ယေဟောဝါအားချီးမွမ်းတတ်ရန် သားသမီးများကို သွန်သင်ပေးပါ
၁။ ကလေးငယ်များသည် ယေဟောဝါအား ချီးမွမ်းနိုင်သလော။
၁ ‘ယေဟောဝါ၏နာမတော်ကို ချီးမွမ်းကြ’ ရန် ဆာလံ ၁၄၈:၁၂၊ ၁၃ တွင် ကလေးများကို တိုက်တွန်းထားသည်။ ကျမ်းစာတွင် ထိုသို့ပြုလုပ်ခဲ့သော လူငယ်များ၏ ပုံသက်သေများစွာရှိသည်။ ဥပမာ၊ “သူငယ်ရှမွေလသည် . . . ထာဝရဘုရားရှေ့၌ အမှုတော်ကိုဆောင်ရွက်လေ၏။” (၁ ရာ. ၂:၁၈) “မိန်းမငယ်” လေးတစ်ဦးသည် နေမန်၏နူနာပျောက်အောင် ကုသပေးနိုင်သော ဣသရေလပြည်မှ ယေဟောဝါ၏ပရောဖက်အကြောင်း နေမန်၏ဇနီးကို ပြောပြခဲ့သည်။ (၄ ရာ. ၅:၁-၃) ယေရှုသည် ဗိမာန်တော်တွင် အံ့ဖွယ်အမှုများ ပြုလုပ်စဉ် “သူငယ်တို့ကလည်း ဒါဝ်ဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း” ဟုကြွေးကြော်ကြ၏။ (မ. ၂၁:၁၅) ယေဟောဝါအားချီးမွမ်းတတ်ရန် သားသမီးများကို မည်သို့သွန်သင်ပေးနိုင်သနည်း။
၂။ မိဘများသည် ပုံသက်သေကောင်းချမှတ်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။
၂ ပုံသက်သေ– သားသမီးများ၏နှလုံးအတွင်းသို့ သမ္မာတရားမသွတ်သွင်းပေးမီ ဣသရေလဖခင်များသည် ဦးစွာ မိမိတို့ကိုယ်တိုင်ယေဟောဝါကိုချစ်ရန်နှင့် ကိုယ်တော့်ပညတ်များကို နှလုံးသွင်းရန် ညွှန်ကြားခံရသည်။ (တရား. ၆:၅-၉) ဓမ္မအမှုအကြောင်း အပြုသဘောပါပါ ပြောဆိုခြင်း၊ ဓမ္မအမှုတွင် ပတ်စဉ်ပါဝင်နိုင်ရန် အစီအစဉ်ဆွဲခြင်းဖြင့် သားသမီးများလည်း ယင်းကို အရေးကြီးသော၊ ကျေနပ်မှုပေးသောလုပ်ငန်းအဖြစ် ရှုမြင်လာပေမည်။
၃။ မိဘများ၏ပုံသက်သေကြောင့် ညီအစ်မတစ်ဦး မည်သို့အကျိုးခံစားခဲ့ရသနည်း။
၃ ညီအစ်မတစ်ဦး ဤသို့ပြန်ပြောပြ၏– “ကျွန်မ ငယ်ငယ်ကတည်းက သီတင်းပတ်ကုန်ရက်တိုင်း ဓမ္မအမှုမှာ မိသားစုလိုက်ပါဝင်ကြတယ်။ အဲဒါက ကျွန်မတို့မိသားစုရဲ့ လုပ်ရိုးလုပ်စဉ်ပဲ။ ကျွန်မမိဘတွေက ဟောပြောခြင်းလုပ်ငန်းမှာ သိပ်ပျော်ကြတယ်ဆိုတာ တွေ့ခဲ့ရတယ်။ ကျွန်မတို့တွေ ကလေးဘဝကတည်းက ဓမ္မအမှုကို နှစ်သက်စရာအဖြစ် မြင်ခဲ့ကြတယ်။” ထိုညီအစ်မသည် အသက်ခုနစ်နှစ်အရွယ်တွင် နှစ်ခြင်းမခံသေးသောကြေညာသူဖြစ်လာပြီး ယခု အချိန်ပြည့်သက်တမ်း ၃၃ နှစ်ရှိနေပြီ။
၄။ သားသမီးများကို အဆင့်ဆင့်လေ့ကျင့်ပေးခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။
၄ အဆင့်ဆင့်လေ့ကျင့်ပေးခြင်း– သားသမီးများနှင့်အတူ ဓမ္မအမှုတွင်ပါဝင်ပါ။ သူတို့သည် တံခါးခေါက်ပေးနိုင်သည်၊ အိမ်ရှင်ကို ဝေစာပေးနိုင်သည် သို့မဟုတ် ကျမ်းချက်တစ်ချက် ဖတ်ပြနိုင်သည်။ သို့ဖြင့် သူတို့ပိုပျော်ရွှင်လာမည်ဖြစ်ပြီး နိုင်ငံတော်သတင်းတရား ဝေမျှရာတွင် မိမိတို့ကိုယ်ကို ယုံကြည်စိတ်ချလာမည်ဖြစ်သည်။ သူတို့ကြီးပြင်းလာသည်နှင့်အမျှ ဓမ္မအမှုတွင် သူတို့တိုး၍ပါဝင်သင့်သည်။ ထို့ကြောင့် သူတို့ ပိုတိုးတက်လာရန်၊ ဝိညာဏပန်းတိုင်များ ချမှတ်နိုင်ရန် ကူညီပေးပါ။
၅။ ကလေးတစ်ဦးသည် နှစ်ခြင်းမခံသေးသော ကြေညာသူအဖြစ် အရည်အချင်းပြည့်မီရန် အဘယ်အရာလိုအပ်သနည်း။
၅ သင့်သားသမီးများသည် နှစ်ခြင်းမခံရသေးသောကြေညာသူအဖြစ် အရည်အချင်းပြည့်မီသည်ဟု သင်ယူဆပြီး ယင်းသို့ဖြစ်လိုသည့်ဆန္ဒကို သူတို့ထုတ်ပြောပါက အကြီးအကဲများနှင့် အမြန်ဆုံးပြောဆိုဆွေးနွေးပါ။ ကြေညာသူတစ်ဦးဖြစ်လာခြင်းက ယေဟောဝါအားချီးမွမ်းရန် သူတို့တစ်ဦးစီတွင် တာဝန်ရှိကြောင်း စိတ်စွဲမှတ်စေလိမ့်မည်။ ကလေးတစ်ဦးသည် အရည်အချင်းမပြည့်နိုင်သေးမီ နှစ်ခြင်းခံပြီးသားလူကြီးတစ်ဦးလောက် အသိပညာရှိရန် မလိုအပ်ကြောင်း အမှတ်ရပါ။ အခြေခံကျမ်းစာသွန်သင်ချက်များကို သင့်ကလေး သဘောပေါက်သလော။ ကျမ်းစာကျင့်ဝတ်စံနှုန်းများကို သူလိုက်နာသလော။ ဓမ္မအမှုတွင် ပါဝင်လိုစိတ်၊ မိမိကိုယ်ကို ယေဟောဝါသက်သေတစ်ဦးအဖြစ် ဖော်ပြလိုစိတ် ရှိသလော။ သို့ဆိုလျှင် သူသည် နှစ်ခြင်းမခံသေးသော ကြေညာသူအဖြစ် အရည်အချင်းပြည့်မီသည်ဟု အကြီးအကဲများ ဆုံးဖြတ်ပေမည်။—ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းစာအုပ်၊ စစ. ၇၉-၈၂ ကိုရှု။
၆။ မိဘများသည် အဘယ်ကြောင့် သားသမီးများကို သွန်သင်ပေးရကျိုးနပ်သနည်း။
၆ သားသမီးများ ယေဟောဝါကို စိတ်လိုကိုယ်လျောက်ချီးမွမ်းတတ်ရန် သွန်သင်ပေးရာတွင် ကြိုးစားအားထုတ်မှုလိုအပ်၏။ သို့သော် သားသမီးများ၏ဝိညာဏတိုးတက်မှုကို မြင်ရခြင်းထက် သာ၍ပျော်ရွှင်စေသည့်အရာ မရှိပေ။ ထို့ထက်အရေးကြီးသည်ကား ယေဟောဝါသည် မိမိ၏အံ့ဖွယ်လုပ်ရပ်များအကြောင်း ကလေးများ ကြားပြောခြင်းကို နှစ်သက်တော်မူ၏။