ချမ်းမြေ့သောပရဒိသုအတွင်း—လူသား၏တောက်ပသောအနာဂတ်
“‘အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့’ ဟုမိန့်တော်မူ၍ သူတို့ကိုကောင်းချီးပေးတော်မူ၏။”—ကမ္ဘာဦး ၁:၂၈။
၁၊ ၂။ ယေဟောဝါသည်မေတ္တာရှေ့ထားကာ လူသား-တို့၏အကျိုးအတွက် အဘယ်ရည်ရွယ်ချက်ထား၍ လုပ်ဆောင်တော်မူသနည်း။ အာဒံအားအဘယ်အလုပ်တာဝန် အပ်နှင်းတော်မူသနည်း။
“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုသမ္မာကျမ်းစာဆို၏။ ကိုယ်တော်သည် ကိုယ်ကျိုးမဖက်သော မေတ္တာဖြင့် လူသားတို့ကို စိတ်ဝင်စား၍ သာယာချမ်းမြေ့သော ပရဒိသုတွင် သူတို့ ထာဝစဉ်ကျန်းမာ၍ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် မနားမနေ လုပ်ဆောင်တော်မူ၏။ (၁ ယောဟန် ၄:၁၆။ ဆာလံ ၁၆:၁၁ နှင့်နှိုင်းယှဉ်ပါ) ပထမလူ၊ စုံလင်သောအာဒံသည် အေးချမ်းသာယာသော ဘဝနှင့်နေရပြီး စိတ်ဝင်စား၍ ပျော်မွေ့ဖွယ်ကောင်းသော အလုပ်ကို လုပ်ကိုင်နေရသည်။ လူ့ဖန်ဆင်းရှင်က သူ့အားနှစ်လိုဖွယ်ကောင်းသော ဧဒင်ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးရန် တာဝန်ပေးအပ်ထား၏။ ယခု နောက်ထပ်တာဝန်တစ်ရပ် အပ်နှင်းပြန်သည်။ ကျမ်းစာမှတ်တမ်း ဖေါ်ပြသည့်အတိုင်း ယင်းတာဝန်မှာ စိန်ခေါ်မှု သဘောသက်ဝင်သော အထူးတာဝန်ဖြစ်ပေသည်။
၂ “ထာဝရအရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့် မိုးကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့် ဖန်ဆင်းတော်မူပြီးလျှင် လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ်သည့်အတိုင်း နာမည်အသီးသီးရှိကြ၏။ ထိုသို့လူသည် သားယဉ်အပေါင်းတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်အပေါင်းတို့ကိုလည်းကောင်း၊ သားရဲအပေါင်းတို့ကိုလည်းကောင်း၊ အမည်ပေး၍ မှည့်လေ၏။—ကမ္ဘာဦး ၂:၁၉၊ ၂၀။
၃။ အာဒံနှင့်တိရစ္ဆာန်တို့သည်အဘယ်ကြောင့် စိတ်ရွံ့ခြင်းမရှိကြသနည်း။
၃ ထိုလူက မြင်းကို စူးစ်(sus) နွားထီးကို ရှောအာ(shohr) သိုးကို စဲ(seh) ဆိတ်ကို အဲဇ်(ʽez) ငှက်ကို ဩဖ်(ʽohph) ချိုးငှက်ကို ယောနာ(yoh·nah΄) ဥဒေါင်းငှက်ကို တွတ်ကီ(tukki΄) ခြင်္သေ့ကို အာယဲ(ʼar·yehʼ)၊ သို့မဟုတ် အာရီး(ʼari΄) ဝက်ဝံကို ဒေါ့ဖ်(dov) လူဝံကို ဂေါဖ်(qohph) ခွေးကို ကဲလက်ဖ်(ke΄lev)၊ မြွေကို နာချက်ရှ်(na·chashʼ) စသည်ဖြင့် မှည့်ခေါ်လေ၏။aဧဒင်ဥယျာဉ်မှ စီးဆင်းသော မြစ်ထဲတွင် ငါးများကို တွေ့ရသည်။ ငါးကို ဒါဂါး(da·gah) ဟူသော အမည်ပေးလေ၏။ လူ၌လက်နက်မပါသော်လည်း ထိုတိရစ္ဆာန်များဖြစ်သော သားယဉ်သားရဲ၊ ငှက်များကို မကြောက်ရပေ။ ၄င်းတို့ကလည်း လူကိုမကြောက်ကြချေ။ လူသည် မိမိတို့ထက် သာလွန်၍ အဆင့်မြင့်သော သက်ရှိသတ္တဝါဖြစ်ကြောင်း သူတို့၏ ပင်ကိုအသိစိတ်၌ သိမှတ်ထားသည်။ ယင်းတို့သည် ဘုရားသခင်အသက်ပေးထားသော သတ္တဝါများဖြစ်ကြသဖြင့် လူသည် ၄င်းတို့ကို ဘေးအန္တရာယ်ပြုခြင်း၊ ၄င်းတို့၏ အသက်ကိုနှုတ်ယူခြင်း ပြုလိုသောဆန္ဒမရှိပေ။
၄။ တိရစ္ဆာန်နှင့်ကျေးငှက်အပေါင်းတို့ကို အာဒံနာမည်မှည့်ခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အဘယ်သို့ မှန်းဆနိုင်သနည်း။ ၄င်းသည်အဘယ်သို့သော တွေ့ကြုံမှုမျိုးဖြစ်ရမည်နည်း။
၄ လူအား သားယဉ်သားရဲနှင့် ကျေးငှက်သတ္တဝါများကို မည်မျှကြာကြာ ပြသကြောင်း မှတ်တမ်းကမဖေါ်ပြပေ။ အားလုံးဘုရားသခင်၏ လမ်းညွှန်မှုနှင့် အစီအမံအောက်တွင်ဖြစ်ပျက်သည်။ အာဒံအနေဖြင့် အချိန်ယူ၍ တိရစ္ဆာန်တစ်မျိုးစီကို လေ့လာ၍ ယင်းတို့၏ ထူးခြားသော အမူအကျင့်များနှင့် ပင်ကိုစရိုက်တို့ကို ဂရုစိုက်မှတ်သားပြီးနောက် ယင်းတို့နှင့်အထူးသင့်လျော်သော နာမည်ကို ရွေးချယ်ခဲ့ပေမည်။ အချိန်အတန်ကြာ လိုအပ်ပေလိမ့်မည်။ အာဒံအနေဖြင့် မြေကြီးပေါ်ရှိ အမျိုးပေါင်း စုံလင်လှသော သတ္တဝါများကို ကောင်းစွာသိကျွမ်းအောင် လုပ်ခြင်းသည် အထူးပင် စိတ်ဝင်စားစရာကောင်းသော အတွေ့အကြုံဖြစ်ပေသည်။ ယင်းတို့ကို အမျိုးအလိုက်ခွဲခြားပြီး သင့်တော်သော အမည်ပေးနိုင်ရေးအတွက် မြင့်မားသည့် ဉာဏ်ရည်နှင့် စကားပြောစွမ်းရည် လိုအပ်ပေမည်။
၅-၇။ (က) အဘယ်မေးခွန်းများပေါ်လာဖွယ်ရှိသနည်း။ (ခ) အဘယ်သို့သောအဖြေများကိုကမ္ဘာဦး ၁:၁-၂၅ မှဖန်ဆင်းခြင်းမှတ်တမ်းတွင် ပေးထားသနည်း။
၅ ဤသက်ရှိသတ္တဝါတို့ ဖန်ဆင်းခံရသော ရှေ့နောက် အစီအစဉ်မည်သို့ရှိခဲ့သနည်း။ ကုန်းသတ္တဝါတို့သည် ကျေးငှက်တို့အရင် ဖန်ဆင်းခံရသလော။ အဆင့်နိမ့်သော ဤသက်ရှိသတ္တဝါတို့နှင့် ယှဉ်ကြည့်လျှင် လူဖန်ဆင်းခံရသောအချိန်နှင့် အစီအစဉ်မည်သို့ရှိသနည်း။ ဤမျှအမျိုးအမည်များပြားသော သတ္တဝါများနေထိုင်နိုင်အောင် ကမ္ဘာမြေကြီးကို ပြင်ဆင်ရာတွင်လည်းကောင်း၊ ကျေးငှက်များ ပျံသန်းရန် လေထုကို စီမံပေးရာတွင်လည်းကောင်း၊ သောက်ရေနှင့်ရိက္ခာအဖြစ် ဟင်းသီးဟင်းရွက်တို့ကို ပြင်ဆင်ပေးရာတွင်လည်းကောင်း၊ နေ့ဘက်တွင် မြင်နိုင်အောင် အလင်းအိမ်ကြီးတစ်လုံးနှင့် ညဉ့်ကိုအလှတန်ဆာဆင်ရန် အလင်းအိမ်ငယ်တစ်လုံးတို့ကို စီမံပေးရာတွင်လည်းကောင်း ကိုယ်တော်မည်သို့ ပြုလုပ်တော်မူခဲ့သနည်း။ လူသည် အဝတ်မဝတ်ဘဲ သွားလာလှုပ်ရှား၊ လုပ်ကိုင်ဆောင်ရွက်၍ အိပ်စက်နိုင်လောက်အောင် မိုးလေဝသအခြေအနေ အဘယ်ကြောင့် ဤမျှသမ၍ နွေးထွေးခဲ့ပါသနည်း။
၆ ထိုအဖြေများကို လူသည် မှန်းဆနေစရာမလိုပေ။ စူးစမ်းသိမြင်လိုသော သူ၏ ဦးနှောက်သည် အတိအကျသိ၍ စိတ်ချရသည့် ပင်ရင်းမှ အမြော်အမြင်ရှိသော အဖြေကိုရထိုက်ပေသည်။ ဘုရားသခင်သည် သူ့အား အသိပညာမဲ့သော သားကဲ့သို့ သဘောထားကာ ပစ်ပယ်မထားပေ။ သူ၏မြင့်မားသော အသိဉာဏ်ကြောင့် ဘုရားသခင်သည် ကမ္ဘာဦး ၁:၁-၂၅ တွင်ပါရှိသော အံ့ဖွယ်ဖန်ဆင်းခြင်းသမိုင်းကို သူ့အားဖေါ်ပြခဲ့ပေလိမ့်မည်။
၇ အာဒံသည် အဆိုပါ ရင်ဖိုဖွယ်ဖန်ဆင်းရာမှတ်တမ်းဖေါ်ပြပေးမှုအတွက် ဘုရားသခင်အား အထူးကျေးဇူးတင်ခဲ့ပေမည်။ ထိုမှတ်တမ်း၌ များစွာသောအရာတို့ကို ရှင်းလင်းထား၏။ ရေးသားမှုအစီအစဉ်ကိုကြည့်လျှင် အချိန်ကို ဘုရားသခင်တိုင်းတာနည်းအရ နေ့ရက်များဟုခေါ်ဝေါ်သော ရှည်လျားသည့်ကာလ သုံးပိုင်းရှိခဲ့ကြောင်း သူသိရှိသည်။ ၄င်းနောက် စတုတ္တဖန်ဆင်းရာကာလရောက်လာသည်။ ထိုကာလတွင် လူသားတို့၏ များစွာ တိုတောင်းသော ၂၄ နာရီနေ့ရက်ကို မှတ်သားရန်အတွက် မိုးကောင်းကင်မျက်နှာကြက်တွင် အလင်းအိမ်ကြီးနှစ်လုံးကို ဘုရားသခင်ဖြစ်ပေါ်စေတော်မူသည်။ ဤတိုတောင်းသော လူသားတို့၏ နေ့ရက်မှာ အလင်းအိမ်ကြီးဝင်ချိန်မှ နောက်တစ်ကြိမ်ပြန်ဝင်ချိန် အတွင်းရှိအချိန်ဖြစ်သည်။ ၄င်းပြင် အချိန်ကိုနှစ်ဖြင့် မှတ်သားရမည်ကိုလည်း အာဒံသိမြင်သဖြင့် သူအသက်ရှင်ရာ နှစ်ကာလကို ချက်ချင်းပင် စတင်ရေတွက်ပေလိမ့်မည်။ မိုးမျက်နှာကြက်ရှိ အလင်းအိမ်ကြီးက ထိုသို့ရေတွက်နိုင်အောင် အထောက်အကူပြု၏။ သို့သော် ဘုရားသခင်၏သာ၍ ရှည်လျားသော ဖန်ဆင်းရာနေ့ရက်နှင့်စပ်လျဉ်း၍ မိမိသည် ဘုရားသခင်၏ မြေကြီးဆိုင်ရာ ဖန်ဆင်းခြင်းနေ့ရက် ဆဌမနေ့တွင် အသက်ရှင်နေကြောင်း သူသိသည်။ ကုန်းသတ္တဝါအားလုံးကို ဖန်ဆင်းပြီးနောက် လူကိုသီးခြားဖန်ဆင်းသည့် ထိုဆဌမနေ့ရက် ကုန်ဆုံးပြီဟု ဘုရားသခင်ဖေါ်ပြတော်မမူသေးပေ။ အပင်များ၊ ရေသတ္တဝါများ၊ ငှက်များနှင့်ကုန်းသတ္တဝါများကို အစဉ်အလိုက်မည်သို့ ဖန်ဆင်းတော်မူသည်ကို ယခုသူနားလည်ပြီဖြစ်သည်။ ဧဒင်ဥယျာဉ်ထဲတွင် အာဒံတစ်ဦးတည်းသာရှိနေသေးသဖြင့် မြေကြီးပရဒိသုတွင် လူနေထိုင်ရေးနှင့်ဆိုင်သော ဘုရားသခင်၏မေတ္တာပါသော ရည်ရွယ်ချက်မှာ အပြည့်အဝအကောင်အထည်မပေါ်သေးချေ။
ပထမလူမိန်းမကို ဖန်ဆင်းခြင်း
၈၊ ၉။ (က) တိရစ္ဆာန်သတ္တဝါတို့နှင့်စပ်လျဉ်း၍ စုံလင်သောလူယောက်ျား အဘယ်အရာကိုသတိပြုမိသနည်း။ သို့သော်သူ-နှင့်ပတ်သက်၍ အဘယ်သို့ဆင်ခြင်သုံးသပ်မိသနည်း။ (ခ) ဘုရားသခင်ထံအဖေါ်အဖက်တစ်ဦးကို စုံလင်သောလူယောက်ျားတစ်ဦး မတောင်းလျှောက်ခဲ့ခြင်းသည် အဘယ်ကြောင့်ဆီလျော်သနည်း။ (ဂ) ပထမလူမိန်းမဖန်ဆင်းပုံကို သမ္မာကျမ်းစာမှတ်တမ်းက အဘယ်သို့ဖော်ပြသနည်း။
၈ ပထမလူ၌ စုံလင်သောဦးနှောက်နှင့်ဆန်းစစ်လေ့လာနိုင်သော အစွမ်းသတ္တိရှိသဖြင့် ကျေးငှက်နှင့် တိရစ္ဆာန်နယ်ပယ်၌ အထီးနှင့်အမရှိပြီး ယင်းတို့ပေါင်းဖေါ်ခြင်းအားဖြင့် ဆိုင်ရာဆိုင်ရာ အမျိုးပွားများကြသည်ကို သူတွေ့ရသည်။ သို့သော် လူ၌မူကား ထိုသို့မဟုတ်ပေ။ ဤလေ့လာတွေ့ရှိချက်ကြောင့် အဖေါ်လိုချင်သောစိတ် ဖြစ်ပေါ်လာခဲ့လျှင်လည်း တိရစ္ဆာန်နယ်ပယ်မှ သင့်တော်သော အဖေါ်ကို သူတွေ့နိုင်မည်မဟုတ်ပေ။ လူဝံထဲမှလည်း တွေ့နိုင်မည်မဟုတ်ပေ။ အကြောင်းမှာ အဖေါ်ရှိခဲ့ပါမူ သူ့ထံသို့ ဘုရားသခင်ဆောင်ခဲ့မည်မဟုတ်လော။ လူသည် တိရစ္ဆာန်အမျိုးရှိသမျှနှင့် ကွဲပြားအောင် သီးခြားဖန်ဆင်းခံရသည်။ တမင်ကွဲပြားအောင် ဘုရားသခင်ရည်ရွယ်တော်မူခဲ့ခြင်းဖြစ်သည်။ သူသည် မိမိဖါသာဆုံးဖြတ်ချက်ချ၍ ဖန်ဆင်းရှင်ဘုရားသခင်အား အဖေါ်တစ်ဦးပေးပါရန် ရဲတင်းစွာမတောင်းဆိုခဲ့ပေ။ စုံလင်သောလူအနေဖြင့် အရာရာကို ဘုရားသခင်၌ အပ်နှံထားခဲ့ခြင်းမှာ သင့်လျော်လှပေသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းနောက် မကြာမီအခြေအနေတစ်ရပ်လုံးနှင့် ပတ်သက်၍ ဘုရားသခင်ကိုယ်တော်တိုင် ဆုံးဖြတ်ချက်ချတော်မူသည်ကို သူတွေ့ခဲ့ရသည်။ ဤအကြောင်းနှင့်တကွ ထိုအချိန်၌ဖြစ်ပျက်ရာများနှင့် ပတ်သက်၍ မှတ်တမ်းက ဤသို့ဖေါ်ပြ၏။
၉ “သို့သော်လည်း လူနှင့်တော်သောအထောက်အမ မပေါ်မရှိသေး။ ထိုအခါဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍ လူသည် အိပ်ပျော်စဉ်၊ နံရိုးတစ်ချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင် ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ၏။ ထာဝရအရှင်ဘုရားသခင်သည် လူထဲက ထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ဆောင်ခဲ့တော်မူ၏။ လူကလည်း ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲက ထုတ်သောကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟုဆို၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြ၏။”—ကမ္ဘာဦး ၂:၂၀-၂၅။
၁၀။ စုံလင်သောလူယောက်ျားသည် စုံလင်သောမိန်းမပေးအပ်ခံရသောအခါ၌ အဘယ်သို့တုံ့ပြန်ခဲ့သနည်း။ သူ့စကားများကဘာကို သိသာစေသနည်း။
၁၀ စုံလင်သောလူမိန်းမအား အာဒံထံခေါ်ဆောင်လာ၍ အထောက်အမနှင့် ကူဖေါ်လောင်ဖက်အဖြစ် ပေးအပ်သောအခါ၌ အာဒံပြောခဲ့သော အောက်ပါစကား၌ သူအပြည့်အဝကျေနပ်မှုရှိကြောင်း ထင်ရှားသည်။ ‘ယခုမှ ဤသူသည် ငါ့အရိုး၏အရိုး၊ ငါ့အသား၏အသားဖြစ်၏။’ အသစ်စက်စက် ဖန်ဆင်းပေးလိုက်သော ဇနီးမယားကို အာဒံတွေ့သောအခါ ပြောခဲ့သော ထိုစကားကိုထောက်ရှုလျှင် နှစ်သက်စရာကောင်းသော အဖေါ်အဖက်ကို သူစောင့်မျှော်ခဲ့သည်မှာ အချိန်အတန်ကြာခဲ့ဖွယ်ရှိသည်။ ဤကူဖေါ်လောင်ဖက်အကြောင်း ဖေါ်ကျူးရာ၌ အာဒံက သူ့ဇနီးအား “လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမ” (သို့မဟုတ်၊ စာသားအတိုင်းဆိုလျှင် “ဣတ္ထိလိင်လူ”) ဟုခေါ်ဝေါ်၏။ (ကမ္ဘာဦး ၂:၂၃၊ New World Translation Reference Bible,အောက်ခြေမှတ်ချက်) အာဒံအနေဖြင့် ထိုအချိန်မတိုင်မီက အမည်မှည့်ရန် သူ့ထံသို့ ဘုရားသခင်ခေါ်ဆောင်ခဲ့သည့် လေသတ္တဝါများ၊ မြေတိရစ္ဆာန်များနှင့် အမျိုးတော်စပ်သည်ဟု ခံစားချက်မရှိခဲ့ပေ။ သူ၏အသားမှာ တိရစ္ဆာန်တို့၏အသားနှင့် မတူပေ။ သို့သော် ဤအမျိုးသမီးမူကား သူ၏အသွေးအသားအမှန်ဖြစ်သည်။ လူ၏နံဘေးမှ ထုတ်ယူသောနံရိုးသည် သူ့ခန္ဓာကိုယ်ထဲရှိသွေးအမျိုးအစားကို ထုတ်လုပ်ပေးသည်။ (မဿဲ ၁၉:၄-၆ ကိုကြည့်ပါ) ယခုသူအဖေါ်တစ်ယောက်ရလာပြီ။ သူသည် ထိုသူအပေါ် ဘုရားသခင်၏ပရောဖက်အဖြစ် ပြုမူနိုင်သည့်ပြင် ထိုသူအား အံ့ဖွယ်ဖန်ဆင်းခြင်းမှတ်တမ်းကို ဝေမျှပေးနိုင်လေသည်။
၁၁-၁၃။ (က) အာဒံမိန်းမရပြီးနောက် အဘယ်မေးခွန်းများပေါ်ပေါက်ခဲ့မည်နည်း။ (ခ) ပထမလူသားမောင်နှံအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကားအဘယ်နည်း။ (ဂ) စုံလင်သောလူ့မိသားစုကြီးအတွက် အဘယ်အရာသည် စားနပ်ရိက္ခာဖြစ်မည်နည်း။
၁၁ သို့ရာတွင် လူ့ဖန်ဆင်းရှင်သည် အဘယ်ရည်ရွယ်ချက်ဖြင့် မိန်းမပေးတော်မူသနည်း။ အထောက်အမ၊ ကူဖေါ်လောင်ဖက်အဖြစ်လည်းကောင်း၊ ဖေါ်ကွာဝေးအထီးကျန်မဖြစ်စေရန် အဖေါ်အဖက်အဖြစ်လည်းကောင်း၊ ပေးခြင်းမျှသာလော။ မှတ်တမ်းက သူတို့၏မင်္ဂလာဆောင်ပွဲ၌ ဘုရားသခင်ပေးခဲ့သော ကောင်းချီးမင်္ဂလာအကြောင်းဖေါ်ပြရာတွင် ကိုယ်တော်၏ရည်ရွယ်ချက်ကို ရှင်းပြထားသည်။
၁၂ “တစ်ဖန်ဘုရားသခင်က၊ ‘ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ အုပ်စိုးစေ’ ဟုအမိန့်တော်ရှိ၏။ ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင် ‘အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကိုကောင်းချီးပေးတော်မူ၏။’
၁၃ “ဘုရားသခင်ကလည်း ‘ကြည့်ရှုလော့။ မြေတစ်ပြင်လုံး၌ စပါးသီးကိုဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ သင်တို့စားစရာဖို့ငါပေး၏။ မြေသား၊ မိုးကောင်းကင်ငှက်၊ အသက်ရှင်၍ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ စားစရာဖို့ မြက်ပင်အမျိုးမျိုးတို့ကိုငါပေးမည်’ ဟုမိန့်တော်မူသည်အတိုင်းဖြစ်လေ၏။”—ကမ္ဘာဦး ၁:၂၆-၃၀။
ကနဦးလူမောင်နှံတို့၏ရှေ့အလားအလာ
၁၄။ ဘုရားသခင့်ကောင်းချီးကြောင့် စုံလင်သောလူယောက်ျားနှင့် မိန်းမတို့ရှေ့တွင်အဘယ်အနာဂတ်စောင့်ကြိုနေသနည်း။ အဘယ်အခြေအနေကို သူတို့ကြိုးစား၍မြင်ယောင်ခဲ့မည်နည်း။
၁၄ စုံလင်သော လူယောက်ျားနှင့်လူမိန်းမတို့အဖို့ သူတို့အား ဘုရားသခင်စကားပြောဆို၍ လုပ်ရမည့်အရာများကို မှာကြားကာကောင်းချီးပေးသည်ကို ကြားရသည်မှာ ထူးကဲသော တွေ့ကြုံမှုဖြစ်ပေသည်။ ဘုရားသခင့်ကောင်းချီးကြောင့် သူတို့၏ဘဝသည် အချည်းနှီးဖြစ်မည်မဟုတ်ဘဲ၊ မှာကြားရာများကို လုပ်ကိုင်နိုင်စွမ်းရှိကြမည်။ သူတို့ရှေ့ရေး မည်မျှသာယာဖြောင့်ဖြူးလှပါတကား။ ပျော်ရွှင်သော ဤဇနီးမောင်နှံအသစ်စက်စက်တို့အနေဖြင့် သူတို့၏စံအိမ်၊ ဧဒင်ဥယျာဉ်တွင် ရပ်နေချိန်တွင် မိမိတို့အတွက် ဘုရားသခင်ချမှတ်သည့် အလိုတော်ကို ဆောင်ရွက်သွားလျှင် မည်သည့်အကျိုးရရှိမည်ကို သူတို့တွေးတောခဲ့ကြပေမည်။ ဝေးလံသည့် အနာဂတ်ကို မျှော်ကြည့်လိုက်သောအခါ “အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ဥယျာဉ်” ကိုသာမကဘဲ၊ မြေကြီးတစ်ပြင်လုံးတွင် တောက်ပသော မျက်နှာပိုင်ရှင်ယောက်ျား၊ မိန်းမအပြည့်ရှိနေသည်ကို တွေ့ခဲ့ရပေမည်။ (ကမ္ဘာဦး ၂:၈) ထိုသူတို့ ရှိရှိသမျှသည် မိမိတို့၏သားမြေးများဖြစ်သည်ဟူသော အသိစိတ်ကြောင့် ထိုလူယောက်ျားနှင့်လူမိန်းမတို့သည် ပျော်ရွှင်မြူးတူးခဲ့မည်ဧကန်။ ရှိသမျှသည် ကိုယ်ကာယဘက်တွင် အပြစ်ဆိုစရာမရှိ စုံလင်၍ ကျန်းမာပျော်ရွှင်ခြင်းနှင့် ပြည့်စုံကာ အစဉ်ထာဝရနုပျိုနေကြမည်။ အချင်းချင်း စုံလင်သောမေတ္တာထားကြပြီး၊ ကနဦးလူသား ဖခင်နှင့်မိခင်တို့နှင့်အတူ ကြီးမြတ်သောဖန်ဆင်းရှင် ကောင်းကင်ခမည်းတော်အား စည်းလုံးစွာဝတ်ပြုကိုးကွယ်နေကြသည်။ ဤသို့သော မိသားစုရှိလာမည့်အကြောင်း စဉ်းစားလိုက်သောအခါ ပထမလူယောက်ျားနှင့်လူမိန်းမတို့၏နှလုံးသားသည် အမှန်ပင်ဝမ်းသာပီတိဝေဖြာခဲ့ပေလိမ့်မည်။
၁၅၊ ၁၆။ (က) လူ့မိသားစုအတွက်အဘယ်ကြောင့် ရိက္ခာအလျှံပယ်ရှိမည်နည်း။ (ခ) ပျော်ရွှင်သော၄င်းမိသားစုအရေအတွက် တိုးပွားလာသည်နှင့်အမျှ ဧဒင်ဥယျာဉ်အပြင်ဘက်တွင် အဘယ်အလုပ်လုပ်ကြမည်နည်း။
၁၅ ကမ္ဘာမြေကြီးတစ်ပြင်လုံးနှံ့ပြားသော ဤလူ့မိသားစုကြီးမှ တစ်ဦးချင်းအတွက် ရိက္ခာအလျှံပယ်ရှိလိမ့်မည်။ ဧဒင်ဥယျာဉ်တွင် အစကတည်းက ရိက္ခာအလျှံပယ်ရှိခဲ့သည်။ မျိုးစေ့ပါသော ကောက်ပဲသီးနှံနှင့်တကွ အသီး၊ သီးသောအပင်များကို အသက်ရှင်ရေးအတွက် ထောက်ပံ့ပေးသည့် ကျန်းမာရေးနှင့်ညီညွတ်သော ရိက္ခာအဖြစ် သူတို့အား ဘုရားသခင်ပေးသနားတော်မူ၏။—ဆာလံ ၁၀၄:၂၄ နှင့်နှိုင်းယှဉ်။
၁၆ သူတို့၏ ပျော်ရွှင်ချမ်းမြေ့သော မိသားစုအရေအတွက် တိုးများလာသည်နှင့်အမျှ ဧဒင်၏နယ်နိမိတ်ကိုကျော်၍ သူတို့၏ဥယျာဉ်ကို တိုးချဲ့ရပေမည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင့်စကားအရ ဧဒင်ဥယျာဉ်ပြင်ပရှိ မြေကြီးသည် မြေရိုင်းအခြေအနေ၌ရှိနေသည်။ ယုတ်စွအဆုံး ဧဒင်ဥယျာဉ်ကဲ့သို့ အဆင့်မြင့်မြင့် ထွန်ယက်စိုက်ပျိုးထားခြင်း မရှိသေးပေ။ ယင်းကြောင့် မြေကြီးကိုပြည့်စေသည်နှင့်အမျှ ယင်းကို ‘နိုင်နင်း’ ရန်ဖန်ဆင်းရှင်က သူတို့ကို မှာကြားတော်မူခဲ့ခြင်းဖြစ်သည်။
၁၇။ တိုးပွားလာသောလူဦးရေအတွက် စားနပ်ရိက္ခာအလျှံပယ် အဘယ်ကြောင့်ရှိမည်နည်း။ ဥယျာဉ်တိုးချဲ့သွားသည်နှင့်အမျှ နောက်ဆုံး၌အဘယ်အခြေအနေ လွှမ်းမိုးလာမည်နည်း။
၁၇ ထိုဥယျာဉ်ကို စုံလင်သော ထွန်ယက်စိုက်ပျိုးသူများ၊ ပြုစုစောင့်ရှောက်သူများက တိုးချဲ့လာသည်နှင့်အမျှ နိုင်နင်းပြီးသော မြေကြီးသည် တိုးပွားလာသည့် လူဦးရေအတွက် အလျှံပယ်သီးပွင့်ပေးပေမည်။ နောက်ဆုံး၌ တစ်စတစ်စ ကျယ်ပြန့်လာသောဥယျာဉ်သည် ကမ္ဘာမြေကြီးတစ်ပြင်လုံးကို လွှမ်းခြုံသွားလိမ့်မည်။ ထိုအခါ ကမ္ဘာချီပရဒိသုဘုံသည် လူသားတို့၏ စိုပြေလှပသော ထာဝရစံအိမ်အဖြစ်တည်ရှိနေပေမည်။ ကောင်းကင်ဘုံမှ ကြည့်လိုက်လျှင် အလွန်လှပတင့်တယ်သည့် နေရာဖြစ်ပေမည်။ သို့နှင့် ကောင်းကင်ဘုံစံဖန်ဆင်းရှင်သည် အလွန်ကောင်းသည်ဟု ထုတ်ဖေါ်ကြေညာနိုင်ပေလိမ့်မည်။—ယောဘ ၃၈:၇ နှင့်နှိုင်းယှဉ်ပါ။
၁၈။ ကမ္ဘာချီဧဒင်ဥယျာဉ်ကြီးသည် ဆူပူရမ်းကားမှုအဘယ်ကြောင့်ကင်းဝေးမည်နည်း။ အဘယ်ငြိမ်သက်ခြင်းအခြေအနေ စိုးမိုးမည်နည်း။
၁၈ ထိုအခါကမ္ဘာတစ်ဝှန်းလုံးသည် ဆူပူသောင်းကျန်းမှုကင်းပြီး လက်ထပ်ခါစ လူယောက်ျားနှင့်လူမိန်းမတို့နေထိုင်ခဲ့သော ဧဒင်ဥယျာဉ်ကဲ့သို့ ငြိမ်းချမ်းသာယာနေမည်။ ပထမလူအာဒံစစ်ဆေး၍ အမည်ပေးခဲ့သော တိရစ္ဆာန်များနှင့် လေသတ္တဝါများ၏ဘေးအန္တရာယ်ကိုလည်း စိုးရိမ်စရာမလိုပေ။ ကမ္ဘာချီပရဒိသုတွင် နေထိုင်ကြသော စုံလင်သူတို့သည် ကနဦးလူသားဖခင်နှင့်မိခင်တို့နည်းတူ ပင်လယ်ငါးများ၊ မိုးကောင်းကင်လေသတ္တဝါများမှစ၍ မြေပေါ်မှာ လှုပ်ရှားသောသတ္တဝါများ သာမက တောသားရိုင်းတိရစ္ဆာန်တို့ကိုပါ အုပ်စိုးကြလိမ့်မည်။ ဤနိမ့်ကျသော သက်ရှိသတ္တဝါတို့သည် ‘ဘုရားသခင်ပုံသဏ္ဌာန်နှင့်အညီ’ ဖန်ဆင်းခံရသော လူ၏အုပ်စိုးခြင်းကို နာခံရမည်ဟူသော ပင်ကိုအသိစိတ်ဖြင့် လူနှင့်အသင့်အတင့် နေထိုင်ကြပေမည်။ စုံလင်သောလူသားတို့သည် ထိုနိမ့်ကျသောသက်ရှိသတ္တဝါတို့ကို သနားစွာအုပ်စိုးခြင်းအားဖြင့် တိရစ္ဆာန်လောကအတွင်း၌ ငြိမ်သက်အေးချမ်းသည့်အခြေအနေကို ဖြစ်ပေါ်စေမည်။ ဘုရားကဲ့သို့သော ဤလူသားသခင်တို့၏ ငြိမ်းချမ်းသောသြဇာအရှိန်သည် အဆိုပါရောင့်ရဲတင်းတိမ်မှုရှိသော နိမ့်ကျသည့်သက်ရှိသတ္တဝါတို့အပေါ်၌ အကာအကွယ်ဖြစ်ပေလိမ့်မည်။ အရေးအကြီးဆုံးကား စုံလင်သော လူသားတို့သည် ဘုရားသခင်နှင့်အသင့်အတင့်ရှိကြမည်ဖြစ်ရာ ကိုယ်တော်၏ကောင်းချီးမင်္ဂလာမှာလည်း သူတို့ထံမှ ဘယ်သောအခါမျှရွေ့သွားမည်မဟုတ်ပေ။—ဟေရှာယ ၁၁:၉ နှင့်နှိုင်းယှဉ်ပါ။
ဖန်ဆင်းခြင်းလုပ်ငန်းမှ ဘုရားသခင်နားခြင်း
၁၉။ (က) ဘုရားသခင်၏ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ ပထမလူယောက်ျားနှင့်မိန်းမတို့ အဘယ်အရာကို သိမြင်ခဲ့ကြမည်နည်း။ (ခ) အချိန်နှင့်စပ်လျဉ်း၍အဘယ်အကြောင်းကို ဘုရားသခင်သိသာစေသနည်း။
၁၉ စုံလင်သော လူသားမောင်နှံတို့အနေဖြင့် ဘုရားသခင့်ရည်ရွယ်ချက်အရ မြေကြီးပေါ်တွင် ပေါ်ပေါက်လာမည့် မြင်ကွင်းအပြည့်အစုံကို တွေးဆကြည့်လိုက်သောအခါ တစ်စုံတစ်ခုကို သူတို့သတိပြုမိကြပေမည်။ ဘုရားသခင်ထံမှရရှိသော အံ့ချီးဖွယ်တာဝန်ကြီးကို ထမ်းဆောင်ဖို့ရာအချိန် လိုပေလိမ့်မည်။ မည်မျှလိုသနည်း။ သူတို့၏ဖန်ဆင်းရှင် ကောင်းကင်ခမည်းတော် သိတော်မူ၏။ ဖန်ဆင်းရာနေ့ရက်များအနက်မှတစ်နေ့ ယခုကုန်လုနီးကြောင်း သူတို့အားကိုယ်တော် ဖော်ပြတော်မူ၏။ ဖန်ဆင်းရာနေ့ရက်ကို ဘုရားသခင်သတ်မှတ်ပုံအရဆိုလျှင် သူတို့သည်နေ့သစ်တစ်နေ့စတင်ရာ “ညဦး” အချိန်တွင် ရောက်နေကြသည်။ ၄င်းမှာ ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းမည့်နေ့နှင့် ဘုရားရှင်၏သန့်ရှင်းဖြောင့်မတ်သော ရည်ရွယ်ချက်ကို ဂုဏ်တင်မည့်နေ့ဖြစ်လတံ့။ ဘုရားရှင်၏ပရောဖက်ဖြစ်သော စုံလင်သောလူသည်ဤအချက်ကို သတိပြုမိသည်။ မှုတ်သွင်းခံအထုပ္ပတ္တိက အောက်ပါအတိုင်းဆို၏။
၂၀။ “သတ္တမ” နေ့နှင့်ပတ်သက်၍ သမ္မာကျမ်းစာမှတ်တမ်းက ဘာဆိုသနည်း။
၂၀ “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၍ ညဦးနှင့်နံနက်သည် ဆဌမနေ့ရက်ဖြစ်လေ၏။ ထိုသို့ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသောတန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။ သတ္တမနေ့ရက်ရောက်လျှင် ဘုရားသခင်သည်ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍ ဖန်ဆင်းသမျှသောအမှုအရာတို့သည် ပြီးစီးပြီးမှ ထိုသတ္တမနေ့ကိုဘုရားသခင်သည် ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ငြိမ်ဝပ်စွာနေတော်မူ၏။ ဤအကြောင်းအရာကား [ယေဟောဝါ]ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောနေ့ ဖန်ဆင်းရာကာလ၌ ကောင်းကင်နှင့်မြေကြီး၏ မူလအထုပ္ပတ္တိပေတည်း။”—ကမ္ဘာဦး ၁:၃၁–၂:၄။
၂၁။ (က) ဘုရားသခင်သည်မိမိငြိမ်ဝပ်သောနေ့ကို အဆုံးသတ်၍ထိုနေ့ရက်အလွန်ကောင်းသည်ဟု ကြေညာကြောင်းသမ္မာကျမ်းစာ ဆိုသလော။ ရှင်းပြပါ။ (ခ) အဘယ်မေးခွန်းများပေါ်ပေါက်လာသနည်း။
၂၁ ဘုရားရှင်သည် မိမိ၏ငြိမ်ဝပ်စွာနေသောနေ့ အဆုံးသတ်ကာ အလွန်ကောင်းသည်ကိုမြင်တော်မူ၍ ညဦးနှင့်နံနက်သည် သတ္တမနေ့ဖြစ်လေ၏ဟု ကျမ်းစာမှတ်တမ်းကမဆိုပေ။ အရင်ဖန်ဆင်းရာခြောက်ရက်အတိုင်းပင် သတ္တမနေ့ကိုအလွန်ကောင်းသည်ဟု ကြေညာနိုင်သလော။ ထိုအချိန်အထိထိုနေ့ရက်သည် ကိုယ်တော်အဖို့ငြိမ်ဝပ်စွာနားနေရာနေ့ ဖြစ်ခဲ့သလော။ ပထမဇနီးမောင်နှံတို့ ပရဒိသုတွင်လက်ထပ်သောနေ့၌ မျှော်မှန်းခဲ့သောဘဝင်ခိုက်ဖွယ် မျှော်လင့်ချက်အလားအလာကော မည်သို့ရှိသနည်း။ နောက်ဆောင်းပါးတွင် အခြင်းအရာမည်သို့ပြောင်းလဲဖြစ်ပျက်သည်ကို ကျွန်ုပ်တို့ကြည့်ကြပါစို့။
[အောက်ခြေမှတ်ချက်များ]
a ဤအမည်များမှာ ကမ္ဘာဦးကျမ်း၊ ဟေဗြဲကျမ်းစောင်နှင့် အခြားမှုတ်သွင်းခံဟေဗြဲကျမ်းစောင်များတွင် တွေ့ရသောအမည်များဖြစ်သည်။
သင်မည်သို့ဖြေဆိုမည်နည်း။
▫ အာဒံအားဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းအပြင် အဘယ်တာဝန်ကိုဘုရားသခင်ပေးတော်မူသနည်း။ အဘယ်အမှုအကြုံးဝင်သနည်း။
▫ ကမ္ဘာဦး ၁:၁-၂၅ မှဖန်ဆင်းခြင်းမှတ်တမ်းက ဘာဖေါ်ပြသနည်း။
▫ ပထမလူသားမိန်းမအဘယ်သို့ ဖန်ဆင်းခံရသနည်း။ အာဒံသည်မင်္ဂလာဆောင်သောနေ့၌ မည်သို့တုံ့ပြန်ခဲ့သနည်း။
▫ ကနဦးလူသားမောင်နှံတို့ရှေ့တွင် အဘယ်မျှော်လင့်ချက်အလားအလာ ရှိသနည်း။
▫ ဖန်ဆင်းရာနေ့ရက်ကြီးများအနက်မှ တစ်ရက်ကုန်ဆုံးသွားကြောင်း ဘုရားသခင်မည်သို့သိသာစေသနည်း။