လူသည် ပရဒိသုတွင် ဘဝကို ပျော်မွေ့ရန် ဘုရားသခင်ကြံရွယ်တော်မူ၏
“ထိုအခါ (ယေဟောဝါ) ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစေခြင်းငှာ ထားတော်မူ၏။”—ကမ္ဘာဦး ၂:၁၅။
၁။ နာခံသော လူသားများနှင့်စပ်လျဉ်းသော ဖန်ဆင်းရှင်၏ မူလရည်ရွယ်ချက်ကားအဘယ်နည်း။
ဖ န်ဆင်းတော်မူရှင်၏ မူလရည်ရွယ်တော်မူချက်မှာ၊ နာခံမှုရှိသော လူသားတို့သည် မအိုသောအသက်၌ ပျော်မွေ့ရန်၊ လူငယ့်အားမာန် အစဉ်ပြည့်ဖြိုးနေရန်၊ ငြီးငွေ့ခြင်းမရှိဘဲ မွန်မြတ်သော ရည်ရွယ်ချက်ကို အစဉ်အကောင်အထည်ဖေါ်ရန်၊ ပရဒိသုတွင် စုံလင်ပြည့်ဝလျက် ကိုယ်ကျိုးမဖက်သော မေတ္တာစစ်မေတ္တာမှန်ဖြင့် သူတစ်ပါးကိုချစ်၍ သူတစ်ပါးချစ်ခြင်းကို ထပ်တူခံစားစေရန်ဖြစ်သည်။ ယခုတိုင်အောင် ထိုအတိုင်းရည်ရွယ်ထားတော်မူ၏။—ကမ္ဘာဦး ၂:၈။ လုကာ ၂၃:၄၂၊ ၄၃နှင့်နှိုင်းယှဉ်ပါ။
၂။ (က) ပထမလူယောက်ျား အသိစိတ်ဝင်လာသောအချိန်၌ ဘာဖြစ်ခဲ့ဖို့အကြောင်းရှိသနည်း။ (ခ) ပထမလူယောက်ျား အဘယ်အချိန်၊ အဘယ်နေရာနှင့် တစ်နှစ်တာ၏ အဘယ်အချိန်ပိုင်းတွင် ဖန်ဆင်းခံရသနည်း။
၂ ၄င်းကိုပြန်လည် သတိရရန်အတွက် ပူပူနွေးနွေး ဖန်ဆင်းစအာဒံ ပထမဦးဆုံးအသိစိတ်ဝင်၍ မိမိကိုယ်ခန္ဓာမှစ၍ မြင်သမျှ၊ ကြားသမျှ၊ ထိတွေ့ခံစားရသမျှကို ဆန်းစစ်ကာ မိမိအသက်ရှင်နေပါလားဟု ရုတ်တရက် သိမြင်လာသောအချိန်ကာလကို ပြန်ပြောင်းကြည့်လိုက်ပါ။ ဤအဖြစ်အပျက်သည် လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ ခန့်ကဖြစ်ပျက်သည်။ သမ္မာကျမ်းစာမှ အချိန်ကာလ ရေတွက်ပုံအရဆိုလျှင် ကျွန်ုပ်တို့ခေတ်သက္ကရာဇ် မတိုင်မီ ၄,၀၂၆ ခုနှစ်တွင်ဖြစ်သည်။ ဖြစ်ပျက်ရာဒေသမှာ ယနေ့တူရကီနိုင်ငံ၊ အာရှတိုက်ဟု ယနေ့ခေါ်ဝေါ်သောဒေသ၏ အနောက်တောင်ပိုင်း၊ ယူဖရေးတီးစ်မြစ်နှင့် တိုက်ဂရစ္စမြစ်နှစ်မြွှာ ဝန်းကျင်၌ဖြစ်သဖြင့်ကမ္ဘာ့မြောက်ခြမ်းတွင်ကျသည်။ အချိန်ကာလမှာ အောက်တိုဘာလ ၁ ရက်ခန့်ဖြစ်သည်။ လူသားတို့၏ ရှေးအကျဆုံးပြက္ခဒိန်များသည် ထိုရက်စွဲမှ စတင်ရေတွက်ကြ၍ဖြစ်သည်။
၃။ (က) မည်သည့်အခြေအနေမျိုး၌ ပထမလူယောက်ျားအသက်ရှင်လာခဲ့သနည်း။ (ခ) ပထမလူယောက်ျား အဘယ်နာမည်ရလာသနည်း။ ၄င်းနာမည်၏ အဓိပ္ပာယ်ကားအဘယ်နည်း။
၃ ပထမလူယောက်ျားသည် စုံလင်သော ကိုယ်ကာယနှင့်အတူ အရွယ်ရောက်ပြီးသူအဖြစ် အသက်ရှင်လာသည်။ ကျန်းမာသန်စွမ်း၍ စာရိတ္တကြံ့ခိုင်သည်။ သမ္မာကျမ်းစာ၌ ကြိမ်ဖန်များစွာခေါ်ဆိုထားသည့် သူ့နာမည်က သူ့ကိုယ်ခန္ဓာကို ပုံသွင်းရာတွင် အသုံးပြုခဲ့သောဒြပ်ပစ္စည်းကို အာရုံပြုစေသည်။ သူ့နာမည်မှာ အာဒံ (’A·dham΄)aဖြစ်သည်။ သူဖြစ်ပေါ်လာရာ မြေကြီး သို့မဟုတ် မြေမှုန့်ကို အာဒါမာ (’a·dah·mah΄) ဟုခေါ်သည်။ ထို့ကြောင့် သူ့နာမည်၏အဓိပ္ပာယ်မှာ “မြေကြီးသား” ဟုဆိုနိုင်သည်။ ဤကား ပထမလူယောက်ျား အာဒံ၏ကိုယ်ပိုင်နာမည်ဖြစ်လာသည်။ အာဒံသည် အသက်ရှင်၍ အသိစိတ်နှင့်အသိဉာဏ်ရှိသော ပုဂ္ဂိုလ်ဖြစ်လာချိန်၌ အလွန်ထူးကဲသော အာရုံခံစားချက်ဖြစ်ခဲ့ပေလိမ့်မည်။
၄။ ပထမလူယောက်ျား အဘယ်ထူးခြားသော အခြေအနေ၌ အသက်ရှင်လာခြင်းမဟုတ်သနည်း။ ထို့ကြောင့်သူသည် အဘယ်အရာ၏ သားမြေးမဟုတ်သနည်း။
၄ ဤပထမလူယောက်ျားအာဒံသည် အသက်ရှင်၍ အသိဉာဏ်ရှိသော အသိစိတ်ဝင်ပြီး မျက်စိကိုဖွင့်လိုက်သောအခါ၌ မိမိသည် အမွေးစုတ်ဖွားနှင့် ရင်ခွင်တစ်ခွင်တွင် လဲလျောင်းနေပြီး လူဝံကဲ့သို့သော သတ္တဝါအမတစ်ကောင်၏ သန်မာရှည်လျားသော လက်မောင်းဖြင့် ထွေးပိုက်ထားခြင်း၊ မိမိကလည်း ခေါင်းကိုမော့လျက် ထိုသတ္တဝါကို ချစ်ခင်စုံမက်စွာကြည့်ပြီး အမေဟု ခေါ်ခြင်းမရှိခဲ့ပေ။ ပထမလူအာဒံသည် အသက်ရှင်လာရာတွင် ထူးဆန်းသော ထိုအတွေ့အကြုံမျိုးမကြုံခဲ့ရပေ။ လူဝံနှင့် သွေးသားတော်စပ်မှုရှိသည်ဟု သူမခံစားရပေ။ လူဝံတစ်ကောင်ကို ပထမဦးဆုံးတွေ့ရသောအခါ၌ပင် ထိုသို့သောခံစားမှုမျိုးမရှိခဲ့ပေ။ သူဖန်ဆင်းခံရသောနေ့၌ သူသည် လူဝံတစ်ကောင် သို့မဟုတ် လူဝံနှင့်တူသော သတ္တဝါတစ်ကောင်ကောင်၏ သားမြေးဖြစ်သည်ဟူသော အရိပ်အမြွက်လုံးဝမတွေ့ခဲ့ရပေ။ သို့သော်၊ ပထမလူအာဒံအနေဖြင့် မိမိမည်သို့ဖြစ်လာသည်အကြောင်းကို အလျဉ်းမသိရဘဲ နေခဲ့သလော။ မနေခဲ့ပါ။
၅။ အာဒံအနေဖြင့် မိမိ၏ ပန်းခြံကဲ့သို့သော ဥယျာဉ်မှစ၍ မိမိကိုယ်တိုင်နှင့်ပတ်သက်၍ ဘာကိုအသေအချာသိရှိသနည်း။
၅ အာဒံအနေဖြင့် မြင်မြင်သမျှလှပသည့် အရာအားလုံး မည်သို့ဖြစ်ပေါ်လာသည်ကို နားမလည်နိုင်ဘဲဖြစ်ခဲ့မည်မှာ ရှင်းပါသည်။ သူသည် မိမိကြံဆတီထွင်၊ ဖန်တီးစီစဉ်ရာမဟုတ်သော ပန်းခြံကဲ့သို့သော ဥယျာဉ်၊ ပရဒိသုအတွင်းရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ၄င်းပရဒိသုမည်သို့ဖြစ်ပေါ်လာသနည်း။ အသိဉာဏ်နှင့် ပြည့်စုံ၍ စဉ်းစားဆင်ခြင်တတ်သူအနေနှင့် သူသိချင်မည်မှာ သဘာဝကျပါသည်။ ယခင်က တွေ့ကြုံမှု သူ၌ မရှိခဲ့ပေ။ မိမိသည် မိမိဖာသာဖန်တီးဖြစ်ပေါ်လာသူ မဟုတ်ကြောင်းသူသိသည်။ သူ၏ကိုယ်ပိုင်အားထုတ်မှုဖြင့် ဤအဆင့်သို့ရောက်အောင် သူ့ကိုယ်သူ မြှင့်တင်ခဲ့ခြင်းမဟုတ်ပေ။—ဆာလံ ၁၀၀:၃။ ၁၃၉:၁၄ နှင့်နှိုင်းယှဉ်ပါ။
၆။ အာဒံအနေဖြင့် ပြည့်စုံသော မြေကြီးစံအိမ်တွင် အသက်ရှင်ရခြင်းအတွက် မည်သို့ တုံ့ပြန်ခဲ့ဖွယ်ရှိသနည်း။
၆ ပထမလူအာဒံသည် ပြည့်ဝစုံလင်သော မြေကြီးစံအိမ်အတွင်း ရွှင်လန်းစွာအသက်ရှင်ရသည့် အဦးဆုံးတွေ့ကြုံမှုကြောင့် အစပိုင်း၌ အလွန်စိတ်လှုပ်ရှားနေသဖြင့် မိမိအဘယ်မှလာပြီး အဘယ်ကြောင့်အသက်ရှင်နေသည်ကိုပင် တွေးမိချင်မှတွေးမိမည်။ ရင်တွင်းမှ ပီတိအဟုန်ပွင့်အံလာသည်။ နှုတ်ဖျားမှ စကားလုံးများထွက်လာသည်။ သူကိုယ်တိုင် လူ့ဘာသာစကားပြောသည်ကိုလည်းကောင်း၊ မြင်ရ၊ ကြားရသော ချစ်စရာအရာများအကြောင်း ဝေဖန်ပြောဆိုသည်ကိုလည်းကောင်း သူကြားရသည်။ ဤပရဒိသုဥယျာဉ်အတွင်း နေထိုင်ရသည်မှာ မည်မျှကောင်းမြတ်လှသည်တကား။ သူသည် မြင်ရသောအရာ၊ ကြားရသောအသံ၊ အနံ့အသက်တို့နှင့် ထိတွေ့သည့်အရာများမှ အကြောင်းအရာပို၍ သိမြင်လာသည်နှင့်အမျှ သူစဉ်းစားတွေးတောလာမည်။ သူ့အခြေအနေမျိုး၌ ကျွန်ုပ်တို့ရောက်ရှိခဲ့သည်ရှိသော် အဖြစ်အပျက်တစ်ခုလုံးနှင့် ပတ်သက်၍ နားမလည်နိုင်အောင်ဖြစ်ခဲ့ပေမည်။ ထိုလျှို့ဝှက်နက်နဲရာကို ကိုယ့်ဖာသာကိုယ်ဖြေရှင်းနိုင်ခဲ့မည်မဟုတ်ပေ။
လူသားတည်ရှိခြင်းမှာ လျှို့ဝှက်နက်နဲရာမဟုတ်
၇။ အာဒံအနေဖြင့် အသက်ရှင်နေခြင်း၊ ပရဒိသုဥယျာဉ်အတွင်း နေထိုင်ရခြင်းနှင့် ပတ်သက်၍ အဘယ်ကြောင့်နားမလည်နိုင်ဘဲ ကြာကြာမနေခဲ့ရသနည်း။
၇ ပထမလူအာဒံသည် ပရဒိသုဥယျာဉ်အတွင်း၌ မိမိနှင့်တူသောသူ တစ်ယောက်မှမရှိဘဲ တစ်ဦးတည်းနေရသည့်အခြေအနေနှင့် ပတ်သက်၍ ကြာကြာ ဦးနှောက်မခြောက်လိုက်ရပါ။ အသံတစ်သံကြားရသည်။ တစ်စုံတစ်ယောက်စကားပြောနေသည်။ ထိုစကားကို သူနားလည်သည်။ သို့သော် စကားပြောနေသူ အဘယ်မှာနည်း။ စကားပြောနေသူကို မတွေ့ရပေ။ ထိုအသံသည် မျက်မြင်မရအရူပနယ်ပယ်မှ လာခြင်းဖြစ်ပြီး သူနှင့်ပြောနေခြင်းဖြစ်သည်။ လူ့ဖန်ဆင်းရှင်၏ အသံတော်ဖြစ်သည်။ လူကလည်း ထပ်တူစကားမျိုးဖြင့် ပြန်လည်ဖြေကြားနိုင်ခဲ့သည်။ ဖန်ဆင်းရှင်ဘုရားသခင်နှင့် မိမိစကားပြောနေကြောင်း သူသိလိုက်သည်။ ဘုရားသခင့်အသံတော်ကို ကြားနိုင်ရန် လူသည် ခေတ်မှီသိပ္ပံရေဒီယိုအသံဖမ်းစက် မလိုအပ်ခဲ့ပေ။ ဘုရားသခင်သည် မိမိဖန်ဆင်းသောလူနှင့် တိုက်ရိုက်စကားပြောတော်မူ၏။
၈၊ ၉။ (က) အဘယ်မေးခွန်းများ၏ အဖြေကို အာဒံရခဲ့ဖွယ်ရှိသနည်း။ အဘယ်ဖခင်ကဲ့သို့သော စောင့်ရှောက်မှုနှင့် စိတ်ဝင်စားမှုတို့ကို သူခံစားခဲ့ရသနည်း။ (ခ) ကောင်းကင်ခမည်းတော်ထံမှ အဘယ်အဖြေကို အာဒံရရှိခဲ့သနည်း။
၈ ယခုထိုလူယောက်ျားသည် မိမိတစ်ဦးတည်သာရှိသည်မဟုတ်ကြောင်း သိမြင်လာသဖြင့် ပို၍သက်သောင့်သက်သာရှိခဲ့ပေမည်။ သူ့စိတ်ထဲ၌ မေးခွန်းများနှင့်ပြည့်ကျပ်နေသည်။ မိမိနှင့်စကားပြောသူအရူပအရှင်အား သူမေးမြန်းနိုင်သည်။ သူမှစ၍ ဤသာယာလှပသော ဥယျာဉ်ကို မည်သူဖန်ဆင်းသနည်း။ သူ့အားအဘယ်ကြောင့် ထိုတွင်နေရာချထားသနည်း။ သူ့ဘဝကို သူမည်သို့ အသုံးချရမည်နည်း။ ဘဝ၌ရည်ရွယ်ချက် တစ်စုံတစ်ရာရှိပါသလော။ ဖန်ဆင်းရှင်သည် ပထမလူအာဒံအပေါ်ဖခင်သဖွယ် စောင့်ရှောက်၍ စိတ်ဝင်စားတော်မူ၏။ အကြောင်းမှာ ထိုမေးခွန်းများကို ကိုယ်တော်ဖြေကြားခြင်းအားဖြင့် အာဒံ၏ စူးစမ်းတတ်သော ဦးနှောက်ကိုကျေနပ်စေခဲ့၍တည်း။ လူစ၍စကားပြောသည်ကို လူ့ဖန်ဆင်းရှင်နှင့်အသက်သခင်ဖြစ်သော ကောင်းကင်ခမည်းတော် မည်မျှကြည်နူးချမ်းမြေ့တော်မူခဲ့မည်တကား။ ကောင်းကင်ခမည်းတော်အနေဖြင့် မိမိသားတော် မိမိနှင့်စကားပြောသည်ကို ကြားရသောအခါ မည်မျှရွှင်လန်းခဲ့မည်တကား။ ပထမဆုံးမေးခွန်းမှာ “ကျွန်တော်ဘယ်လိုဖြစ်လာတာလဲ” ဟူ၍ ဖြစ်ဖွယ်ရှိသည်။ ကောင်းကင်ခမည်းတော်သည် ဤမေးခွန်းကို နှစ်သက်သဘောကျစွာ ဖြေဆိုတော်မူသည်။ ဤသို့ဖြင့် ထိုပထမလူသည် မိမိသားတော်ဖြစ်ကြောင်း အသိအမှတ်ပြုတော်မူ၏။ သူသည် ‘ဘုရားသခင်၏သားတော်’ တစ်ပါးဖြစ်သည်။ (လုကာ ၃:၃၈) ယေဟောဝါကလည်း မိမိသည် ယင်းပထမလူအာဒံ၏ ခမည်းတော်ဖြစ်ကြောင်း သိမြင်စေသည်။ ကောင်းကင်ခမည်းတော်ထံမှ ရရှိသော အဖြေ၏အနှစ်ချုပ်ကား အောက်ပါအတိုင်းဖြစ်ပြီး၊ ၄င်းကိုသားမြေးတို့အား သူလက်ဆင့်ကမ်းပေးခဲ့သည်။
၉ “ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇိဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏။ ထာဝရအရှင်ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင် ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။ ထိုမြေထဲက အဆင်းလှ၍ စားဖွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင်လည်းရှိ၏။ ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တစ်မြစ်သည် ဧဒင်ဥယျာဉ်အရပ်ထဲကစီးထွက်သဖြင့် ဥယျာဉ်ပြင်မှာ လေးဖြာကွဲ၍ မြစ်မလေးသွယ်ဖြစ်လေ၏။”—ကမ္ဘာဦး ၂:၇-၁၀။b
၁၀၊ ၁၁။ (က) အဘယ်အဖြစ်မှန်များကို အာဒံရှင်းလင်းစွာ သိမြင်ခဲ့သနည်း။ သို့သော် အဘယ်မေးခွန်းများ၏ အဖြေကို သူရဖို့ လိုသေးသနည်း။ (ခ) ကောင်းကင်ခမည်းတော်သည် အာဒံအား အဘယ်အဖြေများပေးခဲ့သနည်း။
၁၀ ကျေနပ်အားရဖွယ်ကောင်းသော ဤအကြောင်းအရာတို့ကို အာဒံ၏ထက်မြက်သော ဦးနှောက်က ထက်သန်စွာလက်ခံထားလိုက်သည်။ မိမိသည် ဖန်ဆင်းရှင်စကားပြောနေသော အရူပနယ်ပယ်မှ ဖြစ်ပွားလာသူမဟုတ်ကြောင်း ယခုသူသိလိုက်လေသည်။ မိမိနေထိုင်ရာ ဤမြေကြီးမှ ဖြစ်လာခြင်းဖြစ်သဖြင့် မြေကြီးသားဖြစ်သည်။ သူ၏ အသက်သခင်နှင့်ခမည်းတော်မှာ ယေဟောဝါဘုရားသခင်ဖြစ်တော်မူသည်။ မိမိသည် ‘အသက်ရှင်သောဝိညာဉ်စိုးလ်’ ဖြစ်သည်။ ယေဟောဝါဘုရားသခင်ထံတော်မှ အသက်ကိုရရှိခြင်းဖြစ်သဖြင့် “ဘုရားသခင့်၏သားတော်” ဖြစ်သည်။ ဧဒင်ဥယျာဉ်အတွင်း ပေါက်ရောက်သောအပင်တို့သည် စားစရာကောင်းသော အသီးများသီးပြီး ယင်းတို့ကိုစား၍ သူဆက်လက်အသက်ရှင်သွားနိုင်သည်။ သို့သော်လည်း၊ သူအဘယ်ကြောင့် ဆက်၍ အသက်ရှင်သွားရမည်နည်း။ ကမ္ဘာပေါ်ရှိ ဧဒင်ဥယျာဉ်အတွင်း သူ့အားအဘယ်ကြောင့် နေရာချထားသနည်း။ သူသည် အပြည့်အဝ အရွယ်ရောက်ပြီးသူဖြစ်သည့်ပြင် အသိဉာဏ်နှင့် ကာယစွမ်းရည်ရှိသူဖြစ်ရကား ထိုအကြောင်းများကို သိထိုက်ပေသည်။ ထိုသို့မဟုတ်လျှင် ဘဝရည်ရွယ်ချက်ကို ပြည့်ဝအောင်လုပ်၍ အလိုတော်ကိုဆောင်ခြင်းအားဖြင့် ဖန်ဆင်းရှင်နှင့် ခမည်းတော်စိတ်တော်တွေ့အောင် မည်သို့ပြုလုပ်နိုင်အံ့နည်း။ ဤလျောက်ပတ်သော မေးခွန်းများ၏အဖြေကို အောက်ပါအကြောင်းအရာတွင် ပေးထားသည်။
၁၁ “ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍၊ ဧဒင်ဥယျာဉ်ကို ပြုစုစေခြင်းငှာ ထားတော်မူ၏။ ထာဝရအရှင်ဘုရားသခင်ကလည်း၊ ‘ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး၊ ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကို သင်စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။’”—ကမ္ဘာဦး ၂:၁၅-၁၇။
၁၂။ အာဒံသည် အဘယ်အတွက် ဖန်ဆင်းရှင်၏ ကျေးဇူးတော်ချီးမွမ်းခဲ့မည်နည်း။ လူသည် ဘုရားသခင်၏ဘုန်းတော်ကို အဘယ်သို့ချီးမွမ်းနိုင်သနည်း။
၁၂ အာဒံအနေဖြင့် ဤလှပသော ဧဒင်ဥယျာဉ်အတွင်း၌ အကျိုးရှိသောအလုပ် ပေးအပ်ထားခြင်းအတွက် ဖန်ဆင်းရှင်အားကျေးဇူးတင်ခဲ့ပေမည်။ ယခု ဖန်ဆင်းရှင်၏ အလိုတော်ကို သိရပြီ။ ကိုယ်တော်.အတွက် မြေကြီးပေါ်တွင် တစ်စုံတစ်ခု လုပ်ဆောင်ပေးနိုင်သည်။ ဧဒင်ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုး၍ ပြုစုစောင့်ရှောက်ရန် တာဝန်ရထားသည်။ ပျော်စရာအလုပ်ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ဧဒင်ဥယျာဉ်၏ အလှကျက်သရေကို ဆက်လက်ထိန်းသိမ်းပြီး၊ ၄င်းကို ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်၏ ဘုန်းတော်ကိုလည်း ထင်ရှားစေသည်။ အာဒံအနေဖြင့် အလုပ်လုပ်၍ ဆာမွတ်လာသောအခါတိုင်း ဥယျာဉ်အတွင်းရှိ အပင်တို့မှ အသီးများကို စိတ်တိုင်းကျ စားနိုင်သည်။ ဤသို့ဖြင့် သူသည် အားသစ်တက်လှမ်းပြီး၊ ထာဝစဉ်ပျော်ရွှင်စွာ အသက်ရှင်သွားနိုင်မည်။—ဒေသနာ ၃:၁၀-၁၃ နှင့်နှိုင်းယှဉ်။
ထာဝရအသက်မျှော်လင့်ရာအလားအလာ
၁၃။ ပထမလူယောက်ျား၌ အဘယ်မျှော်လင့်ချက် အလားအလာရှိသနည်း။ အဘယ်ကြောင့် ထိုသို့ရှိသနည်း။
၁၃ ထာဝရဟုတ်စ။ စုံလင်သောလူအဖို့ ယင်းသည်မယုံကြည်နိုင်စရာ စိတ်ကူးဖြစ်ပေမည်။ အဘယ်ကြောင့်မဖြစ်နိုင်ရသနည်း။ သူ၏ ဖန်ဆင်းရှင်သည် ပြောင်မြောက်စွာတည်ဆောက်ထားသော ယင်းဧဒင်ဥယျာဉ်ကို ဖျက်ဆီးပစ်ရန် လုံးဝအကြံအစည်မရှိပေ။ ကိုယ်တော်၏ လက်ရာတော်များသည် ဤမျှကောင်းမြတ်၍ ပြောင်မြောက်လှရာ ယင်းတို့ကို အဘယ်ကြောင့် ကိုယ်တော်ဖျက်ဆီးပစ်ရမည်နည်း။ ဆင်ခြင်တုံတရားအရ ဤသို့ပြုရန် ကိုယ်တော်လုံးဝရည်ရွယ်တော်မူမည်မဟုတ်ပေ။ (ဟေရှာယ ၄၅:၁၈) ပြိုင်ဘက်ကင်းသော ဤဥယျာဉ်သည် ထွန်ယက်စိုက်ပျိုးသွားရမည်ဖြစ်ရကား စုံလင်သောလူအာဒံကဲ့သို့သော စိုက်ပျိုးသူ၊ စောင့်ရှောက်သူတစ်ဦး လိုအပ်ပေမည်။ ပြုစုစောင့်ရှောက်သူသည် တားမြစ်ထားသော “ကောင်းမကောင်းသိကျွမ်းရာအပင်” ၏ အသီးကို မစားဘဲနေခဲ့သော် ဘယ်သောအခါမျှ သေမည်မဟုတ်ပေ။ စုံလင်သောလူသည် ထာဝရအသက်ရှင်သွားနိုင်သည်။
၁၄။ အာဒံအနေဖြင့် ပရဒိသုတွင် ထာဝရအသက်မည်သို့ ရနိုင်ခဲ့မည်နည်း။
၁၄ အာဒံရှေ့မှောက်တွင် ပရဒိသုဧဒင်ဥယျာဉ်၌ ထာဝရအသက်ရှင်ခြင်း မျှော်လင့်ချက်ရှိနေသည်။ ဖန်ဆင်းရှင်အား အကြွင်းမဲ့ နာခံပြီး တားမြစ်ထားသော အသီးကို ဘယ်သောအခါမျှ မစားဘဲနေခဲ့သည်ရှိသော် ထိုကောင်းချီးကို သူထာဝစဉ်ခံစားသွားနိုင်သည်။ ထိုစုံလင်သောလူသည် အစဉ်နာခံမှုရှိပြီး၊ ထာဝစဉ်အသက်ရှင်သွားရန် ကိုယ်တော်အလိုရှိတော်မူ၏။ “ကောင်းမကောင်းသိကျွမ်းရာအပင်” ၏ အသီးကို မစားရန် တားမြစ်ခြင်းသည် သေစေတတ်သော ကိစ္စမဟုတ်ပေ။ ခမည်းတော်အပေါ် အကြွင်းမဲ့ နာခံမှုရှိမရှိ စမ်းသပ်ချက်တစ်ရပ်သာဖြစ်သည်။ ဖန်ဆင်းရှင်ဘုရားသခင်အပေါ် မေတ္တာရှိကြောင်း ပြသခွင့်လည်းရရှိစေသည်။
၁၅။ အာဒံသည် ဖန်ဆင်းရှင်လက်တော်မှကောင်းချီးနှင့်အတူ တောက်ပသောအနာဂတ်ကို အဘယ်ကြောင့်မျှော်လင့်နိုင်ခဲ့သနည်း။
၁၅ မိမိသည် မတော်တဆ တိုက်ဆိုင်၍ဖြစ်ပေါ်လာသူမဟုတ်ဘဲ၊ ကောင်းကင်ခမည်းတော်၏ ဖန်ဆင်းခံအရာဖြစ်ကြောင်း သိရသဖြင့် သူကျေနပ်အားရ၏။ ဉာဏ်ပညာဖွံ့ဖြိုးရင့်သန်လာသည်နှင့်အမျှ ဘဝရည်ရွယ်ချက်ကို နားလည်လာကာ ပရဒိသုတွင် ထာဝရအသက်ရှင်ခြင်းမျှော်လင့်ချက်နှင့်အတူ ဤစုံလင်သောလူသည် တောက်ပသောအနာဂတ်ကို ကြိုတင်မြော်မြင်စီစဉ်ခဲ့ပေမည်။ စားကောင်းသောအပင်တို့၏ အသီးများကိုစား၍ “ကောင်းမကောင်းသိကျွမ်းရာအပင်” ကိုဝေးဝေးရှောင်ခဲ့မည်။ ဖန်ဆင်းရှင်၏ လက်တော်မှ ကောင်းချီးကို သူခံစားလိုသည်။ လုပ်ရသည့်အလုပ်မှာ အကျိုးမရှိသောအလုပ်မဟုတ်ဘဲ၊ ဧဒင်ဥယျာဉ်ကို စိုက်ပျိုးပြုစုရသော ကောင်းမြတ်သည့်အလုပ်ဖြစ်သဖြင့် ထိုစုံလင်သောလူသည် အားသွန်ခွန်စိုက်လုပ်ကိုင်၏။
ထုချေရှင်းလင်းရန် တာဝန်ရှိသည်ဟု မခံစားရ
၁၆-၁၈။ လျှို့ဝှက်ဆန်းကြယ်သည်ဆိုသော အဘယ်အရာများကို ဖြေရှင်းရန် တာဝန်ရှိသည်ဟု အာဒံမခံစားရသနည်း။ အဘယ်ကြောင့်နည်း။
၁၆ လူသည် မိုးကောင်းကင်တွင် ရွေ့လျားနေသော အလင်းအိမ်ကြီးအနောက်ဘက်သို့ ဝင်သွားသည်နှင့်အမျှ နေ့အလင်းမှေးမှိန်လာကာ အမှောင်ထုဖုံးလွှမ်းလာပြီး လထွက်လာသည်ကို တွေ့မြင်ရသည်။ သူကြောက်ရွံ့စိုးရိမ်စိတ်မဝင်ခဲ့ပေ။ လမှာညဉ့်ကို အုပ်စိုးသော အလင်းအိမ်အငယ်ဖြစ်သည်။ (ကမ္ဘာဦး ၁:၁၄-၁၈) ပိုးစုန်းကြူးလေးများသည် ဥယျာဉ်အနှံ့ပျံဝဲလျက် သူတို့၏ အေးမြသော အလင်းမှာလည်း မှန်အိမ်လေးများပမာ လင်းတစ်ချီ မှိန်တစ်လှည့်ဖြစ်နေခဲ့ဖွယ်ရှိသည်။
၁၇ အမှောင်လွှမ်းသော ညဉ့်ရောက်လာသည်နှင့် သူသည် အနီးတစ်ဝိုက်ရှိတိရစ္ဆာန်များနည်းတူ အိပ်ဖို့လိုကြောင်း ခံစားရသည်။ နိုးလာသောအခါ ဗိုက်ဆာကြောင်း သတိပြုမိသဖြင့် စားခွင့်ပြုထားသော အပင်များမှ အသီးများကို နံနက်စာအဖြစ် မြိန်ရေယှက်ရေ တစ်ဝကြီးစားလိုက်ပေသည်။
၁၈ တစ်ညတာ နားစက်၍ အားအင်ပြည့်ဖြိုးလန်းဆန်းလာပြီးနောက် သူသည် နေ့ဘက်အလုပ်ကို တစ်ဖန်အာရုံစိုက်လာသည်။ မိမိအနီးတစ်ဝိုက်ရှိအစိမ်းရောင်အပင်များကို ကြည့်လိုက်သောအခါ နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်၌ လူတို့က အလင်းဖြင့် အစာဖွဲ့စည်းခြင်း (photosynthesis) ဟုခေါ်ဆိုသော လျှို့ဝှက်ဆန်းကြယ်မှုကို စူးစမ်းရမည်ဟု သူမယူဆခဲ့ပေ။ ပဟေဠိဆန်သော ဤလုပ်ဆောင်ချက်အားဖြင့် အပင်တို့၏ အစိမ်းရောင်ရှိသော ဒြပ်ပစ္စည်းဖြစ်သည့် ယင်းတို့၏ ကလိုရိုဖီးလ်က အလင်း၏စွမ်းအင်ဖြင့် လူနှင့်တိရစ္ဆာန်တို့ ရှူထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို စုပ်ယူပြီး သူတို့ရှူရှိုက်ရန် အောက်စီဂျင်ဓာတ်ကို ထုတ်ပေးသည်။ ဤဖြစ်စဉ်ကို ဆန်းကြယ်မှုအဖြစ် လူတို့က ကင်ပွန်းတပ်ကောင်းတပ်မည်ဖြစ်သော်လည်း၊ ယင်းကို အာဒံဖြေရှင်းစရာမလိုအပ်ခဲ့ပေ။ လူ့ဖန်ဆင်းရှင်၏ အံ့ဖွယ်အမှုဖြစ်သည်။ ယင်းဖြစ်စဉ်ကို ကိုယ်တော်နားလည်ပြီး၊ မြေကြီးပေါ်ရှိ သတ္တဝါတို့၏ အကျိုးအတွက် လုပ်ဆောင်စေသည်။ ထို့ကြောင့် ပထမလူ၏ စုံလင်သော အသိဉာဏ်တွင် ဖန်ဆင်းရှင်ဘုရားသခင်သည် အရာခပ်သိမ်းကို ကြီးပွားစေကြောင်း၊ လူအားဘုရားပေးသော အလုပ်မှာ ၄င်းအပင်များ ဧဒင်ဥယျာဉ်တွင် ကြီးပွားစေရန် ပြုစုစောင့်ရှောက်ခြင်းသာဖြစ်ကြောင်း သိထားလျှင် လုံလောက်သည်။—ကမ္ဘာဦး ၁:၁၂ ကိုကြည့်ပါ။
တစ်ယောက်တည်းဖြစ်သော်လည်း ပျော်ရွှင်၏
၁၉။ ကမ္ဘာပေါ်တွင် မိမိကဲ့သို့သော အဖေါ်တစ်ယောက်မျှမရှိဘဲ၊ မိမိတစ်ဦးတည်းသာရှိကြောင်း သိရှိသော်လည်း အာဒံဘာမလုပ်ခဲ့သနည်း။
၁၉ လူသည် ကောင်းကင်ခမည်းတော်ထံမှ ပညာဆည်းပူးခြင်းမပြီးသေးပါ။ ကမ္ဘာပေါ်တွင် မိမိနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်မည့် မိမိကဲ့သို့သော သူတစ်ယောက်မျှမရှိဘဲ ဧဒင်ဥယျာဉ်ကို သူစောင့်ရှောက်ခဲ့ရသည်။ လူသားဟူ၍ သူတစ်ဦးတည်းသာရှိသည်။ အဖေါ်အဖြစ် မိမိကဲ့သို့သော သူတစ်ဦးကိုလည်း သူလိုက်မရှာခဲ့ပေ။ ညီတစ်ယောက်သို့မဟုတ် ညီမတစ်ယောက်ပေးရန်လည်း ကောင်းကင်ခမည်းတော်ဘုရားသခင်ထံ မတောင်းလျှောက်ခဲ့ပေ။ တစ်ယောက်တည်းနေရသဖြင့် နောက်ဆုံးတွင် စိတ်ဖောက်ပြန်၍ ဘဝနှင့် အလုပ်အကိုင်တွင် ပျော်ရွှင်မှုမပျောက်ခဲ့ပေ။ အဖေါ်အဖြစ်ဘုရားသခင်ရှိသည်။—ဆာလံ ၂၇:၄ နှင့်နှိုင်းယှဉ်ပါ။
၂၀။ (က) အာဒံ၏ အကြီးဆုံးဝမ်းမြောက်ကြည်နူးမှုကား အဘယ်နည်း။ (ခ) ဤဘဝမျိုးဖြင့် ဆက်၍ စခန်းသွားခြင်းသည် အာဒံအတွက် မခံမရပ်နိုင်သော အခက်အခဲအဘယ်ကြောင့် မဟုတ်သနည်း။ (ဂ) နောက်ဆောင်းပါးတွင် ဘာအကြောင်းဆွေးနွေးမည်နည်း။
၂၀ အာဒံအနေဖြင့် မိမိနှင့်တကွ မိမိလုပ်ငန်းကို ကောင်းကင်ခမည်းတော်စစ်ဆေးနေတော်မူကြောင်းသိသည်။ ဖန်ဆင်းရှင်ဘုရားသခင်၏ စိတ်တော်နှင့် တွေ့အောင်နေထိုင်ခြင်းမှာ သူ့အတွက်အပျော်ရွှင်ဆုံးဖြစ်သည်။ လူ့ပတ်ဝန်းကျင်တွင်ရှိသော လှပသည့် ဖန်ဆင်းရာများအားလုံးက ကိုယ်တော်၏ အံ့သြဖွယ်ရာများကို ထင်ဟပ်ဖေါ်ပြနေသည်။ (ဗျာဒိတ် ၁၅:၃ နှင့်နှိုင်းယှဉ်ပါ) အပြစ်ဆိုစရာမရှိအောင် ဟန်ချက်ညီ၍ ဘုရားသခင်နှင့် စကားပြောဆိုနိုင်သည့် လူအဖို့ ဤဘဝမျိုးဖြင့် ဆက်လက်စခန်းသွားရလျှင်လည်း မခံမရပ်နိုင်သော အကြပ်အတည်းသို့မဟုတ် ငြီးငွေ့ဖွယ်ဘဝမဟုတ်ပေ။ ဘုရားသခင်သည် အာဒံအား စိတ်ဝင်စားဖွယ်ကောင်းချီး၊ အထူးနှစ်လိုဖွယ်ကောင်းသော အလုပ်ကိုပေးအပ်ထားတော်မူသည်။ ထိုအလုပ်သည် သူ့အားအထူးကျေနပ်ပျော်ရွှင်စေမည်ဖြစ်သည်။ လာမည့်ဆောင်းပါးတွင် မေတ္တာရှိသော ဖန်ဆင်းရှင်၏ လက်တော်မှ အာဒံခံစားရသော ပရဒိသုကောင်းချီးများနှင့် မျှော်လင့်ချက်အလားအလာများ အကြောင်းထပ်၍ ဆွေးနွေးတင်ပြပါမည်။
[အောက်ခြေမှတ်ချက်များ]
a ဤစာလုံးမှာ သမ္မာကျမ်းစာမှ ဖန်ဆင်းခြင်း မှတ်တမ်းမှ မူရင်းဘာသာစကားဖြစ်သည်။—ကမ္ဘာဦး ၁:၂၆။ New World Translation Reference Bible အောက်ခြေမှတ်ချက်။
b ကမ္ဘာဦးကျမ်းမှ အကြောင်းအရာများကို ကျွန်ုပ်တို့ခေတ်သက္ကရာဇ်မတိုင်မီ ၁၆ ရာစုနှစ်တွင် မှတ်တမ်းတင်ခဲ့သူ ပရောဖက်မောရှေသည် သူ့ခေတ်အခါက ဗဟုသုတအရ အဆိုပါဧဒင်အရပ်မှ စီးထွက်သောမြစ် အကြောင်းအောက်ပါအတိုင်းဖြည့်စွက်ရေးသားထားသည်။
“ပထမမြစ်ကား ဖိရှုန်အမည်ရှိ၏။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နားတစ်လျှောက်လုံးကို စီးသွားလေ၏။ ထိုပြည်မှ ရွှေသည် ကောင်းလှ၏။ ဗဓလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။ ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြစ်သည် ကုရှပြည်နားတစ်လျှောက်လုံးကို စီးသွားလေ၏။ တတိယမြစ်ကား ဟိဒကေလအမည်ရှိ၏။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ၏။ စတုတ္တမြစ်ကား ဥဖရတ်အမည်ရှိ၏။”—ကမ္ဘာဦး ၂:၁၁-၁၄။
သင့်အဖြေကားအဘယ်နည်း
▫ အာဒံသည် မိမိတည်ရှိခြင်းအကြောင်းကို နားမလည်နိုင်ဘဲ အဘယ်ကြောင့် ကြာမြင့်စွာ မနေခဲ့ရသနည်း။
▫ အာဒံအား ဘုရားသခင် အဘယ်အလုပ်ပေးတော်မူသနည်း။ အာဒံမည်သို့တုံ့ပြန်ခဲ့ဖွယ်ရှိသနည်း။
▫ အဘယ်ရှေ့အလားအလာကို စုံလင်သော လူယောက်ျားခံစားခဲ့ရသနည်း။ အဘယ်ကြောင့်နည်း။
▫ အာဒံသည် လျှို့ဝှက်ဆန်းကြယ်မှု ဖြေရှင်းရေးတို့ကို ဘဝလုပ်ငန်းအဖြစ် အဘယ်ကြောင့်ဇောက်ချမလုပ်ခဲ့သနည်း။
▫ အာဒံသည် တစ်ဦးတည်းနေရစေကာမူ ဘဝပျော်ရွှင်မှု အဘယ်ကြောင့်မဆုံးရှုံးသနည်း။