အချိန်ပြည့်အမှုတော်ဆောင်ခြင်းကို တစ်သက်တာလုပ်ငန်းအဖြစ်ထားခြင်း
မက်ခ်စ်လာဆန် (Max Larson) တင်ပြသည်
၁ ၉၁၀ ခုနှစ်တွင် မိဘနှစ်ပါးစလုံးမရှိတော့သည့် ကျွန်တော်.အမေသည် ဒိန်းမတ်နိုင်ငံမှသင်္ဘောဖြင့် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွါခဲ့သည်။ သူမအသက်မှာ ၁၈ နှစ်သာရှိသေးပြီး အင်္ဂလိပ်စကားမတတ်၊ အသိအကျွမ်းဟူ၍ တစ်ယောက်မျှမရှိပေ။
နယူးယောက်မြို့သို့ရောက်သော် မိုင်ပေါင်း ၁၅၀၀ ကျော်ဝေးလံသော တောင်ဒါကိုတာပြည်နယ်သို့ရထားဖြင့် ဆက်ထွက်ခဲ့သည်။ ဒိန်းမတ်လူမျိုးတစ်စု အခြေချနေထိုင်ရာ တောင်ဒါကိုတာပြည်နယ်တွင် ကျွန်တော်.အဖေဖြစ်လာမည့်သူကိုတွေ့သည်။ ၁၉၁၁ ခု၊ စက်တင်ဘာ ၂၀ ရက်တွင်လက်ထပ်လိုက်ကြသည်။
၁၉၁၃ ခု၊ နှစ်ဆန်းပိုင်းတွင် အဖေသည် သင့်တော်မည့်နေရာတွင် ခြံဝင်းနှင့်အိမ်ဆောက်လုပ်ရန် မွန်တဲန်နားပြည်နယ်သို့ ပေါင်းမိုးမြင်းလှည်းဖြင့် တစ်ကိုယ်တော်ထွက်ခွါသွားသည်။ အခန်းတစ်ခန်းတည်းရှိသော သစ်အိမ်တစ်လုံးဆောက်သည်။ နွေရာသီတွင် ၄င်းအိမ်ပြီးစီးသောအခါအမေသည် လသားလေးသာရှိသေးသည့် ကျွန်တော်.အကိုနော်မန်နှင့်အတူ ရထားဖြင့်လိုက်သွားကြသည်။
နှစ်နှစ်ကြာသော် ဒုတိယကလေးရတော့မည်။ ကျွန်တော်မမွေးမီ တစ်ရက်၌ အမေသည်နေအိမ်တိုးချဲ့ဆောင်အမိုး၊ မိုးခဲ့သဖြင့် နောက်ပိုင်းတွင် ကျွန်တော်ကအမေကို အမိုး “ကူ” မိုးခဲ့ရသည်ဟုရီစရာပြောခဲ့သည်။ နောက်တစ်နေ့ ၁၉၁၅ခု၊ ဧပြီ ၂၉ ရက်နေ့တွင် အဖေနေ့လည်စာစားဖို့ လယ်ကွင်းမှပြန်လာသည့်အခါ အမေက “ကလေးမွေးတော့မယ်ထင်တယ်” ဟုပြောသည်။ ထိုနေ့မွန်းလွဲပိုင်းတွင် ကျွန်တော်မွေးဖွားလာသည်။ သို့နှင့်ပင် ညနေပိုင်းတွင် အဖေအိမ်ပြန်လာသောအခါ အမေသည်အဖေ့အတွက်ညစာထ၍ ပြင်ဆင်ပေးခဲ့သည်။
သုံးနှစ်ကြာသော် ကျွန်တော်.ညီမဂျင်း ထိုအိမ်၌ပင်မွေးဖွားခဲ့သည်။ နောက်တစ်နှစ်တွင် ကျွန်တော်တို့မိသားစုသည် မွန်တဲန်နားပြည်နယ်အရှေ့ပိုင်းသို့ ပြောင်းရွှေ့၍ ထိုတွင်အဖေ ခြံမြေတစ်ကွက်ငှားရမ်းသည်။ ၁၉၂၁ ခုနှစ်တွင် ဒုတိယညီမလေး လာဗားနားမွေးလာရာတွင် ကျွန်တော်တို့ကလေး လေးယောက်သည်မွန်တဲန်နားပြည်နယ်၏ ပြန့်ပြူးသောမြက်ခင်းလွင်ပြင်တွင် ကြီးပြင်းလာကြသည်။
ကျွန်တော်.ဘဝကို ပုံသွင်းခြင်း
ကျွန်တော်.မိဘတို့သည် လူသာရင်ဘာသာဝင်ဖြစ်ပြီး တနင်္ဂနွေနေ့တိုင်းမိသားစုခြောက်ယောက်စလုံး ဘုရားကျောင်းတက်ကြသည်။ သို့သော်မကြာမီ ယေဟောဝါသက်သေ၊ ထိုစဉ်ကအပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားဟုခေါ်သော အိမ်နီးခြင်းတစ်ဦးက အမေ့ထံလာပြီး ကျမ်းစာသင်ပေးသည်။ နှစ်နှစ်ကြာပြီးနောက် အမေသည် သူသိမြင်လာသောသမ္မာတရားကိုလက်ခံပြီး ၁၉၂၅ ခုနှစ်တွင် မြင်းများကိုရေချိုးပေးသည့်ဇလားခွက်တွင် နှစ်ခြင်းခံလိုက်သည်။ အဖေနှင့်ကျွန်တော်တို့ကလေးများသည် အမေ၏ယုံကြည်ခြင်းအသစ်ကို လက်မခံကြသော်လည်း လူသာရင်ဘုရားကျောင်း ဆက်မတက်သည့်အတွက် ကျွန်တော်တို့ဝမ်းသာကြသည်။ အမေကကျွန်တော်တို့ကို “မင်းတို့ယေဟောဝါရဲ့အမှုတော်ကို မဆောင်ကြပေမယ့် ကိုယ်တော်ရဲ့ပညတ်တွေကိုတော့ ဘယ်တော့မှမချိုးဖောက်ကြပါနဲ့” ဟူ၍အမြဲပြောသည်။ ဤအကြံဉာဏ်သည် ကျွန်တော်တို့အားဒုက္ခမရောက်ရန် ကူညီပေးခဲ့သည်။
ကျွန်တော်တို့မိသားစုခြောက်ယောက်သည် မြင်း ၁၄ ကောင်၊ လယ်ထွန်စက်တစ်စီးဖြင့် ဧက ၈၀၀ စိုက်ပျိုးကြသည်။ ထိုစဉ်ကလျှပ်စစ်မီးမရှိ၊ ပိုက်ရေမရှိသဖြင့် သောက်သုံးရေအားလုံးကို နှစ်မိုင်ခွဲဝေးသည့်ရေတွင်းမှ ခပ်ယူရသည်။ ၁၉၃၀ ပြည့်နှစ်များစောစောပိုင်းတွင် ဖြစ်ပွားသည့်မိုးခေါင်ရေရှားမှုကြောင့် လေးနှစ်ကြာသီးနှံဆုတ်ယုတ်ခဲ့သဖြင့် ကျွန်တော်တို့ဝါရှင်တန်ပြည်နယ်သို့ ပြောင်းရွှေ့ရန်ဆုံးဖြတ်လိုက်သည်။ ပြောင်းရွှေ့မှုပြင်ဆင်ရာတွင် လယ်ယာသုံးနှင့်အိမ်သုံးပစ္စည်းအချို့ကို မွန်တဲန်နားမှဝါရှင်တန်သို့ ပြောင်းရွှေ့ရန်လိုအပ်လာသည်။ ထို့ကြောင့်ကျွန်တော်.တာဝန်မှာ သံလမ်းပြေးကားနှင့်လိုက်ပြီး မြင်းလေးကောင်ကိုလမ်းခရီးတွင် အစာကျွေးရေတိုက်ရသည်။ ခြောက်ရက်ကြာသော် ဝါရှင်တန်ပြည်နယ်၏ အနောက်ဘက်ကမ်းခြေသို့ ကျွန်တော်ရောက်ရှိသွားသည်။
ထိုနေရာတွင် နို့ထွက်လုပ်ငန်းလုပ်ကိုင်ရာ၌ အဖေ့ကိုအကူအညီပေးသည်။ တစ်နှစ်ခန့် ကြာပြီးနောက် အသက် ၂၀ အရွယ်ရှိကျွန်တော်သည် ကိုယ့်ဒူးကိုယ်ချွန်ကာတောင်တန်းများတွင် သစ်တိုက်ထရပ်ကားမောင်းသည်။ သင်္ဘောအင်ဂျင်နီယာအဖြစ် အလာစကာပြည်နယ်တွင် ခြောက်လသွားနေသေးသည်။ ၁၉၃၈ ခုနှစ်တွင် ကျွန်တော်နှင့်ညီမဂျင်းတို့သည် စီအက်တယ်မြို့တွင်အလုပ်အကိုင်ရရှိသဖြင့် လိမ့်ခ်ယူနီယံရှိရေပြင်ပေါ်အိမ်တွင် နေထိုင်ကြသည်။ ထိုနှစ်နွေရာသီတွင် မိုင် ၅၀ အကွာတွင်နေထိုင်သည့်အမေသည် စီအက်တယ်မြို့၌ကျင်းပသော နှစ်ပတ်လည်အစည်းအဝေးကြီးကို တက်ရောက်ခဲ့သည်။ စည်းဝေးသည့်နေရာမှာ ကျွန်တော်တို့အိမ်မှလမ်းလျှောက်သွားနိုင်သည့် အကွာတွင်ရှိသဖြင့်အမေ့ကို ကျွန်တော်တို့နှင့်လာတည်းရန် ခေါ်ဖိတ်သည်။ သူလာတည်းသည်။ ကျွန်တော်တို့လည်း စည်းဝေးပွဲလိုက်တက်ရန် သဘောတူသည်။
တစ်သက်တာလုပ်ငန်းအတွက်ဆုံးဖြတ်ခြင်း
စနေနေ့ညနေပိုင်းတွင် ထိုစဉ်ကကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း ဥက္ကဌဂျိုးဇက်အက်ဖ်ရပ်သဖော့ဒ်က “ဖြောင့်မတ်ခြင်းတရားမြတ်နိုးသူများ” အကြောင်းဟောသည်။ အချိန်ပြည့်ဓမ္မအမှု သို့မဟုတ် ရှေ့ဆောင်လုပ်ငန်းနှင့်ပတ်သက်သည်။ ဟောပြောချက်ပြီးနောက် ကျွန့်တော်ဘေးတွင်ထိုင်နေသူဘီလ်ဂရိဖစ်က “မက်ခ်စ်ရှေ့ဆောင်လုပ်ကြရအောင်” ဟုပြောလာသည်။
“ကောင်းတယ်၊ လုပ်ကြစို့” ဟုကျွန်တော်ဖြေလိုက်သည်။
ဘီလ်က “မင်းနောက်နေတာလား” ဟုမေးပြန်သည်။
ကျွန်တော်က “မဟုတ်ရပါဘူး၊ ဒီဟောပြောချက်ကို နားထောင်ပြီးတဲ့နောက် ဒါဟာလုပ်သင့်လုပ်ထိုက်တဲ့အလုပ်လို့ ကျွန်တော်ခံယူမိတယ်” ဟုပြန်ဖြေလိုက်သည်။
“ဒါပေမယ့်၊ မင်းဟာကြေညာသူမှမဟုတ်သေးဘဲ။ ပြီးတော့နှစ်ခြင်းလည်း မခံရသေးဘူး။”
“ဟုတ်ပါတယ်၊ ဒါပေမယ့် နက်ဖြန်နှစ်ခြင်းခံမယ့်အစီအစဉ်ရှိတယ်လို့ ခုလေးတင်ကြေညာသွားတယ်။ မနက်ဖြန်နှစ်ခြင်း ခံလိုက်မယ်လေ။”
သို့နှင့်ကျွန်တော်တို့စိတ်တက်ကြွစွာဖြင့် လယ်ကွင်းလုပ်ငန်းဌာနကိုသွား၍ လျှောက်လွှာရယူသည်။ ထိုနေရာတွင်အသင်းမကြီး၏ အတွင်းရေးမှူး-ဘဏ္ဍာထိန်း ဗန်အမ်ဘားနှင့်တွေ့ဆုံသည်။ သူ့အားကျွန်တော်တို့၏အစီအစဉ် ပြောပြသောအခါသူက ကျွန်တော်တို့ကိုခေါ်၍ ဖခင်တစ်ဦးကဲ့သို့ ဤသို့မှာကြား၏။ “ဒီလုပ်ငန်းကိုစမ်းသပ်တဲ့သဘော၊ စွန့်စားမှုသဘောမျိုးနဲ့မလုပ်ပါနဲ့။ မင်းတို့ဟာအခုလုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာဖြစ်တယ်။ ဒီလုပ်ငန်းကို ဘဝတစ်သက်တာလုပ်ငန်းအဖြစ်ထားပြီး လုပ်ဆောင်သွားပါ။” ၄င်းသြဝါဒစကားသည် ကျွန်တော်.ကိုအစဉ်တစိုက် အားပေးကူညီခဲ့သည်။ သို့နှင့်ကျွန်တော်တို့ လျှောက်လွှာတင်လိုက်ကြပြီး နောက်တစ်နေ့ ၁၉၃၈ ခု၊ ဇွန်လ ၅ ရက်နေ့တွင် ကျွန်တော်နှစ်ခြင်းခံလိုက်သည်။
အဦးဆုံးရှေ့ဆောင်တာဝန်
နောက်တစ်နေ့တနင်္လာနေ့တွင်အလုပ်ရှင်အား အလုပ်မှထွက်၍အမှုတော်ဆောင်လုပ်မည့်အကြောင်း အသိပေးသည်။ ကျွန်တော်သည် ပထမအပတ်အတွင်း အသင်းမနောက်ဆုံးထုတ် Enemies အမည်ရှိစာအုပ်ကို အသေအချာလေ့လာ၍ စည်းဝေးအားလုံးတက်သည်။ ဒုတိယအပတ်တွင် Riches စာအုပ်ကိုလေ့လာသည်။ တတိယအပတ်တွင် ရှေ့ဆောင်တာဝန်ခန့်အပ်လွှာ ရရှိသည်။ ဝါရှင်တန်ပြည်နယ်ရေးမွန်မြို့တွင် တာဝန်ကျသည်။
ထိုမြို့တွင်ဘီလ်နှင့်ကျွန်တော်တို့သည် သက်သေခံတစ်ဦး၏အိမ်တွင်စည်းဝေးကြသော ၂၇ ဦးပါအုပ်စုကိုတွေ့ရသည်။ ကျွန်တော်တို့ရရှိသောညွှန်ကြားချက်များမှာ စည်းဝေးအားလုံးကို ဦးစီးကျင်းပရန်၊ ကြေညာသူတို့အား ကျမ်းစာသင်အံမှုပြုလုပ်တတ်အောင် ကူညီလေ့ကျင့်ပေးရန်ဖြစ်သည်။ ယင်းလုပ်ငန်းမှာထိုစဉ်က အစမျှသာရှိသေးသည်။
ကြာသပတေးနေ့ ပထမလုပ်ငန်းတော်စည်းဝေး၌ကျွန်တော်သည် အုပ်စုအမှုထမ်း (ထိုစဉ်က ဦးစီးကြီးကြပ်မှူးကိုအခေါ်) အား နောက်တစ်နေ့ညနေပိုင်းတွင် ကျမ်းစာသင်အံမှုစဖို့လိုက်ပေးပါရန် ပြောသောအခါသူက မအားကြောင်းပြောသည်။ သို့ဖြင့် ဘီလ်နှင့်ကျွန်တော်နှစ်ယောက်သား သွားကြသည်။ အပြန်တွင်လမ်းဆုံတစ်နေရာ၌ အမေရိကန်တပ်ဖွဲ့စစ်ရေးပြ ချီတက်ပွဲနှင့်တိုးသဖြင့် ရပ်တန့်နေခဲ့ရသည်။ စစ်ရေးပြခေါင်းဆောင်မှာ ကျွန်တော်တို့၏အုပ်စုအမှုထမ်း ဖြစ်သည်ကိုတွေ့လိုက်ရသဖြင့် ကျွန်တော်တို့အံ့အားသင့်ခဲ့ရသည်။
ပထမတနင်္ဂနွေနေ့၌ လူတစ်ယောက်နှင့်ပထမဦးဆုံး အိမ်တွင်းကျမ်းစာသင်အံမှုကိုစခဲ့သည်။ ၄င်းနောက်အသင်းတော်တွင် ပထမအကြိမ် ကင်းမျှော်စင်သင်တန်းကိုကိုင်သည်။ ဆွေးနွေးသောအကြောင်းအရာမှာ ၁၉၃၈ ခု၊ ဇွန်လ ၁ ရက်ထုတ်မှဖြစ်ပြီး အသင်းတော်အတွင်း သီအိုကရက်တစ်အုပ်ချုပ်မှုစတင်ကြောင်း ရှင်းပြထားသည်။ အသင်းသား ၂၇ ယောက်အနက်မှ ၃ ဦးကသာထိုသီအိုကရက်တစ် အစီအစဉ်သစ်ကိုလက်ခံကြသည်။
ရှေ့ဆောင်များမိသားစု
ကျွန်တော်ရှေ့ဆောင်ဖြစ်၍ မကြာမီမှာ ညီမနှစ်ယောက်နှင့်အစ်ကိုနော်မန်တို့ကလည်း အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်လာကြသည်။ နော်မန်နှင့်သူ့ဇနီးတို့သည် သူတို့ခြံမြေကိုရောင်း၍ ၁၂ ပေရှည်သောနောက်တွဲယာဉ်ကိုဝယ်ပြီး သုံးနှစ်သမီးလေးဂျုံးနှင့်အတူ တရားဟောထွက်ကြသည်။ ရေးမွန်မြို့တွင်သူတို့ဟောပြောစဉ် သီအိုကရက်တစ်အစီအစဉ်ကို ငြင်းပယ်ခဲ့ကြသောထို ၂၄ ဦးသည် အသင်းတော်မှထွက်၍ အယူဖောက်ပြန်သောအုပ်စုတစ်စုနှင့် ပူးပေါင်းသွားကြောင်းကျွန်တော်.ထံ နော်မန်စာရေးခဲ့သည်။ သို့ရာတွင်ကျွန်တော်ပထမဦးဆုံး ကျမ်းစာသင်ပေးခဲ့သူသည် ထိုအချိန်၌အုပ်စုအမှုထမ်းဖြစ်နေသည်။
နော်မန်၏သမီး ဂျုံးနှင့်ခင်ပွန်းမောရစ္စအိုခေါလက်ဂ်ဟန်တို့သည် ယခုအခါအသင်းတော်လည်ပတ်သည့် တိုက်နယ်လုပ်ငန်းတွင်လုပ်ကိုင်သည်မှာ ၂၄ နှစ်ရှိပြီ။ ကျွန်တော်.ညီမလာဗားနားသည် ၁၉၄၉ ခုတွင်ဂိလျဒ်သာသနာပြုကျောင်း ၁၂ ကြိမ်မြောက်သင်တန်းကိုတက်ရောက်ပြီး အီတလီနိုင်ငံသို့ တာဝန်ခန့်အပ်ခံရသည်။ ထိုတွင်စောစောပိုင်းသာသနာပြုလုပ်ငန်း အောင်မြင်မှုကြောင့်သူမသည် ဆွစ်ဇာလန်နိုင်ငံသို့ပြည်နှင်ဒဏ်ခံရသည်။ ထိုနိုင်ငံတွင်ခင်ပွန်းသည်နှင့်ယခုတိုင် နေထိုင်လျက်ရှိသည်။
အမှုတော်ဆောင်ခြင်းကိုတိုးချဲ့လိုသောဆန္ဒ
မှန်မှန်ရှေ့ဆောင်အဖြစ် နှစ်လထမ်းဆောင်ပြီးနောက် အထူးရှေ့ဆောင်လုပ်ငန်းတွင် တာဝန်ခန့်အပ်ခံရသည်။ ဘီလ်၊ ကျွန်တော်တို့နှင့်ပူးပေါင်းလုပ်ဆောင်သူမှာ မီလ်တန်ဟင်ရှယ်၏အစ်ကို ဝါရင်းဟင်ရှယ်ဖြစ်သည်။ မီလ်တန်မှာယခုအခါ ယေဟောဝါသက်သေများ၏အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
အထူးရှေ့ဆောင်သက်တမ်းပထမလအတွင်း တစ်နေ့သောညနေခင်းအချိန်တွင် ကျွန်တော် အယ်လ်ဘတ်ဟော့ဖ်မန်းထံ အလည်သွားသည်။ သူသည်နယ်လှည့်ကြီးကြပ်မှူးဖြစ်ပြီး နိုင်ငံတော်ခန်းမလမ်းတစ်ဘက်၌ ရပ်ထားသောနောက်တွဲယာဉ်တွင်ဇနီး ဇိုလာနှင့်ထိုင်နေကြသည်။ စီးပွားရေးဆုတ်ယုတ်နေသည့် ထိုနှစ်များအတွင်း၌ ကျွန်တော်တို့သည်စာအုပ်စာတမ်းများကို စားစရာပစ္စည်းများနှင့် မကြာခဏလဲလှယ်ကြရသည်။ ထိုနေ့ကကျွန်တော်သည် သစ်တော့သီးခြင်းကြီးအပြည့် လဲလှယ်ထားသဖြင့် ညီအစ်ကိုဟော့ဖ်မန်း တစ်ချို့ယူမလားသိရန်သူ့ထံ သွားခြင်းဖြစ်သည်။ သူအလွန်ဝမ်းသာပြီး အထဲခေါ်ထိုင်သည်။
သူကျွန်တော်.အားသမ္မာကျမ်းစာအိမ်တော် (ယခုဗေသလဟုခေါ်သည်) ဖြစ်သည့် ဘရွတ်ကလင်နယူးယောက်တွင်ရှိသော ယေဟောဝါသက်သေများ၏ ဌာနချုပ်အကြောင်းစ၍ ပြောပြသည့်အချိန်မှာ ညကိုးနာရီခန့်ဖြစ်သည်။ နောက်ဆုံးတွင်သူ့ဇနီးက “ဘယ်အချိန်ရှိပြီသိလား။ ၄ နာရီခွဲပြီ” ဟုပြောသည်။ ကျွန်တော်တို့တစ်ညလုံး စကားပြောနေခဲ့ကြသည်။ နိုင်ငံတော်ခန်းမအပေါ်ထပ်သို့ ပြန်၍မအိပ်မီကျွန်တော်သည် ဗေသလအမှုတော်အတွက် လျှောက်လွှာတစ်စောင်ရေး၍ ချက်ချင်းပင်စာတိုက်ဖြင့် ပို့လိုက်သည်။
ထိုအချိန်မှစ၍ နေ့စဉ်ဆုတောင်းရာတွင် ဤကိစ္စကိုယေဟောဝါထံ တင်ပြသည်။ သုံးလကြာပြီးနောက် ဘရွတ်ကလင်ဗေသလသို့ ဖိတ်ခေါ်သည့်စာကိုဝမ်းမြောက်စွာ လက်ခံရရှိသည်။ သွားရမည့်ခရီးအတွက် ပြင်ဆင်သည့်အနေနှင့် ကျွန်တော်.ကားကိုညီမဂျင်းအား ပေးလိုက်သည်။သူလည်းထိုအချိန်က အထူးရှေ့ဆောင်တစ်ဦး ဖြစ်နေသည်။ ဘတ်စ်ကားဖြင့်ခရီးထွက်လာရာ မွန်တဲန်နားနှင့်ဒါကိုတာပြည်နယ်များတွင် နှင်းမုန်တိုင်းကြီးနှစ်ကြိမ်ကြုံရသဖြင့် လမ်းခရီး၌ခြောက်နေ့နှင့်ခြောက်ညကြာပြီးနောက် ၁၉၃၉ ခု၊ ဇန္နဝါရီလ ၄ ရက်တွင် နယူးယောက်မြို့တော်သို့ ရောက်ရှိခဲ့သည်။
ဗေသလလုပ်ငန်း
ဗေသလအမှုထမ်းဂရန့်စူတာသည် ကျွန်တော်.အတွက်စာရင်းသွင်းပြီးနောက် စက်ရုံအမှုထမ်းနေသန်နောရ်ထံ သတင်းပို့ရန်စက်ရုံသို့ သွားစေသည်။ ကျွန်တော်ဦးဆုံးထမ်းဆောင်ရသည့်တာဝန်မှာ ကုန်ပစ္စည်းတင်ပို့ရာဌာနတွင် စာအုပ်သေတ္တာများကို ထုပ်ပိုးခြင်းဖြစ်သည်။ ဒုတိယအပတ်တွင် ပတ်လည်ပုံနှိပ်စက်အထပ်တွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခံရသည်။ ညီအစ်ကိုနောရ်က “ခင်ဗျားဒီပုံနှိပ်စက်ကို ခြောက်လနဲ့ကိုင်တွယ်တတ်အောင် သင်ယူနိုင်မယ်ဆိုရင် ခင်ဗျားအော်ပရေတာဖြစ်မယ်။ ဘာကြောင့်လည်းဆိုတော့ လက်ရှိအော်ပရေတာဟာ ပုံနှိပ်စက်အသစ်ကို တာဝန်ယူရမှာမို့ဖြစ်တယ်” ဟုပြောသည်။ ကျွန်တော်တတ်အောင် သင်နိုင်ခဲ့သည်။ ၄င်းလုပ်ငန်းကိုလည်း အလွန်နှစ်သက်သည်။
ပုံနှိပ်စက်ရုံတွင် တစ်နှစ်ခွဲကြာ လုပ်ဆောင်ပြီးနောက် တစ်နေ့တွင် ညီအစ်ကိုနောရ်သည် ပုံနှိပ်စက်ရှိရာသို့ရောက်လာပြီး “မက်ခ်စ်၊ ရုံးမှာအလုပ်လုပ်ချင်သလား” ဟုမေးသည်။
“အို၊ ညီအစ်ကိုနောရ်၊ အဲဒီအလုပ်ဟာကျွန်တော်နောက်ဆုံးမှ ရွေးချယ်မယ့်အလုပ်ပါ။ ဒါပေမယ့်၊ ရုံးအလုပ်တာဝန်ပေး ခန့်အပ်မယ်ဆိုရင်လည်း အဲဒီတာဝန်ကိုရှေးဦးထားပြီး ဆောင်ရွက်သွားပါ့မယ်။”
“တနင်္လာနေ့မနက်ရုံးကိုလာပြီး ကျွန်တော်.ဆီသတင်းပို့ပါ” ဟုသူပြန်ပြောသည်။
ထိုအချိန်မှစ၍ကျွန်တော်သည် ရုံးခန်းတွင်အလုပ်လုပ်လာခဲ့သည်။ ပထမ၌ညီအစ်ကိုနောရ်၏လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုနောက် ၁၉၄၂ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်နေ့တွင် ညီအစ်ကိုရပ်သဖော့ဒ်ကွယ်လွန်သောအခါ ညီအစ်ကိုနောရ်ဥက္ကဌဖြစ်လာရာ ကျွန်တော်.ကိုစက်ရုံကြီးကြပ်မှူးအဖြစ် ခန့်အပ်ခဲ့သည်။ ကျွန်တော်သည်အသက် ၂၆ နှစ်သာရှိပြီး ဗေသလအတွေ့အကြုံသုံးနှစ်သာ ရှိသေးသည်။ ထို့ကြောင့်တာဝန်ကြီးလွန်းသည်ဟု ခံစားမိသည်။
သို့သော်လည်း စက်ရုံဌာနအသီးသီးမှ ဘိသိက်ခံကြီးကြပ်မှူးတို့သည် မေတ္တာဖြင့်ကျွန်တော်.ကိုများစွာ အထောက်အကူပေးကြသည်။ သူတို့၏နှိမ့်ချ၍ ယိုင်းပင်းကူညီတတ်သည့် စိတ်သဘောကြောင့်သူတို့ကိုများစွာ ချစ်ခင်လေးစားမိသည်။ ကျွန်တော်.ကိုအဓိကကူညီပေးသူမှာ ညီအစ်ကိုနောရ်ဖြစ်သည်။ သူကွယ်လွန်သည့် ၁၉၇၇ ခုနှစ်အထိ ၃၅ နှစ်ကြာ သူနှင့်အတူအသင်းမကြီး၏ ပုံနှိပ်ထုတ်ဝေရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရသည့် အခွင့်အရေးရရှိခဲ့သည်။ သူသည်စီမံအုပ်ချုပ်ရေးတွင် ထူးကဲသောစွမ်းရည်ပြည့်ဝသူဖြစ်ပြီး ကျွန်တော်.အားတာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်ရန် များစွာအထောက်အကူပေးခဲ့သည်။
အစိုးရအရာရှိများရှေ့ဝယ်
ဒုတိယကမ္ဘာစစ်ကြီးအတောအတွင်း၌ ကျွန်တော်တို့၏ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းအတွက် လိုအပ်သောကုန်ကြမ်းပြတ်လပ်မှု အကြီးအကျယ်ကြုံရသည်။ သို့နှင့်ကျွန်တော်သည်တစ်နှစ်အတွင်း ဝါရှင်တန်ဒီစီသို့အခေါက်ခေါက်သွား၍ စစ်ပစ္စည်းထုတ်လုပ်ရေးအဖွဲ့၊ ဆီးနိတ်ကော်မတီနှင့် သွားရောက်တွေ့ဆုံရသည်။ သူတို့ထံစက္ကူနှင့် အခြားအထောက်အပံ့ပစ္စည်းများ ထုတ်ပေးရန်မေတ္တာရပ်ခံသည်။ ကျွန်တော်တို့၏ကြိုးပမ်းအားထုတ်မှုကို ယေဟောဝါကောင်းချီးများစွာပေးတော်မူခဲ့၏။
တစ်ခါကဆိုလျှင်ကျွန်တော်သည် မလိုအပ်သောပစ္စည်းများကိုကြော်ငြာပေးသည့် နာမည်ကြီးသတင်းစာများမှ စာမျက်နှာအမျိုးမျိုးပြသ၍ ရှင်းလင်းတင်ပြခဲ့ရသည်။ ထိုနောက်နယူးယောက်ထုတ် အဓိကသတင်းစာကြီးတစ်စောင်မှ သားမွှေးအနွေးထည်အတွက် တစ်မျက်နှာအပြည့်ပါရှိသော ကြော်ငြာတစ်ခုကိုထောက်ပြ၍ ကျွန်တော်ကဤသို့ဆို၏။ “တနင်္ဂနွေနေ့ထုတ်သတင်းစာတစ်ခုတည်းမှာ ဒီကြော်ငြာအတွက်အသုံးပြုလိုက်တဲ့ စက္ကူပမာဏဟာ ကျွန်တော်တို့တစ်နှစ်လုံးအတွက်လျှောက်ထားတဲ့ အပိုတန်ချိန်စုစုပေါင်းနဲ့ ညီမျှတယ်ခင်ဗျ။”
“ခင်ဗျားတင်ပြချက်ဟာ လိုရင်းရောက်ပါပေတယ်” ဟုဆီးနိတ်လွှတ်တော်အမတ်တစ်ဦးကဆို၏။ ဤသို့သွားရောက်ခဲ့သည့်ခရီးစဉ်များအပေါ် ယေဟောဝါကောင်းချီးပေးမှုကြောင့် ကျွန်တော်တို့သည်စစ်ပွဲကာလအတွင်း၌ စက္ကူနှင့်အခြားပစ္စည်းများ ပြတ်လပ်မှုကြောင့် ပုံနှိပ်စက်ရပ်ပစ်ရသည်ဟူ၍ မရှိခဲ့ပေ။ ၄င်းပြင်ယနေ့ကဲ့သို့ ပမာဏကြီးမားလှသည့်စက္ကူများကိုလည်း ကျွန်တော်တို့မလိုအပ်ခဲ့ပေ။
စက်ရုံဆိုင်ရာများတိုးချဲ့
ဗေသလသို့ကျွန်တော်မရောက်မီ ဆယ့်နှစ်နှစ်အချိန်ကအသင်းမကြီးသည် ၁၁၇ အာဒံလမ်းတွင် အထပ်ရှစ်ထပ်ရှိကိုယ်ပိုင်စက်ရုံတစ်ခုကို မြို့ကွက်တစ်ကွက်အပြည့် တည်ဆောက်ခဲ့သည်။ သို့သော် ၁၉၄၉ ခုနှစ်တွင် ကျန်သောမြို့ကွက်တစ်ဝက်ပေါ်တွင် အထပ်ကိုးထပ်ရှိစက်ရုံနှင့် ရုံးအဆောက်အဦဆောက်လုပ်ရန် လိုအပ်လာသည်။ ဤသို့ဖြင့် မြို့ကွက်အပြည့်တွင် ကြမ်းပြင်ဧရိယာ ၁၆၀၀၀၀ စတုရန်းပေရှိသော စက်ရုံကြီးတစ်ခုပေါ်လာသည်။
ထိုအချိန်၌ ကျွန်တော်သည်ဌာနချုပ်မှနေ၍ အသင်းမကြီးအတွက်ဆောက်လုပ်ရေးလုပ်ငန်းကို ကြီးကြပ်ရန်တာဝန် ခန့်အပ်ခံရသည်။ ထိုစဉ်က ဘရွတ်ကလင်တွင်ကျွန်တော်တို့၌ ရုံးနှင့်စက်ရုံအတွက် အဆောက်အဦတစ်ခုနှင့် လူနေအဆောက်အဦတစ်ခုသာ ရှိခဲ့သည်။ သို့သော်အနှစ် ၄၀ ကြာပြီးနောက်ယခုအချိန်တွင် ဘရွတ်ကလင်တစ်ခုတည်းတွင် စက်ရုံနှင့်ရုံးလုပ်ငန်းအတွက် အဆောက်အဦ ၁၀ ခုကျော်နှင့်လူနေအဆောက်အဦ ၂၀ ခန့်ရှိနေလေပြီ။
၁၉၅၀ ပြည့်နှစ်များစောစောပိုင်းတွင် ကျွန်တော်တို့၏ ၁၁၇ အာဒံလမ်းအဆောက်အဦး၏ မြောက်ဘက်မျက်နှာချင်းဆိုင် မြေကွက်ကိုဝယ်ယူရန် ကြိုးစားခဲ့သော်လည်းပိုင်ရှင်က ကျွန်တော်တို့ပေးသည့်ဈေးကို လက်မခံပေ။ အမှန်ပြောရလျှင် သူသည်ကျွန်တော်တို့နှင့် မည်သည့်ဆွေးနွေးညှိနှိုင်းမှုမျှ မပြုလုပ်လိုပေ။ အဘယ်ကြောင့်ဆိုသော်သူက အသင်းမကြီးသည်သူလိုချင်သောဈေး ပေးလိမ့်မည်ဟုတွက်ဆထားသည့် အတွက်ကြောင့်ဖြစ်သည်။ သို့နှင့်အာဒံလမ်းရှိစက်ရုံ၏အရှေ့ဘက် ပါလ်လမ်းတစ်ဘက်ရှိမြေကွက်ကို ကျွန်တော်တို့စဉ်းစားလာသည်။ ၄င်းမြေကွက်မှာ သီးခြားအကွက်ရှစ်ကွက်ပါဝင်သော မြေကွက်ဖြစ်သည်။ ပိုင်ရှင်တစ်ဦးစီနှင့်သီးခြား ညှိနှိုင်းယူရသည်။ သို့သော်မြေကွက်ရှစ်ကွက်စလုံးကို တစ်နှစ်အချိန်အတွင်း၌ပျမ်းမျှခြင်း စတုရန်းတစ်ပေလျှင် ၉ ဒေါ်လာနှုန်းဖြင့်ရရှိအောင် ယေဟောဝါလမ်းဖွင့်ပေးတော်မူ၏။
၁၉၅၅ ခုနှင့် ၁၉၅၆ ခုနှစ်အတွင်းအသင်းမကြီးသည် ၄င်းမြေကွက်ပေါ်ရှိ ၇၇ စဲန်းလမ်း၌ ၁၃ ထပ်ရှိသောစက်ရုံကိုဆောက်ခဲ့သည်။ ဤကားကျွန်တော်တို့၏ ဒုတိယစက်ရုံဖြစ်ပြီး ကြမ်းပြင်ဧရိယာမှာ ပထမစက်ရုံကြမ်းပြင်၏နှစ်ဆကျော် စတုရန်းပေ ၃၅၀၀၀၀ ရှိသည်။ သို့သော်အဖွဲ့အစည်းသည် အလျင်အမြန်တိုးပွားနေသည်ဖြစ်ရာ များမကြာမီတွင် နေရာပိုမိုလိုအပ်လာမည်ကို နားလည်ထားကြသည်။ သို့နှင့် ၁၉၅၈ ခုတွင်ပရောစပက်နှင့်ပါးလ်လမ်းထောင့်ရှိ စက်ရုံကိုဝယ်ယူ၍ သိုလှောင်ရုံအဖြစ်စတင်အသုံးပြုခဲ့သည်။
ယခုကျွန်တော်တို့၏အဆောက်အဦတို့ကို တံတားဖြင့်ဆက်သွယ်နိုင်သည့် မြေကွက်တစ်ကွက်သာကျန်တော့သည်။ ၄င်းမှာစောစောပိုင်းက ဝယ်ယူရန်ကြိုးစားခဲ့သည့်မြောက်ဘက်ရှိ မြေကွက်ပင်ဖြစ်သည်။ ကင်းမျှော်စင်အသင်းအနေဖြင့် ၄င်းကိုဝယ်ယူရန်ကြိုးစားပါက ပိုင်ရှင်သည်သူ၏တရားလွန်ဈေးနှုန်းအတိုင်း တင်းခံထားမည်ကို ကျွန်တော်တို့သိမြင်သည်။ သို့နှင့်မြေယာရောင်းဝယ်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်တစ်ဦးအား ကျွန်တော်တို့အတွက်ဝယ်ယူရန် ကြိုးစားကြည့်ခိုင်းသည်။ သူသည်ကျွန်တော်တို့ပေးခဲ့သည့်ဈေးထက် များစွာလျော့နည်းသည့်ဈေးဖြင့် ဝယ်ယူရရှိလိုက်သည်။ နောက်ပိုင်းတွင်ပိုင်ဆိုင်ခွင့်ကို ကင်းမျှော်စင်အသင်းအား လွှဲပြောင်းပေးလိုက်ကြောင်း ပိုင်ရှင်သိသွားသောအခါ အကြီးအကျယ်အမျက်ဒေါသထွက်ခဲ့သည်။
၁၉၆၆ နှင့် ၁၉၆၇ ခုအတွင်း ၄င်းမြေကွက်ပေါ်တွင် ကြမ်းပြင်ဧရိယာ ၂၂၆,၀၀၀ စတုရန်းပေရှိ ဆယ်ထပ်တိုက်စက်ရုံကို တည်ဆောက်ခဲ့သည်။ ယခုအခါ မြို့ကွက်လေးကွက်ကျယ်ဝန်းသော စက်ရုံအလုပ်ရုံ အဆောက်အအုံများဖြစ်လာသည်။ ယင်းတို့ကိုလမ်းကျော်တံတားဖြင့် ဆက်သွယ်ထားသည်။ ၄င်းနောက် ၁၉၈၃ ခုနှင့် ၁၉၈၆ ခုနှစ်တို့တွင် တောင်ဘက်နှစ်လမ်းသုံးလမ်းကျော်မှာရှိသော စက်ရုံနှစ်ခုကို ဝယ်ယူ၍ ယင်းတို့ကို ၁၆၁ ပေရှည်လျားသော တံတားဖြင့် လက်ရှိ ယင်းစက်ရုံလေးခုနှင့် ဆက်သွယ်ထားသည်။ ဆက်သွယ်ထားသော ယင်းစက်ရုံခြောက်ခု၏ စုစုပေါင်းကြမ်းပြင်ဧရိယာမှာ ၁,၀၂၂,၀၀၀ စတုရန်းပေ သို့မဟုတ် ၂၃ ဧကခန့်ရှိသည်။ ၁၉၈၃ ခုနှစ်တွင် ဖားမင်းလမ်းတွင်ရှိသော ဧရိယာစတုရန်းပေ ၁,၀၀၀,၀၀၀ ရှိဧရာမအဆောက်အအုံကိုလည်း ဝယ်ယူခဲ့သည်။ ယင်းသည်သင်္ဘောဆိပ်နှင့် အကွက်အနည်းငယ်သာ ဝေးကွာသည့်နေရာတွင် တည်ရှိသဖြင့် သင်္ဘောတင်ပို့မှု အထောက်အကူပြုပစ္စည်းတို့ကို ယခုအခါ ထိုအဆောက်အဦးတွင် တည်ဆောက်တပ်ဆင်ထားသည်။
ရုံးအဆောက်အဦအစုတစ်ခုရယူခြင်း
အိမ်မြေရာရောင်းဝယ်ရေးနှင့် ပတ်သက်သောစိတ်ဝင်စားဖွယ်ရာ တွေ့ကြုံမှုနောက်တစ်ခုမှာ ဆက်သွယ်ထားသော အဆောက်အဦဆယ်ခုပါဝင်သည့် စကွိဆေးဝါးထုတ်လုပ်ရေးစက်ရုံ အဆောက်အဦအစုကို ဝယ်ယူခြင်းဖြစ်သည်။ ၄င်းကိုဝယ်ယူပြီးနောက် လေးခုကို ဖြိုချလိုက်ပြီး အသစ်တစ်ခု ဆောက်လုပ်ကာ လက်ရှိအဆောက်အဦတစ်ခုနှင့် ပေါင်းစပ်၍ ကင်းမျှော်စင်အသင်း၏ လက်ရှိဌာနချုပ်ရုံးဖြစ်သော ၂၅ ကိုလံဘီယာဟိုက်အဖြစ်ဖွဲ့စည်းလိုက်သည်။ ဤအဆောက်အဦအစုကို ဝယ်ယူပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
၁၉၆၉ ခုနှစ်တွင် ကျွန်တော်တို့၏ပုံနှိပ်ထုတ်ဝေရေးအထောက်အကူပြုပစ္စည်းများကို ထပ်မံတိုးချဲ့ရန် စီစဉ်ခဲ့သည်။ သို့သော်ထိုအချိန်၌ စီးပွားရေးလုပ်ငန်းကောင်းနေသဖြင့် ဒေသတွင်းရှိအိမ်မြေယာပိုင်ရှင် အသီးသီးထံ ကျွန်တော်သွားရောက်စုံစမ်းခဲ့သော်လည်း ရောင်းလိုသူတစ်ယောက်မျှ မရှိပေ။
ထိုအချိန်အတောအတွင်း ကျွန်တော်တို့အတွက် စက္ကူပေးသွင်းနေသည့် စက္ကူစက်တည်ရှိရာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်သို့ ကျွန်တော်ခရီးထွက်ခဲ့သည်။ ဘရွတ်ကလင်မြို့နယ်တွင် ကျွန်တော်တို့ အိမ်မြေယာလိုအပ်နေကြောင်း စက်ရုံမှလူတစ်ဦးအား ပြောပြမိသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုသူ၏အစ်ကိုမှာ စကွိအဆောက်အဦအစုပိုင်ရှင်တစ်ဦး၏ မိတ်ဆွေဖြစ်နေသည်။ သူကလိုအပ်သော အဆက်အသွယ်ပြုလုပ်ပေးပြီးနောက် ဘရွတ်ကလင်ပြန်ရောက်လျှင် ထိုပိုင်ရှင်ထံ ဖုန်းဆက်ရန် ကျွန်တော်ကိုမှာကြားသည်။
ကျွန်တော်ဖုန်းဆက်သည့်အခါ ထိုသူက စကွိသည် သင့်တော်သောအချိန်တွင် ဘရွတ်ကလင်ရှိပိုင်ဆိုင်မှုတို့ကို ရောင်းချ၍ နယ်သို့ရွှေ့ပြောင်းရန် အစီအစဉ်ရှိကြောင်း အတည်ပြုပြောကြားသည်။ ရောင်းရန်အသင့်ဖြစ်သောအခါ အရောင်းအဝယ်စေ့စပ်ညှိနှိုင်းရန် အကြောင်းကြားမည်ဖြစ်ကြောင်းပြောသည်။ လအတန်ကြာပြီးနောက် သူတို့ထံမှ ရောင်းချရန်အသင့်ဖြစ်နေကြောင်း နောက်တစ်နေ့ရုံးမှာလာတွေ့ပါရန် ဖုန်းဖြင့်အကြောင်းကြားလာသည်။
ညီအစ်ကိုနောရ်နှင့် ကျွန်တော်တိုင်ပင်ညှိနှိုင်းပြီး ပေးနိုင်မည့်ဈေးကို ဆုံးဖြတ်ကြသည်။ နောက်တစ်နေ့ သူတို့နှင့်သွားရောက်တွေ့ဆုံသည့်အခါ သူတို့က ဈေးအလျှော့အတင်းမရှိကြောင်း “လက်ငင်းဒေါ်လာသုံးသန်းလိုချင်သည်” ဟုပြောသည်။ ကျွန်တော်တို့အံ့သြမှု မပေါ်အောင် ထိန်းထားရသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ပေးဖို့ စဉ်းစားထားသော ဈေးထက်များစွာနည်းနေ၍ဖြစ်သည်။ ပြောစရာအကြောင်းမရှိဘဲ အရောင်းအဝယ်ကိစ္စကို ချက်ချင်းပင်ပြီးစီးအောင် ဆောင်ရွက်လိုက်သည်။ ထိုအချိန်၌ ကျွန်တော်တို့သည် ဒေါ်လာလေးသန်းကုန်ကျသည့် စက်ရုံသစ်ဆောက်လုပ်ပြီးစီးခါစရှိသေးသော်လည်း ငွေကြေးထပ်မံလိုအပ်ကြောင်း ဘုရားသခင့်လူမျိုးတော်ကြားသိသည်နှင့် လိုအပ်သောရံပုံငွေချက်ချင်းပင်ရောက်ရှိလာသည်။
သာ၍များသော လူနေအဆောက်အဦများ
၁၉၅၀ ပြည့်နှစ်များအတွင်း ၁၂၄ ကိုလံဘီယာဟိုက်လမ်းတစ်ဘက်ရှိမြေကွက်ကို ဝယ်ယူလိုက်ပြီး ၁၉၅၉ နှင့် ၁၉၆၀ ခုနှစ်အတွင်း လူနေအဆောက်အဦးသစ်ကြီး တစ်ခုဆောက်လုပ်သည်။ သို့သော် ၁၉၆၅ ခုမှစ၍ လူနေအိမ်ယာတိုက်တာဆောက်လုပ်ရန် ပိုမိုခက်ခဲလာသည်။ ထိုနှစ်၌ အစိုးရက ဗေသလတည်ရှိရာဒေသကို သမိုင်းဝင်အမှတ်တရဒေသအဖြစ် သတ်မှတ်ပြဌာန်းခဲ့သည်။ ယင်းကြောင့်အဆောက်အဦဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းအတွက် အကြီးအကျယ်ကန့်သတ်မှုဖြစ်စေခဲ့သည်။ သို့သော်လည်း ယေဟောဝါ၏မစမှုကြောင့် ကျွန်တော်တို့လိုအပ်သည့်အရာများ အမြဲလိုလိုရရှိခဲ့သည်။
ဥပမာအားဖြင့် ၁၉၆၇ ခုတွင် ၁၁၉ ကိုလံဘီယာဟိုက်၌ ခြောက်ထပ်ရှိလူနေအဆောက်အဦဆောက်လုပ်ရန် ကျွန်တော်တို့လျှောက်ထားသည်။ အမှတ်တရနယ်မြေဥပဒေကြောင့် မူလက ၁၂ ထပ်စီစဉ်ထားရာမှ ၆ ထပ်သို့ လျှော့ချထားပြီးဖြစ်သည်။ သို့သော်လည်း ဒေသခံအာဏာပိုင်တို့က အနည်းဆုံးနောက်တစ်ထပ်လျှော့ချခိုင်းနေသည်။
ဇွန်လတွင်ကျွန်တော် ဘရွတ်ကလင်မြို့နယ်ဥက္ကဌထံသွားရောက်တွေ့ဆုံရာ သူကအထက်တန်းမြို့နယ်ဘုတ်အဖွဲ့ဖြစ်သော အကဲဖြတ်ဘုတ်အဖွဲ့၏စက်တင်ဘာလ အစည်းအဝေးမတိုင်မီ အုတ်မြစ်ချနိုင်မည်ဆိုပါက ခြောက်ထပ်အတိုင်းထားရှိဖို့ သူကြိုးစားဆောင်ရွက်ပေးပါမည်ဟု ပြောကြားခဲ့သည်။ ကျွန်တော်တို့၏ဆောက်လုပ်ရေးအဖွဲ့သည် အရှိန်တိုးမြှင့်ဆောက်လုပ်ကြသဖြင့် စက်တင်ဘာလမတိုင်မီ အုတ်မြစ်ကို အပြီးအစီးချနိုင်ခဲ့လေသည်။
ကျွန်တော်တို့၏ အမှုကိုရုံးတော်တွင် ကြားနာဖို့တစ်ရက်အလိုတွင် မြို့နယ်ဥက္ကဌက ကျွန်တော်.ကိုခေါ်တွေ့သည်။ သူက အကဲဖြတ်ဘုတ်အဖွဲ့စည်းဝေးမစမီ နှစ်နာရီကြို၍ မြို့တော်ခန်းမသို့အရောက်လာပြီး စင်မြင့်အနောက်ဘက်တွင် သူနှင့်လာတွေ့ရန် ဖုန်းဆက်မှာကြားသည်။ သို့နှင့်ညီအစ်ကိုနောရ်၊ ညီအစ်ကိုစူတာ (ဘဏ္ဍာရေးအတွင်းရေးမှူး) နှင့်ကျွန်တော်တို့သည် နောက်တစ်နေ့စောစော မြို့တော်ခန်းမသို့အရောက်သွားကြ၏။ အကဲဖြတ်ဘုတ်အဖွဲ့ရှေ့တွင် ကျွန်တော်တို့၏အမှုကို မည်သို့အကောင်းဆုံးဖြစ်အောင် တင်ပြမည်အကြောင်း ဆွေးနွေးနေစဉ် မြို့ပြစီမံကိန်းကော်မရှင်နှင့် ပတ်သက်သောနည်းပညာဆိုင်ရာအချက်အလက် ပြဿနာပေါ်လာသဖြင့် တယ်လီဖုန်းဆက်၍ ထိုကိစ္စကိုရှင်းလင်းခဲ့ရသည်။ မြို့ပြစီမံကိန်းကော်မရှင်နာက ယင်းကိစ္စကို သူကိုယ်တိုင်ကိုင်တွယ်ရန် ဆင်းလာမည်ဟု ချက်ချင်းပင်ပြန်ကြားသည်။ သူက “ခင်ဗျားတို့အမှုကို ပြည်သူအများက ကန့်ကွက်ကြမှာမို့ ဘုတ်အဖွဲ့ရှေ့မှာ ကျွန်တော်ကင်းမျှော်စင်အသင်း ကိုယ်စားလိုက်ပါဆောင်ရွက်ပေးမယ်” ဟုပြောသည်။
ဤကဲ့သို့ သူအကူအညီပေးမှုအတွက် ကျွန်တော်တို့အထူးဝမ်းသာကြသည်။ အကဲဖြတ်ဘုတ်အဖွဲ့၏ လုပ်ထုံးလုပ်နည်းမှာ တစ်နေ့တာချိန်းဆိုထားသော အမှုများကိုဖတ်ကြားပြသည်။ ကန့်ကွက်မှုရှိလျှင် အမှုကို ကြားနာရန်မွန်းလွဲပိုင်းသို့ ရွှေ့ဆိုင်းသည်။ ကန့်ကွက်မှုမရှိလျှင် ချက်ချင်းပင်အဆုံးအဖြတ်ပေးသည်။ ကျွန်တော်တို့၏အမှုကို စောစောစီးစီးကြားနာရာ မြို့ပြစီမံကိန်းကော်မရှင်နာက မတ်တတ်ထ၍ မြို့တော်ဝန်အား “ကင်းမျှော်စင်အသင်းကိုယ်စားကျွန်တော်ပြောဆိုလိုပါသည်” ဟုတင်ပြ၏။
မြို့တော်ဝန်က “လုပ်ထုံးလုပ်နည်းအရအမှုကို ပထမဖတ်ကြားစဉ်တွင် ဆွေးနွေးပြောဆိုခွင့်မရှိကြောင်း သင်တို့သိကြသည်။ (သာမန်ဆွေးနွေးစရာကိုမွန်းလွဲပိုင်းသို့ရွှေ့ဆိုင်းသည်) သို့သော်ကော်မရှင်နာလူကြီးမင်းအနေနှင့် အလွန်အလုပ်များနေမည်ကို ကျွန်တော်သိသည်။ ထို့ကြောင့်ချွင်းချက်အနေနှင့် သင့်တောင်းဆိုချက်ကို လိုက်လျောပါမည်” ဟုဖြေကြား၏။ ကော်မရှင်နာက ကျွန်တော်တို့၏အမှုကို စ၍တင်ပြရာ အကဲဖြတ်ဘုတ်အဖွဲ့က ကျွန်တော်တို့၏လျှောက်ထားချက်ကို တညီတညွတ်တည်းသဘောတူကြောင်း မဲပေးထောက်ခံကြသည်။ ရုံးတော်မှ ကျွန်တော်တို့ထွက်ခွာစဉ်တွင် အတိုက်အခံဘက်မှ ရှေ့နေက အခန်းတွင်းသို့ပြေးဝင်လာပြီး “ဒီအမှုကို ကန့်ကွက်ဖို့တစ်နာရီကြာလျှောက်လဲချက်တင်ပြဖို့ရှိတယ်” ဟုကျယ်လောင်စွာပြောဆို၏။ သို့သော်သူအလွန်နောက်ကျသွားပြီ။ ကျွန်တော်တို့ခွင့်ပြုမိန့်ရလိုက်ပြီ။ ဤအမှု၌အောင်မြင်ခြင်းအတွက် ယေဟောဝါအားကျေးဇူးတင်သည်။
လွန်ခဲ့သောနှစ်များတစ်လျှောက် အသင်းမကြီးကိုယ်စား ဤလုပ်ငန်းကိစ္စများ ဆောင်ရွက်ခွင့်ရရှိခြင်းသည် အကျိုးကြီးလှသော အခွင့်အရေးဖြစ်ကြောင်း ကျွန်တော်ဝန်ခံရပေမည်။ ဤအဆောက်အဦကြီးများကို ဝယ်စရာဖြစ်လာအောင်ဖန်းတီးလာသည့် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်း အကြီးအကျယ်တိုးပွားမှုကို တွေ့မြင်ရသည်မှာလည်း နှစ်ထောင်းအားရဝမ်းသာစရာပင်။ ၁၉၇၇ ခုဇန္နဝါရီလ ၁ ရက်တွင် နယူးယောက်ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၏ဒုတိယဥက္ကဌအဖြစ် ခန့်အပ်ခံရခြင်းသည် အဆိုပါလုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရန် အကြီးအကျယ်အထောက်အကူပြုခဲ့သည်။
ဗေသလလုပ်ငန်း၌ ပျော်ရွှင်ခြင်း
၁၉၃၉ ခုတွင် ဗေသလသို့ ကျွန်တော်ရောက်ခဲ့သည့်အချိန်မှစ၍ ဗေသလမိသားစုသည် ၁၈၅ ယောက် ခန့်ရှိရာမှ ယခုဘရွတ်ကလင်တွင် အမြဲတမ်းအိမ်သား ၂၈၀၀ ကျော်ရှိပြီး ကင်းမျှော်စင်စိုက်ပျိုးရေးခြံတွင် ၉၀၀ ကျော်ရှိလာသည်။ “နှစ်ပေါင်း ၅၀ ကြာဗေသလမှာနေနိုင်အောင် ခင်ဗျားကို ဘာကအကူအညီပေးခဲ့သလဲ” ဟုမကြာခဏအမေးခံရသည်။ ကျွန်တော်၏အမြဲတမ်းအဖြေမှာ “ဗေသလလုပ်ငန်းကလွဲလို့ ဘယ်အရာကိုမှ ကျွန်တော်မစဉ်းစားခဲ့ပါဘူး” ဖြစ်သည်။
၄င်းပြင် ကျွန်တော်ကိုယ်တိုင်ဖြည့်စွက်၍ လက်မှတ်ထိုးခဲ့သည့် ဗေသလလုပ်ငန်းလျှောက်လွှာတွင် ဤသို့မေးထားသည်။ “ဘုရားသခင်သင့်အားခေါ်ဆောင်သည့်အချိန်တိုင်အောင် ဗေသလတွင်နေထိုင်ရန်သဘောတူသလော။” ကိုယ်တော်ကျွန်တော်.ကိုမခေါ်ဆောင်သေးပေ။ ကျွန်တော်လည်းဗေသလတွင် ယေဟောဝါအမှုတော်ဆောင်ခြင်း၌ ပျော်မွေ့လျက်ရှိသည်။ အပ်နှံသည့်နေ့မှစ၍ ကျွန်တော်သည်အချိန်ပြည့်အမှုဆောင်ခြင်းကို တစ်သက်တာလုပ်ငန်းအဖြစ်ထားရန် စိတ်ဆုံးဖြတ်ခဲ့သည်။
ဗေသလသို့ ကျွန်တော်ရောက်ခါစနှစ်များ၌ ဗေသလစည်းကမ်းအရအိမ်ထောင်ပြုခွင့်မရှိပေ။ ထို့ကြောင့်အခြားသူများစွာကဲ့သို့ပင် ကျွန်တော်သည်တစ်ကိုယ်ရေဘဝနှင့် ဗေသလလုပ်ငန်းတော်၌ ကျေနပ်ရောင့်ရဲခဲ့ရသည်။ သို့ရာတွင် ဗေသလမိသားစုမူဝါဒပြောင်းလဲ၍ အိမ်ထောင်ပြုခွင့်ရလာသောအခါ ကျွန်တော်သည် ၁၉၅၆ ခုဧပြီလ ၇ ရက်နေ့တွင် ဟယ်လင်လက်ရှန်းစကီးနှင့် လက်ထပ်လိုက်သည်။ ဗေသလကိုသူမ ၁၉၅၁ ခုတွင်ရောက်လာသည်။ ကျွန်တော်တို့သည် ဘဝအဖေါ်မွန်အဖြစ် ယိုင်းပင်းကူညီနေထိုင်ခဲ့ကြသည့် နှစ်လများကိုအမြတ်တနိုးတန်ဖိုးထားကြသည်။
လက်ထပ်ပြီးမကြာမီ ဟယ်လင်သည်အသားအရေမာကျောသည့်ရောဂါစွဲကပ်ခဲ့ရာ မကြာမီနှစ်များ၌ ရောဂါအခြေအနေပို၍ ဆိုးလာသည်။ သို့သော်လည်း တုတ်တစ်ချောင်းနှင့် ဘက်ထရီဓာတ်အားသုံးလှည်းတစ်ခုဖြင့် ကောင်းစွာသွားလာနိုင်သည်။ ပျော်ရွှင်ဝမ်းမြောက်သောစိတ်ဓာတ်ဖြင့် ဗေသလလုပ်ငန်းကို နေ့စဉ်ပါဝင်လုပ်ဆောင်၍ ဗေသလအိမ်တော်ရုံးခန်းတွင် အမှုတော်ထမ်းဆောင်နေသည်။
ငယ်စဉ်တောင်ကျေးကလေးဘဝနှင့် ကြီးပြင်းရာနှစ်များတစ်လျှောက် ညီမဂျင်းနှင့်ကျွန်တော်သည် အလွန်ချစ်ခင်ရင်းနှီးပြီး ဘာလုပ်လုပ်အတူတူလုပ်ကြသည်။ ထို့ကြောင့်သူသည် အမြဲကျွန်တော်.နောက်လိုက်ရန် စိတ်ပိုင်းဖြတ်ထားသည်။ သို့နှင့် ၁၉၄၃ ခုနှစ်တွင် ဗေသလသို့ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။ ၁၉၅၂ ခုတွင်သူသည် ရပ်စဲလ်မော့က်နှင့် လက်ထပ်လိုက်ပြီး နှစ်ယောက်စလုံး ဗေသလမိသားစုအနေနှင့် ကျွန်တော်တို့နှင့်အတူအမှုတော်ဆောင်နေကြသည်။
မြေကြီးပရဒိသုဘုံရောက်မလာမီ ဗေသလသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးနေရာဖြစ်သည်ဟု ကျွန်တော်အခိုင်အမာယုံကြည်သည်။ အချိန်ပြည့်အမှုတော်ဆောင်ခြင်းကို တစ်သက်တာလုပ်ငန်းအဖြစ်ထားခဲ့ခြင်းအတွက် ကျွန်တော်ဘယ်တော့မျှ နောင်တမရခဲ့ပေ။ ယေဟောဝါ၏မြေကြီးဆိုင်ရာအဖွဲ့အစည်းတော် အကြီးအကျယ်တိုးပွားလာခြင်းကို တွေ့မြင်၍ ကိုယ်တိုင်ပါဝင်ခွင့်ရရှိခြင်းအတွက် မည်မျှဝမ်းမြောက်ဖွယ်ကောင်းသည်တကား။ ယေဟောဝါ၏မစမှုဖြင့် ဗေသလကိုကိုယ့်အိမ်အဖြစ်ဆက်၍ထားကာ နိုင်ငံတော်အကျိုးစီးပွားတိုးတက်ရေးတွင် စိုးလ်အပြည့်အဝပါဝင်အသုံးတော်ခံသွားရန် ကျွန်တော်သန္နိဌာန်ချထားသည်။
[စာမျက်နှာ ၃၁ ပါ အကျဉ်းဖော်ပြချက်]]
“မြေကြီးပရဒိသုဘုံရောက်မလာမီ ဗေသလသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးနေရာဖြစ်သည်ဟု ကျွန်တော်အခိုင်အမာ ယုံကြည်သည်”
[စာမျက်နှာ ၂၆၊ ၂၇ ပါ ရုပ်ပုံ]
အထက်-၁၉၈၃ တွင်ဝယ်ယူသော ၃၆၀ ဖားမင်းလမ်းရှိအဆောက်အအုံ
အောက်-၁၉၆၉ တွင်ဝယ်ယူသော ကိုလံဘီယာဟိုက်ရှိအဆောက်အအုံ
လက်ယာ-ကျွန့်တော်အားအဓိကကူညီလေ့ကျင့်ပေးသူမှာ ညီအစ်ကိုနောရ် ဖြစ်သည်
အောက်-၁၉၈၆ ခုနှစ်တွင်ကျွန်ပ်တို့၌လမ်းပေါ်တံတားများဖြင့်ဆက်ထားသော စက်ရုံခြောက်ခုရှိနေသည်
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
၁၉၄၉ ခုနှစ်တွင်တိုးချဲ့လိုက်ပြီးနောက်စက်ရုံ
[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]
ကျွန်ုပ်မင်္ဂလာဆောင်နေ့