို မြတ်နိုးတဲ့စိတ်တစ်ခါမှမပျောက်ခဲ့ပါဘူး။ ဒါကြောင့် ခြောက်နှစ်ကြာပြီးတဲ့နောက် အိမ်ပြန်သွားတဲ့အခါ ဘရွတ်ဂ်မြို့မှာရှိတဲ့ ခရစ်ယာန်အသင်းတော်က အစည်းအဝေးတွေကို စတက်ခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ အဲဒီမြို့ကနေ ၂၅ မိုင်အဝေးမှာရှိတဲ့ ရိုင်ဖဲဒဲန်ဆိုတဲ့မြို့ငယ်လေးကို ကျွန်တော်ပြောင်းရွှေ့သွားတယ်။ အဲဒီမှာ ကျွန်တော့်အစ်မရဲ့ ဆံပင်ပြုပြင်တဲ့ဆိုင်မှာအလုပ်ဝင်လုပ်ပြီး ကျမ်းစာကျောင်းသားအုပ်စုငယ်နဲ့အတူ စည်းဝေးပြုလုပ်တယ်၊ အဲဒီနည်းနဲ့ ဝိညာဉ်ရေးမှာ ဆက်လက်တိုးတက်နေခဲ့တယ်။ တစ်နေ့ကျတော့ သီတင်းပတ်ကြားရက်မှာကျင်းပတဲ့ ကျမ်းစာသင်အံမှုကို နိဂုံးချုပ်တဲ့အခါ အကြီးအကဲဖြစ်သူ ညီအစ်ကိုဇိုဒါက “တနင်္ဂနွေနေ့ လယ်ကွင်းဓမ္မအမှုမှာ ဘယ်သူပါဝင်ဖို့အစီအစဉ်ရှိသလဲ” ဆိုပြီးမေးတယ်။ ကျွန်တော့်ကိုတစ်ယောက်ယောက်နဲ့တွဲပေးပြီး လုပ်ငန်းတော်ကို ဘယ်လိုလုပ်ရတယ်ဆိုတာ ညွှန်ကြားခံရမယ်ထင်လို့ စေတနာ့ဝန်ထမ်းအနေနဲ့ ပါဝင်ချင်တယ်ဆိုပြီးပြောလိုက်တယ်။

တနင်္ဂနွေနေ့ရောက်လာလို့ ဟောပြောမယ့်ရပ်ကွက်ကိုလည်းရောက်သွားရော ညီအစ်ကိုဇိုဒါက “မစ္စတာ အိုဘရစ်ထ် အဲဒီမှာဝင်မယ်” လို့ပြောတယ်။ တစ်ခါနဲ့မှမတူအောင် ကျွန်တော့်နှလုံးခုန်နှုန်းမြန်သွားပေမဲ့ အိမ်ရှင်တွေကို ဘုရားသခင့်နိုင်ငံတော်အကြောင်း စပြီးဟောပြောခဲ့တယ်။ (တမန်တော် ၂၀:၂၀) အဲဒီအချိန်ကစပြီး၊ ဒီအစီအစဉ်စနစ်အဆုံးမရောက်ခင် ပြီးမြောက်အောင်မြင်ရမယ်လို့ ယေရှုမိန့်တော်မူခဲ့တဲ့ ဟောပြောခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရာမှာ တစ်ခါမှချီတုံချတုံမဖြစ်ခဲ့ပါဘူး။ (မဿဲ ၂၄:၁၄) ၁၉၃၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့၊ ကျွန်တော့်အသက် ၂၈ နှစ်မှာ ရေမှာနှစ်ခြင်းခံပြီး ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံခဲ့တယ်။

နှစ်နှစ်လောက်ကြာပြီးတဲ့နောက် ဆွစ်ဇလန်နိုင်ငံက အီတလီဘာသာစကားပြောတဲ့ဒေသမှာရှိတဲ့ လူဂယ်နိုဆိုတဲ့မြို့မှာ ဆံပင်ပြုပြင်တဲ့အလုပ်ကိုရရှိခဲ့တယ်။ အီတလီဘာသာစကားကို ကျွန်တော်နည်းနည်းလေးပဲပြောတတ်ပေမဲ့လို့ အဲဒီမြို့မှာသတင်းကောင်းကို ချက်ချင်းစဟောပြောခဲ့တယ်။ ဒါပေမဲ့လည်း ဓမ္မအမှုရဲ့ ပထမဦးဆုံးတနင်္ဂနွေနေ့မှာ ကျွန်တော်ယူသွားတဲ့စာအုပ်ငယ်အုပ် ၂၀ ကိုဝေငှလိုက်ရတယ်။ အချိန်တန်တော့ ကင်းမျှော်စင် သင်တန်းအုပ်စုတစ်စုဖွဲ့စည်းဖို့ စိတ်ဝင်စားသူတချို့ကို ကျွန်တော်စုစည်းနိုင်ခဲ့တယ်။ နောက်ဆုံးကျတော့ အဲဒီအထဲကတချို့သူတွေ နှစ်ခြင်းခံယူကြပြီး ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလမှာပဲ လူဂယ်နိုမြို့မှာ ယေဟောဝါသက်သေများရဲ့ အသင်းတော်တစ်ခုကို ကျွန်တော်တို့တည်ထောင်ခဲ့ကြတယ်။

နှစ်လကြာပြီးတဲ့နောက် ၁၉၃၇ ခုနှစ်၊ ဧပြီလမှာ ကျွန်တော့်ဘဝကိုအကြီးအကျယ်ပြောင်းလဲပစ်ခဲ့တဲ့ စာတစ်စောင်ကိုရရှိခဲ့ပါတယ်။ ဗေသလလို့ခေါ်တဲ့ ယေဟောဝါသက်သေများရဲ့ ဌာနခွဲအဆောက်အဦမှာ အမှုထမ်းဖို့ဖိတ်ခေါ်တဲ့စာပါပဲ။ အဲဒီဖိတ်ခေါ်မှုကို ကျွန်တော်ချက်ချင်းလက်ခံလိုက်တယ်—အဲလိုလက်ခံခဲ့တဲ့အတွက် တစ်ခါမှဝမ်းမနည်းခဲ့ရပါဘူး။ ဒီလိုနဲ့ အချိန်ပြည့်ဓမ္မအမှုမှာ အနှစ် ၆၀ ကြာလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့တော့တယ်။

ခဲယဉ်းသောကာလအတွင်း ဗေသလလုပ်ငန်း

အဲဒီအချိန်တုန်းက ဆွီဒင်ဗေသလဟာ ဆွစ်ဇလန်နိုင်ငံရဲ့မြို့တော် ဘန်းမြို့မှာတည်ရှိခဲ့တယ်။ အဲဒီမှာ စာအုပ်ကြီး၊ စာအုပ်ကလေးနဲ့ မဂ္ဂဇင်းတွေကို ဘာသာစကား ၁၄ မျိုးနဲ့ပုံနှိပ်ပြီး စာအုပ်တွေကို ဥရောပတစ်ဝန်းလုံးကို တင်ပို့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့အသုံးပြုဖို့အတွက် ကားအမြဲတမ်းမရှိတာကြောင့် ပုံနှိပ်စာအုပ်စာတမ်းတွေကို လက်တွန်းလှည်းနဲ့ ဘူတာရုံကို မကြာခဏကျွန်တော်ပို့ပေးရတယ်။ ဗေသလမှာ ကျွန်တော့်ရဲ့ပထမဦးဆုံးတာဝန်ကတော့ ပုံနှိပ်ဖို့အတွက်ခဲစာလုံးတွေကိုစီတဲ့နေရာ စာစီဌာနမှာဖြစ်တယ်။ သိပ်မကြာခင် ဧည့်ကြိုတာဝန်ကိုယူရပြီး ဗေသလမိသားစုအတွက် ဆံသသမားတစ်ယောက်လည်းဖြစ်တာပေါ့။

၁၉၃၉ ခုနှစ်၊ စက်တင်ဘာလမှာ ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ပြီး နာဇီတိုက်ခိုက်မှုဟာ ဥရောပတစ်ဝန်းလုံးမှာ စိုးရွံ့ထိတ်လန့်ဖွယ်ဖြစ်ခဲ့တယ်။ စစ်ဖြစ်နေတဲ့နိုင်ငံတွေအလယ်မှာ ဆွစ်ဇလန်နိုင်ငံဟာ ကြားနေနိုင်ငံတစ်ခုပေါ့။ အစပိုင်းမှာ ကျွန်တော်တို့ရဲ့ ခရစ်ယာန်လုပ်ငန်းကို အနှောင့်အယှက်မရှိဘဲ ဆက်လုပ်ခဲ့ကြတယ်။ ဒါနဲ့ ၁၉၄၀ ပြည့်နှစ်၊ ဇူလိုင် ၅ ရက်နေ့၊ ဧည့်ကြိုခန်းကအလုပ်စားပွဲမှာ ကျွန်တော်ထိုင်နေတဲ့အခါ အရပ်သားတစ်ယောက်နဲ့ လှံစွပ်တပ်ထားတဲ့ ရိုင်ဖယ်သေနတ်ကိုကိုင်ထားတဲ့စစ်သားတစ်ယောက် ဝင်လာတယ်။

“ဇူရခဲဘယ်မှာလဲ” ဆိုပြီး အရပ်သားက ငေါက်တဲ့အသံနဲ့မေးတယ်။ အဲဒီအချိန်တုန်းက ဆွစ်ဇလန်နိုင်ငံမှာရှိတဲ့ ဟောပြောခြင်းလုပ်ငန်းရဲ့ ဌာနခွဲကြီးကြပ်မှူးက ဖရန့်ဇ် ဇူရခဲဖြစ်တယ်။

“ဘယ်သူကတွေ့ချင်တယ်လို့ပြောပေးရမလဲ” ဆိုပြီး ကျွန်တော်မေးလိုက်တယ်။ ချက်ချင်းပဲ သူတို့ကိုဇူရခဲရဲ့ရုံးခန်းကို ခေါ်သွားရမယ်ဆိုပြီးတော့ ကျွန်တော့်ကိုဖမ်းကိုင်ပြီး လှေကားပေါ်တရွတ်တိုက်ဆွဲခေါ်သွားတော့တယ်။

အဲဒီအချိန်တုန်းက လူ ၄၀ လောက်ရှိတဲ့ ဗေသလမိသားစုတစ်ခုလုံးကို ထမင်းစားခန်းထဲမှာစုရုံးဖို့ အမိန့်ပေးတယ်။ ထွက်ပြေးဖို့ကြိုးစားတဲ့သူတွေ မပြေးရဲအောင်ဆိုပြီး အဆောက်အဦအပြင်မှာ စက်သေနတ်လေးလက်နဲ့ ချိန်ထားပါတယ်။ စစ်သား ၅၀ လောက်က အဆောက်အဦအထဲမှာ ရှာဖွေကြတယ်။ သူတို့ထင်ထားတာနဲ့ တခြားစီဖြစ်နေတယ်၊ ယေဟောဝါသက်သေများဟာ စစ်မှုထမ်းခြင်းကို ဆန့်ကျင်ဖို့လှုံ့ဆော်ရာမှာ ပါဝင်တယ်ဆိုတဲ့ သူတို့ရဲ့ထင်မြင်ချက်အတွက် သက်သေအထောက်အထားကို ရှာမတွေ့ခဲ့ကြဘူး။ ဒါပေမဲ့ စာအုပ်စာတမ်း တော်တော်များများကိုသိမ်းယူပြီး စစ်ကုန်တင်ကားငါးစီးနဲ့ သယ်သွားကြပါတယ်။

ကင်းမျှော်စင် ကိုစိစစ်ရေးလုပ်ဖို့ အာဏာပိုင်တွေတောင်းဆိုတာကို ကျွန်တော်တို့ငြင်းဆိုတဲ့အခါ ဆွစ်ဇလန်နိုင်ငံမှာ အဲဒီမဂ္ဂဇင်းကို ဆက်ထုတ်ဝေခွင့်မပေးတော့ပါဘူး။ အဲဒီအတွက်ကြောင့် ဗေသလလုပ်ငန်းမှာ လုပ်သားနည်းနည်းလေးပဲလိုတော့တယ်၊ ငယ်ရွယ်တဲ့မိသားစုဝင်တွေဟာ ဗေသလကထွက်ပြီး ရှေ့ဆောင်လုပ်ဖို့ အားပေးခံရကြတယ်၊ ရှေ့ဆောင်ဆိုတာ အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ကြတဲ့ ယေဟောဝါသက်သေတွေကို ခေါ်တာဖြစ်တယ်။

စစ်ကာလအတွင်း ရှေ့ဆောင်ခြင်း

၁၉၄၀ ပြည့်နှစ်၊ ဇူလိုင်လမှာ ဗေသလကိုကျွန်တော်မလာခင် နေခဲ့တဲ့မြို့ဖြစ်တဲ့ ဆွစ်ဇလန်နိုင်ငံ၊ အီတလီစကားပြောတဲ့ဒေသမှာရှိတဲ့ လူဂယ်နိုမြို့အနီးကို ပြန်သွားလိုက်တယ်။ အဲဒီတုန်းက ဖက်ဆစ်ဝါဒအကြီးအကျယ်လွှမ်းမိုးတဲ့ အမာခံကက်သလစ်နယ်မြေဟာ ကျွန်တော်ရှေ့ဆောင်တာဝန်ကျတဲ့ နယ်မြေဖြစ်လာပါတယ်။

ရဲတွေက ကျွန်တော့်ရဲ့ဟောပြောခြင်းလုပ်ဆောင်မှုကို ရပ်တန့်ဖို့သတိမပေးတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ တစ်နေ့ကျတော့ ပန်းခြံတစ်ခုရဲ့တံခါးဝမှာ အမျိုးသမီးတစ်ယောက်နဲ့ စကားပြောနေတုန်း အရပ်ဝတ်နဲ့လူတစ်ယောက်က ကျွန်တော့်ကိုနောက်ကဖမ်းဆွဲပြီး ပတ်တရောင်ကားထဲဝင်ခိုင်းတယ်၊ ပြီးတော့ လူဂယ်နိုမြို့ကို မောင်းသွားတယ်။ အဲဒီကိုရောက်တော့ ကျွန်တော့်ကိုရဲလက်ထဲအပ်လိုက်ရော။ ကျွန်တော့်ကို စစ်ဆေးမေးမြန်းတဲ့အခါ ယေဟောဝါဘုရားသခင်က ကျွန်တော်တို့ကိုဟောပြောဖို့ အမိန့်ပေးထားတယ်ဆိုတာ ရှင်းပြလိုက်တယ်။

“ဘုရားသခင်ကကောင်းကင်မှာ အမိန့်ပေးရင်ပေးမယ်! ဒီကမ္ဘာပေါ်မှာတော့ အမိန့်ပေးတာ ငါတို့ပဲရှိတယ်” လို့အရာရှိကပြန်ပြောတယ်။

စစ်အတွင်း ယေရှုရဲ့ “မြွေကဲ့သို့လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့အဆိပ်ကင်း” ကြပါဆိုတဲ့ ဆုံးမစကားကိုလိုက်နာဖို့ အထူးအရေးကြီးပါတယ်။ (မဿဲ ၁၀:၁၆) ဒါကြောင့် စာပေစာတမ်းအများစုကို ကျွန်တော့်ရှပ်အင်္ကျီအတွင်းအိတ်တွေထဲမှာ ဝှက်ထားပါတယ်။ ဘာတစ်ခုမှကျပျောက်မသွားစေဖို့ ဒူးအောက်မှာကျပ်ကျပ်လေးစည်းထားတဲ့ ခြေသလုံးကျပ်ဘောင်းဘီပွကို ဝတ်ဆင်ရပါတယ်။

အတန်ကြာတဲ့အခါ ရဲတွေနဲ့ဆက်ပြီးလိုက်တမ်းပြေးတမ်းကစားရတဲ့ အင်ဂဒင်းတောင်ကြားကို ပြောင်းရွှေ့ဖို့ညွှန်ကြားခံရပါတယ်။ ဆောင်းရာသီမှာ နှင်းထုအောက်တော်တော်ရောက်နေတဲ့ အရှေ့ပိုင်းဆွစ်အဲ့လ်ပ်စ်တောင်တန်းမှာရှိတဲ့ လှပတဲ့တောင်ကြားချိုင့်ဝှမ်း တစ်ခုဖြစ်တယ်၊ ဒါကြောင့် အဲဒီရပ်ကွက်တစ်ဝိုက်သွားလာနိုင်ဖို့ ကျွန်တော့်နှင်းလျှောစီးစကီးကို ပို့ပေးပါလို့မှာလိုက်တယ်။

အေးချမ်းလှတဲ့ဆောင်းရာသီအတွင်းမှာ စကီးနဲ့ခရီးသွားတဲ့အခါမှာ လက်အိတ်မရှိရင်မဖြစ်ပါဘူး။ သိပ်မကြာခင် ကျွန်တော့်ရဲ့လက်အိတ်က သုံးဖန်များလို့ ဟောင်းနွမ်းစုတ်ပြတ်လာတယ်။ တစ်နေ့ကျတော့ လက်ထိုးခေါင်းစွပ်ဆွယ်တာအင်္ကျီတစ်ထည်နဲ့အတူ လက်အိတ်တစ်စုံလည်းပါတဲ့ ကျွန်တော်လုံးလုံးမျှော်လင့်မထားတဲ့ ပါဆယ်ထုပ်တစ်ထုပ်ကို ကျွန်တော်ရရှိတဲ့အခါမှာ ကျေးဇူးတင်လိုက်တဲ့ဖြစ်ခြင်း! ဘန်းမြို့မှာရှိတဲ့ ကျွန်တော့်ရဲ့အရင်အသင်းတော်က ခရစ်ယာန်ညီအစ်မတစ်ဦးက ကျွန်တော့်အတွက် ထိုးပေးတာဖြစ်တယ်။ အဲဒီအကြောင်းတွေကို ပြန်စဉ်းစားမိရင် အခုအချိန်အထိ ကျေးဇူးတင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။

များစွာသောရွှင်လန်းဖွယ်အခွင့်အရေးများ

၁၉၄၃ ခုနှစ်ရောက်တော့ ဆွစ်ဇလန်နိုင်ငံမှာ အခြေအနေတည်ငြိမ်စပြုလာပြီး ဗေသလမှာ ပြန်ပြီးအမှုထမ်းဖို့ ဖိတ်ခေါ်ခံရပါတယ်။ မိုင် ၆၀ နီးပါးဝေးတဲ့ လိုဇန်မြို့က ပြင်သစ်စကားပြောအသင်းတော်မှာရှိတဲ့ ပြဿနာတချို့ကြောင့် ဘုရားသခင့်အဖွဲ့အစည်းကို အမြင်မှန်ရှိအောင် ကြေညာသူတွေကိုကူညီပေးဖို့အတွက် အဲဒီမြို့ကိုမှန်မှန်လည်ပတ်ဖို့ တာဝန်ပေးအပ်ခံရပါတယ်။

နောက်ပိုင်းကျတော့ ဆွစ်ဇလန်နိုင်ငံက ပြင်သစ်အသင်းတော်အားလုံးအတွက် တိုက်နယ်ကြီးကြပ်မှူး ခဏလုပ်ခဲ့ပါတယ်။ ရက်သတ္တပတ်အစောပိုင်းရက်တွေမှာ ဗေသလမှာအလုပ်လုပ်တယ်၊ ဒါပေမဲ့ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ဝိညာဉ်ရေးရာအကူအညီပေးဖို့ သီးခြားအသင်းတော်တစ်ခုစီကို လည်ပတ်ရပါတယ်။ သည့်အပြင် ၁၉၆၀ ပြည့်နှစ်ရောက်တော့ ပြင်သစ်စကားပြောအသင်းတော်တစ်ခုကို ဘန်းမြို့မှာဖွဲ့စည်းလိုက်တဲ့အခါ ကျွန်တော်ဟာ အဲဒီအသင်းတော်ရဲ့ဦးစီးကြီးကြပ်မှူး ဖြစ်လာပါတယ်။ ဗေသလအိမ်ကို ဘန်းမြို့ကနေ အခုလက်ရှိလှပတဲ့တွန်းမြို့ကို ပြောင်းရွှေ့ခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်အထိ အဲဒီမှာကျွန်တော်အမှုထမ်းခဲ့ပါတယ်။

တွန်းမြို့မှာ အီတလီစကားပြော သက်သေခံအုပ်စုလေးတစ်စုကို တွေ့ရှိရတဲ့အတွက် ပျော်ရွှင်ခဲ့ရပြီး သူတို့နဲ့အတူစပြီးအမှုဆောင်တယ်။ အချိန်တန်တော့ အသင်းတော်တစ်ခုကို တည်ထောင်ပြီး ငယ်ရွယ်တဲ့ညီအစ်ကိုတွေ အဲဒီတာဝန်ကိုထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိလာတဲ့အထိ အဲဒီအသင်းတော်ရဲ့ ဦးစီးကြီးကြပ်မှူးတစ်ယောက်အနေနဲ့ နှစ်တော်တော်ကြာ အမှုထမ်းခဲ့ပါတယ်။

အထူးပျော်ရွှင်စရာကောင်းတဲ့ အခွင့်အရေးတစ်ခုအဖြစ် ကျွန်တော်ယူမှတ်ခဲ့တဲ့အရာကတော့ ယေဟောဝါလူမျိုးတော်ရဲ့ အပြည်ပြည်ဆိုင်ရာအစည်းအဝေးကြီးကို တက်ရောက်ရခြင်းပါပဲ။ ဥပမာအနေနဲ့ ၁၉၅၀ ပြည့်နှစ်မှာ နယူးယောက်မြို့၊ ရန်ကီးအားကစားကွင်းမှာကျင်းပခဲ့တဲ့ သီအိုကရေစီတိုးပွားမှုဆိုတဲ့ အမှတ်ရဖွယ်အစည်းအဝေးကြီးဖြစ်တယ်။ နယူးယောက်ပြည်နယ်၊ ဘရွတ်ကလင်မှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့ဌာနချုပ်ကို လည်ပတ်ရတာ ကျွန်တော့်အတွက်စွဲမှတ်စရာဖြစ်သွားတယ်။ နောက်တစ်နှစ်မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာကျင်းပခဲ့တဲ့ စင်ကြယ်သောဝတ်ပြုရေးအစည်းအဝေးမှာ “ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်းကြွေးကြော်ကြလိမ့်မည်” ဆိုတဲ့ ယေရှုရဲ့စကားကိုပေါ်လွင်စေတဲ့ ညီအစ်ကို မီလ်တင် ဂျီ. ဟင်ရှယ်လ်ရဲ့ဟောပြောချက်ကိုလည်း ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ (လုကာ ၁၉:၄၀) “ကျောက်ခဲတွေက ကြွေးကြော်ဖို့လိုမယ် ထင်ပါသလား” ဆိုပြီး ညီအစ်ကိုဟင်ရှယ်လ်က မေးခွန်းထုတ်တယ်။ ထောင်ချီတဲ့ပရိသတ်ရဲ့ “မထင်ပါ!” ဆိုတဲ့ကြွေးကြော်သံကို ကျွန်တော်ခုထိကြားယောင်နေဆဲပါပဲ။

၁၉၃၇ ခုနှစ်ရောက်တော့ ဗေသလကိုပြန်သွားတဲ့အခါ ကျွန်တော်တို့ထောက်ပံ့ကြေးနည်းနည်းပဲရတာကို သိသွားတဲ့အဖေက “သား၊ မင်းအသက်ကြီးလာရင် ဘယ်လိုဆက်စခန်းသွားမလဲ” လို့စိတ်ပူပြီးမေးတယ်။ ဆာလံဆရာဒါဝိဒ်ရဲ့ “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရမည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင်မမြင်စဖူး” ဆိုတဲ့စကားကိုကိုးကားပြီး ကျွန်တော်အဖြေပေးလိုက်ပါတယ်။ (ဆာလံ ၃၇:၂၅) အဲဒီစကားတွေက ကျွန်တော်အဖြစ်မှာ တကယ်ပဲပြည်စုံခဲ့တယ်။

လွန်ခဲ့တဲ့အနှစ် ၈၀ ကျော်ကျော်မှာ ဘာတာ ဗိုင်ဘယ်လ်က အဖေ့ကိုလက်ထပ်ခဲ့ပြီး သူမရဲ့ပုံနမူနာနဲ့ လမ်းညွှန်မှုကြောင့် ယေဟောဝါနဲ့ ကိုယ်တော့်ဂုဏ်ရည်တော်များကို ကျွန်တော်သိလာရတဲ့အတွက် ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း! တခြားအိမ်သားတွေက သူမကိုလှောင်ပြောင်ကြပေမဲ့လည်း ၁၉၈၃ ခုနှစ်မှာ သူမသေဆုံးချိန်အထိ သစ္စာရှိရှိနဲ့ယေဟောဝါအမှုတော်ကို ထမ်းဆောင်ခဲ့ပါတယ်။ ယေဟောဝါဘုရားသခင်ရဲ့ အမှုတော်ထမ်းဆောင်ရတာကို သူမတစ်ခါမှဝမ်းနည်းတသမဖြစ်ခဲ့သလို ကျွန်တော်လည်း တစ်ကိုယ်ရေဘဝနဲ့နေပြီး ကျွန်တော့်ဘဝကို ယေဟောဝါရဲ့အမှုတော်မှာ လုံးလုံးပုံအပ်လိုက်တဲ့အတွက် တစ်ခါမှဝမ်းနည်းတသမဖြစ်ခဲ့ပါဘူး။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဗေသလ၌အလုပ်လုပ်စဉ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ