စာရှုသူများထံမှ မေးခွန်းလွှာ
▪ နှစ်ခြင်းမခံသူများ လူထုဓမ္မအမှုဆောင်စတင်ပါဝင်ခြင်းနှင့်ပတ်သက်သည့် အသစ်သောသတင်းအချက်အလက်များကိုထောက်ရှုလျှင် ကျမ်းစာသင်သားတစ်ဦးအားလုပ်ငန်းတော်ဆောင်ရွက်ပုံကိုလေ့လာသည့်အနေနှင့် ခဏတစ်ဖြုတ်ခေါ်သွားနိုင်ပါသလော။
အခြေခံအားဖြင့် လယ်ကွင်းဓမ္မအမှုတွင် ယေဟောဝါသက်သေများနှင့်အတူလိုက်ပါကြသော နှစ်ခြင်းမခံသူတို့မှာ သတင်းကောင်းကြေညာသူဖြစ်နိုင်သောအရည်အချင်းရှိသူများဖြစ်ကြသည်။
ယေဟောဝါသက်သေများ တစ်အိမ်တက်ဆင်းသွားခြင်းအားဖြင့်လည်းကောင်း၊ ကျမ်းစာသင်အံမှုပြုလုပ်ခြင်းအားဖြင့်လည်းကောင်း ဆောင်ရွက်နေကြသည့် ထူးခြားမွန်မြတ်သော ‘တပည့်ဖြစ်စေခြင်းနှင့် သင်ကြားခြင်း’ လုပ်ငန်းကြောင့် ပြည်သူလူထုအများက သူတို့ကိုရိုသေလေးစားကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀) သို့ဖြစ်သောကြောင့် ဤဓမ္မအမှုတော်၌ သက်သေခံတစ်ဦးနှင့်လိုက်ပါသူနှင့်ပတ်သက်၍ လူထုကမည်သို့သဘောထားကြမည်နည်း။ ထိုသူသည်လည်း ဓမ္မအမှုဆောင်တစ်ဦး သို့မဟုတ်ထိုအဆင့်ရောက်ရန် အလွန်နီးစပ်နေသူဖြစ်သည်ဟု သူတို့ယုတ္တိယုတ္တာရှိစွာဆင်ခြင်ယူဆကြပေလိမ့်မည်။
သို့သော် ခြွင်းချက်အနည်းငယ်စိတ်ထဲဝင်လာကောင်းဝင်လာပေမည်။
တစ်ခါတစ်ရံ သင့်လျော်သောအချိန်အခါများ၌ အကြီးအကဲများသည် တစ်အိမ်တက်ဆင်းဓမ္မအမှုဆောင်ရွက်ပုံကိုလေ့လာရန် သတင်းထောက်၊ ကောလိပ်ကျောင်းပါမောက္ခသို့မဟုတ်အလားတူပုဂ္ဂိုလ်မျိုးတစ်ဦးဦးကို သက်သေခံတစ်ဦးနှင့်လိုက်ပါခွင့်ပြုခဲ့ဖူးသည်။ ထိုသို့သောအခါမျိုး၌ ထိုပုဂ္ဂိုလ်၏အသွင်အပြင်နှင့်အပြုအမူတို့သည် ကျွန်ုပ်တို့၏စံများနှင့်ဆန့်ကျင်ဖီလာမဖြစ်ဖို့လိုသည်မှာ ဆိုဖွယ်မရှိ။ သက်သေခံဖြစ်သူအနေဖြင့် အိမ်ရှင်ဖြစ်သူအား မိမိနှင့်လိုက်ပါလာသူမှာ ကျွန်တော်တို့၏အရေးကြီးသောသမ္မာကျမ်းစာလုပ်ငန်းကိုလေ့လာရန် စိတ်ဝင်စားသောသတင်းထောက်သို့မဟုတ် ပါမောက္ခဖြစ်ကြောင်း မိတ်ဆက်ပေးလိုသည့်ဆန္ဒရှိကောင်းရှိပေမည်။
၄င်းပြင် ခရစ်ယာန်မိဘတို့အနေဖြင့်လည်း အလွန်ငယ်ရွယ်သော၊ သို့မဟုတ်နှစ်ခြင်းခံပြီးသောကြေညာသူဖြစ်ရန် အသင့်မရှိသေးသော မိမိတို့၏သားသမီးများကို မိမိတို့နှင့်အတူ ဓမ္မအမှုဆောင်ရာသို့ခေါ်ဆောင်သွားကြသည်။ သို့ဖြစ်၍ အဆိုပါမိဘတို့သည် သားသမီးများကိုဂရုမစိုက်ပဲလွှတ်မထားကြချေ။ သူတို့လေးတွေကို လယ်ကွင်းအမှုဆောင်သို့ခေါ်ဆောင်သွားခြင်းအားဖြင့် မိဘဖြစ်သူတို့သည် ‘လမ်းခရီးသွား’ ရင်းနှင့် သားသမီးများအား ဘုရားသခင့်တရားတော်နှင့် နည်းလမ်းတော်များအကြောင်း ပြောပြခွင့်ရရှိသည်။ (တရားဟောရာ ၆:၄-၇) သို့ရာတွင် ဤကိစ္စသည် ခရစ်ယာန်မိသားစုဘဝ၏ကဏ္ဍတစ်ရပ်ဖြစ်ပြီး လေ့လာသူအဖြစ်အခြားပုဂ္ဂိုလ်တစ်ဦးဦးကို သက်သေခံတစ်ဦးက ခေါ်ဆောင်သွားသည့်ကိစ္စမျိုးမဟုတ်ပေ။ မိဘများ ယခုကဲ့သို့လေ့ကျင့်ပေးခြင်းအားဖြင့် သားသမီးများကို ကြေညာသူအနေနှင့် ယေဟောဝါအားချီးမွမ်းလာမည့်အချိန်အတွက် အသင့်ပြင်ဆင်ပေးရာကျသည်။—မဿဲ ၂၁:၁၅၊ ၁၆။ မိမိတို့ဓမ္မအမှုကိုကျေပွန်ရန်အဖွဲ့အစည်း စာအုပ်၊ စာမျက်နှာ ၁၂၅ နှိုင်းယှဉ်။
သို့ဖြစ်လျှင် သက်သေခံနှင့်ကျမ်းစာလေ့လာနေသူတစ်ဦး၊ တပည့်တော်ဖြစ်လာဖို့ နီးစပ်နေသူတစ်ဦးနှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။ သူ့အနေဖြင့် ဆွေမျိုးညာတိ၊ လုပ်ဖေါ်ကိုင်ဖက်၊ အိမ်နီးနားချင်းနှင့် အခြားသူတို့အား ကျမ်းစာမှသူသိရှိလာသည့် “ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့” ကိုပြောပြနိုင်ခွင့်ရှိပေသည်။ (တမန်တော် ၂:၁၁) သူသည် ယေဟောဝါသက်သေများနှင့်အတူ “ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြော” ရေးဖွဲ့စည်းစီစဉ်မှု၌ ပါဝင်ဖို့လိုအပ်သည်ကို တွေ့မြင်လာမည့်အချိန်ရောက်လာမည်ကို မျှော်လင့်ရပေသည်။—တမန်တော် ၁၃:၅။
ထိုသို့သောသင်သားတစ်ဦးသည် နှစ်ခြင်းမခံသောကြေညာသူဖြစ်လာရေးအတွက် ဓမ္မအမှုတော်၌ ဒေသခံသက်သေခံများနှင့် ပူးပေါင်းခြင်းမပြုမီ တက်လှမ်းရမည့်ခြေလှမ်းများအကြောင်းကို မကြာမီက ကင်းမျှော်စင် ၌ဖေါ်ပြခဲ့သည်။ သူသည် သမ္မာကျမ်းစာအခြေခံအသိပညာရှိသင့်သည်။ ဘုရားသခင့်စာရိတ္တစံများသိရှိပြီး ၄င်းတို့နှင့် ညီညွတ်ဖို့လိုသည်။ ယေဟောဝါသက်သေများနှင့်အတူ လူထုဓမ္မအမှု၌ပါဝင်လိုသော ကိုယ်ပိုင်ဆန္ဒလည်းရှိရမည်မှာ ကျိုးကြောင်းညီပေသည်။ ထိုကြောင့် အသင်းတော်အကြီးအကဲနှစ်ဦးသည် ထိုသူနှင့် သူ့အားကျမ်းစာသင်အံနေသောသက်သေခံတို့နှင့် ဤအချက်များနှင့်စပ်လျဉ်း၍ အားပေးကူညီမှုသဘောသက်ရောက်သော ဆွေးနွေးမှုပြုလုပ်နိုင်သည်။aကျမ်းစာသင်သားအားတစ်ဆင့်တက်၍ လေ့ကျင့်မှုခံယူဖို့ လယ်ကွင်းဓမ္မအမှုတော်တွင် ကြေညာသူနှင့်လိုက်ပါရန်မခေါ်ဖိတ်မီ ထိုသို့ဆွေးနွေးခြင်းပြုလုပ်သင့်သည်။
သင်သားတစ်ဦးသည် လယ်ကွင်းဓမ္မအမှုဆောင်ထွက်ရန် အရည်အချင်းပြည့်မီ၍ ထိုသို့ပထမအကြိမ်ထွက်သောအခါ၌ ဟောပြောခြင်းလုပ်ငန်းကို လက်တွေ့မည်သို့လုပ်ဆောင်သည်ကိုသိရှိရန် ကြေညာသူဖြစ်သူနှင့်အကြိမ်အနည်းငယ်လိုက်သွားလိုမည်မှာ ရှင်းပါသည်။ သူနှင့်အတူသွားသည့် ဓမ္မအမှုဆောင်အနေဖြင့် သူ့အားတစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်ပေးမည်။ အကူအညီအဖြစ် ကျမ်းချက်များကိုဖတ်ခိုင်းမည်။ ထိုနောက် အိမ်ရှင်အားသက်သေခံရာတွင် ဦးဆောင်ခိုင်းမည်။ ဤသို့အားဖြင့် လယ်ကွင်းသက်သေခံခြင်းတွင် သူတကယ်ပါဝင်လာသောအခါ သူ၏လယ်ကွင်းအမှုဆောင်မှတ်တမ်းကို တင်သွင်းနိုင်ပေသည်။ လုပ်ငန်းတော်တွင် ဤသို့တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပါဝင်ခြင်းသည် ယေရှုမိန့်တော်မူခဲ့သည့် အောက်ပါစကားများနှင့်ညီညွတ်ပေသည်။ “တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသောတပည့်တိုင်း မိမိဆရာကဲ့သို့ဖြစ်လိမ့်မည်။”—လုကာ ၆:၄၀။
[အောက်ခြေမှတ်ချက်များ]
a အသေးစိတ်အတွက် ၁၉၈၉ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၆၊ ၁၇ တွင်ကြည့်ပါ။