ကဲသရိနှင့် ကနဦးခရစ်ယာန်များ
ယေရှုမမွေးဖွားမီလေးတွင် ဟေရုဒ်မင်းတည်ခဲ့သော ရှေးပင်လယ်ကမ်းခြေမြို့ ကဲသရိတွင် မကြာသေးမီက ရှေးဟောင်းသုတေသနတွေ့ရှိချက် အတော်များများ တူးဖေါ်ရရှိခဲ့သည်။ ဤတွေ့ရှိချက်များ၏ ပြပွဲဖြစ်သော “ဟေရုဒ်၏အိပ်မက်” သည် ယခုမြောက်အမေရိကတွင် လှည့်လည်လျက်ရှိသည်။a
ဟေရုဒ်သည် ရောမဧကရာဇ်ကဲသာ၏ မျက်နှာရလိုခဲ့သည်။ ထိုကြောင့် မြို့ကို ကဲသရိ(“ကဲသာပိုင်ဆိုင်” ဟုအဓိပ္ပာယ်ရှိ) ဟုလည်းကောင်း၊ ယင်းဆိပ်ကမ်းကို ဆီဗက်စ်တော့စ် (ဂရိအခေါ် “ဩဂတ်စ်တပ်စ်”) ဟုခေါ်ဆိုခဲ့သည်။ ဟေရုဒ်၏လုပ်သားများသည် သင်္ဘောတစ်ရာအတွက် အံ့ဖွယ်ဆိပ်ကမ်းတည်ဆောက်ခဲ့ပြီး ကိုးကွယ်ရန် ဧကရာဇ်မင်း၏ကြီးမားလှသော ရုပ်တုကြီးနှင့် ထည်ဝါသောဗိမာန်ကြီး တည်ဆောက်ခဲ့သည်။
ရောမအုပ်ချုပ်ရေး
ကဲသရိသည် ယုဒနိုင်ငံကို အုပ်ချုပ်သော ရောမဘုရင်ခံချုပ်များရုံးစိုက်ရာ နေရာဖြစ်သည်။ ကဲသရိသည် ရောမ၏နိုင်ငံရေးနှင့် စစ်ဖက်လှုပ်ရှားမှုများ၏ ဗဟိုဖြစ်လာသည်။ အရေဖျားလှီးမခံ တစ်ပါးအမျိုးသားများအနက် တပ်မှူးကော်နေလိနှင့် “သူ၏ရွှေမျိုး မိတ်ဆွေခင်ပွန်းများ၊” သည် ဤနေရာတွင် ပထမဆုံးခရစ်ယာန်များဖြစ်လာကြသည်။ (တမန်တော် အခန်းကြီး ၁၀) ဧဝံဂေလိတရားဟောသူ ဖိလိပ္ပုသည် ကဲသရိသို့သွားခဲ့သည်။ တမန်တော်ပေတရုလည်းသွားခဲ့သည်။ တမန်တော်ပေါလုအသုံးပြုခဲ့သော သင်္ဘောအချို့သည် ကဲသရိဆိပ်ကမ်း၌ဆိုက်ခဲ့သည်။ ၅၆ စီအီးတွင် ပေါလုနှင့်လုကာသည် ထိုမြို့နေဖိလိပ္ပုအိမ်၌နေခဲ့၏။ သူ၏သမီးလေးယောက်လည်း ဘုရားအမှုဆောင်ကြသည်။—တမန်တော် ၈:၄၀; ၁၂:၁၈၊ ၁၉; ၁၈:၂၁၊ ၂၂; ၂၁:၈၊ ၉။
ပေါလုအား ရောမဘုရင်ခံဖေလဇ်မင်း ရှေ့တော်သွင်းရာ၌ ဤကဲသရိသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ဤတွင် ပေါလုက “ကဲသာဘုရင်၏အယူတော်ကို ခံပါမည်” ဟုပြောခဲ့သည်။—တမန်တော် အခန်းကြီး ၂၃–၂၆။
ပြပွဲ
ဤပြပွဲကိုဝင်သည်နှင့် ကဲသရိ၏ဘုရားမ တစ်ချ်ရုပ်တုကို တွေ့ရသည်။ သူ့နာမည်အဓိပ္ပာယ်မှာ “ကံ” သို့မဟုတ် “ကံကောင်း” ဖြစ်သည်။ သို့သော် ထိုထွင်ရှိခရစ်ယာန်များသည် ကံဘုရားမကို အားမကိုးဘဲ မှန်သောဘုရား ယေဟောဝါကိုကိုးစားခဲ့ကြသည်။ သူတို့သည် ဘုရင်ဟေရုဒ်သတ်ရန်ကြိုးစားခဲ့သော ယေရှုခရစ်ကိုလည်း ယုံကြည်ခဲ့ကြသည်။
နောက်အခန်းနှစ်ခုတွင် ရှေးဟောင်းသုတေသနပညာရှင်တို့ ကဲသရိတွင် တူးဖေါ်ရရှိသည်များကို မည်သို့တွေ့ရှိ၍ ဆိပ်ကမ်းကိုမည်သို့ဆောက်လုပ်ကြောင်း တွေ့ရသည်။ စတုတ္ထအခန်းတွင် ကဲသရိ၌တွေ့ရှိခဲ့ရသော အရာများထဲမှ ပြန်လည်ထုတ်လုပ်ထားသော အဓိကအရာတစ်ခုကို တွေ့ရသည်။ ယင်းသည် ခရစ်တော်ယေရှုရှေ့တော်သွင်းခံရသော ရောမဘုရင်ခံ၏ ကမ္ဗည်းစာဖြစ်သည်။ “ပုန္တိပိလတ် ယုဒနယ် အကြီးအကြပ်” ဟုကမ္ဗည်းထိုးထားသည်။
ဤအခန်းထဲတွင် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ဒ င်္ဂါးပြားလေးနှစ်ခုလည်းရှိသည်။ ပထမ (လက်ယာဘက်ရှိ) အပြားပေါ်၌ “ဇိအုန်လွတ်မြောက်ခြင်း၏ ဒုတိယနှစ်” ဟုဖေါ်ပြထားသည်။ ဒုတိယတစ်ခုတွင် “ဇိအုန်ရွေးနှုတ်သည်အထိ စတုတ္ထနှစ်” ဟုရေးထားသည်။ ပညာရှင်များက ဤဒ င်္ဂါးပြားများကို ၆၇ စီအီးနှင့် ၆၉ စီအီးအချိန်မှဟု သတ်မှတ်ထားသည်။ “လွတ်မြောက်ခြင်း” ဆိုရာ၌ စက်တီယပ်ဂဲလပ်စ်သည် ၆၆ စီအီးတွင် စစ်တိုက်နေသော သူ၏ရောမတပ်ကို ဆုတ်ခွာခဲ့ပြီးနောက် ဂျူးများ ယေရုရှလင်ကို ထိန်းသိမ်းခဲ့စဉ်အချိန်ကို ရည်ညွှန်းလေသည်။
ထိုဆုတ်ခွာခြင်းက ယေရုရှလင်မှ ထွက်ပြေးရန် အခွင့်ပေါ်စေခဲ့သည်။ ယေရှုကို ယုံကြည်ခဲ့သူများ ပြေးခဲ့သည်။ အကြောင်းမှာ ကိုယ်တော်က “ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ ထိုမြို့သည် ပျက်စီးခြင်းသို့ရောက်လုသည်ကို သိမှတ်ကြလော့။ ထိုအခါ ယုဒပြည်၌ရှိသော သူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ မြို့ထဲ၌ရှိသော သူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ တောရွာတွင်ရှိသော သူတို့သည် မြို့ထဲသို့မဝင်ကြစေနှင့်” ဟု အတိအလင်းပြောခဲ့သည်။ (လုကာ ၂၁:၂၀၊ ၂၁) ဤ “အောင်ပွဲခံ” ဒ င်္ဂါးများကို ပြုလုပ်သူများသည် သူတို့အား ဖျက်ဆီးရန် စောင့်ဆိုင်းနေသည်ကို သိရှိပုံမရကြချေ။
စီအီး ၇၀ ခုနှစ်တွင် ရောမစစ်တပ်သည် ပြန်လာခဲ့ပြီး ယေရုရှလင်ကို နိုင်နင်းကာ ဗိမာန်တော်ကို ဖျက်ဆီးခဲ့သည်။ ဂျိုစီးဖပ်စ်အရ မြို့ထဲတွင် ပသခါအတွက် စုရုံးနေသော လူတစ်သန်းကျော်ကို သူတို့သတ်ပစ်ခဲ့ကြသည်။ ရောမဗိုလ်ချုပ်တိတုသည် ဤအောင်ပွဲနှင့် သူ၏ညီအစ်ကို ဒိုမီရှန်၏မွေးနေ့ကို ကဲသရိကစားကွင်းကြီးထဲတွင် ကစားပွဲများနှင့် ကျင်းပခဲ့သည်။ ထိုတွင် ထောင်သား ၂၅၀၀ ကိုသားရဲများထံပစ်ချခြင်း၊ မီးရှို့ခြင်း သို့မဟုတ် ဓားရေးပြရာ၌ အသတ်ခံခဲ့ရကြသည်။
နောက်ပြခန်းတွင် သားမြတ်အများအပြားရှိသော ဧဖက်မှ ပေါက်ဖွားနှုန်းကောင်းစေသည့် ဘုရားမအာတေမိ၏ရုပ်တုတစ်ခု ရှိသည်။ ဧဖက်တွင် ပေါလုဟောပြောခဲ့စဉ် လူအများ ထိုဝတ်ပြုကိုးကွယ်ရေးကိုစွန့်ပြီး ယေရှုခရစ်နောက်လိုက်သည့်အတွက် ရုတ်ရုတ်သဲသဲဖြစ်အောင်ပြုသူများသည် ယင်းအာတေမိရုပ်တု ကိုးကွယ်သူများပင်ဖြစ်သည်။—တမန်တော် ၁၉:၂၃-၄၁။
ပြသထားသော အိုးခြမ်းပဲ့များက ကျမ်းစောင်များတွင် ဖေါ်ပြထားသည့်အတိုင်း ပထမရာစု ခရီးလမ်း၏ကျယ်ပြန့်ပုံကို ဖေါ်ပြနေသည်။ ရှေးကုန်လှောင်ရုံတစ်ခု၌ပင် ဝေးလံ၍ သီးခြားနေရာများဖြစ်သော ယူဂိုစလားဗီးယား၊ အီတလီ၊ စပိန်နှင့် မြောက်အာဖရိကမှ အိုးခြမ်းပဲ့များတွေ့ခဲ့ရသည်။ ထိုမျှလောက်သော ခရီးဆန့်ခြင်းကိုကြည့်ခြင်းဖြင့် ရောမအင်ပါယာ၏ ဝေးလံသောနေရာများမှ ဧည့်သည်များ စီအီး ၃၃ ခုနှစ်တွင် ပင်တေကုတ္တေပွဲနေ့၌ ယေရုရှလင်တွင် ရောက်ရှိနိုင်ခြင်းဖြစ်သည်။ ထိုတွင် သူတို့ဘာသာစကားနှင့် သတင်းကောင်းကို ကြားခဲ့ရပြီး ယုံကြည်သူများဖြစ်လာကာ၊ နှစ်ခြင်းခံခဲ့ကြသည်။ အချို့သည် မိမိတို့နယ်မြေများသို့ ကဲသရိသင်္ဘောများစီးနင်းကာ သတင်းကောင်းယူဆောင်သွားဖွယ် ရှိလေသည်။—တမန်တော် အခန်းကြီး ၂။
နောက်တစ်ခန်းတွင် တတိယ သို့မဟုတ် စတုတ္ထရာစုမှ သလင်းကျောက်ပြားဖြင့်ပြီးသော ထောင့်မှန်ကိုက်လုပ်ထားသော ဘယက်ပြားဖြူကြီးရှိသည်။ ယေရုရှလင်ဗိမာန်တွင် အမှုဆောင်ခဲ့သော ယဇ်ပုရောဟိတ်အမျိုးအနွယ်များ၏ အစီအစဉ်အတိုင်း အပိုင်း ၂၄ ပိုင်းကိုမူလက ဖေါ်ပြထားသည်။ ယင်းဗိမာန်သည် နှစ်ရာပေါင်းများစွာ ပျက်သုဉ်းလျက်ရှိပြီး ယင်းကိုမကြာမီ ပြန်တည်ဆောက်မည်ဟု ဂျူးများယုံကြည်ကြသည်။ နှစ်ရာစုများစွာ ကြာမြင့်သည့်တိုင် သူတို့လက်ထက်တွင် ဘုရားသည် ယဇ်ပုရောဟိတ်အစီအစဉ်များကို ပြန်တည်ထောင်ရန် ဆုတောင်းကြလျက်ရှိသည်။ သို့သော် ဗိမာန်ကိုပြန်မတည်ထောင်ခဲ့။ ယေရှုက ယင်း၏ဖျက်ဆီးခြင်းကို ဟောခဲ့ပြီးဖြစ်သည်။ ယင်းကိုမဖျက်ဆီးမီ ဖါရိရှဲဖြစ်ခဲ့သူ ဂျူးလူမျိုးတမန်တော်ပေါလုက ဘုရားသည် ယင်းဗိမာန်ကို ပို၍ကောင်းသော၊ ပို၍ကြီးကျယ်သောဗိမာန်၊ ယေရုရှလင်ရှိ လူ့လက်ဖြင့်ပြုလုပ်သော အဆောက်အအုံ ပုံဆောင်သော သို့မဟုတ် ကိုယ်စားပြုသော ဝိညာဏဗိမာန်ဖြင့် အစားထိုးလိုက်ကြောင်း ညွှန်ပြခဲ့သည်။—မဿဲ ၂၃:၃၇–၂၄:၂။ ဟေဗြဲ အခန်းကြီး ၈၊ ၉။
ရာစုပေါင်းများစွာကုန်ဆုံးခဲ့ပြီး အောင်နိုင်သူများလာလိုက်၊ ပျောက်လိုက်ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ကဲသရိ၏ အပျက်အစီးများ ပင်လယ်သဲမြေအောက် နစ်မြုပ်ခဲ့ရသည်။ ထိုတွင် ယင်းတို့သည် မျက်မှောက်ခေတ် ရှေးဟောင်းသုတေသနပညာရှင်များကို စောင့်ဆိုင်းခဲ့ပြီး သူတို့၏တွေ့ရှိချက်များက ရှေးအချိန် အသက်တာအကြောင်း ကျွန်ုပ်တို့ပိုနားလည်ရန်နှင့် ဘုရားနှုတ်ကပတ်တော် သမ္မာကျမ်းစာမှ ဖတ်ရသောအကြောင်းတချို့ကို ပိုသိရှိရန် ကူညီပေးခဲ့လေသည်။
[အောက်ခြေမှတ်ချက်များ]
a ယင်းကို ဝါရှင်တန် ရှိသဘာဝသမိုင်းမှ အမျိုးသားပြတိုက်၊ လော့စ်အင်ဂျလစ် ရှိသဘာဝသမိုင်းပြတိုက်နှင့် ကော်လိုရာဒို၊ ဒင်ဗာရှိ သဘာဝသမိုင်း ပြတိုက်တွင်တင်ပြပြီးဖြစ်သည်။ အခြားပြသရန်စီစဉ်ထားသော နေရာများတွင် စိန့်ပေါရှိ မင်နီစိုတာပြတိုက်နှင့် ဘောစ်တွန်သိပ္ပံပြတိုက်နှင့် အောက်တဝါရှိ ကနေဒါယဉ်ကျေးမှုပြတိုက် များပါဝင်သည်။
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
တစ်ချ် (Tyche) ကဲသရိ“ ကံကောင်း ” သောဘုရားမ
[Picture Credit Lines on page 29]
Pictorial Archive (Near Eastern History) Est.
Courtesy of the Natural History Museum of Los Angeles County
[Picture Credit Lines on page 30]
Aaron Levin
Israel Department of Antiquities and Museums; photographs from Israel Museum, Jerusalem
Courtesy of the Natural History Museum of Los Angeles County