‘ဆောင်ရွက်ရန်ရှိသည့် တာဝန်ကိုသာလျှင် ဆောင်ရွက်ခဲ့ကြပြီ’
ဂျော့ဂ်ျ ကောက်ချ်ပြောပြသည်
မနက်ပိုင်း တစ်အိမ်မှတစ်အိမ်အမှုဆောင်ပြီးတဲ့နောက် အသားညှပ်ပေါင်မုန့်နှစ်ချပ်ကို ကျွန်တော့်အဖော်က ထုတ်ပေးတယ်။ စားပြီးတာနဲ့စီးကရက်တစ်လိပ်ကို ကျွန်တော်ဆွဲထုတ်လိုက်တယ်။ “သမ္မာတရားမှာ ဘယ်လောက်ကြာပြီလဲ” လို့သူကမေးခဲ့တယ်။ “ပြီးခဲ့တဲ့ညက ဦးဆုံးအကြိမ် စည်းဝေးတက်ခဲ့ဖူးတာ” လို့ကျွန်တော်ဖြေခဲ့တယ်။
၁၉၁၇၊ မတ်လ ၃ ရက်မှာ ယူ.အက်စ်.အေ၊ ပဲင်စီလ်ဘေးနီးယားပြည်နယ် ပစ်ဘာ့ဂ်မြို့ရဲ့ အရှေ့ဘက်မိုင် ၃၀ ခန့်ဝေးတဲ့ အဗန်မိုရ်မြို့ငယ်လေးအနီး ခြံမြေတစ်ခုမှာ ကျွန်တော့်ကိုမွေးဖွားခဲ့တယ်။ အဲဒီမှာ မိဘတွေက ကျွန်တော့်ညီအစ်ကိုလေးယောက်၊ အစ်မတစ်ယောက်နဲ့ ကျွန်တော့်ကို ကြီးပြင်းစေခဲ့တယ်။
ကျွန်တော်တို့ဟာ ဘာသာရေးလေ့ကျင့်မှု သိပ်မရခဲ့ကြဘူး။ တစ်ခါက ကျွန်တော့်မိဘတွေ ချာ့ချ်သွားတက်ခဲ့ကြပေမဲ့ ကျွန်တော်တို့ငယ်သေးတဲ့အချိန်မှာပဲ မတက်ကြတော့ဘူး။ ဒါပေမဲ့ ဖန်ဆင်းရှင်ကို ကျွန်တော်တို့ယုံကြည်ခဲ့ကြပြီး မိသားစုဘဝမှာလည်း ကျမ်းစာမှာတွေ့ရှိထားတဲ့ အခြေခံမူတွေကို လိုက်လျှောက်ခဲ့ကြတယ်။
ကျွန်တော့်မိဘဆီက ရရှိခဲ့တဲ့အကောင်းဆုံးသွန်သင်ချက်ကတော့ တာဝန်ကိုလက်ခံပြီး ဘယ်လိုကျေပွန်ရမလဲဆိုတာပါပဲ။ ဒါကတော့ လယ်သမားရဲ့ဘဝပဲ။ ဒါပေမဲ့ ကျွန်တော်တို့ဘဝဟာ တစ်ချိန်လုံးအလုပ်လုပ်နေရတာမဟုတ်ပါဘူး။ ဘတ်စကက်ဘောနဲ့ဘေ့စ်ဘောကစားတာ၊ မြင်းစီးတာ၊ ရေကူးတာစတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အပန်းဖြေမှုမျိုးကို ကျွန်တော်တို့ပြုလုပ်ခဲ့ကြတယ်။ အဲဒီတုန်းက ငွေကြေးအခက်အခဲရှိခဲ့ကြပေမဲ့ လယ်သမားဘဝဟာ တကယ်ပျော်စရာကောင်းတယ်။ ကျွန်တော်တို့မူလတန်းတုန်းက အခန်းတစ်ခန်းပဲရှိတဲ့ကျောင်းမှာ စာသင်ခဲ့ကြပြီး အထက်တန်းပညာသင်နှစ်တွေမှာ မြို့ကျောင်းတက်ခဲ့ကြတယ်။
တစ်ညမှာ သူငယ်ချင်းတစ်ယောက်နဲ့ မြို့ထဲလမ်းလျှောက်ထွက်ခဲ့တယ်။ လှပတဲ့မိန်းကလေးတစ်ယောက်က ကျွန်တော့်သူငယ်ချင်းကိုနှုတ်ဆက်ဖို့ အိမ်ထဲကထွက်လာတယ်။ ကျွန်တော့်ကို ဖဲန်ပရူးနဲ့မိတ်ဆက်ပေးခဲ့တယ်။ အဆင်ပြေလောက်အောင်ပဲ အထက်တန်းကျောင်းရှိတဲ့လမ်းမှာ သူမနေခဲ့တယ်။ သူမအိမ်ကို ကျွန်တော်ဖြတ်သွားတိုင်း ဖဲန်ဟာ အိမ်အပြင်မှာ အလုပ်တွေလုပ်နေတတ်တယ်။ ကျွန်တော့်ကိုစွဲမှတ်သွားစေတာကတော့ သူမဟာ အလုပ်ကြိုးစားလုပ်သူတစ်ယောက်ဖြစ်တာပါပဲ။ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေရင်းတွေဖြစ်လာကြတဲ့အပြင် မေတ္တာရှိလာကြပြီး ၁၉၃၆၊ ဧပြီလမှာ လက်ထပ်ခဲ့ကြတယ်။
ကျမ်းစာသမ္မာတရားနှင့်ဆက်သွယ်မိခြင်း
ကျွန်တော်မမွေးခင်က သက်ကြီးရွယ်အိုအမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ဘာသာရေးကြောင့် မြို့ပေါ်ကလူတွေရဲ့ မတရားဆက်ဆံတာကိုခံခဲ့ရတယ်။ ဈေးဝယ်ဖို့ မြို့ကိုသွားတဲ့ စနေနေ့တိုင်းမှာ သူ့ဆီကို ကျွန်တော့်အမေလည်ပတ်ခဲ့တယ်။ အဲဒီအမျိုးသမီးမဆုံးခင်အထိ သူမအိမ်ကို အမေက သန့်ရှင်းရေးလုပ်ပေးပြီး တောက်တိုမယ်ရလုပ်ပေးခဲ့တယ်။ အဲဒီတုန်းက ယေဟောဝါသက်သေတွေကို ကျမ်းစာကျောင်းသားလို့ခေါ်ခဲ့ကြပြီး ကျမ်းစာကျောင်းသားဖြစ်တဲ့ အဲဒီအမျိုးသမီးကို အမေက ကြင်နာမှုပြခဲ့တဲ့အတွက် အမေ့ကို ယေဟောဝါကောင်းချီးပေးခဲ့တယ်လို့ ကျွန်တော်ယုံတယ်။
အဲဒီနောက် တစ်ချိန်မှာ ကျွန်တော့်အဒေါ်ရဲ့သမီးငယ်ရုတ်တရက်ဆုံးသွားတယ်။ ချာ့ချ်က အဒေါ်ကို ကျေနပ်လောက်တဲ့အထိ နှစ်သိမ့်မှုမပေးခဲ့ပေမဲ့ ကျမ်းစာကျောင်းသားဖြစ်တဲ့ အိမ်နီးချင်းတစ်ယောက်ကတော့ နှစ်သိမ့်မှုပေးခဲ့ပါတယ်။ အဲဒီကျမ်းစာကျောင်းသားက လူတစ်ယောက်သေသွားတဲ့အခါ ဘာတွေဖြစ်ပျက်တယ်ဆိုတာ အဒေါ်ကိုရှင်းပြခဲ့တယ်။ (ယောဘ ၁၄:၁၃-၁၅; ဒေသနာ ၉:၅၊ ၁၀) အဲဒါက နှစ်သိမ့်မှုအကြီးအကျယ်ရစေခဲ့တယ်။ အဒေါ်က အမေ့ကို ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်းပြန်ပြောပြခဲ့တယ်။ ဒါနဲ့ပဲ ငယ်ငယ်ကတည်းက မိဘတွေကွယ်လွန်ခဲ့တဲ့အမေဟာ လူသေရဲ့အကြောင်းကို သိချင်စိတ်စောနေတဲ့အတွက် စိတ်ဝင်စားသွားတယ်။ အဲဒီတွေ့ကြုံမှုက အခွင့်အရေးရတိုင်း အလွတ်သဘောသက်သေခံဖို့ အရေးကြီးတယ်ဆိုတာကို စိတ်စွဲမှတ်စေခဲ့တယ်။
၁၉၃၀ ပြည့်လွန်နှစ်တွေမှာ အမေဟာ အဲဒီတုန်းက ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ဝေစာအသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ဂျိုးဇက်၊ အက်ဖ်၊ ရပ်သဖော့ဒ်ရဲ့ တနင်္ဂနွေမနက်ပိုင်း ရေဒီယိုကနေ အသံလွှင့်တဲ့ဟောပြောချက်တွေကို စနားထောင်ခဲ့တယ်။ အဲဒီနှစ်တွေအတွင်းမှာ သက်သေခံတွေက ကျွန်တော်တို့အရပ်မှာ တစ်အိမ်မှတစ်အိမ်လုပ်ငန်းစလုပ်ခဲ့ကြတယ်။ ခြံထဲက အရိပ်ရတဲ့အပင်အောက်မှာ ခရီးဆောင်ဓာတ်စက်တစ်လုံးကိုဆင်ပြီး ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ ဟောပြောချက်ဓာတ်ပြားတွေကို ဖွင့်ပြခဲ့တယ်။ အဲဒီဓာတ်ပြားတွေ၊ ကင်းမျှော်စင်နဲ့ရွှေခေတ် (အခု နိုးလော့!) မဂ္ဂဇင်းတွေဟာ အမေ့ရဲ့စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့ပါတယ်။
နှစ်အနည်းငယ်ကြာပြီးတဲ့နောက် ၁၉၃၈ ခုနှစ်မှာ ၁၅ မိုင်လောက်ဝေးတဲ့ ကိုယ်ပိုင်အိမ်မှာ အထူးအစည်းအဝေးတက်ရောက်ဖို့ ကင်းမျှော်စင်နှစ်စဉ်ကြေးယူထားတဲ့သူတွေကို ဖိတ်ခေါ်ထားတဲ့ပို့စကဒ်တစ်စောင် ရောက်လာတယ်။ အမေက တက်ချင်တဲ့အတွက် ဖဲန်ရယ်၊ ကျွန်တော်ရယ်၊ အကိုနှစ်ယောက်ရယ် အမေနဲ့အတူလိုက်သွားခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ နယ်လှည့်ကြီးကြပ်မှူး ဂျွန်ဘုသ်နဲ့ ချားစ်ဟက်စလာတို့ဟာ လူတစ်ဒါဇင်လောက်ရှိတဲ့ ကျွန်တော်တို့ကို ဟောပြောချက်ပေးခဲ့တယ်။ အဲဒီနောက် နောက်တစ်နေ့မနက်မှာ အမှုဆောင်ထွက်ဖို့ အုပ်စုတစ်စုကို သူတို့ဖွဲ့ခဲ့တယ်။ သူတို့နဲ့တစ်ယောက်မှ မလိုက်တဲ့အတွက် ညီအစ်ကိုဟက်စလာက ကျွန်တော့်ကို “ငါတို့နဲ့လိုက်ခဲ့ပါလား” လို့ပြောတယ်။ သူတို့ဘာလုပ်မယ်ဆိုတာကို ကျွန်တော်အတိအကျမသိပေမဲ့ သူတို့ကို မကူညီသင့်တဲ့အကြောင်းမတွေ့ခဲ့ဘူး။
နေ့လယ်ချိန်ထိ ကျွန်တော်တို့ တစ်အိမ်မှတစ်အိမ်သွားခဲ့ပြီးတဲ့နောက် ညီအစ်ကိုဟက်စလာက အသားညှပ်ပေါင်မုန့်နှစ်ချပ်ကို ထုတ်လိုက်ပါတယ်။ ချာ့ချ်လှေကားထစ်မှာ ကျွန်တော်တို့ထိုင်စားခဲ့ကြတယ်။ စီးကရက်ဆွဲထုတ်လိုက်တဲ့အခါ ကျွန်တော်ဟာ စည်းဝေးတစ်ခါပဲတက်ခဲ့ဖူးတယ်ဆိုတာ ညီအစ်ကိုဟက်စလာသိလိုက်ပါတယ်။ ကျွန်တော်တို့အိမ်မှာ ညစာစားချင်တယ်လို့ သူကမေတ္တာရပ်ခံပြီး ကျမ်းစာဆွေးနွေးဖို့အတွက် အိမ်နီးချင်းတွေကိုလည်း ဖိတ်ထားခိုင်းတယ်။ ညစာစားပြီးတဲ့နောက် ကျွန်တော်တို့နဲ့ကျမ်းစာသင်အံမှု ကျင်းပပြီး ရောက်ရှိလာတဲ့အိမ်နီးချင်းဆယ်ယောက်လောက်ကို ဟောပြောချက်ပေးခဲ့တယ်။ အပတ်တိုင်းကျမ်းစာသင်အံမှု ပြုလုပ်သင့်တယ်လို့ ကျွန်တော်တို့ကိုပြောခဲ့တယ်။ အိမ်နီးချင်းတွေက လက်မခံကြပေမဲ့ ဖဲန်နဲ့ကျွန်တော်ဟာ ပတ်စဉ်အိမ်တွင်းကျမ်းစာသင်အံမှုပြုလုပ်ဖို့ စီစဉ်ခဲ့တယ်။
သမ္မာတရား၌တိုးတက်မှု
မကြာခင်မှာ ဖဲန်နဲ့ကျွန်တော်ဟာ လယ်ကွင်းအမှုဆောင်ထွက်ခဲ့ကြတယ်။ ကားနောက်ခန်းမှာကျွန်တော်တို့ထိုင်နေကြတယ်။ စီးကရက်သောက်ဖို့မီးညှိတဲ့အခါ အစ်ကိုက ကျွန်တော်တို့ဘက်လှည့်ပြီး “သက်သေခံတွေ ဆေးလိပ်မသောက်ကြဘူးလို့အခုပဲကြားခဲ့တယ်” လို့ပြောပါတယ်။ ဖဲန်ဟာ ချက်ချင်းပဲ သူ့စီးကရက်ကို တံခါးပေါက်ကနေလွှင့်ပစ်လိုက်တယ်။ ကျွန်တော်ကတော့ ကုန်အောင်သောက်လိုက်တယ်။ ဆေးလိပ်သောက်တာကို ကျွန်တော်တို့ကြိုက်ကြပေမဲ့ နောက်ဘယ်တော့မှ မသောက်တော့ပါဘူး။
၁၉၄၀ ပြည့်နှစ်မှာ ကျွန်တော်တို့နှစ်ခြင်းခံပြီးတဲ့နောက် ရှေ့ဆောင်ခြင်းလုပ်ငန်းလို့ခေါ်တဲ့ အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းကိုလုပ်ဖို့ အားပေးထားတဲ့ဆောင်းပါးတစ်ခုကို လေ့လာနေတဲ့ အစည်းအဝေးတစ်ခုမှာ ဖဲန်နဲ့ကျွန်တော်ရောက်ရှိနေကြတယ်။ အိမ်ပြန်နေတုန်းမှာ ညီအစ်ကိုတစ်ယောက်က “ခင်ဗျားနဲ့ဖဲန် ရှေ့ဆောင်လုပ်ကြပါလား။ ခင်ဗျားတို့မှာ နောက်ဆံတင်းစရာဘာမှမရှိပဲ” လို့ပြောခဲ့တယ်။ သူပြောတာလည်းမှန်နေတော့ အသုံးခံနိုင်သူတွေဖြစ်ဖို့ စီစဉ်ခဲ့ကြတယ်။ နောက်ရက် ၃၀ အကြာမှာ အလုပ်ကနေထွက်မယ်ဆိုတဲ့ အကြောင်းကြားစာကို အလုပ်ဌာနဆီ ပို့ပေးပြီးတဲ့နောက် ရှေ့ဆောင်လုပ်ဖို့ စီစဉ်ကြတော့တယ်။
ကျွန်တော်တို့ ဘယ်မှာအမှုဆောင်သင့်သလဲဆိုတာကို ကင်းမျှော်စင်အသင်းနဲ့ ဆွေးနွေးခဲ့ပြီးတဲ့နောက် မေရီလန်းနယ်၊ ဘောလ်တီမောမြို့ကို ပြောင်းရွှေ့ခဲ့ကြတယ်။ အဲဒီမှာ ရှေ့ဆောင်တွေအတွက်အိမ်တစ်လုံးရှိပြီး အခန်းခနဲ့စားစရိတ်အတွက် တစ်လကို ၁၀ ဒေါ်လာပေးခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့စုငွေဟာ အာမဂေဒုန်အထိ လောက်လိမ့်မယ်လို့ထင်ခဲ့တယ်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) အာမဂေဒုန်အရမ်းနီးနေပြီလို့ ကျွန်တော်တို့အမြဲထင်ခဲ့တာကိုး။ ဒါကြောင့် ရှေ့ဆောင်စလုပ်တဲ့အချိန်မှာ အိမ်နဲ့အခြားဘယ်အရာကိုမဆို စွန့်လွှတ်ခဲ့တယ်။
ဘောလ်တီမောမြို့မှာ ၁၉၄၂ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အထိ ရှေ့ဆောင်လုပ်ခဲ့ကြတယ်။ အဲဒီနှစ်တွေအတွင်းမှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို အများဆုံးအတိုက်အခံလုပ်ခဲ့တယ်။ ကျမ်းစာသင်သားအိမ်ကို ကျွန်တော်တို့ကားနဲ့မသွားဘဲ တစ်ခါတလေ တစ်ယောက်ယောက်ကို ပို့ခိုင်းခဲ့တယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ရဲ့ကားတာယာ အမွှမ်းမခံခဲ့ရပါဘူး။ ဒီလိုဆန့်ကျင်မှုကို ဘယ်သူမှမကြိုက်ကြပေမဲ့ လယ်ကွင်းဓမ္မအမှုမှာ အမြဲတမ်းပျော်ရွှင်ကြတယ်ဆိုတာကို ကျွန်တော်ပြောနိုင်ပါတယ်။ တကယ်တော့ သခင်ရဲ့လုပ်ငန်းတော်မှာ စိတ်လှုပ်ရှားမှုအနည်းအကျဉ်းကြုံတွေ့ ကြရဖို့ ကျွန်တော်တို့မျှော်လင့်ခဲ့ကြတယ်။
ကျွန်တော်တို့စုထားတဲ့ ငွေအားလုံးလည်း မကြာခင်မှာကုန်သွားတယ်။ ကျွန်တော်တို့ရဲ့ကားတာယာတွေ ဟောင်းနွမ်းသွားခဲ့ပြီး အင်္ကျီတွေနဲ့ဖိနပ်တွေလည်း အလားတူပါပဲ။ အချိန်အတော်ကြာကြာနှစ်ကြိမ်၊ သုံးကြိမ်ဖျားခဲ့ကြသေးတယ်။ ဆက်အမှုဆောင်ဖို့ မလွယ်ကူတော့ပေမဲ့ အဲဒီအလုပ်ကို ရပ်လိုက်ဖို့ ဘယ်တော့မှမစဉ်းစားခဲ့ပါဘူး။ အဲဒီအကြောင်းကိုလည်း ဘယ်တုန်းကမှမပြောခဲ့ပါဘူး။ ရှေ့ဆောင်လုပ်ငန်းမှာ ရပ်တည်နိုင်ဖို့ ကျွန်တော်တို့အစစအရာရာခြိုးခြံခဲ့ကြတယ်။
တာဝန်ပြောင်းလဲမှုများ
၁၉၄၇ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့က စည်းဝေးကြီးကို ကျွန်တော်တို့သွားတက်ခဲ့ကြတယ်။ အဲဒီမှာရှိနေတုန်း အသင်းတော်တွေဆီလည်ပတ်ပြီး ကူညီပေးတဲ့နယ်လှည့်လုပ်ငန်းလုပ်ဖို့ ကျွန်တော့်အစ်ကိုဝီလျံနဲ့ကျွန်တော် စာတစ်စောင်စီရရှိခဲ့တယ်။ အဲဒီတုန်းက ဒီလုပ်ငန်းအတွက် အထူးလေ့ကျင့်သွန်သင်ပေးတာမရှိခဲ့ဘူး။ သွားရုံသွားကြတာပါပဲ။ နောက်ခုနစ်နှစ်အတွင်းမှာ ဖဲန်နဲ့ကျွန်တော်ဟာ အိုဟိုင်အို၊ မစ်ရှီဂန်၊ အိန္ဒိယာနား၊ အီလီနွိုက်စ်နဲ့ နယူးယောက်ပြည်နယ်တွေမှာ အမှုဆောင်ခဲ့တယ်။ ၁၉၅၄ ခုနှစ်မှာ သာသနာပြုလေ့ကျင့်ရေး ဂိလဒ်ကျောင်းရဲ့ ၂၄ ကြိမ်မြောက်သင်တန်း တက်ရောက်ဖို့ ကျွန်တော်တို့ဖိတ်ခေါ်ခံခဲ့ရတယ်။ အဲဒီမှာရှိနေတုန်း ဖဲန်ဟာ ပိုလီယိုရောဂါစွဲကပ်ခဲ့တယ်။ တော်ပါသေးတယ်၊ သူပြန်ကောင်းလာတဲ့အတွက် နယူးယောက်နဲ့ကော်နက်တီကပ်မှာ နယ်လှည့်လုပ်ငန်းထမ်းဆောင်ဖို့ တာဝန်ပြန်ကျခဲ့တယ်။
ကော်နက်တီကပ်ပြည်နယ်၊ စတဲမ်ဖော့ဒ်မှာ အမှုဆောင်နေတုန်း အဲဒီအချိန်က ကင်းမျှော်စင်အသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ နေသန် အိပ်ချ်၊ နောရ်က သူနဲ့သူ့ဇနီးအော့ဒရီဆီ စနေ၊ တနင်္ဂနွေမှာ အလည်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ကို အရမ်းအရသာရှိတဲ့ အမဲသားဟင်းနဲ့ညစာကျွေးခဲ့တယ်။ အစောပိုင်းက သူတို့နဲ့ကျွန်တော်တို့ အသိဖြစ်လာခဲ့ပြီး ညီအစ်ကိုနောရ်ဟာ ကျွန်တော်တို့နဲ့ပေါင်းသင်းပြီး ညစာစားတာထက် အခြားအကြံအစည်ရှိတယ်ဆိုတာကို သိနိုင်လောက်အောင် သူ့အကြောင်းကျွန်တော်သိထားပါတယ်။ အဲဒီညနေပိုင်းမှာ သူက “ဗေသလကိုလာချင်သလား” လို့မေးခဲ့တယ်။
“ကျွန်တော်မပြောတတ်ဘူး။ ဗေသလဘဝကို ကောင်းကောင်းမသိဘူး” လို့ပြန်ဖြေခဲ့တယ်။
အဲဒီအကြောင်းကို အပတ်အတော်ကြာကြာ စဉ်းစားပြီးတဲ့နောက်မှာ ညီအစ်ကိုနောရ်ကသာ ကျွန်တော်တို့ကိုလာစေချင်တယ်ဆိုရင် လာမယ်လို့ပြောခဲ့တယ်။ နောက်တစ်ပတ်မှာ ကျွန်တော်တို့ရဲ့ ၂၁ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်တဲ့ ၁၉၅၇၊ ဧပြီလ ၂၇ ရက်နေ့မှာ ဗေသလလုပ်ငန်းစတင်ဖို့ စာတစ်စောင်ရရှိခဲ့တယ်။
ဗေသလကိုရောက်တဲ့ အဲဒီပထမနေ့မှာ ကျွန်တော်ဘာလုပ်ရမယ်ဆိုတာကို ညီအစ်ကိုနောရ်က ရှင်းရှင်းလင်းလင်းပြောပြခဲ့တယ်။ သူက “ခင်ဗျားဟာ တိုက်နယ်တစ်ယောက်မဟုတ်တော့ဘူး။ ဗေသလမှာအလုပ်လုပ်ဖို့ ဒီကိုရောက်နေပြီ။ ဒါဟာခင်ဗျားအတွက် အရေးအကြီးဆုံးအလုပ်ပဲ၊ ဗေသလမှာ ရရှိတဲ့လေ့ကျင့်မှုကို အချိန်နဲ့ခွန်အားစိုက်ပြီး အသုံးချစေချင်တယ်။ ခင်ဗျားကိုနေစေချင်တယ်။
ဗေသလ၌ အဓိပ္ပာယ်ရှိသောအသက်တာ
ကျွန်တော်ဦးဆုံးရရှိခဲ့တဲ့တာဝန်ကတော့ မဂ္ဂဇင်းနဲ့ချောထုပ်ဌာနတွေမှာဖြစ်တယ်။ သုံးနှစ်လောက်ကြာပြီးတဲ့နောက်မှာ ညီအစ်ကိုနောရ်က သူ့ရုံးခန်းကိုလာဖို့ မှာလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကိုဗေသလခေါ်ခဲ့ရတဲ့အကြောင်းရင်းက အိမ်မှုကိုလုပ်ဖို့လို့ပြောခဲ့တယ်။ သူ့ရဲ့ညွှန်ကြားချက်တွေဟာ တကယ့်ကိုတိကျခဲ့တယ်၊ “ဗေသလအိမ်ကို စီမံခန့်ခွဲပေးဖို့ ခင်ဗျားရောက်လာတာပဲဖြစ်တယ်။”
လယ်ထဲမှာ ကျွန်တော်ကြီးပြင်းလာချိန်က မိဘတွေသွန်သင်ပေးခဲ့တာတွေကို ဗေသလအိမ်မှာစီမံခန့်ခွဲနေရင်း ပြန်လည်သတိရခဲ့တယ်။ ဗေသလအိမ်ဟာ အိမ်ထောင်စုတစ်ခုနဲ့ အတော်တူတယ်။ အဲဒီမှာ အဝတ်လျှော်စရာ၊ အစားအစာချက်ပြုတ်ပြင်ဆင်ပေးစရာ၊ ပန်းကန်ဆေးစရာ၊ အိပ်ရာပြင်ပေးစရာကအစ အားလုံးရှိတယ်။ အိမ်တွင်းရေးဦးစီးမှုအဖွဲ့က ဗေသလကို ကိုယ့်အိမ်လို့ခေါ်နိုင်လောက်အောင် နေချင်စဖွယ်ကောင်းအောင် ကြိုးစားပြုလုပ်ပေးပါတယ်။
ဗေသလလုပ်ငန်းလည်ပတ်ပုံကနေ မိသားစုတွေ သင်ယူစရာအများကြီးရှိမယ်လို့ ကျွန်တော်ယုံတယ်။ ကျွန်တော်တို့အိပ်ရာအစောကြီးထကြပြီး တစ်နေ့တာကို ဝိညာဉ်ရေးရာနဲ့စဖို့ နေ့စဉ်ကျမ်းချက်ကိုသုံးသပ်ကြတယ်။ ကျွန်ုပ်တို့ဟာ အလုပ်ကြိုးစားလုပ်ကိုင်တဲ့ ဟန်ချက်ညီညီအလုပ်များသူတွေဖြစ်ဖို့လိုတယ်။ ဗေသလဟာ အချို့ထင်သလို ဘုန်းကြီးကျောင်းနဲ့မတူပါဘူး။ ဇယားချထားတဲ့ဘဝလမ်းစဉ်ကြောင့် အတော်ပြီးမြောက်အောင်မြင်တယ်။ ဒီမှာ ရရှိတဲ့လေ့ကျင့်မှုဟာ နောက်ပိုင်း မိသားစုမှာ၊ ခရစ်ယာန်အသင်းတော်မှာ တာဝန်ယူရတဲ့အခါ အထောက်အကူအတော်ဖြစ်စေခဲ့တယ်လို့ လူအများက ပြောဆိုခဲ့ကြတယ်။
ဗေသလကိုရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးငယ်တွေကို သန့်ရှင်းရေး၊ အဝတ်လျှော်ဌာန ဒါမှမဟုတ် စက်ရုံမှာအလုပ်လုပ်ဖို့ တာဝန်ပေးမှာဖြစ်တယ်။ လောကက ဒီလိုကာယအလုပ်ဟာ အောက်ကျပြီးမတန်မရာအလုပ်ဖြစ်တယ်လို့ ထင်မှတ်မှာဖြစ်တယ်။ ဒါပေမဲ့ ဗေသလမှာရှိကြတဲ့ လူငယ်တွေဟာ ကျွန်တော်တို့မိသားစု ပျော်ရွှင်သာယာဖို့ ဒီအလုပ်တာဝန်တွေဟာ အရေးကြီးတယ်လို့ သဘောပေါက်ကြပါတယ်။
တကယ်ပျော်ရွှင်ဖို့ ရာထူးနဲ့ဂုဏ်လိုအပ်တယ်လို့ထင်ရအောင် လောကက အားပေးလိမ့်မယ်။ အဲဒါဟာမှားပါတယ်။ ကျွန်တော်တို့ရထားတဲ့တာဝန်ကိုကျေပွန်ရင် ကျွန်တော်တို့ ‘ဆောင်ရွက်ရန်ရှိသည့် တာဝန်ကိုသာလျှင် ဆောင်ရွက်ခဲ့ကြ’ တဲ့အတွက် ယေဟောဝါရဲ့ကောင်းချီးကို ခံစားကြရတယ်။ (လုကာ ၁၇:၁၀၊ သတင်းကောင်း) ကျွန်တော်တို့လုပ်ငန်းရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ယေဟောဝါရဲ့အလိုတော်ကိုဆောင်ရွက်ဖို့နဲ့ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားတိုးတက်ဖို့ကို အမှတ်ရမယ်ဆိုရင် စစ်မှန်တဲ့အားရကျေနပ်မှုနဲ့ ပျော်ရွှင်မှုကို ရရှိနိုင်လိမ့်မယ်။ အဲဒီအချက်ကို စိတ်ထဲစွဲမှတ်ထားမယ်ဆိုရင် ဘယ်တာဝန်ကိုပဲလုပ်ရလုပ်ရ ပျော်ရွှင်စရာကောင်းပြီး ဘဝင်ကျလောက်တဲ့အထိဖြစ်နိုင်တယ်။
တိုးချဲ့မှုတွင်ပါဝင်ရသော အခွင့်ထူးတစ်ရပ်
ကျွန်တော်တို့ ဗေသလမရောက်ခင် ဆယ်နှစ်ကျော်ကျော်က အိုဟိုင်အိုနယ်၊ ကလီဗ်လန်မြို့မှာကျင်းပတဲ့ ၁၉၄၂ ခုနှစ်စည်းဝေးကြီးမှာ “ငြိမ်းချမ်းရေး—တည်မြဲတည်နိုင်မည်လော” ဟောပြောချက်ကို ညီအစ်ကိုနောရ်ပေးခဲ့တယ်။ အဲဒီအချိန်မှာဖြစ်နေတဲ့ ဒုတိယကမ္ဘာစစ်ဟာ ပြီးဆုံးသွားမှာဖြစ်ပြီး ဟောပြောခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ဖို့ ငြိမ်းချမ်းတဲ့ကာလဖြစ်လာလိမ့်မယ်လို့ သူက ပြတ်ပြတ်သားသားဟောပါတယ်။ သာသနာပြုတွေကိုလေ့ကျင့်ပေးတဲ့ ဂိလဒ်ကျောင်းနဲ့ ညီအစ်ကိုတွေရဲ့ လူထုရှေ့ဟောပြောခြင်းစွမ်းရည်တိုးတက်စေတဲ့ သီအိုကရက်တစ်ကျောင်းကို ၁၉၄၃ ခုနှစ်မှာတည်ထောင်ခဲ့တယ်။ စည်းဝေးကြီးတွေကျင်းပဖို့လည်း စီစဉ်ခဲ့ကြတယ်။ အထူးသဖြင့် ၁၉၅၀ ပြည့်နှစ်တွေထဲမှာ နယူးယောက်မြို့၊ ရန်ကီးအားကစားကွင်းမှာ ကျင်းပတဲ့စည်းဝေးကြီးတွေဟာ အတော်ကျော်ကြားခဲ့တယ်။ ၁၉၅၀ နဲ့ ၁၉၅၃ ခုနှစ်မှာ ကျင်းပတဲ့ရှစ်ရက်ကြာစည်းဝေးကြီးတွေကိုတက်ခဲ့တဲ့ ထောင်ချီတဲ့လူတွေအတွက် နောက်တွဲယာဉ်မြို့ကိုစီစဉ်ပေးဖို့ ကျွန်တော်အခွင့်ရရှိခဲ့တယ်။
၁၉၅၈ ခုနှစ်မှာကျင်းပတဲ့ အကြီးဆုံးစည်းဝေးကြီးအပါအဝင် အဲဒီစည်းဝေးကြီးတွေပြီးတဲ့နောက်မှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူတွေ အရမ်းကိုတိုးတက်လာခဲ့တယ်။ ဒါဟာ ဗေသလမှာ ကျွန်တော်တို့ရဲ့လုပ်ငန်းကို ချက်ချင်းဆိုသလိုအကျိုးသက်ရောက်ခဲ့တယ်။ ၁၉၆၀ ပြည့်လွန်နှစ်အကုန် ၁၉၇၀ ပြည့်နှစ်အစောပိုင်းအတွင်း လုပ်သားတွေအတွက် နေရာထိုင်ခင်းအခက်အခဲရှိခဲ့တယ်။ ကြီးလာနေတဲ့မိသားစုကို နေရာချပေးဖို့ အိပ်ခန်းတွေ၊ မီးဖိုချောင်တွေနဲ့ ထမင်းစားခန်းတွေ ပိုပြီးလိုအပ်လာခဲ့တယ်။
ညီအစ်ကိုနောရ်က စက်ရုံကြီးကြပ်မှူး မက်ခ်စ် လာစန်နဲ့ ကျွန်တော့်ကို တိုးချဲ့ဖို့အတွက် သင့်လျော်တဲ့နေရာရှာခိုင်းတယ်။ ကျွန်တော် ဗေသလကိုရောက်ချိန် ၁၉၅၇ ခုနှစ်မှာ လူ ၅၀၀ လောက်ရှိတဲ့ ကျွန်တော်တို့မိသားစုကြီးဟာ တိုက်အိမ်ကြီးတစ်လုံးထဲမှာပဲနေခဲ့ကြတယ်။ ဒါပေမဲ့ တစ်နှစ်ပြီးတစ်နှစ် အသင်းမက အနီးအနားမှာရှိတဲ့ ဟိုတယ်ကြီးသုံးလုံးဖြစ်တဲ့—တာဝါ၊ စတဲဒစ်ရှ်နဲ့ ဘောစ်စတ်ဟိုတယ်တွေအပြင် တိုက်အိမ်ငယ်တွေကိုလည်း ဝယ်ယူပြီး ပြန်လည်တည်ဆောက်ခဲ့တယ်။ ၁၉၈၆ ခုနှစ်မှာ အသင်းမက မာဂရက်ဟိုတယ်တည်ရှိတဲ့နေရာကို ဝယ်လိုက်ပြီး အဲဒီနေရာမှာ လှပတဲ့အဆောက်အအုံသစ်ကြီးဆောက်ပြီး လူ ၂၅၀ နေစေခဲ့တယ်။ အဲဒီနောက် ၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်းမှာ နောက်ထပ်လုပ်သား ၁,၀၀၀ နေထိုင်ဖို့ အထပ် ၃၀ ရှိတဲ့နေအိမ်တစ်လုံးကို ဆောက်လုပ်ခဲ့တယ်။ အခု ဘရွတ်ကလင်ဗေသလမှာ မိသားစု ၃,၃၀၀ ထက်မကနေထိုင်စားသောက်နိုင်ပြီ။
ဘရွတ်ကလင်ဗေသလကနေ မိုင်တစ်ရာနီးပါးဝေးတဲ့ နယူးယောက်မြို့၊ ဝေါလ်ကီးလ်နယ်မှာလည်းပဲ မြေနေရာဝယ်ယူခဲ့တယ်။ ၁၉၆၀ ပြည့်လွန်နှစ်နောက်ပိုင်းကစပြီး အဲဒီနေရာမှာ လူနေထိုင်ဖို့ အိမ်နဲ့ပုံနှိပ်တိုက်ကြီးတစ်လုံး တဖြည်းဖြည်းဆောက်လုပ်ခဲ့တယ်။ အခု အဲဒီမှာ ကျွန်တော်တို့ဗေသလမိသားစု ၁,၂၀၀ လောက်နေပြီးအလုပ်လုပ်နေကြတယ်။ ၁၉၈၀ ပြည့်နှစ်မှာ နယူးယောက်မြို့နဲ့နီးပြီး အဝေးပြေးလမ်းအတိုင်း ဆက်သွယ်နိုင်မယ့် ဧက ၆၀၀ လောက်ရှိတဲ့မြေကွက်ကို စရှာဖွေခဲ့ကြတယ်။ ပွဲစားကရယ်ပြီး “အဲဒီနေရာမျိုး ဘယ်နေရာမှာသွားရှာကြမလဲ။ လုံးဝမဖြစ်နိုင်ဘူး” လို့ပြောခဲ့တယ်။ ဒါပေမဲ့ နောက်နေ့မနက်မှာ ဖုန်းပြန်ဆက်ပြီး “ခင်ဗျားတို့နေရာ ကျွန်တော်တွေ့ပြီ” လို့ပြောခဲ့တယ်။ နယူးယောက်မြို့၊ ပက်တာစင်နယ်မှာရှိတဲ့အဲဒီနေရာကို ကင်းမျှော်စင်ပညာပေးဌာနလို့ လူသိများနေကြပါပြီ။ အဲဒီမှာ ကျောင်းတွေဖွင့်ပြီး အမှုဆောင် ၁,၃၀၀ ကျော်ရှိတဲ့မိသားစုရှိနေပြီ။
ကျွန်တော်ရခဲ့သည့်သင်ခန်းစာ
ကြီးကြပ်မှူးကောင်းတစ်ယောက်ဟာ တခြားသူတွေဆီကနေ တန်ဖိုးရှိတဲ့အချက်တွေကို နှိုက်ထုတ်နိုင်တဲ့သူဖြစ်ရမယ်ဆိုတာ ကျွန်တော်သိခဲ့ရတယ်။ ဗေသလကြီးကြပ်မှူးတစ်ယောက်အနေနဲ့ အကောင်အထည်ဖော်ခွင့်ရခဲ့တဲ့ ကျွန်တော့်အကြံဉာဏ်အတော်များများဟာ တခြားသူတွေဆီက ရခဲ့တာတွေဖြစ်တယ်။
ကျွန်တော်ဗေသလကိုရောက်တဲ့အချိန်မှာ အခုကျွန်တော့်လိုပဲ သက်ကြီးရွယ်အိုတွေများတယ်။ အခုတော့ အများစုက ကွယ်လွန်သွားကြပြီ။ အသက်ကြီးပြီး သေဆုံးသွားကြတဲ့သူတွေနေရာမှာ ဘယ်သူတွေအစားဝင်မလဲ။ အမြဲတိုင်း အရည်အချင်းအရှိဆုံးသူတွေတော့ မဟုတ်ပါဘူး။ အဲဒီမှာ သစ္စာရှိရှိနဲ့အလုပ်လုပ်ကြပြီး အသုံးတော်ခံဖို့ ပေးဆက်တဲ့သူတွေဖြစ်ကြတယ်။
သတိရစရာ နောက်အရေးကြီးတဲ့အကြောင်းကိစ္စတစ်ခုက ဇနီးကောင်းရဲ့တန်ဖိုးဖြစ်တယ်။ ကျွန်တော်ချစ်မြတ်နိုးရတဲ့ဇနီးဖဲန်ရဲ့ ထောက်ပံ့ကူညီမှုဟာ ကျွန်တော်ရဲ့သီအိုကရက်တစ်တာဝန်တွေကို ကျေပွန်ဖို့ တကယ့်ကိုအကူအညီဖြစ်ခဲ့တယ်။ ခင်ပွန်းတွေဟာ သူတို့ရဲ့ဇနီးတွေသူတို့အလုပ်မှာ တကယ်ပျော်ကြရဲ့လားလို့ ဂရုစိုက်ပေးဖို့တာဝန်ရှိကြတယ်။ ဖဲန်နဲ့ကျွန်တော် ကြိုက်နှစ်သက်တဲ့အရာတွေကို ပြုလုပ်ဖို့ကြိုးစားစီစဉ်ပေးတယ်။ အကုန်အကျများစရာမလိုဘဲ အပြောင်းအလဲဖြစ်ဖို့ပဲလိုတယ်။ ဇနီးပျော်ဖို့ ခင်ပွန်းကကြည့်စီစဉ်ပေးရမယ်။ သူနဲ့အတူနေတဲ့အချိန်ဟာ တန်ဖိုးရှိပြီး မြန်မြန်ဆန်ဆန်ပဲကုန်သွားတတ်တဲ့အတွက်ကြောင့် အများဆုံးအကျိုးရရေးအတွက်လုပ်ဖို့လိုတယ်။
ယေရှုပြောခဲ့တဲ့နောက်ဆုံးကာလမှာ ကျွန်တော်အသက်ရှင်ရတဲ့အတွက် ဝမ်းသာမိတယ်။ ဒီကာလဟာ လူ့သမိုင်းတစ်လျှောက်မှာ အံ့ဩစရာအကောင်းဆုံးအချိန်ဖြစ်တယ်။ ကတိထားရာကမ္ဘာသစ် ပေါ်ပေါက်လာဖို့ သခင်ရဲ့အဖွဲ့အစည်းကို ကိုယ်တော်ဘယ်လိုအသင့်ပြင်ဆင်တယ်ဆိုတာကို ယုံကြည်ခြင်းမျက်စိနဲ့ ကျွန်တော်တို့ကြည့်ရှုနိုင်တယ်။ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ကျွန်တော့်ရဲ့ဘဝအသက်တာကို ပြန်ပြောင်းကြည့်လိုက်တဲ့အခါ ဒီအဖွဲ့အစည်းကို ဦးဆောင်နေတာ လူမဟုတ်ဘဲ ယေဟောဝါဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်နိုင်တယ်။ ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့ကျေးကျွန်တွေသာဖြစ်ကြတယ်။ ကျေးကျွန်တွေအနေနဲ့ ကိုယ်တော်ရဲ့ညွှန်ကြားချက်ကို အမြဲတမ်းမျှော်ကိုးရမယ်။ ကျွန်တော်တို့ပြုလုပ်ရမယ့်အလုပ်ကို ကိုယ်တော်အထင်အရှားဖော်ပြပြီးတာနဲ့ ကျွန်တော်တို့မဆိုင်းမတွ ပူးပေါင်းလုပ်ဆောင်သင့်တယ်။
အဖွဲ့အစည်းနဲ့အပြည့်အဝပူးပေါင်းလုပ်ကိုင်မယ်ဆိုရင် သင်ဟာ ပျော်ရွှင်တဲ့အသက်တာကို ရရှိမှာသေချာပါတယ်။ သင်ဘာပဲလုပ်လုပ်—ရှေ့ဆောင်ဖြစ်ဖြစ်၊ တိုက်နယ်ပဲဖြစ်ဖြစ်၊ ကြေညာသူတစ်ယောက်အနေနဲ့ အသင်းတော်တစ်ခုမှာအမှုဆောင်နေတာပဲဖြစ်ဖြစ်၊ ဗေသလအိမ်သား၊ ဒါမှမဟုတ် သာသနာပြုပဲဖြစ်ဖြစ်—ညွှန်ကြားတဲ့အတိုင်းလိုက်လျှောက်လုပ်ကိုင်ပြီး သင့်ရဲ့တာဝန်ကို တန်ဖိုးထားပါ။ ရရှိတဲ့တာဝန်တိုင်းနဲ့ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ပါဝင်ရတဲ့နေ့ရက်တိုင်းမှာ ပျော်မွေ့ဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။ မောတဲ့အခါ၊ အလုပ်မနိုင်မနင်းဖြစ်တဲ့အခါ ဒါမှမဟုတ် စိတ်ဓာတ်ကျတဲ့အခါတွေရှိပါလိမ့်မယ်။ အဲဒီအချိန်မှာ ယေဟောဝါကိုဆက်ကပ်အပ်နှံထားတဲ့ရည်ရွယ်ချက်ကို သတိရဖို့ပါပဲ။ ကိုယ့်အလိုဆောင်ဖို့မဟုတ်ဘဲ ကိုယ်တော်ရဲ့အလိုတော်ကို ဆောင်ရွက်ဖို့ပဲ။
အလုပ်လာလုပ်ကတည်းက မပျော်တဲ့နေ့၊ လုပ်ကိုင်ရတာကို မကြိုက်တာ ဘာမျှမရှိခဲ့ဖူးဘူး။ ဘာကြောင့်လဲ။ ယေဟောဝါကို စိုးလ်အကြွင်းမဲ့အပ်နှံရင် ‘ဆောင်ရွက်ရန်ရှိသည့် တာဝန်ကိုသာလျှင် ဆောင်ရွက်ခဲ့ကြ’ တယ်ဆိုတာကိုသိပြီး စိတ်ကျေနပ်မှုရရှိတဲ့အတွက်ဖြစ်ပါတယ်။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
၁၉၄၆ ခုနှစ်၌ ဘောလ်တီမောမြို့တွင် ရှေ့ဆောင်ခြင်း
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
၁၉၅၀ ပြည့်နှစ်၌ ဖဲန်နှင့်အတူ နောက်တွဲယာဉ်မြို့တွင်
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
မဂ္ဂဇင်းဌာန
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
၁၉၅၀ ပြည့်နှစ်၌ နောက်တွဲယာဉ်မြို့
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
အော့ဒရီနှင့်နေသန် နောရ်တို့နှင့်အတူ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
နယူးယောက်မြို့၊ ပက်တာစင်နယ်အနီးရှိ ကင်းမျှော်စင်ပညာပေးဌာန
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ယနေ့ ဖဲန်နှင့်အတူ