ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၁/၁၅ စာ. ၂၇-၃၁
  • အချိန်လေးစားခြင်းနှင့်သင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အချိန်လေးစားခြင်းနှင့်သင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဘုရားသခင်ကျင့်တော်မူသည်နည်းတူကျင့်ကြလော့”
  • “အချိန်တန်လျှင်”
  • အချို့အတွက်အဘယ်ကြောင့်ခက်ခဲရ
  • အဘယ်ကြောင့်အချိန်ကိုလေးစားသင့်
  • ‘အချိန်တန်ကြောင်းသိခြင်း’
  • အဘယ်ကြောင့် အချိန်တိကျရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အချိန်တိကျသူဖြစ်အောင် ကြိုးစားပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • အချိန်တိကျခြင်း
    နိုးလော့!—၂၀၁၆
  • ဘုရားသခင့်အိမ်တော်ကို တန်ဖိုးထားလေးစားကြောင်းတင်ပြလေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၁/၁၅ စာ. ၂၇-၃၁

အချိန်လေးစားခြင်းနှင့်သင်

အသင်းတော်တစ်ခု၏ ခရစ်ယာန်အကြီးအကဲတစ်ဦး၌ အရည်အချင်းကောင်းများစွာရှိသည်။ သို့သော်သူနှင့်အရင်းနှီးဆုံးမိတ်ဆွေများက သူ့ကိုအာမဂေဒုန်ဟုနောက်ပြောင်ခေါ်ကြသည်။ အဘယ်ကြောင့်နည်း။ “သူလာမယ်ဆိုတာကိုတော့ကျွန်တော်တို့သိတယ်။ ဒါပေမယ့်ဘယ်တော့လာမယ်ဆိုတာ ဘုရားပဲသိတယ်” ဟုသူတို့ပြောကြသည်။

မှန်သည်၊ အချိန်ကိုလေးစားခြင်း သို့မဟုတ် အချိန်ကိုမလေးစားခြင်းအတွက် နာမည်တွင်သွားနိုင်သည်။ ပညာရှိရှောလမုန်မင်းကြီးက ဤသို့ဆိုသည်။ “အထုံသမားလုပ်သောနံ့သာဆီကို သေသောယင်ကောင်သည် နံစေသကဲ့သို့ အနည်းငယ်သောအမိုက်သည် ပညာနှင့်ဂုဏ်အသရေထင်ရှားသောသူကို ထို့အတူဖြစ်စေတတ်၏။” (ဒေသနာ ၁၀:၁) ခရစ်ယာန်တစ်ဦး၌ အရည်အချင်းကောင်းများစွာရှိသော်လည်း အချိန်ကိုဂရုမစိုက်လျှင် နာမည်ကောင်းညှိုးမှိန်သွားလိမ့်မည်။

“အချိန်ကိုလေးစားသူတို့နဲ့ဘဲတွဲအလုပ်လုပ်ချင်တယ်။ ဒီလိုလူတွေကို ကျွန်တော်ပိုစိတ်ချတယ်” ဟုအကြီးအကဲတစ်ဦးပြောသည်။ စီးပွားရေးလောက၌လည်း ဤသို့သောသူများ လေးစားခံရကြ၏။ “အလုပ်ကိုအချိန်မှန်တက်ပါ။ စည်းဝေးများသို့ အချိန်အတိအကျရောက်ရှိပါ။ အချိန်မီမှတ်တမ်းများတင်ပို့ပေးပါ” ဟုEmily Post’s Etiquette စာအုပ်ကအကြံပြုထားသည်။ ထိုနည်းထပ်တူ The New Etiquette (၁၉၈၇) စာအုပ်က အများအားဖြင့်ဆိုလျှင် “နောက်ကျလာတတ်သူများသည် ရိုင်းစိုင်းသူများဖြစ်သည်။” စာရေးဆရာများဤသို့ထပ်ဆင့်ဆိုသည်။ “နောက်ကျရောက်လာရန် မသင့်တော်သည့်အခြားတစ်နေရာမှာ ဘာသာရေးအစည်းအဝေးများဖြစ်သည်။”

သူတစ်ပါးအချိန်လေးစားကြခြင်းကို ကျွန်ုပ်တို့အားလုံးတန်ဖိုးထားကြပါသည်။ ကောလောသဲမြို့ရှိခရစ်ယာန်တို့ထံရေးသောဤမှာကြားချက်အတိုင်း ထိုသို့တမန်တော်ပေါလုသဘောထားကြောင်းထင်ရှားသည်။ “စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူရှိသည်ဖြစ်၍ သင်တို့သည်လျောက်ပတ်စွာစီရင်ပြုပြင်တတ်သည်ကို. . . မြင်လျှင်ဝမ်းမြောက်ခြင်းရှိ၏။” (ကောလောသဲ ၂:၅) ယေဟောဝါ၏ကတိတော်များနှင့်စပ်လျဉ်း၍ဆာလံကျမ်းတွင် “အကျွန်ုပ်၏ဘုရားသခင်၊ ဆိုင်းလင့်တော်မမူပါနှင့်” ဟုဒါဝိဒ်မင်းကြီးရေးသားထားသည့်အတိုင်း ကျွန်ုပ်တို့မျှော်လင့်ကြမည်အမှန်။—ဆာလံ ၄၀:၁၇။ ၇၀:၅။

“ဘုရားသခင်ကျင့်တော်မူသည်နည်းတူကျင့်ကြလော့”

အမှန်မှာယေဟောဝါရှင်သည် မည်သည့်အခါမျှဆိုင်းလင့်နောက်ကျတော်မမူ။ ကိုယ်တော်သည်အချိန်ကို ထူးခြားစွာလေးစားတော်မူကြောင်း ဖန်ဆင်းခြင်းလုပ်ရပ်များ၌ထင်ရှားပါသည်။ အကန့်အသတ်မရှိစကြဝဠာကြီးမှ အသေးမွှားဆုံးသောသက်ရှိများအထိ အရာခပ်သိမ်းသည် မျက်မြင်မရသောနာရီနှင့်အချိန်တိုက်ထားဘိသကဲ့သို့ လှုပ်ရှားကြပါသည်။ ဥပမာ၊ ဂျပန်ပြည်ရှိပင်လယ်နှင်းပန်းတစ်မျိုးသည် နှစ်စဉ်အောက်တိုဘာလ၏ပထမအပတ် သို့မဟုတ် တတိယအပတ်နေ့တစ်နေ့၏ မွန်းလွဲသုံးနာရီအချိန်ခန့် ခန့်တွင် မျိုးပွားဆဲလ်တို့ကို နှစ်စဉ်လွှတ်ပေးတတ်သည်။ မိုးဦးချိန်တွင် ဂရူနီယန်ခေါ်ငါးငယ်ကလေးတစ်မျိုးသည် ကယ်လီဖိုးနီးယားကမ်းခြေပေါ်ဒီရေတက်ချိန်နှင့်မိနစ်အနည်းငယ်အကွာအတွင်း အချိန်ကိုက်ဥချလေ့ရှိသည်။

ကတိတော်တည်ခြင်းနှင့်စပ်လျဉ်း၍လည်း ယေဟောဝါ၏အချိန်တိကျမှန်ကန်ပါသည်။ ဥပမာ၊ ထွက်မြောက်ရာ ၁၂:၄၁ တွင်ကျွန်ုပ်တို့ဖတ်ရသည်ကားဤသို့။ “အနှစ်လေးရာသုံးဆယ်စေ့သောနေ့ခြင်းတွင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ဗိုလ်ခြေအပေါင်းတို့သည် (အီဂျစ်) ပြည်မှထွက်သွားကြ၏။” ဤသို့အားဖြင့်ရာစုနှစ်ပေါင်းများစွာက အာဗြဟံအားပေးခဲ့သောကတိတော်အတိုင်း ယေဟောဝါပြုတော်မူသည်။—ကမ္ဘာဦး ၁၅:၁၃-၁၆။ ဂလာတိ ၃:၁၇။a

ငါးရာစုနှစ်မကကြို၍ ပရောဖက်ဒံယေလဟောထားသည့်အချိန်အတိအကျ၌ပင် မေရှိယအရှင်သားတော်ကို ဤလောကသို့ယေဟောဝါစေလွှတ်တော်မူခဲ့သည်။ သို့ဖြင့် “အချိန်တန်မှ ခရစ်တော်သည်မတရားသောသူတို့အတွက်ကြောင့်အသေခံတော်မူ၏။” ဤအစီအစဉ်၏အဆုံးနှင့်ပတ်သက်၍မူကား ယေဟောဝါသည် “ထိုအချိန်နာရီကို” သိတော်မူကြောင်းကျမ်းစာတင်ပြထားသည်။ (မဿဲ ၂၄:၃၆) ကိုယ်တော်နောက်ကျလိမ့်မည်မဟုတ်ပါ။ ယေဟောဝါ၏အချိန်တိကျခြင်းအရည်အချင်းကို ကျွန်ုပ်တို့အတုယူသင့်ကြောင်းထင်ရှားသည်။—ဧဖက် ၅:၁။

“အချိန်တန်လျှင်”

အထူးသဖြင့်ဝတ်ပြုရေးနှင့်ပတ်သက်၍ အချိန်ကိုလေးစားရန်ကျေးကျွန်တော်များအား ယေဟောဝါတောင်းဆိုထားတော်မူခဲ့သည်။ ယဇ်ပူဇော်သက္ကာများကိုဣသရေလလူမျိုး ပူဇော်ခဲ့ချိန်တွင် “နေ့ရက်အသီးသီး” အတိုင်းပြုခဲ့ကြသည်။ သူတို့အားယေဟောဝါဤသို့မိန့်တော်မူခဲ့သည်။ “ငါ၏ပူဇော်သက္ကာကို . . . အချိန်တန်မှငါ့အားပူဇော်ခြင်းငှာသတိပြုရကြမည်။” စည်းဝေးများနှင့်ပတ်သက်၍လည်း မောရှေအားဤသို့မှာကြားသည်။ “တံပိုးမှုတ်သောအခါ ပရိသတ်အပေါင်းတို့သည် . . . စည်းဝေးကြရမည်။”—ဝတ်ပြုရာ ၂၃:၃၇။ တောလည်ရာ ၁၀:၃။ ၂၈:၂။

နောက်ပိုင်းတွင် ဂျူးတို့သည် “နံ့သာပေါင်းကိုမီးရှို့သည့်အချိန်” ကိုကျင်းပခဲ့ကြသည်။ (လုကာ ၁:၁၀) “ပတ္ထနာပြုရသော သုံးချက်တီးအချိန်” ကိုဂျူးနှင့်အခြားသူများပါ ကျင်းပကြသည်။ (တမန်တော် ၃:၁။ ၁၀:၃၊ ၄၊ ၃၀) ခရစ်ယာန်စည်းဝေးများနှင့်ပတ်သက်၍လည်း ပေါလုဤသို့ရေးသားခဲ့သည်။ “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာအစဉ်အတိုင်းစီရင်ကြလော့။”—၁ ကောရိန္သု ၁၄:၄၀။

ယင်းတို့က ဣသရေလလူမျိုးနှင့်ရှေးခရစ်ယာန်များအတွက် အဘယ်တာဝန်ရှိစေသနည်း။ အထူးသဖြင့်သူတို့၏ဝတ်ပြုရေးတွင် ချိန်းချက်ထားရာတို့ကို အချိန်အတိအကျပြုလုပ်ကြရန်ဖြစ်သည်။ ယနေ့ကိုယ်တော်၏ကျေးကျွန်များထံမှ ထိုသို့ပင်ယေဟောဝါတောင်းဆိုမည်မဟုတ်ဟုယူဆစရာအကြောင်းမရှိပါ။

အချို့အတွက်အဘယ်ကြောင့်ခက်ခဲရ

အချိန်ကိုသဘောထားပုံ တစ်နေရာနှင့်တစ်နေရာမတူသည်ကားအမှန်။ တောင်အမေရိကတိုက်ရှိမြို့ငယ်တစ်ခု၌ ခရစ်ယာန်စည်းဝေးအစတွင် အဖွင့်သီချင်းကိုကြေညာသည့်အခါ ပရိသတ်တွင် တစ်ခါတစ်ရံမိမိဇနီးတစ်ဦးတည်းရှိတတ်ကြောင်း သာသနာပြုတစ်ဦးပြောပြသည်။ သို့သော်နိဂုံးချုပ်သီချင်းကိုကြေညာသည့်အခါ လူ ၇၀ မျှပင်ရှိနေသည်။ “ညနေ ၇ နာရီထမင်းစားရန် သင်ဖိတ်ခေါ်ခံရလျှင် ငါးမိနစ်ဆယ်မိနစ်ကြိုရောက်နေသင့်သလော၊ သို့မဟုတ် ငါးမိနစ်ဆယ်မိနစ်နောက်ကျသွားသင့်သလော၊ သို့မဟုတ် အချိန်အတိအကျသွားသင့်သလော” ဟုအနောက်ဥရောပနိုင်ငံတစ်ခုရှိ လူတစ်ထောင်ခန့်ကိုမေးသည့်အခါ အများစုက “ယဉ်ကျေးရည်မွန်သူသည် ဧည့်ဝတ်ပြုသူကိုလေးစားစွာဖြင့် အချိန်အတိအကျရောက်ရှိလာမည်” ဟုဖြေဆိုပါသည်။

သို့ဆိုစေကာမူ အချိန်တိကျခြင်းသည် ဒေသခံအကြိုက်အလိုက်အထိုက် လိုက်လျောခြင်းသာမဟုတ်ပါ။ ယင်းသည် သန့်ရှင်းသပ်ရပ်ခြင်း၊ ယဉ်ကျေးရည်မွန်ခြင်းကဲ့သို့ပင် အကျင့်ကောင်းတစ်ရပ်ဖြစ်သည်။ ဤအကျင့်ကောင်းများသည်မွေးရာပါမဟုတ်သဖြင့် ယင်းကိုပြုစုပျိုးထောင်ပေးရမည်။ ငယ်စဉ်ကပင် အချိန်ကိုလေးစားရန်လေ့ကျင့်သွန်သင်ခံရခြင်းသည် အလွန်ကောင်းပေ၏။ သို့သော်လူအများသည် အချိန်ကန့်သတ်ခြင်းမရှိ၊ အခြားသူတို့နှင့်တွဲဖက်ညှိနှိုင်းလုပ်ဆောင်မှုမလိုသောမိသားစုနောက်ခံများတွင် ကြီးပြင်းလာကြပါသည်။ ဤသူများသည် ခရစ်ယာန်အသင်းတော်အဝင်ဖြစ်လာပြီး စည်းဝေးတက်ခြင်း၊ ဓမ္မအမှုဆောင်ရွက်ခြင်းတို့ကိုပြုရမှသာ အချိန်တိကျခြင်းသည်သူတို့ဂရုစိုက်စရာဖြစ်လာပါသည်။ ငယ်စဉ်ကပင်နှေးကွေးလေးကန်တတ်သည့်အကျင့်ကိုဖျက်ရန် ဤသူတို့အတွက်အခက်အခဲတွေ့ပေလိမ့်မည်။ မည်သို့ဆိုစေ ယေဟောဝါဘုရားကိုသော်လည်းကောင်း၊ လူလူချင်းကိုသော်လည်းကောင်းချစ်ခြင်းက ပြုပြင်ပြောင်းလဲစေနိုင်ပါမည်။ သို့သော် အဘယ်ကြောင့်ပြောင်းလဲဖို့လိုသနည်း။

အဘယ်ကြောင့်အချိန်ကိုလေးစားသင့်

တစ်ခါက “သင်အသက်ကိုမြတ်နိုးသလော” ဟုဘင်ဂျမင်ဖရန်ကလင်မေးခဲ့ဖူးသည်။ “မြတ်နိုးလျှင် အချိန်မဖြုန်းနှင့်။ အကြောင်းမှာအသက်သည် အချိန်ပေါ်မူတည်သည်။” ဤစကားမှန်ကန်ကြောင်း ကျွန်ုပ်တို့အားလုံးဝန်ခံကြမည်။ ခရစ်ယာန်များအတွက် ထပ်တူအရေးကြီးသည်ကား သူတစ်ပါးအချိန်ကိုမဖြုန်းရန်ဖြစ်သည်။ “နောက်ကျလာသူသည် သူ၏အပြုအမူအားဖြင့် ‘ငါ့အချိန်က သင့်အချိန်ထက်ပိုတန်ဖိုးရှိတယ်။ ဒါကြောင့် ငါအဆင်သင့်ရှိတဲ့အထိ သင်စောင့်ရမယ်’ ဟုဆိုနေရာကျသည်” ဟူ၍သာသနာပြုတစ်ဦးတင်ပြသည်။ အချိန်ကိုမလေးစားသူသည်စည်းစနစ်ကျသူမဟုတ်၊ စိတ်ချအားထားနိုင်သူမဟုတ်သည်သာမက ကိုယ်ကိုယ်ကိုအထင်ကြီးဟန်ရှိပြီး စာနာမှုလည်းမရှိသူဖြစ်ပါသည်။ ခရစ်ယာန်စစ်များသည် “ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကိုတပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြု . . . သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ” ကြရမည်။—ဖိလိပ္ပိ ၂:၃။

အချို့သူတို့က နာရီကိုကြည့်ပြီးအလုပ်လုပ်ကိုင်နေရခြင်းကို သဘောကျလိမ့်မည်မဟုတ်။ သို့ရာတွင် အချိန်တိကျခြင်းဆိုသည်မှာ အချိန်နာရီဖြင့်ထိန်းကွပ်ခံရခြင်းထက်မကပါ။ သူတစ်ပါးအရေးနှင့်အကျိုးကိုထောက်ထားပေးခြင်း၊ “ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်” ခြင်းဖြစ်သည်။—ဖိလိပ္ပိ ၂:၄။

ဥပမာတစ်ခုအနေနှင့် “ခရစ်တော်သည် . . . သင်တို့ကိုကြိုဆိုတော်မူသည်နည်းတူ သင်တို့သည်တစ်ယောက်ကိုတစ်ယောက်ကြိုဆိုကြ” ဟူသောကျမ်းစာသြဝါဒကိုသုံးသပ်ကြည့်ပါ။ (ရောမ ၁၅:၇။ ကဘ) ယင်းသည်ကြိုဆိုနှုတ်ဆက်ရန်မှာကြားနေသောကြောင့် စည်းဝေးသို့ အမြဲနောက်ကျလာလေ့ရှိလျှင် ထိုသို့ပြုနိုင်မည်မဟုတ်ပါ။ စည်းဝေးတက်ရန်စောစောရောက်ရှိလာခြင်းအားဖြင့် ခင်မင်ရင်းနှီးစွာနှုတ်ဆက်ကြိုဆိုခြင်း၌ အသင်လည်းများစွာပါဝင်နိုင်ပါမည်။ ယင်းသို့ပြုခြင်းမှ နှစ်ဦးနှစ်ဘက်အကျိုးရရှိသည်။ စောစောရောက်နေခြင်းဖြင့် အသင်းတော်လိုက်စည်းလုံးဝတ်ပြုခြင်း၏ အရေးကြီးကဏ္ဍဖြစ်သော အဖွင့်သီချင်းနှင့်ဆုတောင်းခြင်း၌သင်ပါဝင်ခွင့်ရလိမ့်မည်။ အဓိကအချက်သို့မဟုတ်ခေါင်းစဉ်ကြေညာသည်ကို သင်ကြားလိုက်ရခြင်းဖြင့်လည်း စည်းဝေးအစီအစဉ်အဆင့်ဆင့်ကို သာ၍သဘောပေါက်နားလည်နိုင်မည်။

သင်အချိန်တိကျသည့်အတွက် အခြားသူတို့၏လုပ်ဆောင်မှုကိုနေသားတကျဖြစ်စေနိုင်သဖြင့် အကျိုးများစွာဖြစ်ထွန်းနိုင်သည်။ အာဣမြို့ကိုတိုက်ခိုက်ချိန်က မြို့မှရန်သူတို့အားမျှားခေါ်ထုတ်ရန် စစ်သူရဲအချို့ကို ယောရှုစေလွှတ်ခဲ့သည်။ ကျန်ရှိသောစစ်သူရဲများမူကား မြို့ကိုသိမ်းပိုက်ရန် အသင့်ချောင်းမြောင်းနေကြသည်။ ထိုနောက်အခန့်သင့်အချိန်တွင် ယောရှုအချက်ပေးလေသည်။ “ရွယ်သောအခါ ကင်းတပ်သားတို့သည်ချက်ခြင်းထ၍ အလျင်အမြန်ပြေး” ပြီးဝင်တိုက်ခိုက်သဖြင့် မြို့ကိုသိမ်းယူကြသည်။ အချိန်အတိအကျညှိနှိုင်းမလုပ်ကိုင်ခဲ့ကြလျှင် မည်သို့ဖြစ်ပျက်လိမ့်မည်ကို သင်ခန့်မှန်းနိုင်ပါသလော။—ယောရှု ၈:၆-၈၊ ၁၈၊ ၁၉။

ယနေ့ခရစ်ယာန်ဓမ္မအမှုဆောင်များသည် အချိန်ကိုလေးစားသင့်သည့်အကြောင်းများစွာရှိသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကို သူတစ်ထူးနှင့်အတူတကွဟောပြောခြင်း၊ စည်းဝေးကြီးသို့မဟုတ်အသင်းတော်အစည်းအဝေးအတွက် မိမိတာဝန်ကျသည့်အပိုင်းကိုပြင်ဆင်ခြင်းတို့တွင်သာမက နိုင်ငံတော်ခန်းမသန့်ရှင်းရေးအတွက်ပင် သူတစ်ထူးနှင့်အချိန်ညှိနှိုင်းပေးရန်လိုပါသည်။ အချိန်တိကျခြင်းအားဖြင့် အလုပ်များများပြီးနိုင်ပါသည်။ လကုန်သည့်အခါ ဟောပြောခြင်းလုပ်ငန်းကိုမှတ်တမ်းသွင်းခြင်းကိစ္စ၌ပင် အချိန်လေးစားရန်လိုသည်။ အားလုံးဤသို့ချက်ခြင်းပြုလုပ်ကြမည်ဆိုလျှင် တိကျ၍အားပေးတည်ဆောက်မှုဖြစ်သော အသင်းတော်နှင့်ကမ္ဘာချီမှတ်တမ်းများကို စုစည်းပေးနိုင်ပါလိမ့်မည်။

အချိန်တိကျသည်ဆိုခြင်းတွင် နေ့စဉ်နေ့တိုင်းပြုကြရသည့် ချိန်းချက်မှုနှင့်တွေ့ဆုံခြင်းအတွက် အချိန်မီရောက်ရှိခြင်းပါဝင်သည်။ အချို့ကိစ္စများ အရေးကြီးသကဲ့သို့ အရေးမကြီးလှသည့်ကိစ္စများလည်းရှိမည်။ ဥပမာ၊ သင့်ထိမ်းမြားမင်္ဂလာပွဲနေ့ကို ရွေးချယ်ကန့်သတ်ထားချိန်တွင်စတင်ရ၏။ ကြက်ဥပြုတ်စားခြင်းကအစ မိနစ်စက္ကန့်အတိအကျကိုက်စေလိုမည်။ မည်သည့်ကိစ္စပင်ဖြစ်စေကာမူ အချိန်လေးစားသူသည် ကိစ္စတစ်ခုမှတစ်ခုသို့ အလောသုံးဆယ်ရေးကြီးသုတ်ပြာပြောင်းလုပ်ပြီး အားလုံးအတွက်နောက်ကျနေမည်မဟုတ်ပါ။ အချိန်လေးစားတတ်သူသည် တည်ငြိမ်စွာဖြင့်စည်းစနစ်ကျကျလုပ်ကိုင်ဆောင်ရွက်ပါမည်။ တစ်နေ့တာလုပ်ငန်းကိုသူစီစဉ်ပြီး အချိန်အတိအကျစတင်လုပ်ကိုင်ရုံမဟုတ်၊ အနည်းငယ်စောပြီးစတင်လုပ်ကိုင်ပေးသဖြင့် အလုပ်များများပြီးမည်ဖြစ်သည်။

မှန်သည်။ ခရစ်ယာန်တစ်ဦးအနေနှင့် အချိန်ကိုလေးစားရန်အကြောင်းများစွာရှိပါသည်။ အားလုံးတို့ထက်အရေးကြီးသည်ကား အချိန်ကိုလေးစားခြင်းဖြင့် ခရစ်ယာန်ချင်းတို့အပေါ် ကိုယ်ကျိုးစွန့်မေတ္တာရှိကြောင်း၊ စစ်မှန်သောဝတ်ပြုရေးနှင့်ဆိုင်သော သီအိုကရက်တစ်အစီအစဉ်များကိုတန်ဖိုးထားလေးစားကြောင်း တင်ပြကြပါသည်။

သို့သော်အချိန်တိကျသောအကျင့်ကို မည်သို့မွေးမြူပေးနိုင်ပါမည်နည်း။

‘အချိန်တန်ကြောင်းသိခြင်း’

ပြောင်းရွှေ့ပျံသန်းရန်အချိန်ကို “တောငန်းသော်လည်း . . . သိတတ်၏။” ဆောင်းကာလအတွက်အသင့်ရှိရန် ပရွက်ဆိတ်သည် “နွေကာလ . . . ၌မိမိစားစရာအစာကိုရှာဖွေသိုထားတတ်၏” ဟုသမ္မာကျမ်းစာတင်ပြထားသည်။ (ယေရမိ ၈:၇။ သု၊ ၆:၈) ဤတွင် အချိန်တိကျ၍အလုပ်များစွာပြီးစီးခြင်း၏သော့ချက်ကို တွေ့ရှိရ၏။

ကျွန်ုပ်တို့လည်း ‘သတ်မှတ်ထားချိန်ကိုသိ’ ရကြမည်။ စည်းကမ်းကြပ်မတ်လွန်းသူ၊ သို့မဟုတ် လွန်ကျွံသူမဖြစ်ဘဲ အချိန်ကိုလေးစားသူဖြစ်သင့်ပါသည်။ ကျွန်ုပ်တို့အဘယ်အမှုပြုလုပ်ရမည်ကိုသိရုံမက အဘယ်အချိန်တွင်ပြုသင့်ကြောင်းကိုလည်း သိထားရမည်။ မမျှော်လင့်ဘဲဖြစ်တတ်သောအတားအဆီးများကို ကြိုတင်မြင်တတ်သည့်အကျင့်ရှိရမည်။ စည်းဝေးတက်ခြင်း၊ လယ်ကွင်းဓမ္မအမှုဆောင်ခြင်းနှင့်အခြားသီအိုကရက်တစ်လုပ်ငန်းများအစရှိသည့် အရေးကြီးလုပ်ငန်းအတွက် လက်ရှိအလုပ်ကိုခေတ္တရပ်ဆိုင်းထားရန် စိတ်ဆန္ဒရှိသင့်သည်။

ဤအကြောင်းတွင် မိသားစု၏ဝိုင်းဝန်းကူညီမှုလိုအပ်ပါသည်။ အများအားဖြင့်ဆိုလျှင် မိသားစုအဆင်သင့်ရှိစေရန် ဖခင်သည်ဇနီးသည်အားတာဝန်လွှဲအပ်လေ့ရှိသည်။ သူကိုယ်တိုင်မူကား တစ်ဦးတည်းတံခါးဝသို့သွားပြီးလှည့်၍ “မြန်မြန်ဆန်ဆန်လုပ်ကြ၊ နောက်ကျလိမ့်မယ်” ဟုသတိပေးတတ်သည်။ ယာကုပ်မူ ထိုသို့သောလူစားမဟုတ်ပါ။ ထွက်ခွာသွားချိန်ရောက်သောအခါ ကူညီမစပေးတတ်သူ “ယာကုပ်သည် ထ၍မိမိသားမယားတို့ကို ကုလားအုပ်များပေါ်စီးစေ၏။”—ကမ္ဘာဦး ၃၁:၁၇။

သို့ဖြစ်လျှင် ဖခင်သည် မိသားစုကိုမည်သို့ကူညီပေးနိုင်သနည်း။ တေ့ဖြုတ်လုပ်ကိုင်မည့်အစား အရေးကြီးသည့်ကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားရန် သားသမီးများကိုသွန်သင်ပေးနိုင်သည်။ တာဝန်သိတတ်ပြီး အလုပ်ကိုချက်ချင်းထ၍လုပ်ကိုင်ရာ၌ ဂုဏ်ယူတတ်ရန်သွန်သင်ပေးနိုင်သည်။ အဆင်သင့်ရှိ၍အချိန်အတိအကျရှိဖို့အရေးကြီးကြောင်းတင်ပြသည့် ကျမ်းစာဥပမာများကို မိသားစုလိုက်သုံးသပ်ကြည့်ပါ။ (ကမ္ဘာဦး ၁၉:၁၆။ ထွက်မြောက်ရာ ၁၂:၁၁။ လုကာ ၁၇:၃၁) အကောင်းဆုံး၊ အထိရောက်ဆုံးသွန်သင်နည်းကား မိဘများ၏ပုံသက်သေကောင်းပင်ဖြစ်သည်။

ခရစ်ယာန်အကြီးအကဲများလည်း ပုံသက်သေကောင်းပြသခြင်းဖြင့် အသင်းတော်ကိုကူညီပေးနိုင်ပါသည်။ “လျောက်ပတ်စွာကျင့်သောသူ” မဟုတ်လျှင် အကြီးအကဲအဖြစ်သူတို့ခန့်အပ်ခံရမည်မဟုတ်ပါ။ (၁ တိမောသေ ၃:၂) မိမိတို့ကိုနှုတ်ဆက်ကြိုဆိုနေရန်၊ ဦးစီးဦးဆောင်ရန် အကြီးအကဲများရောက်ရှိနေလိမ့်မည်ဟု အခြားညီအစ်ကိုညီအစ်မများသိကြမည်ဆိုလျှင် သူတို့လည်းအချိန်တိကျလာကြမည်ဖြစ်သည်။ ထိုကြောင့်အသင်းတော်အတွက်အကူအညီဖြစ်စေရန် နိုင်ငံတော်ခန်းမသို့ တာဝန်သိတတ်သောအကြီးအကဲများ စောစီးစွာရောက်ရှိနေကြမည်။ ညီအစ်ကိုများကိုကြိုဆိုရန်နှင့် လိုအပ်ရာများကိုဖြည့်စွက်ပေးရန် စောစောရောက်နေသောဓမ္မအမှုထမ်းများလည်း ချီးမွမ်းခံထိုက်သည်။

မှန်သည်၊ အချိန်တိကျရန် ချုပ်တည်းမှုနှင့်စည်းကမ်းသေဝပ်မှုလိုသည်။ စစ်တပ်သဖွယ်တိကျရန်အတွက်မဟုတ်ဘဲ ခရစ်ယာန်ချင်းတို့ကိုချစ်မြတ်နိုးခြင်းနှင့်သီအိုကရက်အစီစဉ်ကိုလေးစားမှုကြောင့် ဖြစ်ရမည်။ ဤကား ကျွန်ုပ်တို့ဝတ်ဆင်ရန်ကြိုးစားနေသည့် လူသစ်ပင်ဖြစ်သည်။ (ကောလောသဲ ၃:၁၀၊ ၁၂) ထိုထက်မက “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏” ဟုသွန်သင်ပေးတော်မူသည့် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ယေဟောဝါဘုရားသခင်နှင့်တူလိုကြပါသည်။—ဒေသနာ ၃:၁။

[အောက်ခြေမှတ်ချက်များ]

a ဤပရောဖက်ပြုချက်ကို Insight on the Scriptures အတွဲ ၁၊ စာမျက်နှာ ၄၆၀-၁ နှင့် ၇၇၆-၇ ၌အသေးစိတ်ရှင်းလင်းဖော်ပြထားသည်ကိုရှုပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ